Dec 13, 2008

တက်ဂ်လို့ရေးတဲ့စာ-၃

တူမတော် မေသူပိုင် Tag ထားလို့ ရေးတဲ့ စာပါ...။

12 Dec 08, 03:32 မေသူ: ဦအောင်သာငယ် ရေ တတ်ထားပါတယ် ရေးပေးပါ - လို့ ဆီပုံးမှာ တွေ့ လိုက်တယ်။ လာပြန်ပဟ...ဆိုပြီး သွားကြည့်ရတော့တာ...။ ဘာလဲ..ဆိုတော့... နှစ်သက်မိသောကဗျာတပုဒ်... ဆိုပဲ...။ ကျနော်က... ကိုယ်တိုင်လည်း... ကဗျာလေးတွေ ရေးတယ်... ကဗျာလေးတွေကိုလည်း... ချစ်တတ်တဲ့သူ ဆိုတော့... ကဗျာတွေ... အားလုံးလိုလိုကို... နှစ်သက်နေတတ်တော့တာ .. ။ နှစ်သက်မိသော ကဗျာတပုဒ်ကို... ဘယ်လို ရွေးထုတ်ပေးရပါ့...။ ဦးနှောက် ခြောက်သွားပါသဗျား....။ ဒါနဲ့ ကလေး ဘ၀ ကတည်း... ဖတ်မိလာသမျှ... ကဗျာတွေကထဲကနေ... ပြန်စဉ်းစား ရတာပေါ့လေ...။ စဉ်းစား မိတော့... နှစ်သက်တဲ့ ကဗျာတွေကလည်း... အများကြီးပါပဲ...။ အများကြီးထဲမှာပဲ... အနှစ် သက်ဆုံး ဖြစ်နေတဲ့... ကဗျာတွေကကို... တော်တော်လေး... များနေလေရဲ့...။ ဒီတော့ လည်း... အဲဒီအထဲက... ထပ်ပြီး... ဆန်ကာတင်... ရွေးရတော့တာပေါ့လေ...။ အဲလို ရွေး လိုက်မိတော့... ကဗျာ (၃) ပုဒ် ကို... အနှစ်သက်ဆုံး ကဗျာတွေအဖြစ်... ရလိုက်ပါတယ်... ။

ခုတော့... နှစ်သက်မိသော ကဗျာတပုဒ်... ဆိုတဲ့ Tag အတွက်... အဲ ကဗျာ (၃) ပုဒ် လုံးကိုပဲ... ဖော်ပြပေးလိုက် ပါတယ်...။
----------------------------------------

အဲကဗျာ (၃) ပုဒ်လုံးမှာ... ကျနော်... အနှစ်သက်ဆုံး ဖြစ်တဲ့ ကဗျာကို... အရင်ဆုံး... ဖော်ပြ ပါရစေ... ။

ဒီကဗျာကို ကျနော့်ရဲ့ ပို့စ်တခု မှာလည်း... ထည့်သွင်း ဖော်ပြခဲ့ဖူးပါတယ်...။ ကဗျာ အမည်ကတော့... “မိသားစု” ပါ...။ စစ်အာဏာရှင်တွေက... ဖမ်းဆီးပြီး... ထောင်သွင်း အကျဉ်းချတာကို... ခံခဲ့ရတဲ့... ကျနော့်မိခင်က... ကျနော်တို့... ညီအကို ၂ ယောက်... ဖတ်ဖို့... ထောင်ထဲကနေ... ရေးပို့ပေးတဲ့... ကဗျာတွေအနက်... ကျနော့် ကလေးဘ၀မှာ... ပထမဆုံး ဖတ်ခဲ့ရပြီး... တသက်လုံး... မမေ့နိုင်တော့မယ့်... ကဗျာတပုဒ်ပါ...။ သည် ကဗျာကို... အကျဉ်းခန်းထဲကနေ... အမေ ရေးနေတဲ့ အချိန်မှာ... ကျနော့်ဖခင်ကတော့... မြစ်ဝကျွန်းပေါ်... တောနက် တနေရာမှာ... အာဏာရှင်တွေကို... လက်နက်ကိုင် ဆန့်ကျင် နေတဲ့... အချိန်ပါ...။ ကျနော်တို့... ညီအကို ၂ ယောက်က... အဖိုးအဖွားတွေ လက်ပေါ်မှာ... ။ တကွဲတပြားစီ... ဖြစ်နေတဲ့... ဘ၀တွေကို... အတူတကွ... ပေါင်းစည်းနိုင်ခွင့်... ရမှ... မိသားစုဆိုတာ... အဓိပ္ပါယ် ရှိမှာ... မဟုတ်လား...။

“မိသားစု”

ဖေဖေက... “နေ”
မေမေက... “လ”
“ကြယ်”ကလေးလို... လက်ကာပ
သားလူချောလှ...။


ဘာပဲဖြစ်ဖြစ်... “မိသားစု...” ဆိုတဲ့... စကားလုံးတခုရဲ့... လေးနက်တဲ့... အဓိပ္ပါယ်ကို... ကလေး ဘ၀ကတည်းက... ကျနော်... နားလည်ခဲ့ပါတယ်။
----------------------------------------

နောက်ထပ်... ကျနော် အနှစ်သက်ဆုံး... ကဗျာတပုဒ်ကတော့... ဆရာမောင်သာရ... ရေးခဲ့တဲ့... ကဗျာ တပုဒ်ပါ...။ အမည်ကတော့... “တော်လှန်ရေး”... ပါ...။ အကြောင်း အရာ တခုကို... လို... တို... ရှင်း... ကွက်ကွက် ကွင်းကွင်း... မြင်သာအောင်... ဖော်ပြတဲ့ အပြင်... အားမာန်တွေပါ... ရရှိ ခံစား ခဲ့ရတဲ့ အတွက်ကြောင့်... ဒီကဗျာကို... နှစ်သက်ခဲ့ပါတယ်...။

“တော်လှန်ရေး”

“ဆူး” စူး၍လျှင်
“အပ်”နှင့် ထွင်သည်
အသင် ဘာပြောချင်သနည်း... ။


ဒီကဗျာကြောင့်ပဲ... “ဆူး” နဲ့ “အပ်”ရဲ့... အဓိပ္ပါယ်ကိုလည်း... ငယ်စဉ်ကတည်းက... လေးနက်ခဲ့မိကြောင်းပါ...။
----------------------------------------

နောက်... ကျနော်... အနှစ်သက်ဆုံး ကဗျာတပုဒ်ကတော့... ကျနော်တို့... အားလုံး... ချစ်ကြတဲ့... ဆရာဂျမ်း (ဆရာတင်မိုး)ရဲ့... နံမည်ကျော် ကဗျာတပုဒ်ပါ...။ စာပေ ဟောပြောပွဲ တခုမှာတောင်... အဲကဗျာ အကြောင်း... ဆရာက... အရွှမ်း ဖောက်ခဲ့ဖူး ပါသေးတယ်...။ ရေးမိတာက... သုံးကြောင်း... မေးခွန်းပေါင်းက... သုံးသောင်းလောက်... ရှိတယ်...လို့... ပြောခဲ့ဖူးပါတယ်...။ ဘာလို့ဆို... အဲကဗျာက... တိုတိုလေးနဲ့... ကောင်းလွန်းလှ သမို့ပေါ့ဗျာ... ။ ပြီးတော့... တွေးရင် တွေးသလောက်... အင်မတန် ကျယ်ဝန်းတဲ့... ဆင့်ပွား ခံစားချက်တွေကို... ပေးနိုင်ခဲ့တဲ့... ကဗျာမို့လို့ပါ...။ ကဗျာ အမည်ကတော့... “ဧည့်သည်ကြီး”... ဖြစ်ပါတယ်...။

“ဧည့်သည်ကြီး”

ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ...။


“ဆေးလိပ်” နဲ့“နေ”ကို... အဓိပ္ပါယ်ဖွင့်ကြ... ။ “တို” နဲ့ “ညို”ကို အဓိပ္ပါယ်ဖော်ကြ...။ အဲသလိုနဲ့... ကဗျာ... သုံးကြောင်းက... မေးခွန်းပေါင်း... သုံးသောင်းကို... ပေါ်လာစေခဲ့တာပါ...။
----------------------------------------

ခုတော့... ပြောလက်စနဲ့မို့... ဆက်ပြီးပြောလိုက်ပါဦးမယ်...။ ဘ၀နဲ့ ပတ်သက်တဲ့... ကဗျာတွေပြီးတော့... အချစ် ကဗျာလေး တွေလည်း... ရှိပါသေးတယ်...။ အခုတလော... ဘလော့တွေပေါ်မှာ... ဖတ်မိတဲ့... အချစ် ကဗျာလေးတွေ ထဲမှာ... ကျနော် နှစ်သက်တဲ့... ကဗျာတပုဒ်ကတော့... ကဗျာဆရာ လင်းဒီပ ရေးစပ်ခဲ့တဲ့ “ချစ်သူရှိတဲ့မြို့” ဆိုတဲ့... ကဗျာလေးပါ...။ အတော့ကို နှစ်သက်မိပါတယ်..။ ကဗျာက... နည်းနည်း ရှည်လို့... ဒီမှာ... မဖော်ပြတော့ပါဘူး...။ Link ကိုပဲ... နှိပ်ပြီး... ဖတ်ဖြစ်အောင်... သွားဖတ်ကြပါလို့... တိုက်တွန်း လိုက်ပါတယ်...။ အဲကဗျာလေးက... ရင်ထဲကို... သိင်္ဂါရ... သန္တ... ပန်းပွင့်လေးတွေ... ခူးထည့်ပေးလိုက် သလိုပါပဲ...။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ...။



9 comments:

Anonymous said...

ကဗျာကို ကိုယ်တိုင် မစပ်တတ်ပါဘူး။
အလှမ်းဝေးလှတယ်။
ဒါပေမယ့် ဖတ်ရတာကို သဘောကျပြီး ခံစားချင်တယ်။
ကဗျာရေးတတ်သူတွေကိုလည်း လေးစားတယ်။
စာကို လူတိုင်းရေးတတ်ပေမယ့် ကဗျာကို လူတိုင်းရေးတတ်ဖို့ လွယ်မယ်မထင်မိဘူး။
ကဗျာလေးတွေ တိုပေမယ့် လေးနက်စွာ ခံစားမိပါတယ်။

mama said...

ဖေဖေက... “နေ”
မေမေက... “လ”
“ကြယ်”ကလေးလို... လက်ကာပ
သားလူချောလှ...။
.....
.............
ဒီကဗျာလေး ကို ကဗျာ ဆရာ မကြာ မကြာ ရွတ်ပြနေတာဆို တော့
မကြာမကြာ ဖတ်တဲ့သူလဲ အလွတ်ရ..
......
စာလုံးလေး ၂ လုံး ကိုပြောင်းပြီး..
(အဲဒါလေးတော့ ခွင့်လွှတ်ပါ..)
သားတွေကို ပြန်ရွတ်ပြတော့..
သူတို့လဲ ကြိုက်သွားကြတဲ့ ကဗျာလေး...။
...
ခုတော့..
အနှစ်သက်ဆုံး ကဗျာစာရင်းထဲ ၀င်ခဲ့ပြီ...။

ဆောင်းယွန်းလ said...

အကိုနှစ်သက်တဲ့ကဗျာလေးသုံးပုဒ်လုံးကတိုတိုလေးနဲ့
သိပ်ကိုအဓိပ္ပာယ်ရှိတဲ့ကဗျာလေးတွေပါဘဲ.
သုံးပုဒ်လုံးကိုရင်းနှီးနေပြီးသုံးပုဒ်လုံးကိုလည်းနှစ်သက်မိ
ပါတယ်..”မိသားစု”ကိုတော့အကို့ပို့စ်အဟောင်းထဲမှာ
ဖတ်ခဲ့ရဖူးလို့ရင်းနှီးနေတာပါ...
ခင်မင်လျက်....

ခေါင်ခေါင် said...

ဦးငယ် ကြိုက် တဲ့ကဗျာတွေ အားလုံးဖတ်သွားပါတယ် . ကြိုက်လဲ ကြိုက်တယ်.. စိတ်တော့မကောင်းဘူး .မိသားစု ကဗျာလေးကို ဖတ်ပြီးတော့လေ...
နေကောင်းအောင် နေနော်...
အဆင်ပြေပါစေ..

မေငြိမ်း said...

ကိုအောင်သာငယ်ရေ.. အဲဒီတော်လှန်ရေးဆိုတဲ့ ကဗျာကိုလေ.. ကျမက မောင်သာရလို့ တလျှောက်လုံး မှတ်ခဲ့တာ။ နောက်တော့ တယောက်က ပြောတယ်.. မောင်သာရမဟုတ်ဘူးတဲ့။ ဒေါင်းနွယ်ဆွေ တဲ့။ ဒီတော့ အဆင်ပြေရင် ဆရာမောင်သာရကို မေးကြည့်ပါဦး။ မောင်သာရရေးတာက
နွားလှည်းပေါ်တွင်
နွားသားတင်၍
နွားပင်ဆွဲပို့လေသတည်း.. ဆိုတဲ့ ကဗျာတဲ့။

Anonymous said...

အန်ကယ့် အကြိုက် ကဗျာတွေက တကယ့်အကောင်းစားကြီးတွေပဲ ဖတ်ပြီး ရင်ထဲနင့်သွားသလိုလိုး(

“ဧည့်သည်ကြီး”

ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ...။

ဒီကဗျာလေးကို နားလည်သလိုလိုနဲ့ကျနော်လည်း သေချာမသိသေးပါလားလို့ အတွေးတွေ ပိုက်သွားတယ်ဗျ ။

Moe Cho Thinn said...

ကဗျာဆရာဆိုတော့ ကဗျာတွေကို ပိုပြီး ခံစားတတ်ပေမပေါ့။ အကိုရွေးတဲ့ ၃ပုဒ်လုံး ကြိုက်ပါတယ်။
ဆရာမရေ..အဲဒီတော်လှန်ရေးကဗျာက ဆရာ မောင်သာရ ရေးခဲ့တာ သေချာပါတယ်။ ပြီးခဲ့တဲ့လက အယ်လ်အေက စာပေဟောပြောပွဲမှာတောင် ဆရာမောင်သာရရှေ့ထားပြီး ဦးအောင်ဝေးက ရွတ်သွားတယ်။ ဦးစွမ်းရည်လဲ ဆန်ဖရန်မှာ ရွတ်တယ်။ နှစ်ယောက်စလုံးက ဆရာမောင်သာရ ရေးတာလို့ ပြောခဲ့တာပါ။

Kaung Kin Ko said...

Brother, in your poems, I like the poem "family" the best brother, too.

ATN said...

မဇနိ၊ မမ၊ ညီဆောင်းယွန်းလ၊ တူမ ခေါင်ခေါင်၊ မမေငြိမ်း၊ တူမောင်မျိုး၊ ညီမ ချိုသင်း၊ ညီကောင်းကင်ကို ... ကွန်မန့်တွေ ပေးသွားကြတဲ့အတွက်... ကျေးဇူးပါ။