Dec 7, 2008

မြို့တမြို့၊ နှစ်ချို့ဝိုင်တခွက်နဲ့အိပ်မက်ဆိုးတခု (အစအဆုံး)




မြို့တမြို့


သည်မြို့ရဲ့ အမည်ကို ကြားရတိုင်း... ဖတ်ရတိုင်း... တွေ့ရတိုင်း... ရင်ထဲမှာ သိမ်းထားခဲ့ဖူးသော... ကောင်လေး တယောက်ကို... သတိရသည်။ ကြာတော့ ... ကြာခဲ့ပြီ...။ ဘယ်လောက်ကြာပြီဆိုသည်ကို... နှလုံးသားက... အတိ အကျ... မှတ်မိ နေသည့်တိုင်... အချိန်ကာလ... အတိုင်း အရှည်တွေကို... အမှတ်ထားကာ... ပြောမပြချင်တော့..။ ကြာပြီ... ဆိုသည့်... စကားလုံး... တခုကိုပဲ... ခုချိန်မှာ... သုံးနေ ချင်တော့သည်...။ ကြာပြီ...။ ရာသီတွေ... အလီလီ ပြောင်းခဲ့သော်လည်း... အတိတ်ဆိုသည့်... အရိပ်တခုကို... ခန္ဓာကိုယ်ပေါ်က... အမာရွတ်တခုလို... သယ်ပိုး ထားနေဆဲ... ။ ထို အရိပ်ကို... ပြန်တွေ့ရတိုင်းလည်း... ရင်ထဲမှာ... အမျိုးစုံသော... ခံစားမှုတွေကို... ခံစားနေရမြဲ..။
--------------------------------------------------
ပြန်စဉ်းစားမိတော့... ၁၉၈၀ ကျော် နှစ်များဆီကို... ခြေဦး ပြန်လှည့်မိသည်...။ အဲသည်အချိန်က... သည်မြို့ကို.. မိသားစုနှင့်အတူ... ရွှေ့ပြောင်း ရောက်ကာစသာ... ။ သည့်နောက်တော့... မိဘများ အခြေချသည့်... သည်မြို့က... သည် ရပ်ကွက် ကလေးကိုပဲ... မွေးဇာတိလို... ဖြစ်ခဲ့ရသည်လေ...။ သည်လိုနဲ့... နှလုံးသားချင်း... ခင်မင်.. အလွမ်းသင့်ရာ... သူငယ်ချင်း ၂ ယောက်ကိုလည်း... သည် ရပ်ကွက်ကလေးမှာပဲ... ရခဲ့သည်... ။ နိုင်နိုင်နဲ့ မသင်း...။ နိုင်နိုင်ကတော့... ၁ နှစ် လောက်... ငယ်မည်...။ မသင်းကတော့... အသက်တူတူ...။ အထက်တန်းကျောင်းတလျှောက်လုံး... အတူတူ.. တတွဲတွဲ... မခွဲပဲ နေခဲ့သော သူငယ်ချင်း ၃ ယောက်...။

နောက်... ဆယ်တန်းအောင်တော့လည်း... အတူတူ...။ အမှတ်(၁) ဒေသကောလိပ် (ဗိုလ်တထောင် နယ်မြေ) ကု.ိ.. တက်ခွင့်... ရကြတော့လည်း... အတူတူ...။ ဒေသကောလိပ်... ပထမနှစ် အတန်းတင် စာမေးပွဲတွေ... ဖြေချိန်မှာ... မိသားစု အခက်အခဲတွေ... တွေ့ခဲ့ကြတာလည်း... အတူတူ...။ သည်လိုနဲ့... ပထမနှစ်..အတန်းတင် စာမေးပွဲကို... မဖြေနိုင်ကြတာလည်း... အတူတူ...။ ပထမနှစ် စာမေးပွဲကို... ကျကြတာ လည်း အတူတူ...။ (နိုင်နိုင့် အမေက... အဲသည်အချိန်မှာ... အကြီးအကျယ် ဖျားနာသည်...၊ မသင်းက... မိခင်..ဆုံးသည်..၊ သူမက.. ဖခင်.. ဆုံးသည်လေ...) သည်လိုနဲ့... ပထမနှစ်ကို... နောက်တခါ Repeater အဖြစ် .. ပြန်တက်ကြရတော့လည်း ... အတူတူ...။ သည်လို အချိန် ကာလ တခုကို... မည်သူက... မေ့လျော့နိုင်လိမ့် မည်လဲ...။

သို့သော်လည်း... မမေ့လျော့နိုင်ဆုံး... အချိန်ကာလကတော့... နောက် စာသင်နှစ်သာ... ။ နောက် စာသင် နှစ်တွင်... သူငယ်ချင်း ၃ ယောက်ထဲမှ... တယောက်ဖြစ်သူ... နိုင်နိုင်၏... မောင်ငယ်ဖြစ်သည့်... ပထမနှစ် Fresher များအဖြစ် ရောက်လာသော... ကိုအောင်နှင့်... သူ၏သူငယ်ချင်းများ (သားကြီး၊ ဇော်ဇော်၊ နောင်နောင်၊ အောင်မင်း)ကို... ခင်မင်ဖို့... အကြောင်း ဖန်လာခဲ့ရပြီး... ကိုအောင့် သူငယ်ချင်းများထဲမှ... နောင်တွင်.. ချစ်သူဖြစ်လာခဲ့သော... နောင်နောင်-ဆိုသည့် မောင့်ကို... ဆုံတွေ့ ခဲ့ရသောကြောင့် ဖြစ်ပါသည်..။

ပြောရရင်... ကိုအောင်တို့ တအုပ်လုံးက (မောင်ကလွဲရင်)... ငပြောင်တွေချည်းသာ... အမြဲတမ်း နောင်ပြောင် ဟားတိုက် နေကြသော ချာတိတ်တွေ...။ ကိုအောင်တို့ အားလုံးကြားထဲမှာ... သူတို့က.. ငနောင်... လို့ ခေါ်သော... သူက... မောင်လေး တယောက်လို.. ချစ်သောကြောင့်... နောင်လေး... လို့ ခေါ်သော... မောင် ကသာ... မျက်နှာ စူပုပ်ပုပ်နဲ့ စကားတလုံးမျှ... မပြောပဲ... နှုတ်ဆိတ် နေတတ်သူ...။ ဒါကြောင့်ပဲ... သည် ငနောက်တွေ ကြားထဲက... အေးဆေးစွာ... တိတ်ဆိတ် နေတတ်သော... မောင့်ကို... တခြားသူတွေထက် ပိုပြီး... သတိ ထားခဲ့မိတာ ဖြစ်မည်...။ ဘာ့ကြောင့်များ... ဒီ ငနောက်တွေကြားထဲ... ရေခဲတုံး ကလေးက... ရောက်နေပါလိမ့်... ။ သို့သော်လည်း... ကိုအောင်တို့... တခါတခါ ပြောသလို... ကဗျာရူး... ဆိုသော... မောင်... ရေးထားသည့် ကဗျာတွေကို... သူ့အတွက် စာတွေ ကူးရေး ပေးရင်း... သူ့ဗလာစာအုပ်မှာ... သူ ရေးထားသည့် ကဗျာတွေကို... ဖတ်မိသည့်အခါ... ကဗျာ အရေး ကောင်းသူ... ဖြစ်ကြောင်းကိုလည်း... သတိ ထားခဲ့မိ သေးသည်...။

သည်လိုနဲ့... အမကြီး ၃ ယောက် ... မောင်လေး ၅ ယောက်... ပါဝင်ဖွဲ့စည်းထားသော... သူတို့ လူမှု အဖွဲ့ အစည်းလေးက... ပျော်ရွှင်စွာ... ရှင်သန် နေခဲ့သည်လေ...။ အမတယောက်သာရှိပြီး... ညီမတွေ... အကိုတွေ... မောင်တွေ... မရှိသော... သူ့အတွက်... သည် မောင် လေး ၅ ယောက်ကို... ခင်တွယ်မိသည်လေ...။ အထူး သဖြင့်... အလိုက်သိတတ်သော... မောင့်ကိုပေါ့...။ ဘာကြောင့်ဆို... အမြဲ အတန်းပြေးကြသည့်... သည်ချာတိတ် ၅ ယောက် တဖွဲ့လုံးအတွက်... အမြဲအတန်းတက်သော သူတို့ အမကြီး ၃ ယောက်က... စာတွေ ကူးပေးကြသည့် အခါ... မောင်က... သူကိုယ်တိုင် အတန်း မတက်သော်လည်း.... ၀ိုင်းကူပြီး.... စာတွေ ကူးပေးတတ်သည်လေ...။ - ဟဲ့.... ခုမှ... ပဏာ... လာလုပ်မနေနဲ့... ငါတို့... ၃ ယောက်... လုပ်လို့ရတယ်...- သူပြောတိုင်း - ပဏာ လုပ်တာ မဟုတ်ပါဘူး အမရယ်... ကျနော်တို့... ပြေးချင်ရာပြေးတိုင်း... အမတို့က... လိုက်ဖြည့်ပေးနေရတာ... မတရားဘူး ထင်လို့ပါ.... - သည်လိုပြောရင်း... သူနဲ့အတူ... အားလုံးအတွက်... စာတွေ ၀ိုင်းကူးပေး တတ်သော... အလိုက်သိတတ်သော... သည်ကောင်လေးကို... သူ့ မောင်လေး အရင်းလို ချစ်သွားခဲ့သည်လေ။ သည်လိုနဲ့... သံယောဇဉ်တွေ... ရင့်ကျက်လာတာဖြစ်မည်...။

တရက်မှာတော့... နိုင်နိုင်ရော ... မသင်းရော... ကျောင်းမလာကြ...။ သူ... အတန်းထဲ ရောက်တော့.... မည်သူမျှ မရှိသော အတန်း ထဲမှာ... နောက်ဆုံး ခုံတန်းမှာ ထိုင်နေပြီး... အတန်းရှေ့က... သင်ပုန်းကို... စိုက်ကြည့် နေသော... မျက်နှာလေး ညှိုးနေသည့်... မောင့်ကို... သူတွေ့ရသည်..။ - ဘာဖြစ်နေလဲ... နောင်လေး - သူ မေးမိတော့.... - အဖေ့ကို... ညက... သူတို့... ဖမ်းသွားတယ်... အမ...- ဟဲ့... ဘာဖြစ်လို့လဲ... ဘယ်သူက ဖမ်းသွား တာလဲ... နင့်အဖေက... ဘာလုပ်လို့လဲ... - ကဘောက်တိ ကဘောက်ကချာ... သူမေးမိတော့ - ထောက်လှမ်းရေး တွေလေ အမ... အဖေက ဘာလုပ်မလဲ... တိုင်းပြည်အတွက်ပဲ လုပ်မှာပေါ့ - သည်လို ပြောသော... မောင့် စကားကို... အဲသည်အချိန်က နားမလည်ပါ...။ သည့်နောက်တော့... မောင့် မိသားစု အကြောင်းကို သိနေသည့် ကိုအောင်က... မောင်တို့ မိသားစုအကြောင်း... အဖြစ်အပျက် အစအဆုံးကို... ပြောပြမှ... မောင့်ကို သနား နေမိတော့သည်...။

ညဖက်ရောက်တော့... သူငယ်ချင်းအားလုံး.. အတူတက်နေကြဖြစ်သည့်... ဆရာ ရောဘတ်တန်... ဓါတုဗေဒ ကျူရှင်မှာ... မောင့်ကို မတွေ့ရ...။ ကျူရှင်လွှတ်တော့... သူငယ်ချင်းတွေအားလုံးကို... အတူတူ တင်ခေါ်ပြီး... ပြန်နေကြဖြစ်သည့်... မောင်နဲ့ တရပ်ကွက်တည်း ဖြစ်သော... အေးစန်းတို့ကားပေါ်မှာ... အရက်မူးနေသော... မောင်နဲ့ သားကြီးကို... တွေ့ရသည်။ စိတ်ဆိုး လိုက်သည့် ဖြစ်ခြင်း...။ ခုလို အချိန်မှာ ဘာလို့... ကျူရှင် လာမတက်ပဲ... အရက် သွားသောက်တာလဲ... ဘာလို့... အဲလို လုပ်တာလဲ...။ ကားပေါ်မှာ.. သူ့ကို... စိုက်ကြည့်နေသော... မောင့်မျက်လုံးတွေကို... မသိချင်ယောင်ဆောင်ရင်း... စကား မပြောပဲ... သူနေခဲ့သည်...။

သည်လိုနဲ့... နောက်နေ့တနေ့လုံးမှာလည်း... သူ့ကို... စကားလာပြောနေသော... မောင့်ကို... ဘာတလုံးမှ... စကား... ပြန်မပြောခဲ့.. ။ မောင့်... မျက်နှာကိုလည်း ... သူ... တချက်မျှ... ပြန်မကြည့်ခဲ့ချေ...။ (သည် အဖြစ် အပျက် ကပဲ... မောင်နဲ့... ချစ်သူတွေ ဖြစ်သွားခဲ့စေသည်လား... မသိတော့...) မှတ်မိလိုက်သည်မှာတော့... သူ့ရှေ့မှ... မောင်... ပျောက်သွားသည်...။ သည့်နောက်မတော့... နိုင်နိုင်နဲ့ မသင်း... အတန်းထဲသို့... ရောက်လာသည့်အခါ... သူ... ငိုချလိုက်မိခြင်းပါပဲ...။ - ဟဲ့... ဟဲ့... ဘာဖြစ်တာလဲ...နိုင်နိုင်နဲ့ မသင်း မေးလို့ မဆုံးခင်မှာပဲ... သားကြီးက အတန်းထဲ ရောက်ချလာပြီး မေးပါတယ်...။ - အမ ငနောင့်ကို ဘာ လုပ်လွှတ် လိုက်သလဲ... ဒီကောင် ငိုပြီး ပြန်သွားတယ်... ဘာဖြစ်လဲ မေးတော့လည်း မပြောဘူး... အမက... သူ့ကို... စကား မပြောဘူးဆိုတာပဲ ပြောတယ်...။ သူ.. ဘာ တခွန်းမှ ပြန်မဖြေနိုင်ပါ...

သည့်နောက်မှာတော့... သူ့လက်ကို... ဆွဲပြီးခေါ်သွားသည့်... နိုင်နိုင်နဲ့ မသင်း... နောက်ကို.. လိုက်သွားရင်း... ကိုအောင်တို့... သားကြီးတို့ပါ... ပါသည့်... သူငယ်ချင်း ၈ ယောက် အုပ်စုကြီးတခုလုံး... နောင်နောင့် အိမ်ကို ရောက်သွားကြတော့သည်...။ အိမ်ရှေ့ ကွပ်ပြစ်မှာ... ဆန်ပြာရင်း... စပါးလုံးထိုင်ရွေးနေသည့်... နောင်နောင့် မိခင်က.. သူတို့ကို တွေ့တော့... သားရေ... မင့် သူငယ်ချင်းတွေ... ဒီမှာ... ရောက်နေကြတယ်... ဆိုတဲ့ စကားအဆုံး... အိမ်ခန်းထဲက... ထွက်လာသည့်... နောင်နောင့်ကို... တွေ့တော့... သူ... ထပ် ငိုချလိုက်မိ တော့သည်...။ -ဟဲ့... ဘာဖြစ်ကြတာလဲ... နားမလည်နိုင်တဲ့ နောင်နောင့်မိခင်ရဲ့ အမေးကို သူငယ်ချင်းတွေ ၀ိုင်းဖြေ နေကြတဲ့ အချိန်မှာ... သူ လုပ်မိတာကတော့... နောင်နောင့် လက်ကို... ဆွဲပြီး... သူ့ရင်ဘတ်မှာ ကပ်ထားမိခြင်းပါပဲ...။

သည်လိုနဲ့... ချစ်တယ်...ဆိုသည့်... စကားကို... မပြောပဲ... သူနဲ့... နောင်နောင်... ချစ်သူတွေ ဖြစ်ခဲ့ကြ...။ သူထက် ၅ နှစ် ငယ်သော်လည်း... အတွေးအခေါ်တွေမှာ .. သူ့ထက် ၅ နှစ် ပိုကြီးနေတဲ့... နောင်နောင့်ကို... နောင်လေး-လို့ ခေါ်ရာကနေ - လေး - တလုံး ပြုတ်သွားခဲ့ပြီး - နောင် - ဖြစ်သွားခဲ့သလို သူ့ကို - အမ -လို့ ခေါ်သော နောင်နောင်ကလည်း -အ - တလုံး ပြုတ်ပြီး - မ - လို့ ခေါ်ခဲ့...။ နောက်တော့လည်း - မ - ရှေ့မှာ - ချစ် - တလုံးပါ တိုးလာ ခဲ့သည် အထိ... ။

သို့သော်လည်း... ဇာတ်လမ်းက... သည်မှာ မပြီးသွားပါ...။ ချစ်ခြင်းမေတ္တာ... အကြားတွင်... ယုံကြည်ချက်များ... ကံကြမ္မာများ... ၀င်ရောက်လာသောအခါ... စာအုပ်တအုပ်ကို... ဖွင့်လှန်လိုက်သည့်အခါ.. ဝေးကွာသွားရသော စာမျက်နှာ ၂ ခုလို... အနီးကပ်ဆုံး ဝေးကွာ သွားရသော... စာရွက် ၂ ရွက် အဖြစ်... နောင်လေးနှင့် ကိုယ့် ကိုယ်ကို... သူ ... တွေ့ရှိ ဖြစ်လေ တော့သည်။
-------------------
ဒဏ်ရာရထားသော လူသား ၂ယောက်ကို သယ်ဆောင် ထားခဲ့ဖူးသည့် မြို့တမြို့ကသာ ...
နာကျင်မှု... ဆိုသော... စကား တလုံး၏.. အဓိပ္ပါယ်ကို... သိပါလိမ့်မည်...။
ထိုမြို့ကို... သူ... လွမ်းပါသည်...။

--------------------------------------------------------------------------------------

နှစ်ချို့ဝိုင်တခွက်

အရက် အပြင်းစားတွေ... ဘီယာတွေကို... မသောက်ဖြစ်တော့သည်မှာ... အတော် ကြာနေပြီ...။ ခုတလော... စာ ရေးရင်း... ကဗျာ ရေးရင်း... ၀ိုင် တခွက် နှစ်ခွက် လောက်တော့... သောက်ဖြစ်နေသည်။ ခုရက်ထဲ... သူငယ်ချင်း တယောက်က... လက်ဆောင် ပေးထားသည့်... ၀ိုင် တလုံးကို... ဖောက်သောက်နေမိခြင်း ဖြစ်သည်။ ၀ိုင်တွေ... အမျိုးစုံ ထဲမှာ... ၀ိုင်အနီကိုမကြိုက်သော... သူ့အတွက်... သူငယ်ချင်းက... ၀ိုင်အဖြူ (Chardonnay) တလုံး ... လက်ဆောင် ပေးသွားခြင်းဖြစ်သည်။ ၀ိုင်အနီကို... သူ... မကြိုက် ရခြင်း ကတော့... သွေးတွေကို သောက်နေရ သလိုမျိုး... စိတ်ထဲမှာ ဖြစ်လို့သာ... အခြား ထူးခြားသည့် အကြောင်း တစုံတရာတော့... မရှိချေ..။

ဝိုင်ဖြူကို... ခွက်ထဲထည့်ရင်းက... ၀ိုင်ပုလင်းကို... ခုမှ သေချာ ကြည့်ဖြစ်မိတော့... သည် ၀ိုင်က ၆ နှစ်သား ရှိနေပြီပဲ...။ (Chardonnay) ထဲမှာ... ရှားရှားပါးပါး ဖြစ်သည်။ သူငယ်ချင်းကို... အံ့သြနေမိသေးသည်... ဘယ်ကများ... သွားရှာဝယ်ခဲ့ပါလိမ့်။ သည်ဝိုင်ကို... ဈေး အတော် ပေးခဲ့ရပုံလည်း... ရသည်လေ...။ တွေ့ဖူးသမျှ... (Chardonnay) တွေက... အလွန်ဆုံး... ၂ နှစ် ၃ နှစ်တွေချည်းသာ...။ သြော... ခုတော့... နှစ်ချို့ ၀ိုင်ဖြူ တခွက်... သောက်နေရ သည်ပေါ့...။ ၀ိုင်ခွက်ထဲမှ... ၀ိုင်ဖြူကို... ကြည့်ရင်း... ။ နှစ်ချို့ဝိုင်.... နှစ်ချို့ဝိုင်....။ အချိန်ကာလ... အတော်ကြာ... သိမ်းဆည်း ထားရသော ၀ိုင်...။ စဉ်းစားရင်း... ရင်ထဲမှာ... နှစ်ချို့နေသည့်... ၀ိုင်.... တခွက်ကို... တိုက်တိုက် ဆိုင်ဆိုင်... သူ... သတိရ သွားတော့သည်.... ။
---------------------------------------
တိုက်တိုက်ဆိုင်ဆိုင်... ဆိုသည့်... စကားလုံးမှာ...
နာကျင်မှုတွေလည်း... ပါလာတတ်ပါသေးသည်...

---------------------------------------
ကွန်ပြူတာ စားပွဲရှေ့အရောက်... ဘာရယ်မဟုတ်... တွေ့ရာ ခလုပ်တခုကို... နှိပ်လိုက်မိသော လက်ကိုပဲ... စိတ်ဆိုးချင်မိတော့သည်...။ စားပွဲဘေးနားမှ... Casetteမှ... Play ခလုပ်ကို ... ဘာရယ် မဟုတ်... နှိပ်ချ လိုက်မိသည်...။ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည်က...

သတိရလို့နေမယ်... အေးချမ်းလှတဲ့... မချိုမချဉ် အပြုံးလေးကို...
အတိတ်တခုက... အတွယ်တာရဆုံး...
ဘ၀တကွေ့မှာ... တွေ့ရှိလို့လာ... ရေစက်လေလား...
မမချစ်... မမချစ်...
အမိုက်မဲကလေးကို... ခင်တွယ်ခဲ့တဲ့... မောင့်ရဲ့... မမချစ်....

သူ့တကိုယ်လုံး... နာကျင်သွားလေသည်...။ ၀ိုင်ခွက်ထဲမှ... ရှိသမျှ... ၀ိုင်တွေအားလုံးကို... တခါတည်း... အကုန် သောက်ချ ပစ်လိုက်မိသည်...။ ပြီး မီးဖိုချောင်မှာ... ထားခဲ့သော ၀ိုင်ပုလင်းကို... သွားပြန်ဆွဲပြီး... ဖန်ခွက်ထဲ... နှစ်ချို့ ၀ိုင်ဖြူတွေ... ဒလဟော... လောင်းချနေမိ လေတော့သည်...။ သို့သော်လည်း... သူ့ အနာအကျင်များ... ပျောက်မသွားပါ...။
-----------------------------------
အကိုတယောက်သာ ရှိသော... သူ့ဘ၀မှာ... အမ တယောက်ဖြစ်ဖြစ်... ညီမ တယောက် ဖြစ်ဖြစ် ... လိုချင်ခဲ့မိ သည်လေ...။ ဘာလို့လဲတော့... သူ မသိပါ...။ သည့်အတွက် ကြောင့်လည်း.. ဆယ်တန်းအောင်ပြီး... ဒေသ ကောလိပ်... တက်ရချိန်မတော့... သူငယ်ချင်း ဖြစ်သူ... ကိုအောင်၏ အမဖြစ်သော... အမနိုင်... အပါအ၀င်... အမ သုံးယောက်ကို... သူ တွေ့တွေ့ခြင်းမှာ... သူ့ အမ အရင်းတွေလို... သံယောဇဉ်... ဖြစ်မိတာဖြစ်မည်...။ အမနိုင်က... အဆိုတော် မေဆွိနဲ့ ခပ်ဆင်ဆင်မို့... သူက မေဆွိလို့ပဲ ခေါ်ခဲ့သည်...။ သူ့ကို ထောက်ခံ ကြလို့လား မသိ... အားလုံးက မေဆွိလို့ပဲ... အမနိုင်ကို... ခေါ်ကြလေ တော့သည်...။ နောက် အမ ၂ ယောက် ဖြစ်သော... မသင်းနဲ့ မစံကိုတော့... သူတို့ အားလုံး ထဲမှာ... အသက် အကြီးဆုံးတွေ မို့လို့... အမကြီး အမိအရာ ဆိုသော စကား အတိုင်း... အမိသင်းနဲ့ အမိစံလို့... သူတို့ အားလုံးက... နောက်ပြောင်ပြီး... ၀ိုင်းခေါ်ကြ သည်လေ...။ နောက်တော့... မမိသင်းနဲ့ မမိစံ...လို့... အားလုံးက... ခေါ်ကြတော့သည်။

အမနိုင်နဲ့ မမိသင်းက... ရီးစားကိုယ်စီ ရှိကြသည်မို့... သူတို့ မောင်တော်တွေလာလျင်... ပျောက်သွား တတ်ကြလေ့ ရှိသည်။ မမိစံ တယောက်တည်းသာ.. ကျန်နေတတ်သည်...။ သည်အခါ... ယောက်ျားလေးတွေ ချည်းပဲ ဖြစ်သော... သူတို့ သူငယ်ချင်းအုပ်တွေထဲ... မိန်းကလေး တယောက်ထဲမို့ ... မမိစံက... မပါတော့...။ သည်အခါ... သူက... မမိစံကို... အဖော် သွားလုပ်ပေးနေ တတ်သည်...။ ဘာရယ် မဟုတ်... ။ မမိစံ ... အထီးကျန်နေမှာ... စိုးလို့...။ နောက်တော့ ... သူတို့ ကျောင်းပြေးပြီး... လွတ်သမျှသော စာတွေကို... ဒိုင်ခံ ကူးပေးနေသော... မမိစံကို... သူ သနားသည်...။ သည့်အတွက်... သူ အချိန်ရတိုင်း... မမိစံကို... စာတွေ ၀ိုင်းကူး ပေးလေ့ရှိသည်။ စာတွေ ၀ိုင်းကူး ပေးသော သူ့ကို... မမိစံကလည်း... မောင်လေး အရင်း တယောက်လို... ချစ်ပုံရပါသည်။ ငနောင်လို့... သူ့သူငယ်ချင်းတွေ ခေါ်တာကိုပင် - ဟဲ့... လူတယောက်ကို နံမည် အရှေ့မှာ... င ... တပ်ခေါ်တာ... အရမ်းရိုင်းတယ်... နင်တို့အားလုံး... သူ့ကို... နံမည်ရင်း အတိုင်းပဲ... နောင်နောင်လို့ ခေါ်...- သို့သော်လည်း... သူ့နံမည်ကို မမိစံခေါ်တော့... နောင်လေး... ။ မောင်လေးနဲ့ နောင်နောင်နဲ့ ပေါင်းလိုက်တာလို့.. မမိစံပြောတော့... အားလုံးက... သဘောကျ သွားကြ လေသည်လား မသိ... သူငယ်ချင်းအားလုံးက... နောက်တော့... သူ့ကို -နောင်လေး-လို့ပဲ... ခေါ်ကြတော့သည်လေ...။
-------------
သည်လိုနဲ့... မနိုင်နဲ့ မမိသင်း မရှိလေ... သူနဲ့ မမိစံ... အတူတူ ရှိနေဖြစ်သည့် အချိန် ကာလ တွေက... များလာ လေလေ.. ဖြစ်ခဲ့သည်...။ သည်လိုနဲ့ တတွဲတွဲ... တသွားသွား... ဖြစ်လာသော ... အချိန်တွေက... များလာသလို... သူ့ အတွက်တော့... မောင်နှမရင်းထက် မကသော... သံယောဇဉ်တွေ... ရင်မှာ ဖြစ်တည်လာခဲ့ သည်လေ...။ သူ့ နေ့တွေက... ကျောင်းတက်ဖို့ လာတာ... မဟုတ်တော့ပဲ... မမကို ကြည့်ဖို့... ကျောင်းလာ နေသော နေ့တွေ... ဖြစ်နေခဲ့တော့သည်။
--------------------
ကျောင်းတက်ဖို့... လာတော့...
ကျောင်းခန်းထဲက... လည်ပြန်ကြည့်နေတဲ့...
သူ့အကြည့်က... ရင်အခုန်ရဆုံး...
ဘ၀တကွေ့မှာ... ရရှိလို့လာ... ဆုတောင်းလေလား...
--------------------
သည်လိုနဲ့ တရက်သားမှာ... ၂ ယောက်အတူ လမ်းလျှောက် လာတုန်း... ဗြူန်းကနဲ... ရွာချခဲ့သော... မိုးအောက်မှာ... သူ ဖွင့်ဆောင်းလိုက်သော ချာလီထီး အောက်... မိုးဝင်ခိုရောက်လာသော... မမက... ထီးကို ကိုင်ထားသော... သူ့လက်မောင်းကို... တမင်တကာလား အမှတ်တမဲ့လား မသိ... ခိုတွယ်ထားခဲ့ဖူးသည်...။ ကားမှတ်တိုင်မှသည်... ကျောင်းခန်းထဲ ရောက်သည်အထိ...။ သူ့ရင်တွေ... မကြုံစဖူး ခုန်ခဲ့ရသော... အဲသည် နေ့လေးကို... သူ့ ဂစ်တာ ကျောဖက်မှာ... ဘောပင်ဖြင့်... သူ မှတ်ထားခဲ့ဖူးသည် ... ဇူလိုင် ၂၆။ ၁၉၈၁ ခုနှစ်။
---------------------
တရက်မတော့... သူ့ဖခင်မှာ... နိုင်ငံရေးလှုပ်ရှားမှုဖြင့်... အိမ်တွင် လာရောက် ဖမ်းဆီးခြင်းကို... ခံရလေသည်။ နောက် တနေ့ ... ကျောင်းကို... သူ သွားရသော်လည်း... စိတ်မပါတော့...။ အဖေ မရှိလျင်... ရင်ဆိုင် ရတော့မည့်... အခက်အခဲများကို... သူက သိနေပြီး ဖြစ်ပါသည်...။ သည်လိုနဲ့... စိတ်ပျက်လက်ပျက်... ကျောင်းကို... အစောကြီး ရောက်လာသော... သူ့ကို.. မမက တွေ့တွေ့ချင်း ... တခုခု ဖြစ်နေမှန်း... သိလေသည်။ ဘာဖြစ်နေလဲ...လို့ သူ့ကို... မေးတော့.... သူပြန်ပြောပြနေသည့် စကားတွေကို... နားမလည်သလို... ကြည့်နေ ခဲ့သော မမကို ... လွမ်းမိပါသေးသည်။

အဲသည်နေ့ကြောင့်ပဲ..
သူနဲ့ မမ နှစ်ယောက်အကြားက... တံတိုင်း တခု...
ပြိုကျ သွားခဲ့သည် မဟုတ်လား...။

ညနေရောက်တော့... သူငယ်ချင်းတွေ အားလုံး... အတူတကွ တက်နေကြသည့်... ဆရာ ရောဘတ်တန် ကျူရှင် အ၀မှာ... သားကြီးနှင့် သူ... အရင်ဆုံး... ဆုံလေသည်။ သားကြီးနှင့် သူက... ဒေသကောလိပ် ရောက်မှ သိကြ သော်ငြား... ဂစ်တာ တီးကြသူချင်းမို့... ရင်းနှီးလေသည်။ သူနဲ့ သားကြီးတွေ့တော့... သူ့အဖေ သတင်းကို ကြားပြီးသား ဖြစ်သည့် သားကြီးက... သူ့ကို အားပေးလေသည်။ အားပေးခါမှ... သူက ပိုပြီး ၀မ်းနည်းသွားမိ သည်လား မသိ...။ ငါ အရက် သောက်ချင်တယ်ကွာ... သူပြောတော့... သားကြီးက... တကာခံပြီး... ၂၁ လမ်း ထိပ်မှာ... အရက်သွား... သောက်ကြသည်လေ...။ နောက်တော့... ကျူရှင် အလွှတ်မှာ... အေးစန်းတို့ ကားထဲ... သူတို့ ၂ ယောက်... သွားထိုင်နေကြသည်...။

ည ၉ နာရီကျော်... ကျူရှင်လွှတ်တော့... သူငယ်ချင်း အားလုံး... ကားရှိရာဆီ ရောက်လာကြသည်...။ - အော... ကျောင်းပြေးတဲ့ နှစ်ကောင်က... ကားပေါ် ရောက် နေတယ်ဟေ့.... - မနိုင်... ပြောတာကို .. သူကြားလိုက်သည်။ နောက်တော့ သူငယ်ချင်းတွေ အားလုံး... ရောက်လာပြီး .. ကားပေါ်တက်ကြသည်။ - ဟား... အရက်စော် နံတယ်... - မမိသင်းက ပြောတော့ ... သားကြီးနဲ့ သူ့ကို အားလုံးက... ၀ိုင်းကြည့်ကြလေသည်။ သူကတော့... မမူး တမူး ဖြစ်နေပြီ...။ သို့သော်လည်း... သူငယ်ချင်းတွေ... ပြောနေ သမျှတော့... မှတ်မိနေသေးသည်။ သားကြီးကတော့... - ဟုတ်တယ်... နောင်လေး... အရက် သောက်ချင်တယ် ဆိုလို့ ကျနော် လိုက်တိုက်တာ.. -လို့ အပြောမှာတော့ မနိုင်က... သားကြီးခေါင်းကို... သူ့လက်နဲ့... ဒေါင်ကနဲ... ခေါက်ချလိုက်သည်ကို... သူ မြင်ရသည်။ အမ ၃ ယောက် ထဲမှာတော့ မနိုင်က... ခြေမြန်လက်မြန်။ အား... မေဆွိ... ဘာလုပ်တာလဲ... - သူ့ ခေါင်းကို လက်နဲ့ ပွတ်ရင်း ... သားကြီး အော်တော့... မမိသင်းက ၀င်ပြောသည်...။ မှတ်အောင်လို့.. ဟဲ့... ဘယ့်နှယ် သူက တားရမှာကို မတားတဲ့အပြင် အရက် ၀ယ်တိုက်ရတယ်လို့...။

သူကတော့... မမ မျက်နှာကိုသာ... ကြည့်နေမိသည်...။ မမကတော့...သူ့ကို မကြည့်ပါ...။ ထိုညမှာ မမူးတမူး ဖြစ်နေသော သူ... အိပ် မပျော်ခဲ့ပါ။

နောက်နေ့ ရောက်တော့လည်း... စာသင်ခန်း ရှေ့ဆုံးမှာ... သူတို့ တဖွဲ့သားလုံး... ထိုင်နေကြဖြစ်သည့် ခုံမှာ... မမ တယောက်ထဲ... ထိုင်နေလေသည်။ သူက... မမဘေးမှာ... ၀င်ထိုင်ရင်း... - အမ.. မနေ့က... ကျနော် အရက် သွား သောက်မိတာ... ခွင့်လွှတ်နော်... မမက... ဘာစကားမျှ... ပြန်မပြောသလို... သူ့ကိုလည်း... မကြည့်ချေ...။ သူ့ဘာသာသူ... ရေးလက်စ စာကိုသာ... ဆက်ရေး နေလေသည်။ - အမ ကျနော့်ကို စကား ပြန်မပြော ဘူးလား...- သူ မေးနေသည့်တိုင်... သူ့ကို... အနားမှာ ရှိနေသည့်ပုံပင် မပြသော... မမကြောင့်... သူ ၀မ်းနည်း လာမိသည်။ သည့်နောက်တော့... သူမှတ်မိသည်မှာ... သူ့အိမ်သို့ သူပြန်ရောက်နေသည်ကိုပဲ... သတိ ထားမိတော့သည်။ အမေကတောင် - ဟဲ့... သား... ဒီနေ့ အစောကြီး ပြန်လာပါလား...။ အမေ့ကို... ဘာပြန်ပြောမိ မှန်းလည်း... သူ... မမှတ်မိတော့...။ နောက်တော့... သူ့ အခန်းထဲ ၀င်ပြီး... ကုတင်ပေါ်မှာ ထိုင်လိုက်ရင်း... ခေါင်းရင်းမှာ ထောင်ထားသည့် ဂစ်တာကို... ဆွဲယူကာ... တွေ့ကရာတွေ... တီးနေမိသည်...။ အချိန် ဘယ်လောက် ကြာသွားသည်လဲ... သူ... မသိ...။ သားရေ... မင့် သူငယ်ချင်းတွေ... ဒီမှာ... ရောက်နေကြတယ်... ဆိုသည့် အမေ့စကားကို ကြားလိုက်ရသဖြင့်... အိမ်ခန်းထဲမှ... ထွက်လာမိသည်။ အိမ်ရှေ့ ကွပ်ပြစ်မှာ... အမေ့ဘေးနား...ထိုင်နေကြသည့် အမနိုင်တို့ ၃ ယောက်နှင့် သူငယ်ချင်းများကို... သူတွေ့ရသည်။ မမကတော့... မျက်လုံးတွေ နီရဲလို့... ။
--------------------
သည့်နောက်မှာတော့... မမနဲ့သူ... တရားဝင် ချစ်သူတွေ... ဖြစ်ခဲ့ကြသည်။ မမကို.. သူ... ဘယ်လောက်ထိ ချစ်ခဲ့သည်လဲ... လို့ မေးလျင်... ဒုတိယနှစ် အတန်းတင်စာမေးပွဲမှာ... ဓါတုဗေဒ ဘာသာရပ်ကို... မဖြေနိုင်သဖြင့် စာမေးပွဲ ကျိန်းသေ ကျပြီဆိုကာ... ထိုင်ငိုနေခဲ့သော မမကြောင့်... နောက်တနေ့ဖြေသည့် ဘာသာရပ်တခုကို ဘာတခုမှ မဖြေပဲ... သူ... စာမေးပွဲ အကျခံခဲ့သည်လေ။ ဒါကို... မမပင် မသိ...။

အောင်စာရင်းထွက်တော့... အစမ်းစာမေးပွဲတွေပင်... တခါမှ မကျဘူးသော သူ့ကို... အမေက... မယုံနိုင်သလို ကြည့်ပြီး - သားရယ်... နင်ငါ့ကို နောက်နေတာလား... - မေးတော့... သူ... ဘာမျှ ပြန်မပြောနိုင်ခဲ့ပါ။ သည့်နောက်တော့... သူငယ်တန်းမှ အထက်တန်းအထိ... အတန်းတိုင်း... နှစ်တိုင်း... တကျောင်းလုံး ပထမ ရခဲ့သည်အထိ... စာတော်ခဲ့သော... သူ့ကို... သံသယ ဖြစ်လာသော သူငယ်ချင်းများက... သူ့အား မေးကြ လေသည်... - နောင်လေး... မမိစံကြောင့်... မင်း အဖြေလွှာကို... ခြစ်ချပစ်တာ မဟုတ်လား...။ သည် စကားကြောင့်... မမကလည်း... သူ့ကို မေးလေသည်... - နောင်... မမကြောင့်... စာမေးပွဲ အကျခံလိုက်တာ မဟုတ်လား...-။ - အား... ဟုတ်ပါဘူး... နောင်လည်း... မဖြေနိုင်တာပါ... ။

အဲသည် နှစ်မှာ... မမ၊ သူ နဲ့ သားကြီး... စာမေးပွဲ ကျသည်။ ကျန် သူငယ်ချင်းအားလုံး... အောင်ကြသည်။ နောက် နှစ် မတော့... သူငယ်ချင်းတွေ... အားလုံး... ကွဲကုန် ကြသည်။ အလွန်ပျော်ရွှင်စရာ... ကောင်းခဲ့သော... သည် သူငယ်ချင်း တအုပ်သည်... အဲသည် အချိန်မတော့... မယုံနိုင်စရာ ကောင်းလောက်အောင်ပင်... အကွဲကွဲ အပြားပြား...။ မနိုင်က... ကျောင်းဆက် မတက်တော့ပဲ... အလုပ်ဝင်သွားသည်။ မသင်းက... စာပေးစာယူ ပြောင်းသွားသည်။ ကိုအောင်က... သင်္ဘောတက်သွားသည်။ ဇော်ဇော်က... ရေကြောင်းသိပ္ပံ ပြောင်းတက်ပြီး... အောင်မင်းက... ဂျီတီအိုင် ပြောင်းတက်လေသည်။ အဲသည်ကတည်းက... ကံကြမ္မာဆိုသည့်... ငတိကို... သူ... သတိထားမိခဲ့ဖို့... ကောင်းသည်။ နောက် စာသင်နှစ်မတော့... သူနဲ့ မမ ၂ ယောက်တည်းသာ... ကျောင်း အတူသွား... အတူပြန်...။ သားကြီးကတော့... တခြား သူငယ်ချင်းတွေနဲ့ ... တွဲနေလေသည်။
--------------------
သည်လိုနဲ့... ဘာအနှောက်အယှက်မျှ ရှိပုံမရသော ချစ်ခြင်းတခုမှာ... ကွဲကွာခြင်း.ဆိုသော ဆူးပုန်း တချောင်း... ကိန်းအောင်း နေခြင်းကို... သူ... မသိလိုက်ခဲ့ချေ...။ သည်ဆူးက... သူ့ နှလုံးသား တည့်တည့်ကို... စူးနစ် သွားခဲ့တော့မှသာ... နံမည်တခုနှင့် နာကျင်မှုတခုကို... စပျစ်ဝိုင်တွေလို... နှစ်ချို့ နေအောင်... သူ့ ရင်ထဲမှာ... သိမ်းဆည်း ခဲ့ရ ပါလေသည်။ ခုတော့လည်း... နှစ်ချို့ဝိုင်ဖြူ တခွက် ကြောင့်.ပဲ.. သူ့ရင်ထဲက.. နှစ်ချို့ဝိုင်တခွက်... စီးထွက် ကျလာရပြန်ပါပကော... .... ..... ။

--------------------------------------------------------------------------------------------

အိပ်မက်ဆိုးတခု

သည်လိုနဲ့... တရက်မှာတော့... သူ့ဖခင်ကို... အင်းစိန်ထောင် တရားရုံးတွင်... ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း... သိရပြီး ချိန်မတော့... သူတို့ မိသားစု... သူ့ဖခင်ကို... သွားတွေ့ဖို့... စီစဉ်ကြရလေသည်။ အမေနဲ့ အကိုကတော့... အိမ်ကနေ သွားကြမည်။ သူကတော့... ကျောင်းကတဆင့် သွားရမည်... ဖြစ်သဖြင့်... သူငယ်ချင်းများကို... သည်နေ့တော့... သူ... အင်းစိန်ထောင်သို့... သွားမည် ဖြစ်ကြောင်း... အတန်း မတက် နိုင်ကြောင်း... သူ... ပြောပြတော့... သူ့ဖခင်နှင့်... ရင်းနှီးပြီးသား ဖြစ်သော... သားကြီးတို့... ဇော်ဇော်တို့... အောင်မင်းတို့ ကလည်း... သူတို့လည်း လိုက်ခဲ့မည်ဟု... ဆိုလေသည်။ ဦးလေးကို အားပေးချင်တယ်-လို့ ပြောလာသော... သူငယ်ချင်းများကို... သူ... ကျေးဇူးတင်ပါသည်။ သည့်နောက်တော့... မမကပါ... လိုက်ခဲ့မည် ပြောတော့... မနိုင်တို့... မမိသင်းတို့ကပါ... သူတို့ပါ လိုက်ခဲ့မည်ဆိုပြီး.. အတန်းတွေဖျက်.. အင်းစိန် ထောင်သို့... သူတို့.. သူငယ်ချင်းတအုပ်ကြီး... ချီတက်ခဲ့ကြသည်လေ။

နောက်... နေ့လည်... ဆယ့်တနာရီလောက်မတော့... အလုံပိတ် ထောင်ကားအပြာကြီးပေါ်မှ.. ဆင်းလာသော... လက်ထိပ် တန်းလန်းနဲ့ သူ့ ဖခင်ကို... သူမြင်ရလေသည်...။ ဖခင်ကို... လက်ထိပ်နဲ့... ပထမဆုံး အကြိမ် မြင်ရသော သူ့မှာ... ၀မ်းနည်းတာရော... ဒေါသ ထွက်တာရော... ပေါင်းစပ်ပြီး... မျက်ရည်များ လည်လာ လေသည်။ အဖေက... သူ့ စိတ်ခံစားမှုကို... မြင်တာနဲ့... သိပုံရလေသည်... သူ့ကိုတွေ့သည်နှင့်... - ဟေ့ကောင်... ဘာဖြစ်နေတာလဲ... မင်း... ယောက်ျား မဟုတ်ဘူးလား - ဟု သူ့ကို... ပိတ်ဟောက်လေသည်။ ဒါနဲ့ပဲ... သူ့မျက်ရည်တွေကို... ကမန်းကတမ်း... သူ... သိမ်းခဲ့ရသည်။ အဖေနဲ့... အမှုတွဲ တတွဲထဲ ဖြစ်သော... သူ သိသော... အဖေ့ မိတ်ဆွေ ရဲဘော်များကိုလည်း... တွေ့ရလေသည်။ တချို့က... သူ့ကို သိနေပြီးသားမို့... နောင်နောင် နေကောင်းလား- လို့တောင်... သူ့ကို ပြန်ပြီး နှုတ်ဆက် နေကြသေးသည်။ အချုပ်အနှောင်ထဲမှာ... နေနေရသူတွေက.. သည်လို... မေးနေကြတော့... သူ... ၀မ်းနည်း မိပါ သေးသည်။ အဖေ အပါအ၀င်... သူ့ ရဲဘော်တွေ အားလုံးက... အချုပ်အနှောင် ကျနေကြသည်နှင့်.. မတူချေ။ ပျော်ပွဲစား... ထွက်နေကြ သည်လား... ထင်ရ လောက်အောင်... ဟေး... ဟေး... ဟား... ဟား... လုပ်နေကြ သည်လေ။ ဘာမျှ စိတ်ဓါတ်ကျနေကြပုံ မရသော...အဖေတို့ ရဲဘော် တသိုက်ကို... အနီးကပ် စောင့်ကြပ် နေသော... ထောက်လှမ်းရေး... တကောင် ကပင်လျှင်... အမြင် ကပ်လာပုံရပြီး - တော်တော် ပျော်နေကြတယ်... စီရင်ချက် ချပြီးမှ ကြည့်ရဦးမယ်..- လို့ မနေနိုင်ပဲ... ပြောသွားခဲ့သေးသည်။ အဲသည်တုန်းက သူလည်း... အဖေတို့ကို... အံ့သြနေမိသည်။ (အခု အချိန် မှာတော့... ဘာ့ကြောင့် ဆိုတာ...သူ... နားလည် နိုင်နေပါပြီ...)

သည့်နောက်တော့... သက်ဆိုင်ရာ မိသားစုတွေကို... အစားအစာ ကျွေးမွေးခွင့်... စကား ပြောခွင့် ပေးတော့... ဂိုဒေါင်လို... အဆောက်အဦးတခုထဲမှာ... အဖေနှင့် သူတို့ မိသားစု... တွေ့ခွင့်ရပါလေသည်။ အဖေ့ ဘေးနားမှာ... သူတို့ မိသားစုရော.. သူ့သူငယ်ချင်းတွေရော... ၀ိုင်းအုံနေရင်း... အမေက... အဖေ့အတွက် အစား အစာများ... ပြင်ဆင်ပေးနေသည်။ အဖေက အမေ့ကို - ဟေ့... အစားအသောက်က... အရေး... မကြီးဘူး... အရေးကြီးတာတွေ... ငါပြောမယ်... နားထောင်ဦး...- ဟု အမေ့ နားနားကို... ကပ်ပြောရင်း... သူ့လက်ထဲမှ... စာလိပ်ကလေး တခုကို... အမေ့လက်ထဲ... ထည့်ပေးခဲ့သည်။ ပြီး... သူ့ဖက်ကိုလှည့်ပြီး... - မင်းကို ရေးခိုင်း ထားတဲ့ စာတွေ အားလုံး... ဒုတိယ နေရာကို... သွားပို့လိုက်တော့... - ဟု... သူ့ကို... ပြောလေသည်။

အမှန်တော့... အဖေ... လုပ်သမျှကို.. သူ... သိနေခဲ့သည်သာ။ ဘာလို့ဆို... အဖေ့... အယုံကြည်ရဆုံးသော ဆက်သားက... သူ ဖြစ်နေသည်... မဟုတ်လား... ။ တကယ်တော့... သူ ကိုယ်တိုင်ကလည်း.. အဖေ့... ရဲဘော် တယောက် ဖြစ်ပါသည်။ အမေပင်... မသိ။ စနစ်ဆိုး တခုကို... ဖြိုချဖို့ ... ကြိုးစားရသည်မှာ... လွယ်ကူသည် မဟုတ်ချေ....။ သည့်အတွက်... ဘ၀တွေနဲ့... ရင်းခဲ့ကြရသောသူတွေထဲမှာ... အဖေလည်း... ပါခဲ့ပါသည်။ သူ့ ဘ၀ တခုလုံးကို... ဆယ်စုနှစ် များစွာ တိုင်အောင်.... ပေးဆပ်ရင်းနှီးခဲ့သည်။ ယနေ့ထိလည်း... ပေးဆပ်နေဆဲ...။ ဗမာပြည်အတွက်... အလင်းရောင်ခြည် လက်ဖို့... သူ.့.. ဘ၀ တလျှောက်လုံး.. ကြိုးစားခဲ့သည်။ သည် အဖေ အတွက်... သူလည်း... သူတတ်နိုင်သည်ကို... ဖြည့်စွက် ခဲ့ခြင်းသာ။
-----------------------------------
ပြောစရာရှိတာတွေ... ပြောအပြီးမှာတော့... အမေကျွေးသည့်... အစားအစာတွေကို စားရင်း... အဖေက... သူ့ သူငယ်ချင်းတွေကို... နှုတ်ဆက်ပါသည်။ - သားတို့... နေကောင်းလား... -ဟု... သူတွေ့ဖူးသည့်... သားကြီးတို့... ဇော်ဇော်တို့... အောင်မင်းတို့ကို... နှုတ်ဆက်ရင်း... နံဘေးမှာ ထိုင်နေသည့်... မမ အပါအ၀င် ဖြစ်သော အမနိုင်တို့ ... ၃ ယောက်ကိုလည်း... - သမီးတို့ကိုတော့ တခါမှ မတွေ့ဖူးသေးဘူး... သားငယ်... သူငယ်ချင်း အသစ်တွေ ထင်တယ်...- မေးတော့... အမေက ... ပြုံးပြီး... မမဖက်ကို မေးငေါ့ပြကာ - ဒီတယောက် ကတော့ အကို့ ချွေးမလောင်းလေ... -ဟု ပြောသည့်အခါ... သူငယ်ချင်းတွေ အားလုံးက... ၀ိုင်းရယ်နေ ကြသေးသည်။ မမကတော့... ရှက်ရွံ့နေသည်လား မသိ။ အဖေကတော့... - အေး... အေး... ငါ့သားကိုလည်း... သိပ် မလိုက်လျောနဲ့... သမီး... ဒီကောင်က... အိညက်အိညက်နဲ့... သိပ်ပြီး... ခေါင်းမာတဲ့ကောင်... - ဟု ပြောနေ သေးသည်။ သည်လိုဆိုတော့လည်း... အရာရာ အားလုံးက... ပြုံးချင်စရာကောင်းအောင်... အစစ ချောမွေ့နေ တော့သည်လေ...။
-------------------------------------------------------
သို့သော်လည်း .. ဘ၀ဆိုသည်မှာ...
ထူးဆန်း အံ့သြစရာကောင်းသော... အလှည့်အပြောင်းများနဲ့ ပြည့်နှက်နေသော...
မည်သည့်အခါမျှ... ရေရာမှုမရှိသော....
ပဉ္စလက်ဆရာ၏... ခွက်တခွက်သာ ဖြစ်ပါသည်။
--------------------------------------------------------
ကိစ္စအားလုံးပြီးလို့... ပြန်ရချိန်မတော့... ညနေ ၄ နာရီခွဲလောက်ရှိတော့မည်။ ထောင်မှ ပြန်ထွက်ရာလမ်းမှာ... မမနဲ့သူ... အဖေ့အကြောင်း... ပြောရင်း... လျှောက်လာခိုက်... သူတို့ အရှေ့မှာ... အရပ်မြင့်မြင့် လူတယောက် လာရပ် လေသည်..။ သူက... အူကြောင်ကြောင်နဲ့... သည်လူ့ကို... ကြည့်နေခိုက်မှာ... - မစံ ဒီကို ဘာလာ လုပ်တာလဲ - လို့... မမကို... သည်လူက... လှမ်းမေးလေသည်။ - အော... ကိုညီညီ... ဒီမှာ... သူငယ်ချင်းနဲ့ လိုက်လာတာ... သူ့အဖေကို လာတွေ့တာ... - မမ... ပြန်ဖြေတော့ - ထောင်ဝင်စာလား... - ဆိုသော သည်လူ့ အမေးကို - ရုံးထုတ်တာပါ... - ဟု သူဝင်ဖြေသည့်အခါ - အော... ၅ (ည) တွေပေါ့... - ဟု ပြန်ပြောသော သည်လူ့ကို... သူ နည်းနည်းတော့... သဘောပေါက် သွားသည်။ - သွားဦးမယ် - မမက... ပြောပြီး... သူ့လက်ကို အတင်းဆွဲကာ... ထွက်လာ သည့်အခါ... သူလည်း... အူကြောင်ကြောင်နဲ့... ပါသွားလေသည်။ - မမ သူငယ်ချင်းလား - သူ မေးသည့် အခါ... - မဟုတ်ဘူး... မေမေတို့... ရပ်ဆွေရပ်မျိုးတွေ...။ ဗိုလ်ကြီး...။ သတင်း တပ်ဖွဲ့ကလို့... ပြောတာ... ကြားဖူးတာပဲ...။ သူက.. အိမ်ကိုလည်း... ခဏခဏ လာဖူးတယ်... လူကိုလည်း... ရီးစားစကား... လာပြော ဖူးတယ်... - မမပြောတော့.. - အော... မမ... ရီးစားဦးပေါ့... - သူ မေးသည့်အခါ သူ့မျက်နှာကို... ခပ်တည်တည် ကြည့်ရင်း - နောင်... နော်... အဲလိုမနောက်နဲ့... မကြိုက်ဘူး...- ဟု ပြောနေ သေးသည်။
------------------------------
သည်လိုနဲ့... သူ့မွေးနေ့ကို... ရောက်လာသည့်အခါ... မမက... ဘုရားသွားမည်ဆိုသဖြင့်... နှစ်ဦးသား ... ရွှေတိဂုံ ဘုရားကို... ထွက်လာခဲ့ကြသည်။ အမှတ် (၁၆) ကားကို... စီးပြီး... အာဇာနည်ကုန်းဖက်မှ... တက်လာ သည့် လမ်း တလျောက်မှာ... စကားတွေ... ဖောင်နေအောင်... ပြောလာသော... မမတယောက်... ဘုရားမှ အပြန် လမ်းမှာတော့... တခွန်းမှ မပြောတော့ပဲ... တိတ်ဆိတ်နေတော့သည်လေ။
------------------------------
သူ့ကြောင့်ပါ...။ ဘုရား ရှိမခိုးသော... သူ့ကြောင့်ပါ။
------------------------------
ဘုရားပေါ်အတက်... စောင်းတန်းမှ ၀ယ်လာခဲ့သော ပန်းများကို... သူ့မွေးနံရှိရာ ထောင့်မှာ... ပန်းအိုးထဲ... ထိုးစိုက်ပြီး... - လာလေ... နောင်... အတူကန်တော့ပြီး... ဆုတောင်းရအောင်လေ...- လို့ ခေါ်တော့... တချိန်လုံး မမ... လုပ်ကိုင်နေသမျှကို... ရပ်ကြည့်နေခဲ့သော... သူ... - နောင်က... ဘုရား ရှိမခိုးဘူး... မမရဲ့... - ဆိုတော့... နှုတ်ခမ်းကို... သူ့... ဘယ်ဖက်လက်နဲ့ အုပ်ရင်း... မျက်လုံးတွေ... ပြူးကျယ်သွားသော... မမကို... သူ ကြည့်နေ မိသည်။ - ဟယ်... ဘာလို့ ရှိမခိုးတာလဲ... ဒီလောက် ကြာခဲ့တာ... ဒီလိုမှန်း... လုံးဝ မသိဘူး...။ ဒါမဲ့... ဒီနေ့ တော့... အတူ ကန်တော့ချင်တယ်... အတူ ဆုတောင်း ရအောင်... လာပါ... - မမ ပြောတော့... - ဟင့်အင်း... နောင်... မကန်တော့ချင်ဘူး... မမ... - သူ ပြောတော့... သူ့ကို... ခဏလောက်... မျက်နှာချင်းဆိုင် ကြည့်ပြီး... မျက်ရည်များ... လည်ကာ... ဘာမှ ပြန်မပြော တော့ပဲ... သူ့မွေးနံထောင့်မှာ ထိုင်ပြီး... အချိန်အကြာကြီး... ဘုရား ရှိခိုး ဆုတောင်း နေခဲ့သော မမကို... ဘေးမှ ရပ်ကြည့်ကာ... သနားနေမိပါသေးသည်။ မမ စိတ်ချမ်းသာအောင်... အတူ ထိုင် ကန်တော့လိုက်လျင် ရသော်လည်း... သူ.. ဟန်မဆောင်ချင်ပါ။ ပြီး... သူ မယုံကြည်သည့် အရာ တခုကိုလည်း.. မည်သည့် အကြောင်းကြောင့်မျှ... သူ... မလုပ်ချင်ပါ။ သူက... ခေါင်းမာ တတ်တာလည်း ဖြစ်မည်လေ...။
------------------------------
သည်လိုနဲ့... ကိုးကွယ် ယုံကြည်ရာ ဘာသာရေးနဲ့ ပတ်သက်ပြီး... သူနဲ့ အကြိမ်ပေါင်းများစွာ... အချေ အတင် ပြောဆိုပြီးသည့် အခါ... မမ.. စိတ်လျှော့လိုက်ပုံရပါသည်။ သည်လိုနဲ့... နှစ်ယောက်သား အကြားမှ... ကန့်လန့်ကာ တခုကို... အတူတကွ... မေ့လျော့ထားခဲ့ကြပြီး... အချိန်ကာလတချို့ကို... ဖြတ်ကျော်ဖြစ်ခဲ့ကြ သည်လေ။ သို့သော်လည်း... တရက်သားမှာ... ရှိပြီးသား ကန့်လန့်ကာ တခုအပြင်... နောက်ထပ် ကန့်လန့်ကာ တခုက... သူတို့ နှစ်ယောက်အကြား... ရောက်လာပြန်ပါလေသည်။

ထိုနေ့က... မမက... မင်္ဂလာဒုံရှိ... အမကို... သွားတွေ့မည်... လိုက်ခဲ့ဖို့ပြောသဖြင့်... တာမွေဘူတာမှ... တက်ပြီး... ရထားစီး လာခဲ့ကြသည်။ သည့်နောက်တော့... မင်္ဂလာဒုံ ဘူတာမှာဆင်းပြီး... လမ်းလျှောက်ကာ... မမ၏ အမနေထိုင်ရာ အဆောင်သို့... ရောက်လာကြသည်။ သည့်နောက်တော့... ဧည့်ခန်းထဲ... စကား ထိုင် ပြောကြရင်း... မမ၏ အမက... စစ်ဆေးရုံမှ... ဗိုလ်ကြီး ဖြစ်နေကြောင်း... သူ သိသွားသည်။ ထိုအမက ဆက်ပြော နေရင်း... သူတို့ အမျိုးအဆွေတွေက... ဘယ်သူဘယ်ဝါဖြစ်ကြောင်း... သူ ထပ်မံ... သိရှိလာရသည်။ ဘယ်မြို့နယ် ပါတီ ကောင်စီ ဥက္ကဌက... အမေ့မောင်... သူတို့ဦးလေး...။ ဘယ်ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဌက... သူတို့ အကို တ၀မ်းကွဲ... ။ ဘယ်တပ်က... ဘယ်ဗိုလ်မှူးက... နောက် ဦးလေး... တယောက်။ နောက်ထပ်... ဘယ်သူ... ဘယ်သူတွေက... ဘာ...။ အလိုလေး... မမ တမျိုးလုံးက... သူ့ရန်သူတွေချည်း ဖြစ်နေကြပါပေါ့လား။ သူ အတော် တုန်လှုပ် သွားလေသည်။ သည်ကြားထဲ... မမ၏ အမက... သူ့ကို... ဘာ ဘာသာ ကိုးကွယ်လဲ... မေးတော့... ရွဲ့ပြီး... နတ် ကိုးကွယ်တယ်-လို့ ပြောမိမလို ဖြစ်ပြီးမှ... မမ မျက်နှာနဲ့... ဘာမှ မကိုးကွယ်သေးကြောင်း... ကိုးကွယ်ရာ တခုကို... ရှာနေပါကြောင်း... ပြောမိတော့... မောင်လေးက ဒိဌိကိုး..လို့ သူ့ကို ပြောလေသည်။ သည်တော့... ဒိဌိဆိုသော... စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို... အပြန်အလှန် ပြောရင်း... အခြေအနေက... တင်းမာလာသည်။ မမလည်း... မျက်စိမျက်နှာ ပျက်နေပြီ။ သူကလည်း... ယုံကြည်ရာတခုကို... ဒိဌိ-ဆိုသော စကားနဲ့... တန်ဖိုး အဖြတ်မခံနိုင်တော့... ခက်ချေပြီပေါ့လေ။ နောက်တော့... - ကျနော်တို့ ပြန်ကြရင် ကောင်းမယ်..-လို့ မမကို ပြောရင်း... သူ... ထရပ်လိုက်မိသည်။ မမ၏ အမကလည်း... - မိစံ... နင်... ဘယ်လိုလူနဲ့... သွား ပတ်သက် နေတာလဲ..- ဟု... ဗြောင်ပြောနေသည်ကို... သူ... ကြားလိုက်ရသေးသည်။ သူကတော့... ဘာမျှ ပြန်ပြော မနေတော့ပါ။ အပြန်လမ်းမှာတော့... မမကို... သူ... တောင်းပန်ခဲ့ပါသည်။ မမကလည်း... ဘာတခွန်းမှ... ပြန်ပြော မနေတော့ပါ။
-------------------------------
အသံမဲ့... တိတ်ဆိတ်စွာ... အတူလျှောက်နေကြသော... ခြေလှမ်းများက...
လမ်းခွဲတခုဆီသို့... ဦးတည်နေတော့သည်လား... သူ... မစဉ်းစားချင်တော့ပါ...
--------------------------------
သည်လိုနေရင်းကကို... နောက်တရက်မှာလည်း... နောက်ထပ် စိတ်ညစ်စရာ... အကြောင်းတခုက... ရောက်လာ ပါသေးသည်။ ဗိုလ်ညီညီဆိုသော... ငတိက... မမတို့အိမ်ကို... လာလည်ရင်း... မမအမေကို... အင်းစိန် ထောင်မှာ... မမကို သူနဲ့အတူ... တွေ့ခဲ့ကြောင်း... သူပုန်တွေနဲ့.. မမက... ပတ်သက်နေကြောင်း... ပြောသွားသည် ဆိုပဲ။ အမေက သူ့ကို ဆူနေကြောင်း မမက ပြောတော့... - ဒါဆိုလည်း... နောင့်ကို ဖြတ်လိုက်လေ... မမ...- လို့ မဆိုင်းမတွပဲ... သူ... ပြောခဲ့မိသည်။ ပြောကာမှ... ပိုဆိုးနေတော့သည်။ သူ့အမက လည်း... အမေ့ကို... မမ ကောင်လေးက.. မမထက် အများကြီး... ငယ်ပြီး... ဒိဌိဖြစ်ကြောင်း... စကားပြောလည်း... ရိုင်းကြောင်း.. တိုင်သွားသေးသည် ဆိုပဲ။ သည်တော့... မမကို... သူ... မေးမိသည်... - နောင်တို့က... ရှေ့ဆက် အတူ လျှောက်လို့... မဖြစ်တော့ဘူးထင်တယ်... မမ... ။ မမ... ဆုံးဖြတ်ပါ။ ဒါမှမဟုတ်... နောင်... ဆုံးဖြတ်ရမလား... - သည်လိုမေးတော့... ချုံးပွဲချ ထိုင်ငိုနေသော... မမကို... သူ မကြည့်ရက်ပါ။
-------------------------------
ဘာပဲဖြစ်ဖြစ်... မမကို... သူ... ချစ်သည်...။ အချစ်ဆိုသည်ကို... မမနဲ့တွေ့မှ... သူ... ထိတွေ့ခဲ့ရသည်။ စာအုပ် တကာမှာ... သူဖတ်ခဲ့ဖူးသော... အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုပင်... သူ့အတွက်... မလိုအပ် တော့အောင်... အချစ်ကို... သူ... တွေ့ဖူးခဲ့ပြီပဲ။ သည့်အတွက်လည်း... မမကို... သူ... ကျေးဇူးတင်ပါသည်။
-------------------------------------------
သို့သော်လည်း... ချစ်ခြင်း တခုဖြင့်.. ဘ၀ နှစ်ခုကို... ပေါင်းစပ် မရနိုင်မှန်းလည်း... သူ... သိလာခဲ့ပြီ။ တခါတရံလည်း... ချစ်ခြင်း မေတ္တာအကြားမှာ...
ကံကြမ္မာက... မထစတမ်း... ၀င်အိပ်နေတတ်သေးသည် မဟုတ်လား...။
-------------------------------------------
တရက်သားမှာတော့... ဂျဒ်ဆင်နံဘေးမှာ... မမကို... သူ... ထားရစ်ခဲ့ပါသည်။ လွယ်အိတ်ကလေးကို ပိုက်ကာ ငိုရှိုက်ရင်း ကျန်ခဲ့ရှာသော မမကို... သူ့.. တသက်မှာ... ဘယ်လို မေ့ရက်မည်လဲ။ သူလည်း... ငိုခဲ့ပါသည်။ သူငိုခဲ့သော... မျက်ရည်တွေကို... နှစ်ပေါင်းများစွာ... သူ... စုဆောင်းထားမိသည့်အခါ ... နှစ်ချို့ဝိုင်တခွက်... ဖြစ်လာပါသည်။

-----------------------------------------
လူတိုင်း... တနေ့တာ... လှုပ်ရှား သွားလာ လုပ်ကိုင်ခဲ့ပြီးသမျှ... မောပမ်းခဲ့ရသော အချိန်ကာလများကို... အိပ်စက်ခြင်းဖြင့်... ထပ်မံ အင်အား ဖြည့်တင်း ကြရသည်လေ။ အိပ်စက်ကြသည်... ဆိုရာမှာလည်း... တယောက်နှင့် တယောက်... တဦးနှင့် တဦး... အိပ်စက်ကြသည့်... နေရာဒေသဖြစ်သော... မွေ့ရာ... မတူကြ သလို... အိပ်စက်ကြသည့်... အချိန်ကာလနှင့် အတိုင်းအရှည်တွေကလည်း... မတူနိုင်ကြပါပေ။ သို့သော်လည်း... အချိန်တန်လျှင်... လူသားတိုင်း... အိပ်စက်ကြရသည်ချည်း... မဟုတ်လား။ အိပ်စက်မှု... တူကြ သည့်တိုင်... အိပ်စက် နေစဉ်... အိပ်မက်... မက်ခြင်း... မမက်ခြင်း... ကလည်း... ကွာခြားကြသေးသည် မဟုတ်လား။ အိပ်မက်... မက်သည့်တိုင်အောင်လည်း... မက်ကြသည့် အိပ်မက်ခြင်းကလည်း... မတူနိုင်ကြပါပေ။

လူတချို့က... အိပ်မက် ချိုချို မက်နေချိန်မှာ...
တချို့ကလည်း... အိပ်မက်ဆိုးများ... မက်တတ်ကြသည်လေ။

ချစ်ခြင်းမေတ္တာကို... တနေရာရာ... တထောင့်ထောင့်မှာ...
မထင်မှတ်ပဲ... လူတိုင်း... ဆုံတွေ့တတ် ကြသည်... မဟုတ်လား...။
သို့သော်လည်း... မဆုံဆည်းနိုင်သော ချစ်ခြင်း မေတ္တာမျိုးမှာ... အိပ်မက်ဆိုး... သက်သက်မျှသာ...။

အိပ်မက်ဆိုးတခု-ကို ... သူ... ထပ်မံ မမက်ချင်တော့ပါ...။

(အောင်သာငယ်)

16 comments:

sin dan lar said...

ချစ်လျက်နဲ့ ခွဲရတာကိုး..
စာဖတ်ပြီး သက်ပြင်းကြီးချမိတယ်

ရှင်မင်းညို said...

တခါတရံလည်း... ချစ်ခြင်း မေတ္တာအကြားမှာ...
ကံကြမ္မာက... မထစတမ်း... ၀င်အိပ်နေတတ်သေးသည် မဟုတ်လား...။

အဲဒါလေးကိုသဘောကျတယ်အကို...
ကြိုက်မိတဲ့ quote တခုအဖြစ်သတ်မှတ်ထားလိုက်တယ်...

giant said...

အစ်ကိုရေ...ခံစားရတယ်ဗျာ။ ကျွန်တော်လည်းရေးတတ်ချင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်တို့ ဖြတ်သန်းရတာတွေဟာ ရိုးစင်းလွန်းနေတယ်။

Moe Cho Thinn said...

အခုရော ကိုးကွယ်ယုံကြည်ရာ တွေ့ပြီလား။
အိပ်မက်ဆိုး တခုပါပဲ။ ဒါ သေချာပါတယ်။

Kay said...

ဇတ်လမ်းက..လွမ်းစရာကြီးပဲကိုး။ ဖြစ်တတ်ပါတယ်လို့ပဲ..ပြောရမလား။ အင်း- တကယ်တော့..ဘ၀ ဆိုတာကြီးကိုက.. အိမ်မက်အကြီး ကြီးတခုပါပဲ။

mirror said...

အစ်ကိုကြီးရေ
တကယ်အလွမ်းဇာတ်ပါပဲ
ညီမသိမ်းထားလိုက်ပြီ

ဇင်ယော် said...

ကိုကြီးအောင်ရေ အိမ်မက်ဆိုးကို လိုက်မက်ကြည့်ပြီး ရင်ထဲမှာ ထိကျန်ခဲ့တယ်ဗျာ။ ခုတော့လည်း ဘ၀လမ်းခရီးမှာ အိမ်မက်ဆိုးတွေဝေးလို့  သာယာတဲ့ အနာဂါတ်နဲ့  လျှောက်လှမ်းနေပြီဆိုတော့ ........ ဒီလိုအိမ်မက်ဆိုးတွေ နောင်သံသရာ အဆက်ဆက်မှာ ကင်းဝေးပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ။

MANORHARY said...

ဘ၀ဆိုတာ အခန်းဆက်အိပ်မက်ရှည်ကြီးပါပဲ...
အိပ်မက်ဆိုးတွေချည်းမမက်ဖို့ဆုတောင်းရမှာပေါ့..

ကမာနီလာ said...

နှစ်ချိုက၀ိုင်သောက်ပြီး အိမ်မက်ဆိုးတွေကို အတူလိုက်မက်ရင်း နိုးထလာတော့ ရင်ထဲမှာ ဟာပြီး ကျန်ခဲ့တယ်ဗျာ၊ ရေးထားတာလေးက ပြီးတဲ့အထိ ဖတ်တဲ့လူကိုဆွဲဆောင် သွားစေခဲ့တယ်၊

မေငြိမ်း said...

အင်း တကယ်ပဲ နာနာကျင်ကျင် ခံစားရပါတယ်...
အဲလို ဘ၀တွေ......

အောင်သာငယ် said...

မြို့တမြို့၊ နှစ်ချို့ဝိုင်တခွက်နဲ့အိပ်မက်ဆိုးတခုကို ဖတ်သွားကြတဲ့... sin dan lar ၊ ရှင်မင်းညို၊ giant ၊ ညီမ ချိုသင်း၊ မကေ၊ ညီမ mirror ၊ ဇင်ယော်၊ MANORHARY ၊ ကမာနီလာ၊ မမေငြိမ်း၊ ကိုသစ်နက်ဆူး၊ ညီမ ခေါင်ခေါင်၊ တူမ နန်းညီ၊ ညီမ မမေ၊ ညီကိုအောင်၊ မပန်၊ တူမောင်မျိုး၊ ညီ ဆောင်းယွန်းလ၊ မမ - ကွန်မန့်တွေ ပေးသွားကြတဲ့ အတွက်... ကျေးဇူး အထူးပါ။

ဝတ္ထုတိုတပုဒ်ကို... တကယ့်အဖြစ်အပျက်လို... ခံစားသွားကြတဲ့ အတွက်လည်း... ၀မ်းသာမိပါတယ်...။

အချိန်ရရင် နောက်ထပ် တပုဒ် ရေးပေးပါဦးမယ်...

MaMa said...

မဆုံဆည်းနိုင်သော ချစ်ခြင်းမေတ္တာ ကို
အိပ်မက်ဆိုးနဲ့ နှိုင်းယှဉ် တင်စားတာကတော့
နဲနဲ လွန်တယ် ထင်ပါတယ်...။
မဆုံဆည်းနိုင်ပေမဲ့
ချစ်ခြင်းမေတ္တာ ဆိုတာ
ကြည်နူးလွမ်းမောစရာ ရှိနေခဲ့ တာပဲ
ဆုံဆည်းတယ် မဆုံဆည်းဘူးဆိုတာ
အကြောင်းတရား တစ်ခုပါ...
...........
ခဏခဏ... ဆန့်ကျင်ဖက် အမြင်တွေ နဲ့
Comment ပေးမိတာကို တော့
တောင်းပန်ပါရစေ..စိတ်မရှိပါနဲ့

Dream Angel said...

အကို ဒါတကယ့်အဖြစ်အပျက်လား
ကျတော်တောင်လွမ်းသွားတယ်
တိုက်ဆိုင်တာလေးတွေရှိလို့ဗျ

မေသူပိုင် said...

ဦးအောင်သာငယ်ရေ
ဝတ္တုတစ်ပုဒ်အဖြစ်ခံစားနေရာက ဖြစ်ရပ်မှန်တစ်ခုလိုပြောင်းလဲပြီးခံစားလိုက်ရတယ်။
ထိမိလွန်းတဲ့ရေးသားချက်ကြောင့်လို့ပြောရမယ်ထင်တယ်၊
ဘာဘဲ ဖြစ်ဖြစ် အိမ်မက်ဆိုးတစ်ခု အဖြစ်သတ်မှတ်ခဲ့ပေမယ့်၊အမှတ်တရအဖြစ်တော့ကျန်ခဲ့တာပါဘဲ။
အချစ်ကိုဦးစားမပေးဘဲ (လူငယ်တစ်ယောက်ဖြစ်ပါလျက် ချစ်နေပါလျက်နဲ့)လက်ရှိဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုကိုဘဲ ရွေးချယ်သွားတဲ့ စိတ်ဓါတ်တစ်ခုက လူငယ်တစ်ချို့ အတွက် သင်ခန်းစာယူစရာလေးလို့မြင်ပါတယ်
သင်ခန်းစာယူစရာတွေေ၇ာ စာပေအေ၇းအသားရေ အားလုံးရသစုံအောင်ရေးသားထားတဲ့ဝိုင်တစ်ခွက်ကို နှစ်သက်စွာသုံးဆောင်သွားပါတယ်၊
လေးစားလျက်
မေသူ
p.s ဦးအောင်သားငယ်လို့ခေါ်ရတဲ့အကြောင်းအရင်းက အရင်ပို့စ်တစ်ခုမှာ အရေးအခင်းမှာပထမနှစ်လို့ရေးထားတာကို ဖတ်ဖူးလို့ပါ :D

အောင်သာငယ် said...

MaMa - သဘောတူပါ၏... စိတ်မရှိပါ။
Dream Angel - တိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်ပါ...း)
မေသူပိုင် - ကွန်မန့်အတွက် ကျေးဇူးပါ...
ဘကြီးလို့ ခေါ်လည်း စိတ်မဆိုးပါ....း)

Anonymous said...

စိတ်​ က စား တဲ့ အ ရွယ်​ ... စိတ်​ အား ငယ်​ ​နေ တဲ့ အ ချိန်​ မှာ တွယ်​ မိ တဲ့ သံ ​ယော ဇဉ်​ ကြိုး တ ​ချောင်း ပါ ..
ဘဝ အာ မ ခံ ချက်​ မ ရှိ ​သေး ခင်​ ထား ခဲ့ နိုင်​ တာ ..မ မှား ပါ ဘူး ..
တော်​ ​တော်​ စိတ်​ မာ တာ ပဲ..

အ ချစ်​ ဆို တာ .. တ ခါ တ ရံ .. ရ ယူ ခြင်း မှ မ ဟုတ်​ ပဲ ..သူ လဲ နား လည်​ နိုင်​ မှာ ပါ ..
လေး စား ပါ တယ်​ .. အ ကို