Apr 14, 2008

ဒေါ်ခင်မာအေး(၆၈နှစ်)၏ ကိုယ်ရေးအကျဉ်း









ဝါရင့်နိုင်ငံရေးသမားများ စီစဉ်ကျင်းပသည့် ၂၀၀၃ ခုနှစ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် တွေ့ရသော ဒေါ်ခင်မာအေး
ရှေ့ဆုံးတန်းမှ ဒေါ်ခင်မာအေး၊ သခင်အုန်းမြင့်၊ သခင်သိမ်းမောင်၊ ဒေါ်မြင့်မြင့်ခင်၊ သခင်စိုးမြင့်။

ဒေါ်ခင်မာအေးသည် ၁၉၄၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ သခင်ဗသောင်း (တောင်ငူခရိုင် ဒို့ဗမာအစည်းအရုံး)၏ သမီးဖြစ်သည်။ ဒေါ်ခင်မာအေးသည် တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၇ မှ ၁၉၇၁ ခုနှစ်အထိ (ဗိုလ်ချုပ်နေ၀င်း လက်ထက်) စစ်အစိုးရ၏ ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ၃ နှစ်ကျော် ဖမ်းဆီး နှိပ်စက်ခြင်း ခံခဲ့ရပါသည်။

ထိုသို့ နှိပ်စက်ခြင်းခံခဲ့ရသော်လည်း နောက်တွန့်မသွားဘဲ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားသောအခါတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အမျိုးသားညီလာခံ ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေမှုဖြင့် လက်ရှိ စစ်အစိုးရက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ဒေါ်ခင်မာအေးတို့ မိသားတစုလုံးနီးပါး စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း အကြိမ်ကြိမ် အကျဉ်းချခြင်း ခံခဲ့ရသည်။ ဒေါ်ခင်မာအေး၏ ဘ၀တလျှောက်လုံးတွင်လည်း အကျဉ်းထောင်တွင်း ၀င်လိုက်၊ ပြန်ထွက်လာသောအခါ အကျဉ်းထောင်တွင်း၌ ကျန်နေခဲ့သော သူမ၏ ခင်ပွန်း (ဦးလှရွှေ - ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်း)၊ သားကြီး ဆက်အောင်နိုင်တို့အား ထောင်ဝင်စာတွေ့ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ရခြင်းဖြင့် ဖြတ်သန်းခဲ့သည်။ ထို့အပြင် ဘ၀တူ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ထောက်ပံ့ ကူညီ အားပေးခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့အပြင် ‘ညံဇံ’ ဟူသောအမည်ဖြင့် န၀တ၊ နအဖ လက်ထက် အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ရုပ်ပုံလွှာများကို ပြည်ပအခြေစိုက် အင်တာနက်စာစောင်များတွင် ရေးသားခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက် ည ၉ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးလှရွှေ၊ သားသမီး ၃ ဦး နှင့် မြေး ၇ ဦး ကျန်ရစ်သည်။

(အချက်အလက်-အေအေပီပီ)

ဒီစာကို မိုးမခ စာမျက်နှာများမှ ပြန်လည်ကူးယူဖော်ပြပါတယ်။

1 comment:

OPf said...

၁၉၆၂ ခုနှစ် 7 July ကျောင်းသား လှုပ်ရှားမှုက အစပြုလို့ အာဏာရှင် စနစ်အောက်မှာ နိုင်ငံရေး ယုံကြည်ချက်ရှိ သူတွေရဲ့ မိသားစု ဘ၀တွေ တကွဲတပြား ဖြစ်နေရပုံတွေကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ 7 July ကျောင်းသူဟောင်း ဒေါ်ခင်မာအေး ရဲ့ ပြောကြားချက်တွေနဲ့အတူ တင်ပြထားပါတယ်။
စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၈)
အသံဖိုင်ယူရန်http://www.rfa.org/burmese/features/kn_weekly-03112011143751.html