Dec 22, 2008

စောင့်လို့တော့နေရစ်ဦး

ငိုသံတွေ... တိတ်လို့... သွားမှ... ပြောပါရစေ... မေ...
ငိုနေရင်... ကိုယ်ဘယ်လို... ရှင်း... ရှင်း... မင်း... လက်ခံမှာ... မဟုတ်ဘူးလေ...
ရင်ခွင်မှာ... ခံစားရတာချင်း... အတူတူ... ဘယ်သူက... ဘယ်သူ့ထက်...
ပိုမိုလို့... ပူနိုင်မှာတုန်း... အချစ်ရေ... ရွဲ့ကာ... မပြောလိုက်နဲ့ဦး...
---------------------------------------------------
ပျင်းရိငြည်းငွေ့နေပုံရသော... ဆောင်းနှင်းတချို့... စိတ်မပါ... လက်မပါ... ခပ်ပါးပါး ကျနေသည့်... ပြာမှိုင်းမှိုင်း... ညဥ့်ဦး၏... ခြောက်ကပ်... တိတ်ဆိတ်နေသော... နံရံကို... ဖြေးဖြေးညင်သာ... ဖြိုဖျက် ချလိုက်သည့်... လေးတွဲ့တွဲ့... သီချင်းသံက... သူ့... နားထဲသို့... ဓါးသွားတခုလို... စူးရှနေသော... လေနှင့်အတူ... ၀င်ရောက် လာသည်...။ သည်ညအဖို့... ပထမဆုံး... လွင့်မျော လာသော... သည်သီချင်းသံကြောင့်... ခိုးလို့ခုလု... ၀ါးကြမ်းခင်း ပေါ်မှ... အေးစက်စက်... အိပ်ယာပေါ်တွင်... လဲလျောင်းကာ... အိပ်ဖို့... ကြိုးစားနေရင်းက... အိပ်မပျော်နိုင် သေးသည့်... သူလည်း... ဂွမ်းစောင်ပါးကို... ကိုယ်ပေါ်တွင်... သိုင်းခြုံ လိုက်ရင်း... သူ့... ပြတင်း တံခါးမှ... ၀ိုးတ၀ါး... အလင်းရောင်ဖြင့်... မသဲမကွဲ... မြင်နေရသော... စစ်ရေး ပြကွင်းကို... လှမ်းကြည့်လိုက် မိသည်...။ လရောင်... မရှိသော်လည်း... အားနည်းနေသော... ကြယ်ရောင် အလင်းများကြားမှ... ခပ်ဝါးဝါး... လှမ်းမြင် နေရသော... တပ်ရင်း (၂၀၅)ဖက် အခြမ်းမှ.... ခွဲ(၂) ဘားတိုက် အရှေ့... စစ်ရေး ပြကွင်း အစပ်ရှိ... သစ်တုံး များပေါ်တွင်... ထိုင်နေကြသော... အရိပ်များကို... သူ... လှမ်းမြင်နေရသည်...။ တခါတရံ... အားရပါးရ... ဖွာရှိုက် လိုက်သော... ဆေးလိပ် မီးဖွားများ၏... အနီရောင် မီးများမှ တဆင့်... အမှောင်ထုထဲမှာ... ဆွေးမြေ့ နေသော... မျက်နှာများ ကိုလည်း... မသဲမကွဲ... မြင်လိုက်ရသေးသည်...။ အော်... ညတညကို... လွန်မြောက်ဖို့... သူတို့... ကြိုးစားနေကြ တာပါလေ...။ ရင်ထဲက... ဝေဒနာတွေကို... သံစဉ် တချို့နဲ့... ချွေးသိပ် အိပ်စက်ဖို့... သူတို့... အိပ်မက်... မက်နေကြတာပါလေ...။

သူ့... အေကေ ၄၇ သေနတ်ကို... ညာဖက်ပုခုံးစောင်းမှာ... အောက်စိုက်လွယ်ရင်း... ဘာရယ်မဟုတ်... ဘားတိုက် ပေါ်ကနေ... အလိုအလျောက်... သူ... ဆင်းမိလျက်သား... ဖြစ်သွားသည်...။ အေးစက် နေသော... စစ်ဖိနပ်ထဲသို့... သူ့ခြေထောက်ကို... ထည့်လိုက်မိမှ... သူ့ခြေဖ၀ါးက... စစ်ဖိနပ်၏ ကြမ်းတမ်းမှုကို... ထိတွေ့ရမှ... ခြေအိတ်မပါသည်ကို... သူ... သတိရလိုက်သည်...။ ရှိစေတော့...။ စစ်ဖိနပ်ကို... သည် အတိုင်း... စီးပြီး... စစ်ရေးပြကွင်းကို... သူ... ဖြတ်လျှောက်... သွားနေမိသည်...။ စစ်ရေးပြကွင်းကို... အမှောင် ထဲမှာ... တိတ်တဆိတ်... သူ... ဖြတ်လျှောက်သွားနေစဉ်မှာ... သူ့... စိတ် အလျဉ်တွေကလည်း... သည် ဒေါန တောင်ရိုး တခုလုံးကို... ဖြတ်ကျော်ပြီး... မြေပြန့်ဆီ... ပြေးလွှားသွားနေပြီ... မဟုတ်လား...။
---------------------------------------------------
၁၉၈၅ မှာ... သိပ္ပံဘွဲ့တခု... သူ... ရသည်...။ ထုံးစံအတိုင်း... ဗမာပြည်မှ... ဘွဲ့ရ လူငယ်များ၏... အစဉ် အလာ အရ... သူလည်း... ဘွဲ့ရ အလုပ်လက်မဲ့... ဖြစ်ပြီ...။ သည်လိုနဲ့... အဲသည် အချိန်က... စတင် ခေတ်စား နေသော... ၀ိုင်း ကျူရှင်... ခေါ်သည့်... စာသင်ဝိုင်းလေးတွေမှာ... အင်္ဂလိပ်စာ ဆရာအဖြစ်... သူ့... ပထမ ဆုံးသော... အသက် မွေးဝမ်း ကြောင်းမှုကို... စတင်ရသည်လေ...။ သူက... အဲသည်အချိန်က... အသက် ၂၀ ကျော်စ...။ သူ့ တပည့်တွေက... ၁၅-၁၆ နှစ် ၀န်းကျင်တွေ...။ တပည့်တွေက... သူ့ကို... ဆရာဟု... ခေါ်သည်...။ သူကတော့... တပည့်တွေကို... ခင်ဗျားတို့... ကျနော်တို့နဲ့... ပြောသည်...။ ရှုပ်တော့... အတော်... ရှုပ်ကုန် သည်...။ တပည့်တွေက... နောက်တော့... ဆရာ... ပြောချင်သလိုသာ... ပြောပါတော့...လို့... ပြောလာ ကြတော့... ယောက်ျားလေး တပည့်တွေကို... မင်းနဲ့... ငါ... ပြောသည်...။ မိန်းကလေးတွေကိုတော့... ညည်းတို့... လို့... သူ... ပြောသည်...။ ဘာပဲဖြစ်ဖြစ်... တပည့်တွေ အားလုံးက... သူ့ကို... လေးစားမှုရှိသည်...။ သူ့... စေတနာကို... သိသည်...။ သည်လိုနဲ့... နောက် တနှစ် အကြာမှာတော့... သူ့... တပည့်တွေနဲ့... သူက... မောင် နှမ တွေလို... ဖြစ်နေကြ တော့သည်...။ သည်လိုနဲ့... ညီမလေးကို... သူ... တွေ့ခဲ့ရခြင်းပါပေ...။

တရက်သားမှာ... သူ့ဝိုင်းကျူရှင်ရှိရာ အိမ်တွင်... စားပွဲဝိုင်းတွင်... ငိုနေသော... သည် ညီမလေးကို... သူ... တွေ့ခဲ့ရသည်...။ သည် ညီမလေးက... ကျောင်းသူအသစ်...။ သည်လိုနဲ့... ကျန်သည့်... တပည့်များကို မေးစမ်း ရင်းမှ... ငိုနေရသည့် အကြောင်းကို... သိရတော့သည်...။ ဖခင်ဖြစ်သူ... အဖမ်းခံရသဖြင့်... ငိုနေခြင်း ပါပေ...။ သည်လိုနဲ့... မေးမြန်း ပြောဆိုရင်း... သည်ညီမလေးရဲ့... ဖခင်က... သူ့ဖခင်နဲ့... ရဲဘော် ရဲဘက်တွေ... ဖြစ်နေ ကြောင်းကိုပါ... သူ... ထပ်မံသိရှိလာရသည်...။ - အေး... ညည်း... ဘာမှ စိတ်အား ငယ်စရာ မလိုဘူး...။ အမှန် တရား အတွက်... ရပ်တည်တဲ့ သူတွေကို... အားလုံးက... ချစ်ကြပါတယ်...။ ငါ့... အဖေလည်း... အဲလိုပဲ... အဖမ်းခံရ... အထိန်းသိမ်းခံရ တာပဲလေ... ။ တို့တွေက... ဘ၀တူတွေပါပဲ... ။ ဘာမှ အားငယ်နေစရာ မလိုဘူး...။ အကိုတို့မှာ... အသိုင်းအ၀ိုင်း ရှိနေတာပဲ... ။ အားလုံးက... အချင်းချင်းကို... ၀ိုင်းဝန်း စောင့်ရှောက် နေကြတာပါ...။ ဘာမှ အားမငယ်နဲ့... ဟေ့... - သူ... သည်လို... ပြောနေချိန်မှာ... မျက်ရည်လည်နေသော... မျက်လုံးများနဲ့... သူ့ကို... မော့ကြည့်နေသော... မျက်နှာလေးတခုက... သူ့ရင်ကို... လှုပ်ခါ သွားခဲ့စေသည် ကိုလည်း... သူ... အထိတ်တလန့်... သိရှိခဲ့သေးသည်...။

သည်လိုနဲ့... အတိုချုပ်... ပြောရလျင်... ဘ၀တူနေသော... လူ ၂ ယောက်... ချစ်ခြင်း မေတ္တာကို... အတူတကွ... တွေ့ရှိ သွားကြသည်မှာလည်း... မထူးဆန်းလှ-ဟု... ပြောရမည် ထင်သည်...။

သည်လိုနဲ့... ချစ်သူသက်တမ်း ၃ နှစ် မပြည့်သေးခင်မှာ... ခွဲခွာရဖို့ အကြောင်းက... ရှိလာခဲ့သည်လေ...။ ၁၉၈၈ ခုနှစ်... ဒီမိုကရေစီ တောင်းဆိုသော လူထုအရေးတော်ပုံကြီးမှာ... သူက... ထဲထဲဝင်ဝင်... ပါဝင်နေခဲ့ပြီ...။ စစ်အာဏာ သိမ်းသည့်... စက်တင်ဘာလ (၁၈) ရက်နေ့ညမှာတော့... လက်နက်ကိုင် တိုက်ပွဲထဲမှာ... ကိုယ်တိုင် ကိုယ်ကျ... ပါဝင်ဖို့... သူ... ဆုံးဖြတ်ခဲ့သည်...။ သည်အခါ... မြို့ပြဘ၀ကို မစွန့်လွှတ်ခင်... သူ... တွေ့ရမည့် သူတွေကို... သွားတွေ့သည်...။ သူမိခင်ဖက်မှ.. အဖိုးနဲ့ အဖွားကို... သူ... သွားကန်တော့သည်...။ အဖေနဲ့ အမေကိုတော့... သွားမတွေ့နိုင်တော့...။ ဖုန်းထဲမှတဆင့်... ပြောဆို... နှုတ်ဆက်ခဲ့သည်...။ အဖေကတော့... တခွန်းပဲ ပြောသည်... မင့်လမ်းကို... မင်းပဲရွေးရမှာ... ငါရွေးပေးလို့မရဘူး...။ အမေကလည်း... တခွန်းပဲ ပြောသည်... လက်နက်ချတဲ့ အလုပ်နဲ့... သစ္စာဖောက်တဲ့ အလုပ်ကိုတော့... ဘယ်တော့မှ မလုပ်နဲ့... ဟေ့... တဲ့...။ ဘာပဲဖြစ်ဖြစ်.. အဖေနဲ့ အမေက... ပေးလိုက်သော... စိတ်ခွန်အားတွေ... သူ့... နှလုံးသားနဲ့... သွေးကြောတွေထဲ... လှည့်ပတ်စီးဆင်းနေပါပြီ...။

ခရီးထွက်ဖို့... အစစ... အရာရာ... စီစဉ်ပြီးသည့်အခါ... ညီမလေးကို... နောက်ဆုံးအကြိမ်အဖြစ်... တွေ့ရသည်...။ သူငယ်ချင်းဖြစ်သူ... ကိုမောင်မောင်နဲ့ ကိုဇော်ကြီးတို့... စီစဉ်ထားပေးသည့်... အိမ်တအိမ်မှာ... တွေ့ရသည်...။ ပြောစရာ... စကားကလည်း... သူ့အတွက်... တခွန်းပဲ ရှိသည်...။ - ငါ... ပြန်လာခဲ့မယ်... ညီမလေး...။ အဲဒီနေ့ကို... နင်... သစ္စာရှိရှိ... စောင့်နေပါ...။ - ငိုပြီးရင်း... ငိုနေသော... ညီမလေးကို... သူ... မကြည့်ခဲ့ပါ...။ ဘာလို့ဆို... သူ့ခြေလှမ်းတွေကို... ပြန်ဆွဲထားမည့်... မျက်ဝန်းတစုံကို... သူ... မကြည့်ရဲသော ကြောင့်သာ... ဖြစ်ပါသည်..။ - ဘာလို့... သွားမှာလဲ...။ ဘာလို့... သွားမှာလဲ... အကို...။ အကို... သွားစရာမလိုပါဘူး...။ ဘာကြောင့်... တခြားသူတွေက... မသွားပဲ... အကိုက... သွားရတာလဲ...- အထပ်ထပ်... မေးနေသော... ညီမလေး... အမေးတွေကို... - ငါ... သွားမှ... ဖြစ်မှာလေ...။ ကျန်တဲ့သူတွေက... ဒီမှာနေလို့.. ရသေးတယ်...။ ပြီးတော့... လုပ်စရာရှိတာတွေ... သူတို့... ဆက်လုပ်လို့ရသေးတယ်လေ... - သူ... ပြောနေမိ သော်လည်း... ညီမလေးကတော့... လက်ခံမည်... မဟုတ်မှန်း... သူ...သိနေသည်ပဲလေ...။ - အဲလောက်တောင်... သွားချင်နေရင်လည်း... အကို... ဘယ်တော့မှ... ပြန်မလာနဲ့တော့... - ရွဲ့ပြောနေသော... စကားကို... နားခါးနေမိသော်လည်း... ခံစားချက်တို့ကို... သူ... သိနေပါသည်...။ - ငါ... ပြန်လာမှာပါ... ညီမလေး... ။ နင်... ယုံကြည်ထားလိုက်... - သူ... ပြောပြီး... အိမ်ထဲမှ... ထွက်လာမိသည်...။ ခွဲခွာခြင်းကို... နှစ်သိမ့်နိုင်သည့်... အပြုံးတခုပင်... သူ... မရခဲ့ပါချေ...။ သူ့... နောက်ကို... ကပ်ပါလာခဲ့သည်က... ငိုရှိုက်သံ သဲ့သဲ့သာ...။
---------------------------------------------------
ဆောင်းည၏... အေးစက်နေသော... လေပြေထဲတွင်... ဆက်လက်... လွင့်မျောနေသော... သီချင်းသံကို... နာခံရင်း... စစ်ရေးပြကွင်းကို... တလှမ်းချင်း... လျှောက်ကာ... ဂစ်တာတီးနေကြသည့်... ရဲဘော်တွေဆီ... သူ... ရောက်လာ ခဲ့သည်...။ မည်သူကမျှ... ပရိသန္တာရ... စကားတွေ... ပြောပြီး... သူ့ကို... ဆီးကြို... မနေကြပါ...။ သူ... ဘာ့ကြောင့်... ဂစ်တာတီးနေသည့်ဆီကို... ရောက်လာကြောင်း... အားလုံးက... သိနေကြသည်လေ...။ ဂစ်တာ သံနှင့်... သီချင်းသံမှ... လွဲ၍... မည်သည့်... စကားကိုမျှ... မဆိုကြသော... လူတစုသည်... နှလုံးသားချင်း... တူနေသော... ၊ အိပ်မက်... တခုကို... အတူတူ... မက်နေသော... ၊ အလင်းရောင်... တခုကို... အတူတကွ... တူးထုတ် နေသော... ၊ ကြေကွဲ မေတ္တာပုံပြင် တပုဒ်စီကို... နှလုံးသား၏... အနက်ရှိုင်းဆုံး... နေရာတခုမှာ... လူမသိ... သူမသိ... လျှို့ဝှက်စွာ... မြှုပ်နှံထားကြသော... ၊ .... သော ၊ ..... သော၊ .... သော။
---------------------------------------------------
လွတ်နေသော... သစ်တုံးတခုအပေါ်... သူ... ထိုင်လိုက်ရင်း... သူ့နှုတ်ခမ်းဖျားမှ... တေးသွားတချို့ကို... တီးခတ် နေသော... ဂစ်တာသံနှင့်အတူ... လိုက်လျောညီထွေစွာ... သူ့... နှလုံးသားအတိုင်း... ဟစ်ကြွေး လိုက်ပါသည်...။ အားလုံးကလည်း... အတူတကွ... တညီတညာတည်း... သီဆိုနေကြသည်လေ...။

လူသံတွေ... ဆိတ်လို့သွားမှ... ခွဲပါရစေ... မေ...
မြင်နေရင်... ကိုယ်ဘယ်လို... ပြေး... ပြေး... အဝေး... ရောက်နိုင်မယ်... မထင်ဘူးလေ...
ပြန်လည်ကာ... ဆုံစည်းရတော့ဦးမလိုလို... ထင်ရုံပဲ...
သည့်ထက်တော့... သေချာလို့... မရရာနိုင်ဘူး... အချစ်ရေ... မဲ့ကာ... ပြုံးစမ်းပါဦး...

ယာယီတော့... ခွဲရမှာပဲ... အချစ်ရေ... နေနှင့်ဦး...
ပြန်မလာရင်... ထာဝရခွဲခြင်းလို့... မှတ်လိုက်ကွယ်...
စောင့်လို့တော့... နေရစ်ဦး... မမုန်းသရွေ့တော့... စောင့်လိုက်ဦး... ...
စောင့်လို့တော့... နေရစ်ဦး... မမုန်းသရွေ့တော့... စောင့်လိုက်ဦး... ...

13 comments:

mirror said...

အစ်ကိုရေ..အမျိုးမျိုးကိုရနေတော့တာပဲနော။
အစုံပဲရေးနေတာများ၊ဖတ်ပြီးတော့ ရင်ထဲမှာနင့်သွားတာပဲ။

လေးစားခင်မင်လျက်

MANORHARY said...

ငိုသံတွေကိုကြားနေမိသလိုပဲ...
ဘယ်တော့ပြန်လာမှာတဲ့လဲ...ဘယ်သူမှမသိနိုင်တဲ့
အခြေအနေမှာ ငိုသံတွေကပဲ လွှမ်းမိုးနေမှာပါပဲ...

sin dan lar said...

သနားပါတယ်... ဆက်ရန်လုပ်ပြီး
ပြန်တွေ့ပေးလိုက်ပါလား

sin dan lar said...

ရန်နဲ့ လုပ်ကြားမှာ စပေ့စ်ပုတ်ဖို့မေ့တွားဒယ်...

မေငြိမ်း said...

အဲဒီလိုအလွမ်းတွေကို ၈၈ ပီးတဲ့နောက်မှာ ခဏခဏ ကိုယ်ချင်းစာ တွေးမိတယ်..။ မခံစားချင်ဘူး.. ပီးတော့ မခံစားနိုင်ဘူး..။ ဘယ်လောက်ထိ စောင့်ကြရရှာမလဲ... ကျမမှာလည်း ရေးစရာရီသေးတယ်..သိလား.. တနေ့တော့ ရေးပါဦးမယ်...:(

Craton said...

စိတ်မကောင်းပါ။ ဘာဆက်ဖြစ်သွားလဲဟင်?

ခင်မင်းဇော် said...

ကိုအောင်သာငယ်ရေ..
ကျမကိုတော့ နှုတ်မဆက်ခဲ့ဘူး သိလား...
ဒါပေမယ့် ကံကြမ္မာက ဆုံဆည်းခွင့်ကိုပေးခဲ့တယ်..
ရ နှစ်ကျော် မှာပြန်လည်ဆုံတွေ့ခဲ့ကြပြီး
နောက်တခါခွဲရတော့လဲ ၆ နှစ်ခွဲ ကြာပြန်တယ်လေ..
ဒီပို့စ်ဖတ်ပြီး မျက်ရည်ကျမိတယ်..

Kay said...

ကိုအောင်သာငယ်က..အတော်စွံတာပဲ။
း) နောက်တာပါ။ ခုချိန်မှာတော့..ပြန်ဆုံပါစေ လို့ ဆုတောင်း ပေးရမှာ..ခပ်ခက်ခက်ပဲ။

အောင်သာငယ် said...

mirror - ၀တ္ထုတိုလေးတွေ ကြိုက်တယ်ဆိုလို့... ရေးကြည့်တာပါ...
MANORHARY - အေးလေဗျာ...
sin dan lar - ဆက်ရေးပေးရမယ်ပေါ့..
မမေငြိမ်း - ရေးလေဗျာ... ရေးစရာတွေတော့... အများကြီး...
Craton - ဒုတိယပိုင်း... ဖတ်ချင်တယ်ပေါ့...
မခင်မင်းဇော် - ကျနော် သိပါတယ်ဗျာ...
Ma Kay - အသာ လုပ်ပါဗျာ... အတော် စွံတယ်... မပြောပါနဲ့... မဟေသီက... blah blah လုပ်နေပါဦးမယ်... သီချင်းလေးတပုဒ်ကို... ခံစားပြီး... ရေးကြည့်တာပါ... တကယ့် အဖြစ်အပျက်လို့... ထင်နေပြီပေါ့...။ ဒါဆို... နောက်ထပ်... ၀တ္ထုတိုတွေ... ရေးဦးမယ်လေ...း)

Moe Cho Thinn said...

ဒီလိုပဲ နောက်ဆုံးကျတော့ ၀တ္ထု ၀တ္ထု ဆိုပြီး တကယ့်အဖြစ်အပျက်တွေကို ရောချ လိုက်ပေါင်းများပြီ အမရေ့.. အကိုဂျီးကို မယုံနဲ့..:)

မေ့သမီး said...

အစ်ကိုရေ အရမ်းဖတ်လို့ကောင်းပါတယ်။ ကိုယ်တွေ့ပဲဖြစ်ဖြစ်၊ ရေးကြည့်တာပဲဖြစ်ဖြစ် ခံစားချက်တွေပါနေတော့ ဖတ်လို့ကောင်းတာပါပဲ။

ThuHninSee said...

တကယ်သာစောင့်နေရင် အပျိုကြီးဖြစ်တာပဲ အဖတ်တင်
တော့မယ်နော်။

အောင်သာငယ် said...

မိုးချိုသင်း - ငါ့ညီမကတော့ ၀င်ကျပ်ပေးနေပြန်ပြီ...
မေ့သမီး - ဖတ်ကောင်းတယ်ဆိုလို့ ၀မ်းသာပါတယ်...
ThuHninSee - ဟုတ်ပါ့ဗျာ...