Apr 12, 2008

အမေနဲ့ နောက်ဆုံးအကြိမ် စကားပြောခြင်း

ကျနော်က
မရောက်လာစေချင်တဲ့နေ့ကို
ကြိုသိနေသလိုမျိုး။

အဲဒီအတွက်လည်း
ကိုယ့်ကိုယ်ကို အသည်းမာနေနိုင်အောင်
ပြင်ဆင်ထားခဲ့တယ်။
အဲဒီလိုလည်း
ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။

ဒါပေမယ့်
ကံကြမ္မာဆိုတာက
အလစ်အငိုက်မှာ
ခြုံခိုတိုက်ခိုက်တတ်တဲ့သူ။

ကျနော် မထင်တဲ့အချိန်မှာ -

အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။


ဦးခေါင်းထဲမှာ ပဲ့တင်သံတွေ ---

ညီမလေးရေ- အကိုကြီးရေ-
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။


ကျနော် ဖတ်ခဲ့ဖူးတဲ့
စာတွေထဲက တော်လဲသံတွေ
ကျနော် ကြားနေရတယ်။
တောင်ပြိုသံတွေ ကျနော် ကြားနေရတယ်။
တော်လဲသံတွေ တောင်ပြိုသံတွေ
ကျနော် ကြားဖူးသွားခဲ့ပြီ။
ကျနော့် ကမ္ဘာကြီး ပြိုကျသွားပြီလား။

``ဖေဖေက-နေ-
မေမေက-လ

ကြယ်ကလေးလို လက်ကာပ
သားလူချောလှ``
တဲ့

နရသိန်ထဲက အမေ့ကဗျာ။

အခုတော့
ကျနော့် ကမ္ဘာထဲမှာ
တစင်းပဲရှိတဲ့ လမင်းကြီး
ထာဝရ ကွယ်ပျောက်သွားခဲ့ပါပြီ။

လမင်း မရှိတော့တဲ့ ကောင်းကင်ကြီးထဲ
ကျနော် ဘယ်လို လက်ပ ရပါ့မလဲ အမေရယ်။


ကျနော့် ကလေးဘ၀မှာ
ထောက်လှမ်းရေးတွေ အမေ့ကို လာခေါ်တုန်းက
အမေ့ထမိန်စကို အတင်း ဆွဲထားခွင့်
ကျနော် ရလိုက်ဖူးသေးတယ်။
အမေ မသွားရဘူး-
လို့ ကလေးအတွေးနဲ့။
အမေက ကျနော့် လက်ထဲက သူ့ထမိန်စကို
ဆတ်ကနဲ ရုတ်ပြီး ထောက်လှမ်းရေးတွေနောက် ပါသွားခဲ့ဖူးတယ်။
တချိန်မှာ - အဲလိုမျိုး ဘာလို့ ကျနော့်လက်ထဲက ထမိန်စကို
အမေ ဆတ်ကနဲ ရုတ်သွားတာလဲ-
လို့
အမေ့ကို မေးခွင့်ရတော့
- သားတို့ စိတ်ဒဏ်ရာတွေ ရမှာ စိုးလို့-တဲ့ ဖြေတယ်။

အခု သေမင်းက လာခေါ်တော့
အမေ့ ထမိန်အဖျားစလေးတောင်
ကျနော် ဆွဲထားခွင့် မရလိုက်ဘူး။


ဆွဲထားခွင့် ရလိုက်ရင်ရော
ဟိုး အနှစ် လေးဆယ်ကျော်ကလိုမျိုး
အမေ့ထမိန်စကို
ဆတ်ကနဲ အမေရုတ်သွားဦးမှာလား။
ပြီးတော့ -သားတို့ စိတ်ဒဏ်ရာတွေ ရမှာစိုးလို့-လို့
အမေ ပြောဦးမှာလား။
ဖြေပါဦး အမေရယ်။

အမေရယ်
ဒဏ်ရာတွေကတော့

ကိုယ်၊ စိတ်၊ နှလုံးသား

သုံးပါးလုံးမှာ ရခဲ့ပြီးပါပြီ။


သင်္ကြန်ဆိုတဲ့
ဗမာ့နှစ်သစ်ကူးကိုမှရွေးပြီး
ဘ၀ကူးခဲ့တာလား အမေ။

အားလုံးပျော်ရွှင်နေကြတဲ့အချိန်မှာမှ
ကျနော်တို့ မိသားစုဘ၀က
ဝမ်းနည်းကြေကွဲနေရသတဲ့လား။

အမေ မသေခင်
သားတို့ မိသားစုလေးကို

တွေ့သွားချင်သေးတယ်-တဲ့


အမေ့ဆန္ဒတွေ
မပြည့်ဝခဲ့ပါလား အမေရယ်။

အမေနဲ့
ပထမဆုံး ဖုန်းပြောခွင့်ရတော့
ကျနော် ငိုတယ်။
အမေကတော့
-မငိုနဲ့သား-တဲ့
-ဘ၀ဆိုတာ ဒီလိုပဲ
ကိုယ်က စိန်ခေါ်ရဲမှ-
တဲ့

အမေ...
အမေ...
အခု ကျနော် ငိုမနေပါဘူး။
မျက်ရည်တွေပဲ ကျနေတယ်။

ATN

8 comments:

စိုးထက် - Soe Htet ! said...

အမေ...
အမေ...
အခု ကျနော် ငိုမနေပါဘူး။
မျက်ရည်တွေပဲ ကျနေတယ်။

အစ်ကိုရေ ... ထပ်တူ ကြေကွဲ ၀မ်းနည်းရပါတယ်

Nyein Chan Aung said...

စိတ်မကောင်းပါဘူးအစ်ကို။ မနေ့ညက ကိုလွမ်းဏီအိမ်မှာ အမေမာ ရက်လည်မှာကတည်းက အစ်ကို့ အမေ ဆုံးပြီဆိုတာကို ကြားရတယ်။ ကျနော်တို့လည်း ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

အကို..အကို.စာတွေဖတ်တိုင်းမေလဲငိုရတယ်။
အသည်းမာအောင်ပြင်ဆင်ထားချင်ပါတယ်
ဒါပေမဲ့ ရင်ဆိုင်ရတော့မှာကို သိရက်နဲ.သိပ်
ကိုကြောက်နေမိတယ်။သားတွေကိုစိတ်ဒဏ်
ရာရမှာစိုးတဲ့အမေ့စေတနာကိုခံစားမိပါတယ်
အကိုရယ်။သွားတွေ.ပြီးတောင်ကန်တော့ခွင့်
မရတဲ့အတွက် အကိုနဲ.ထပ်တူစိတ်မကောင်း
ဖြစ်မိပါတယ်။စိတ်သိပ်ထိခိုက်နေချိန်မှာကိုယ့်
ကျန်းမာရေးကိုပိုဂရုစိုက်ပါတဲ့။လမင်းကြီးမရှိ
တော့တဲ့ကောင်းကင်ကြီးမှာ အကို.ကလေး
လေးတွေအတွက် နေမင်းကြီးဘ၀ကိုရောက်
နေတဲ့အကိုက လင်းလောက်တောက်ပနေမှ။
အကို.ကျန်းမာရေးကိုကော၊အကို.အမျိုးသမီး
ကျန်းမာရေးကိုကောပိုဂရုစိုက်ကြပြီး၊ကောင်းကင်
မှာကြယ်ပွင့်လေးတွေကြာကြာတောက်ပနိုင်
အောင်ဂရုစိုက်ပါလို.ပြောခဲ့ပါရစေနော်။

wai lin said...

ဝတ်ကျေတန်းကျေ ၀င်ပြောသွားတာမဟုတ်ပါဘူးဗျာ။ ကျနော်က ခင်ဗျားလို အမေ့ထမိန်ကို ဘယ်တုန်းကမှ ဆွဲခွင့်ရခဲ့တဲ့ကောင် မဟုတ်ပါဘူး။ ဒါပေမယ့် အမေကို ဆုံးရှုံးရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကိုတော့ ကောင်းကောင်းသိခဲ့လို့ပါ။ အန်တီ့လို သမိုင်းတာဝန်တွေကို သူတတ်နိုင်တာထက် ပိုထမ်းခဲ့တဲ့ တိုက်ပွဲဝင် မိန်းမတယောက်ကို အမေတော်ခွင့်ရခဲ့တာ ခင်ဗျား သိပ်ကံကောင်းပါတယ်ဗျာ။ သူ ကျနော်တို့ကြားမှာ အမြဲရှင်သန်နေမှာပါ။

သက်ဝေ said...

ကိုဆက်အောင်ခိုင်...
ကိုအောင်သာငယ် အဖြစ်သာသိခဲ့ရာက အခုမှ
နာမည်ရင်း နဲ့  မိသားစုရဲ့ သမိုင်းကို သိရပါတယ်။
မိခင်တစ်ယောက်ဆုံးရှုံးမှုအတွက် အကိုတို့ မိသားစုနဲ့  ထပ်ထူ ထပ်မျှ ၀မ်းနည်းကြေကွဲ ရပါတယ်။ ဒါပေမယ့် ဘ၀ဆိုတာ ဒီလိုပဲ ကိုယ်က စိန်ခေါ်ရဲမှ ဆိုတဲ့ အမေ့စကားကို အမြဲကြားယောင်ပြီး
ဝမ်းနည်းတဲ့ကြားက ဂုဏ်ယူပါ အကို...

အိုးဝေအောင် said...

ကိုအောင်သာငယ်ဆိုတာ ကိုဆက်အောင်ခိုင်မှန်း ခုမှသိရတယ်။ သင်္ဃန်းကျွန်းက ငုံးခြံကို စိုးမိုးတို့ နဲ့
ရောက်ခဲ့ဖူးတယ်။ကိုဆက်ေ၇..ထပ်တူဝမ်းနည်း၇ပါတယ်အကို။

ယောနသံစင်ရော် said...

အကိုရေ..ခုမှ အကိုအောင်သာငယ် ဘယ်သူဆိုတာသိတော့တယ်။

ယောနသံစင်ရော် said...

အကို့ အမေရဲ့ နှစ်၅၀ပြည့်ဝေဒနာ ကဗျာလေးကို ဖတ်ပြီးနှစ်သက်မိပါတယ်။ ကဗျာရဲ့ ပထမပါဒ ကိုစထားတာလေးကိုနှစ်ချိုက်မိတာပါ။

မောင်ရေ …
လူ့ဘ၀မှာ အနေကြာ
နှစ် ၅၀ များတောင် ပြည့်ခဲ့ပေါ့
ခက်ထန်ကြမ်းတဲ့ နှစ်များမှာ
ခါးသက်တဲ့ ဝေဒနာဟာ
မေ့မှာ စွဲကပ်လို့ နေခဲ့ပြီ၊