Feb 27, 2008

အချစ်သီချင်း
















ပြက္ခဒိန်ထဲက
နံပတ်တွေလိုမျိုး
အစီအစဉ်တကျ
ငါ့ဘ၀ကို
သိမ်းထားခဲ့ချင်သေးတယ်။

လောကကြီးမှာ
ထားခဲ့စရာတွေကများ-
ထည့်ခဲ့စရာတွေကများ-

တကယ့်ဘ၀ထဲမတော့
ထားဖို့နေရာတွေက ရှား-
ထည့်ဖို့နေရာတွေက မဲ့-

ဒီလိုနဲ့ ...
ရှားရှားပါးပါး ဖြစ်နေတဲ့
လမ်းပြမြေပုံတွေထဲ
ငါတတ်နိုင်သမျှ လမ်းမှန်တွေကိုပဲ
ကျိုးတို့ကျဲတဲ
ထိုးသိပ်ထည့်ခဲ့ပါတယ်။

ဒီလိုနဲ့ ...
ငါ့ရင်ဘတ်ထဲမှာ
ဖိသိပ်ထားခဲ့ရတာတွေက
များ...နေ...ပြီ၊

ဒီလိုနဲ့ ...
ရေလျှံနေခဲ့တဲ့မြစ်တစင်းဟာ
ငါ..ပေါ့။

ဒီလိုနဲ့ ...
ငါရဲ့ တံခါးတွေလည်း
အတိုင်းအဆမဲ့
ပွင့်ထွက်သွားခဲ့။

ဒီလိုနဲ့ ...
အကာအရံ မဲ့သွားခဲ့တဲ့
ဖက်ဖူးရောင် တဲတလုံးဟာ
ငါ...ပေါ့။

ဒီလိုနဲ့ ...
ဒီလိုနဲ့ ...

ဒီလိုနဲ့ ...ပဲ
ငါ့ရဲ့ `ဆရာယော`
ပြောခဲ့သလိုမျိုးပါပဲ-
ဟောဒီ ကမ္ဘာမြေမှာ
ဗုံးတွေ ကွဲတယ်၊
မီးတွေ လောင်တယ်၊

ဒီကြားထဲ
သွေးထွက်သံယို
လုပ်ကြံမှုဆိုတာတွေလည်း
ရှိနေသေးတယ်၊

ဒီလိုနဲ့ ...
ငါတို့ရဲ့
အစိမ်းလန်းဆုံးပန်းတွေ
ကြွေခဲ့တယ်၊

ဒီလိုနဲ့ပါပဲ...
ခေတ်ကြီးကိုက
မကောင်းလှတော့ဘူး၊

သေချာတယ်-
ခေတ်ကြီးကိုက
မကောင်းကို မကောင်းတော့ဘူး။

ခေတ်မကောင်းမှတော့
အချစ်အကြောင်းကို
ငါပြောလို့ ဘယ်ကောင်းတော့မလဲ။

ဒါပေသည့်
ငါက
သိပ်ချစ်တတ်တဲ့ကောင်။

ခေတ်မကောင်းပေမယ့်
`အချစ်အကြောင်း`ကို ငါပြောမယ်။

ငါက ...
မမှောင်ခင်ကလေး ဆည်းဆာကို ချစ်တယ်၊
`ပီကာဆို ချိုးငှက်`ကို ချစ်တယ်။
`ဒစ္စနေအပြာ`ကို ချစ်တယ်။
ကဗျာတွေကို ချစ်တယ်။
အာရုံဦးကို ချစ်တယ်။
ဧရာဝတီကို ချစ်တယ်။
ဗမာပြည်ကို ချစ်တယ်။
`ခင်ဝမ်း`ကို ချစ်တယ်။
`နှင်းဆီဖြူရဲ့ အဝေးကလူတယောက်`ကို ချစ်တယ်။

`နှင်း`ရေ...
မင်းကိုလည်း ငါချစ်တယ်။

ယုံပါ၊
ဒါဟာ
ဘ၀တခုလုံးကိုရင်းပြီးဆိုခဲ့တဲ့
မင်းအတွက်
ငါ့ အချစ်သီချင်းပါပဲ၊

ATN

(ဇနီးသည်သို့)

Feb 26, 2008

ငါ့ငုပ်ကောင်

-ဘောလုံးတလုံး
အနိုင်အရှုံး
အားလုံး
သိမ်းကျုံး ကန်ခဲ့ဖူး-
ငယ်စဉ်က ပြက္ခဒိန်
အိပ်မက်ပိန်ပိန်တွေ
တော်တော်မက်ခဲ့ဖူး-
ကျနော်
နိုင်ငံကျော် တိုက်စစ်မှုး-အဖြစ်နဲ့။

-တခါ
သံပတ်ပါတဲ့ အရုပ်ကလေးတွေ
တစစီ ဖြုတ်တပ်
စပ်စုကြည့်မိ
စက်မှုနည်းပညာရှင်၊
ဖြစ်ချင်ခဲ့တာ
အင်ဂျင်နီယာ
အကျော်အမော် တယောက်...။

-လက်တွေ့ကျ
ဘ၀မှာ
ခပ်ညံ့ညံ့ ဒရမ်မာ(ဗုံတီးသမား)ငတိ။
သံသယ တခုတခု ရှိမှုအတွက်
ထောင်ဒဏ် ဆယ့်လေးနှစ် စီရင်ချက်နဲ့
ယုံကြည်ချက်၊ အသက်
ရင်ထဲဖက်ထားခဲ့ရတဲ့
တော်ရိရော်ရိ
ထောင်ထွက်တယောက်။

- ဘယ်လိုလုပ်မလဲ?...
ဘ၀က ရွေးချယ်စရာမရှိ ၊
သူ့ အိုးနဲ့ 
သူ့ ဆန် အတိ၊
တန်ရုံသင့်ရုံပေါ့ ။

-ဒါပေမယ့်
ဆက်ထိုးလို့ ရနိုင်ခဲ့သမျှ
စိုင်းထီးဆိုင်သီချင်းထဲကလို
`တထောင့်တပုဒ်ထိ
ငုပ်ကောင်ကို
ဆက်ထိုးနေမယ်...
ပေါ်လည်း
ပေါ်တဲ့ အလျောက်..
ငုပ်လည်း
ငုပ်တဲ့အလျောက်..`

-ဒီလိုနဲ့
ကမ္ဘာကျော်မယ့် တယောက်ယောက်
တနေ့နေ့ ငါကိုယ်တိုင်များ
ဖြစ်လာဦးမလားလို့ လေ...။ ။

(ကိုဆက်)

Feb 23, 2008

ခေတ်ကြီးကိုက...

( ၁ )
- ခေတ်ကြီးကိုက
( ဒီခေတ်ကြီးကိုက )
ဆိုးပါတယ် ၊ ဆိုးပါတယ်
ဘယ်လို ဆိုးသလဲ...
ဘယ်လောက် ဆိုးနေလဲ ? ၊ တချို့က စပ်စုလိမ့်မယ်
မသိတော့ဘူး ညီမလေးရေ ၊
မဖြေတတ်တော့ဘူးကွယ် ။

- ပြောနိုင်တာက...
ခေတ်ကြီးကိုက
ဆိုးပါတယ် ၊ ဆိုးနေတယ် ....
ဘုရားမှန်း မသိ၊
တရားမှန်း မသိ၊
သံဃာမှန်း မသိ..တဲ့ ခေတ်ကြီး ။

( ၂ )
- ခေတ်ကြီးကိုက
မိစ္ဆာခေတ်ကြီး...
( မိစ္ဆာတွေ မီးကုန်ယမ်းကုန်
ရမ်းကားနေတဲ့ ခေတ်ကြီး )
ခေတ်ကြပ်ကြီး ၊
ဘာသာတရားဆိုတာ မရှိ၊
ဘယ်တုန်းကမှ မရှိခဲ့ဘူးသလိုမျိုး
ခပ်တည်တည်နဲ့ 
မကိုးကွယ် မယုံကြည် ။

- မှင်သေသေနဲ့ ပဲ
ရိုသေလေးစားချင်ဟန် ဆောင် ၊
တကယ်...
သက်ဝင်ကိုးစားနေသလိုမျိုး
( ဖဲသုံးချပ်လောင်းကစားလို )
ဘုရားရှင်ကို လိမ်၊
အစဉ်ဝပ်တွားနေတာက
မိစ္ဆာ၀ါဒ ။

( ၃ )
- သူတို့ က ( မျက်နှာပြောင်နဲ့  )
ပြောသေးတယ်...
သံဃာ အတု၊
ရဟန်း အတု၊
ဘုန်းကြီး အတု...တဲ့ ၊
ဘုရားတောင်
အတု ရှိတယ်ဆိုပဲ။
ဘုရားတု၊ ဘုရားယောင်ပေါ့
ပြီးပါလေရော ညီမလေးရေ...

- ခေတ်ကြီးကိုက
ဆိုးပါတယ် ၊ ဆိုးပါတယ်ကွယ် ။

- ပြောရရင်
တရားဆိုတဲ့ ဓမ္မက ဆိတ်သုဉ်း...
တခေတ်လုံး ၊
တမိုးလုံး ဖျောက်ဆိပ်
( မတရားမှု )
အဓမ္မသာလွှမ်းမိုး...
တောဥပဒေတွေကြီးဆိုး ( စိုး) ပြီး ၊
ဘုရားအတု...တဲ့
ဗုဒ္ဒတောင် ပျောက်ဆုံးမှတော့
ညီမလေးရေ...
ဘာမှစဉ်းစား ( တွေးတော)မနေနဲ့ 
`သေပြီဆရာပဲ`ကွဲ့ ။

( ၄ )
- ကြွေခဲ့ရတဲ့အသက်...
ရေတွက်မရ အပျက်တွေနဲ့ 
ဖြေသိမ့်မရ အချက်တွေကြောင့် ၊
ညီမလေးရေ...
" သံသရာဟာ တပတ်လည်နေသတဲ့ "
ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ ၊
အဖြေဆိုတာ
မကြာမှီ... လာမည်... မျှော်
ရုပ်ရှင်ကြော်ငြာသလိုပေါ့ ။

- အခုနေတော့...

- ခေတ်ကြီးကိုက
ဆိးုပါတယ် ၊ ဆိုးပါတယ်
ညီမလေးရေ...။ ။

(ကိုဆက်)

Feb 22, 2008

ဒုက္ခသည် (၂)

( ၁ )
- ဒုက္ခသည်ရဲ့`ဒုက္ခသည်` ...တဲ့
ဆင်ဖြူတော်ဆိုတာ
ဗမာ ပဒေသရာဇ်ခေတ်က
ခပ်ညံ့ညံ့မင်းဧကရာဇ်တချို့ရဲ့၊
ရူးရူးနှမ်းနှမ်း
သင်္ကေတတခုဆိုပဲ...
( ဘုန်းတန်ခိုးလက်ရုံးညံ့လိုက်ပုံက )
အဲ့ဒီလိုများဖြစ်နေရင်
ဘယ်လိုလုပ်ရပါ့ ။

- နောက်ပြီး...
`မျောက်တကာမျောက်မှာ
ဖိုးသင်းမျောက်, ကို
ဘယ်လိုလုပ်မလဲ ?
ဘယ်လိုသဘောထားမလဲ ? ၊
ဆန်များများရဖို့ တော့
မသေချာ...
သက်ရှိသမိုင်း၊
ကိုယ့်အကြောင်းနဲ့ ကိုယ် ။

- ဒုက္ခသည်ရဲ့`ဒုက္ခသည်`
အာဖရိကလောက်
ရုပ်မပေါက်တဲ့ ၊
အပေး - အကျွေး-အထား- အနေ
မလွမ်းလောက်ပါဘူး...
( U. N.H.C.R ) ရေ့ 
နေ၀င်- မိုးချုပ် ၊
ဓမ္မတရားအတိုင်းနေ
ချွေးထွက်နည်းမှ
သွေးထွက်နည်းမတဲ့၊
ဒီဆောင်ပုဒ်ကို ခံယူထားလိုက်...
နေသာထိုင်သာရှိလောက်ရဲ့ ။

- ဒုက္ခသည်ရဲ့ `ဒုက္ခသည်`...များပေါ့
ပျော်စရာမရှိ
ငွေကြေးမရှိ၊
( ကျို့ကြားကျို့ကြား )
အထိမ်းအမှတ်ပွဲများ ,
တက်ပေးရတာရှိ ၊
အင်တာဗျူးများ,
ပြောပေးကြရတာရှိ
( ဘယ်လိုလုပ်မလဲလေ ) ။

- `ABCD ,
EFG` ၊
စိတ်မပါ လက်မပါ
( ကြေညာချက်များ )
ဖတ်ရှုပေးခဲ့ရတာရှိ ( သို့ သော် )
စိုက်ခဲ့သမျှ ၊
ရိတ်သိမ်းရခွင့်လည်း မရှိ ။

( ၂ )
- လေထုထဲက
မမြင်တွေ့ ရတဲ့ မိုင်းတွေကြောင့် ၊
ဒီလေကို ရှူရှိုက်ဖို့ 
ကြောက်ရွှံ့ နေခဲ့ကြ...
တေးကဗျာ မဖွဲ့ မနွဲ့ ဖြစ်ကြ ၊
အခမ်းအနားပွဲလမ်းများ
( ကိုယ့်ဖာသာ )
နွှဲမပျော်ဝံ့ကြ ။

- ပြောင်းချိုးပြီး
အခကြေးငွေမရ၊
( နှစ်ဝမ်း သုံးဝမ်းမ၀ခဲ့ )
တတိယနိုင်ငံ ...
အိပ်မက်ကို မက်ပျော်ယင်းနဲ့ ။ ။

(ကိုဆက်)

ဒုက္ခသည်


( ၁ )
- ဒုက္ခသည်...တဲ့
ကြံစုတ်ချင်...သူတွေအတွက်
ဆန်တောင်းချင်...သူတွေအတွက်
သက်ရှိထောက်ခံစာ
နာသာခံခက်။



- ဒုက္ခသည်...တဲ့
ပေးတာယူ
ကျွေးတာစား
ထားရာနေ
နေ၀င်- နေထွက် ၊ မနေ့ ကနည်းတူ နေ့ ရက်
ချွေးမထွက်ရတဲ့ကာလ- ပေါ်မှာ
နေမထိ ၊ ထိုင်မသာ။

- ဒုက္ခသည်...တဲ့
ပေါ်တာမရှိ
လုပ်အားပေးမရှိ
ဆန္ဒဖေါ်ထုတ်ပွဲတက်ပေးရတာမရှိ
အလျှုငွေချေးငှားထည့်ပေးရတာမရှိ
အေးချမ်း- ဖွံ့ ဖြိုး- သာယာ စသော နားကလောစရာမရှိ
( အေး ) တောင်ယာလည်းမရှိ
ကောက်ရိတ်ချိန်လည်းမရှိ ။

( ၂ )
- မြေမြှုပ်မိုင်း မရှိပေမယ့်
ဒီမြေပေါ်မှာ ကြာကြာ မနင်းချင်ဘူး
သီချင်း မဆိုဖြစ်ကြ
အမျိုးသားပွဲတော်များ မရှိရ
မီးမလှုံ မောင်းမထောင်းရ
( တ၀မ်းတော့ဝပါရဲ့  )
အသနားခံဘ၀မျိုးနဲ့  ။

ထက်မိုး

ငါတို့ ထိမှန်သွားသောနေ့ များ

- ဒီလို ညီမလေးရေ...
အမှန်တရားအတွက်...တဲ့
အဆိပ်ကိုအဆိပ်မှန်းသိလျက်နဲ့ 
မက်မက်မောမော -
မြိုချခဲ့တဲ့ ၊
ပညာရှင်ကြီးရဲ့အကြောင်း
ဖတ်ရှုခဲ့ဖူးတယ်ကွဲ့ ...၊
ညီမလေးရော ဖတ်ဖူးရဲ့လားမသိ ။

- ပြီးတော့...
သစ္စာတရားအတွက်...တဲ့
သေခြင်းကိုသေခြင်းမှန်းသိသိချည်း ၊
ဝံ့ဝံ့စားစားနဲ့ 
ခံယူခဲ့ဖူးတယ်ဆိုတဲ့ ၊
သူရဲကောင်း လဂွန်းအိမ် အကြောင်း
သိရှိခဲ့ဖူးတယ်ကွယ်...၊
ညီမလေးကြားဖူးမှာပါလေ ။

- အခု...
တခုလပ်ဂဏန်းပေါင်းစက်တွေ
ပြန်အန်ထုတ်ဖို့ အတွက် ၊
သေရည်ကိုသေရည်မှန်းသိရက်နဲ့ 
ကတုန်ကယင်...
အငန်းမရ ၊
သောက်စို့ နေတဲ့...ငါတို့ 
အဲဒါ...
မိုက်မဲမှု...တဲ့ ။

- ကဲ...
ရဲဘော်ကြီးတို့ ရေ ၊
ကျည်ဆံတွေရင်ဘတ်တည့်တည့်မှာ
ထိမှန်ဖို့ အတွက်
ကျောက်ဝိုင်းကိုပဲ...
အလျှင်အမြန် ၊
ချီတက်ကြပါစို့ ရဲ့။ ။

(ကိုဆက်)

Feb 21, 2008

ကျဆုံးခန်း

သူရေးခဲ့သောသီချင်းများကို
သူ့ဖာသာသိမ်းဆည်းထားခဲ့၊
ထိုသီချင်းများသည်
သူ့အဖို့ ၀န်ထုတ်ဝန်ပိုးဖြစ်ခဲ့…
သူ၏လှုံ့ဆော်ကဗျာများသည်
အတင်းအဖျင်းပြောခံခဲ့ရ။

ထိုစဉ်က သူသည်
ကြမ်းပိုးတေလေတကောင်၊ (မိန်းမများနှင့်ပတ်သက်၍)
နံမည်ဆိုးရှိနေသူတယောက်
လူတော်လူကောင်းမဟုတ်
ဆိုးဝါးရိုင်းစိုင်းသူ
တကိုယ်ကောင်းဆန်သူ ငတိ(ငနဲ)။

သူသည်
နှလုံးသားနှင့်ပတ်သက်လျင်၊
စိတ်တိမ်းညွှတ်သူတဦး
အယူသည်း၊အစွဲအလမ်းကြီး။

အလကားကောင်
လှုံ့ဆော်ရေးသမား၊ (နိုင်ငံရေးဆိုင်ရာ)
အကြံပေးသမား
တကယ်တော့၊ သူဟာ
ငွေလမင်းအကြောင်းနဲ့
မိန်းမတွေအကြောင်း၊
စာဖွဲ့နိုင်တဲ့ကောင်။

ဒီအကြောင်းတွေ
ကဗျာရေးချင်သေးရဲ့
မကြာခင်၊ အချစ်ကဗျာရေးဖို့
လိုအပ်လာတော့မှာပါ။ ။

(ကိုဆက်)

(မာယာကော့စကီး… သို့)

Feb 19, 2008

"မောင့်မဟာဂီတသူမ"


ပို့စ်အသစ် မတင်နိုင်လို့တော့ မဟုတ်ပါဘူး။ ကျနော် နှစ်သက်ခဲ့တဲ့ ကဗျာလေးတွေကို ဝေမျှချင်လို့ပါ။ ဆရာ နှင်းခါးမိုးရဲ့ မောင့်မဟာဂီတသူမ-ကတော့ ကျနော့်ကို အသည်းကွဲသွားစေခဲ့တယ်။ ဒီကဗျာကို ဖတ်ရပြီးတော့ သူ့ပို့စ်မှာ ကျနော် ကွန်မန့်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျနော်က ဇော်ဂျီ-ဖွန့်ကို မသုံးတတ်သေးဘူး။ ဘိုလိုပဲ ကွန်မန့် ပေးခဲ့တယ်။ Out of words, I'm heart broken. လို့။ ခံစားကြည့်ကြပါဦး၊


နမ်းနေတဲ့
ခလေးကလေးနှစ်ယောက်
ခေါင်းချင်းဝှေ့နေတဲ့
ကြောင်ကလေးနှစ်ကောင်
တကိုင်းတည်းနားနေတဲ့
ငှက်ကလေးနှစ်ကောင်
ဧည့်ခန်းထဲကဘီရိုပေါ်
ချစ်ခြင်းမေတ္တာတွေ သူခင်းကျင်းထားပုံ၊

သမီးလုပ်သူက
ချစ်တဲ့သူရင်ခွင်မှာ
သိုက်မြုံအသစ်ကလေးဖွဲ့လို့
သားကတော့
အပျံသင်စ..၊

ငါ့တဘ၀လုံး
မင်းတို့ကိုထိုးမကျွေးနိုင်ဘူးတဲ့
မိသားစုဘ၀ကို
သူ့အကျဉ်းခန်းလို့ခံစားနေရတဲ့
လင်သားရဲ့ပူလောင်နေပုံကို
သူက ယပ်ကလေးခပ်ပေးချင်နေပြန်တယ်၊

သြော် သူမအောင်မြင်ခဲ့ရှာဘူး
သူလုပ်ချင်တာတွေ မလုပ်ရသေးဘူး
သူ့တဘ၀လုံး အလိုမပြည့်ခဲ့ရှာသူ
သူ့မျက်လုံးတွေက အမြဲတမ်း အဝေးကိုငေးမောလို့
ကျမရှင့်ကိုနားလည်ခဲ့ပါတယ်
အိမ်ရှေ့မီးတိုင်လေးအောက်ကနေလည်း
ကျမရှင့်ကိုစောင့်မျှော်ခဲ့ဘူးပါတယ်
အိမ်ရှေ့ကကျော်ကျော်သွားတဲ့စာပို့သမားကိုခိုးခိုးစောင့်ရင်းလည်း
ကျမမျက်ရည်ကျခဲ့ဘူးပါတယ်
နှစ်ကာလတော်တော်များများမှာ
သားလေးနဲ့သမီးကိုဖက်ရင်း
ရှင်မရှိတဲ့အိပ်ယာတခြမ်းကို
ကလေးတွေမနိုးအောင်ဖွေစမ်းရင်း
ကြိတ်လွမ်းခဲ့ဘူးပါတယ်၊

ရှင့်ယုံကြည်ချက်အတွက်
ကျမလည်း ရဲစခန်းမှာ ငုတ်တုတ်ထိုင်မိုးလင်းခဲ့ဘူးပါတယ်
ရှင်ရှိတဲ့နံရံကြီးတွေရှေ့မှာ
တနေကုန်ထိုင်စောင့်ရင်း
ဆေးလိပ်တစည်းနဲ့ ငပိကြော်တထုပ်
ချစ်အပြုံးနဲ့ သတင်းစကား
ကျမအားပေးခဲ့ဘူးပါတယ်၊
အဲ့ဒီတုန်းကတော့မလွမ်းဘူး
တရေးနိုးလို့ငဲ့စောင်းကြည့်လိုက်တောင်
ဘေးနားမှာရှင်အိပ်နေသလိုပဲ
လွတ်နေတဲ့ခေါင်းအုံးတောင် နွေးလို့
ဘာမှသိပ်မသိသေးတဲ့သမီးကတောင်
သူ့အဖေအိမ်မှာရှိနေသလို
အရယ်အပြုံးမပျက်ဘူး
ကစားရာကပြန်လာရင်
ဖေကြီးဘယ်မှာလဲလို့မမေးဘူး
ဒါဟာ ဆုံးရှုံးမှုတခု ကွက်လပ်တခု ပေးဆပ်ခြင်းတခုလို့
တမိသားစုလုံး မခံစားခဲ့ရဘူး
နားထင်မှာစို့ခဲ့တဲ့ချွေးကို
ဘ၀လေပူမှာသွေ့ခြောက်စေခဲ့တယ်
ရှင့်အင်အားတွေနဲ့
ကျမသန်မာခဲ့ဘူးတာပေါ့
အဲဒီတုန်းကလေ။

သတိရတယ်
မိုးစိုနေတဲ့ရှင့်လက်မောင်းက
ကျမပါးပြင်ကိုနွေးထွေးစေခဲ့
အိမ်ကိုပြန်လာတဲ့လမ်းကြားလေးထဲမှာ
နှစ်ဦးသားစကားမဆိုမိကြ
စကားလုံးတွေမလိုအပ်လောက်အောင်
တို့တွေပူနွေးနေခဲ့ကြတာမဟုတ်လား
ပိန်ချုံးချုံးမျက်နှာကိုစိုက်ငေးရင်း
ရှင့်မျက်လုံးတွေက အရင်ထက်တောင် တောက်ပလာတယ်လို့
ကျမတွေးခဲ့ဘူးတယ်
ရှင်ကတော့
ကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုတွေးပြီး
အိမ်ကထမင်းပွဲကို ဆက်မစားနိုင်ခဲ့ဘူး
မနက်ကျတော့
အစောကြီးထထိုင်နေတယ်
ဒီအချိန်တန်းဖွင့်ပြီတဲ့
ဘုရားခန်းကျဉ်းကျဉ်းလေးထဲ
တနေကုန်လမ်းလျောက်နေပြန်ရော
ကျမဆိုင်သိမ်းလို့ပြန်လာတော့
သော့ခလောက်သံလည်းမကြားပါလားလို့
တကိုယ်တည်း တိုးတိုး တိုးတိုး ပြောနေပြန်ရဲ့၊

ရှင့်အလုပ်အားလုံးကို
ကျမနားမလည်ပါဘူး
ရှင်ယုံကြည်တာတွေ၊ ရှင်ရွတ်ဖတ်တာတွေလည်း
ကျမအားလုံးနားမလည်ဘူး
ရှင့်စာအုပ်တွေကို
အထုပ်ထုပ်ပြီးသိမ်းပေးထားခဲ့ပေမယ့်
တအုပ်မှ ကျမမဖတ်ဘူး
ကာတွန်းစာအုပ်တောင် ကျော်ကျော်ဖတ်လို့
ရှင့်ကကျမကိုဆူဘူးတယ်နော်
ဒါပေမယ့် ကျမရှင့်ကိုနားလည်ခဲ့ပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးကိုနားလည်တယ်လေ
ကျမရှင့်ကိုတော့ စာတလုံးတောင်ကျော်မဖတ်ခဲ့ပါဘူး၊

ဒါပေမယ့်
တနေရာမှာ တခုခုတော့မှားခဲ့တယ်
သားလေးမွေးပြီးချိန်
ရှင်အဝေးကိုထွက်သွားတယ်
ရှင်မယဉ်ပါးတဲ့တောနက်ထဲဝင်ပြီး
ရှင်မသိတဲ့အိပ်မက်တွေကို အမဲလိုက်ခဲ့တယ်
ငါဒုက္ခရောက်ချိန်မှာ
မင်းက မင်းမေတ္တာတရားကိုပြသဖို့ အခွင့်အရေးရခဲ့တယ်
မင်းစားချင်တဲ့သစ်သီးကို ငါခူးပေးမယ်တဲ့
ဒါပေမယ့် ရှင်ခူးတဲ့သစ်သီးမှာ ခါချဉ်ထုတ်နဲ့
ကျမအသဲနှလုံးကိုတုတ်တယ်
ဒီနေရာမှာ ကျမကို စာမျက်နှာကျော်ဖတ်ခွင့်ပြုပါ
စာလုံးတွေက ၀ါးလာတယ်
ဒီကွက်လပ် ဒီဆုံးရှုံးမှု
ဘယ်တော့မှပြန်မပြည့်နိုင်တော့ဘူး
ကံကောင်းထောက်မစွာ
ရှင်အခု ကျမလှောင်အိမ်လေးထဲမှာ
ဒါပေမယ့် ရှင်သီတဲ့တေးက
အဝေးတောတန်းတနေရာ..၊

ဒီလှောင်အိမ်မှာ
ရှင်မုန်းတဲ့သော့ခလောက်မရှိဘူး
ချစ်ခြင်းမေတ္တာဆိုတာ
ကြိုးတချောင်းမဟုတ်ဘူး
ကားနံပတ်ပြားမဟုတ်ဘူး
ဘီရိုထဲမှာ
ဘ၀နှစ်ခုကို အလှထည့်ထားဖို့မလိုဘူး
ရှင်သွားမယ့်လမ်းမှာ
တံတားတခုပဲဖြစ်ချင်ပါတယ်
ကျမဟာတံခါးတချပ်မဟုတ်ပါဘူး မောင်..၊

ညားကာစကတည်းက
ရှင်က ကျမကို မောင် လို့ခေါ်စေချင်ခဲ့တယ်မဟုတ်လား
ဒါပေမယ့်
နှုတ်မရဲတာလား
အစွဲအလန်းတခုကြောင့်လား
ခေါ်စေချင်မှန်းသိလို့ ရှင့်ကိုနောက်ရင်း နှုတ်ကျိုးသွားတာလား
ဘယ်တုန်းကမှ မောင် လို့ မခေါ်ဖြစ်ခဲ့ဘူး
သမီးမွေးကတည်းက
ဖေကြီးလို့ခေါ်ခဲ့တာလေ
ခုတော့ ငွေရတုတိုင်ရော့မယ်
ဟေမာနေ၀င်းစတိုင်နဲ့ဖြစ်ဖြစ်
မေဆွိလေသံနဲ့ဖြစ်ဖြစ်
တခါလောက်တော့ မောင် လို့ ခေါ်ကြည့်ရအုန်းမယ်
ရှင့်ခြေလှမ်းတွေနှေးသွားအောင်
စောင်းငဲ့ကြည့်စေချင်လို့တော့ မဟုတ်ပါဘူးနော်
ချစ်ခြင်းမေတ္တာဆိုတာ
ဘာကိုမှမတားမြစ် မချုပ်နှောင်ပါဘူး မောင်ရယ်၊

တချိန်မှာ
ဧည့်ခန်းလေးထဲ
သူတယောက်တည်း ထိုင်နေမှာ
အခြားတနေရာမှာ သူ့ဖာသာတောက်လောင်နေမယ့်သူ့လင်သားကို
သူက မီးလှမ်းလှုံချင်လှုံနေမှာ
အချိန်တန်ရင်တော့
အိမ်ပြန်လာနေကြပါလေလို့ တိုးတိုးဆိုရင်း
ဟင်းအိုးတွေနွှေးချင်နွှေးနေအုန်းမှာ
သူ့ပြတင်းပေါက်မှာလာလာနားမယ့်
သားနဲ့သမီးကို
နေရောင်ခြည်လို
ခန်းဆီးလေးတွေလှပ်လှပ်ပြီး မျှော်နေမှာ
ငွေရတုတမနက်ခင်းရဲ့
စိုသီးလက်ပနေတဲ့မြက်ဖျားနှင်းစက်လေးတွေကိုကြည့်ရင်း
မောင် လို့
သူ့နှလုံးသားကိုသူတီးခတ်လိုက်တဲ့အသံလေးထွက်လာတဲ့အခါ
မှန်ဘီရိုထဲကအရုပ်ကလေးတွေက တလှုပ်လှုပ်နဲ့ကခုန်ကြလေရဲ့
အချစ်ဆိုတာ
စာသားထည့်ဆိုဖို့မလိုတဲ့
ဂီတတခုပါကွယ်
အားလုံးပြည့်စုံခဲ့ပါတယ် မောင်..။

နှင်းခါးမိုး

တပတ်လောက် ပျောက်ခဲ့တဲ့ချောင်းက ဒီညမှာ ပြန်ထချင်သလိုဖြစ်။ ချောင်းရှင်းရင်း ထထိုင်ဖြစ်ရာက ၂၀၀၈ ထဲ ရက်စွန်းလာတာကို သတိရ။ ဒီလိုနဲ့ ကိုယ့်ဘ၀ ကိုယ့်အလုပ်တွေအကြောင်း ပြန်စဉ်းစားဖြစ်။ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတခုလိုဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ မ အကြောင်း အတွေးရောက်သွားရာကနေ ဒီကဗျာကို ချရေးဖြစ်ခဲ့မိတာပါ။ တင်ခဲ့တဲ့အကြွေးတွေ၊ ထပ်တင်အုန်းမယ့်အကြွေးတွေ ဒီတခုနဲ့မကြေမှန်းသိပေမယ့်၊ သူကလည်း ပြန်ရကောင်းစေ ဘယ်တော့မှ ပြန်တောင်းဆိုမှာမဟုတ်ပေမယ့် သူ့အပေါ် အတိုင်းအတာတခုအထိ ကျနော့် စောင်းငဲ့ကြည့်ဖို့ ကြိုးစားခဲ့ပါကြောင်း သိစေချင်တာပါပဲ။

Feb 15, 2008

အနာဂတ်နိုင်ငံတော်

မီးခြစ်ဆံ အဆံမဲ့
စီးကရက် ဗူးခွံ ပေါ်
ခြေထောက် တဖက် တင်၊
ကဗျာဆရာ ဖြစ်နည်း။

တံဆိပ်ခေါင်း ငါးပြားဖိုး
အသေးစိတ် ပြန်ကြား၊
ဂန္ဓ၀င် ဂျာနယ်...
မော်ဒန် ပလာဇာ
စာတိုက်သေတ္တာနံပတ် - ၁၃၊
ရှေး ခေတ်ဟောင်း အမွေ။

လက်ကျန် တမျိုးမျိုး
စာအုပ်တအုပ် အချပ်ပို ထည့်ပေး၊
ယူရေနီယံ သတ္တုတူး
နတ်မြင်းပျံ စီးရင်း အမောဆို့ ။

မသေခင် အကြွေး တင်
ထာဝရ တည်တံ့၊
မသေတဲ့နိုင်ငံ သွား...
ရထားစီး
အနာဂတ်ကို လိုက်ကြည့်
အချစ်စာရင်းရှည်။

ဂျစ်ပစီရိုးရာအကတခု
ကိုးရိုးကားရား ကလန်ကဆန်၊
ခြေလှမ်းတွေ သွက်လက်
ရှုခင်းကရယ် ( ရီ ) ရွှင်စရာ။

အထိမ်းမှတ် ပွဲတော်ရက်
မြောက်ပိုင်း တောင်တန်းဒေသ၊
နှင်းဆီပန်းတွေနဲ့ စောင့်ကြို
သတ်သေဖို့ ကြိုးစား
အသဲကျွမ်းမတတ် ချစ်။ ။

(ကိုဆက်)

ရုပ်ကြွင်း

ကျောက်ဖြစ် ရုပ်ကြွင်း
သမိုင်းဦး ရုပ်ကြွင်းနဲ့ 
သမိုင်း ရုပ်ကြွင်း
လူမှု ရုပ်ကြွင်းများ...
ချောင်ကြိုချောင်ကြား
ကမ္ဘာ့ ချောင်ကြိုချောင်ကြား...
သဘာဝရွေးချယ်မှု နိယာမ။

အမှောင်ခန်း
အမှောင်ဖုံးခဲ့ အတွင်းပိုင်း၊
အမှောင်ခန်းအတိုင်း ထားခဲ့
မတို့ မထိပဲ ထား၊
ကြွင်းကျန်နေသော ရုပ်ကလပ်များ...
ရှေးဟောင်း လက်စားချေဝါဒ။

အနာသစ်၊
ကလဲ့စားချေရေးဝါဒ၊
တောမီး၊
ပန်းသီးရိုင်း၊
အော်တိုမက်တစ် မဲနှိုက်စက်၊
ခြောက်လုံးပြူး ဆုံလည်၊
ကျည်ဆံတတောင့်ထဲ ချန်ရစ်။

ကြေးရုပ်ထု
ပုလိပ်ရောဂါ
ကြမ်းပိုးနဲ့ 
နေမင်းနီ
ဆံပင်ကို ဖားလျားချ
လူကြီးမင်းတို့ ချစ်ချင်းမေတ္တာ ။ ။

(ကိုဆက်)

Feb 14, 2008

ပဒိုမန်းရှာအား လေးစားဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်


ဆရာ မာန်းရှာ သို့ 


မြေပြန် နဲ့ တောင်ပေါ်ကို ဆက်သွယ်ပေးခဲ့တဲ့ ချစ်ကြည်ရေး တံတားကြီး အချိုးခံရတာပဲ။ အင်မတန် ကြေကွဲဖို့  ကောင်းတယ်။ ဖဒိုမာန်းရှားကို သတ်တာဘယ်သူလည်း ကျနော်မသိသေးဘူး။ ဒါပေမဲ့ ဘာကြောင့် အသတ်ခံရ တာလည်း ဆိုတာတော့သိတယ်။ မာန်းရှာဟာ ပြည်ထောင်စုသားတိုင်းရင်းသားတွေ လိုအင်ဆန္ဒကို ထုတ်ဖေါ် ပေးခဲ့လို့ ပဲ။

မိုးသီးဇွန်

Feb 13, 2008

မွေးမြေ


ဆရာနှင်းခါးမိုး ပြောပြောနေတဲ့ မိုး သုံးမိုး-ထဲက တယောက်ဖြစ်တဲ့ ဆရာ ထက်မိုးရဲ. ကဗျာတပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ မွေးမြေ-လို. အမည်ရပါတယ်။
ဆရာထက်မိုးနဲ. ကျနော်က လူချင်းမတွေ.ခဲ့ဘူးပေမယ့် စာချင်း ရင်းနှီးခဲ့ကြပါတယ်၊ အထူးသဖြင့် ကယားပြည်နယ်ထဲမှာ သူအလုပ်တွေ လုပ်နေခဲ့စဉ်အခါကပေါ့....။


(၁)

`ဆက်အောင်နိုင်`တို့ အိမ်သွားတဲ့
မြေနီလမ်းကြားလေး...
အခုကော အကောင်းတိုင်း ရှိသေးရဲ.လား မသိ။

ရှစ်လေးလုံး မဖြစ်ခင်က လက်ဘက်ရည်ခွက်များ
လေဘာ ကဒ်ပြား၊ ဘတ်စ်ကားအို...
ငါတို့ မြို.ရဲ. လွမ်းစရာ ကုက္ကိုပင်တွေ။

လေးထောင့်ကန်လမ်းမ
စိုင်းထီးဆိုင်ည
ပန်းရိုးမတင်းကုတ်ထဲက
ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း။
အလံများ၊ ကြွေးကြော်သံများ၊ သေနတ်သံများ
ဘ၀များ၊ ကျောင်းစိမ်းဝတ်စုံ
ဆင်ခြေဖုံးရပ်ကွက်
အရေးတော်ပုံမီးတောက်။

(၂)

ဒေါနတောင်တန်း၊ အိမ်လွမ်းစိတ်
တောင်ကျချောင်း၊ မိုးကောင်းတဲ့နှစ်များ။

( ၃ )

" မျိုးသန်းထွဋ် " ...ရေ
လပြည့်စက်ဝန်း ရွှန်းမြ
အဝေးပြေးလမ်းမ မီးမှိန်မှိန်
လွင့်ပါးသွားတဲ့ တိမ်၊ ခုချိန်ထိ သိမ်းထားခဲ့သူ။ ။


ထက်မိုး
၁၇.၁၀.၂၀၀၂

မှတ်ချက်။
ပန်းရိုးမတင်းကုတ်= ထက်မိုးတို့ အိမ်ဘေးက...တဲလေး
" မျိုးသန်းထွဋ် "= ကိုမိုးသီးဇွန် နံမည်ရင်း

Feb 5, 2008

နေဘုန်းလတ်သို.













ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တနှစ်တင်းတင်း ပြည့် သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာ သမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက် အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူ ဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါ ရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတခု ရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူးရေး သားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တနှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ် တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်း စေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခ ဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီ အမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Feb 3, 2008

မဆုံးခဲ့တဲ့ကဗျာ















ဒီစာကတော့ ကျနော့် ရင်နဲ. ရေးတာပါ။

ကျနော့် ငယ်ဘ၀မှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တချို. ရှိခဲ့ပါတယ်။ အဲဒီထဲကမှ တချို.ကို ကျနော်က ဝေမျှချင်တာပါ၊ ဒါကလည်း ဒီစစ်အစိုးရ လက်အောက်မှာ ဒီလိုမျိုးဘ၀တွေ ဘယ်လောက်များ ရှိနေခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အခါ တယောက်ယောက်က ဖောက်သည်ချမှ သိရနိုင်တာမျိုးမို.ပါ။

ကျနော့် ကိုယ်ဝန်ကို အမေလွယ်ပိုးနေရချိန်မှာ ကျနော့်ဖခင်ဟာ တောခိုသွားခဲ့ပါတယ်၊ ကျနော့် အထက်မှာ အကို တယောက်လည်း ရှိပါသေးတယ်၊ အကို.ကို အမေမွေးတော့ ကျနော့် အဖေက စစ်အစိုးရက လိုချင်နေတဲ့ ၀ါးရမ်းပြေး ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ. ကျနော့်အဖေဟာ သားနဲ.ဇနီးသည်ကို ခိုးချောင်ခိုးဝှက် ပွေ.ဖက်ခဲ့ရတာပါ။ ကျနော့်ကို အမေမွေးတော့ အဖေက အဝေးမှာပါ၊ ဒီလိုနဲ. အမေဟာ သားနှစ်ယောက်ကို လူဖြစ်အောင် မွေးခဲ့တယ်။ ဒီကြားထဲ သားတွေကို ခေါ်ဆောင်ပြီး တောတောင်တွေကြားထဲ ခိုးကြောင်ခိုးဝှက် သူ.လင်သားကို ပွေ.ဖက်ခဲ့ရတယ်။ အမေနဲ.အတူ တောတွေတောင်တွေကြားထဲ ငယ်ငယ်ကတည်းက ကျနော် ရောက်ခဲ့တယ်၊ အဖေ့ သူပုန်စခန်းက ၀န်ထမ်း ဆင်ကလေး ကျနော် ခုထိ မှတ်မိနေသေးတယ်။ ကျနော်က အရမ်း မှတ်ဉာဏ် ကောင်းတယ်။ အဖေကိုင်ခဲ့တဲ့ ဂျပန်ရိုင်ဖယ်ကိုလည်း အမေ့ကို ပစ်ခွင့်ပေးခဲ့တာ ကျနော်မှတ်မိနေသေးတယ်။ အမေရယ်၊ အဖေရယ်၊ ကျနော်တို. ညီအကိုနှစ်ယောက်ရယ်၊ လောင်းလှေကလေးထက်မှာ အဖေက လှေလှော်လို.၊ ပုဇွန်ဆိတ်ကလေးတွေကလည်း လှေထဲ ခုန်တက်လို.။ မှတ်မိနေသေးတာက လှေပေါ်မှာ ဖွင့်ထားတဲ့ ရေဒီယိုကသီချင်း (ဒေါ်မာမာအေးရဲ.သီချင်း) - အဲဒါကလည်း အမေက အိမ်မှာ ခဏခဏ ဆိုညည်းနေလို. ကျနော်က မှတ်မိနေတာ - နီးဖို.ရာဆိုရင် ၀ါဆိုတောင်မှ ပြာသိုအနားမှာထားလိုက်ချင် - -----... နယ်ခြားမြေဝေး နှောင်ချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုး ရှင့် - တရေးချစ်ခွင့် မြင်ရနိုး ရှင် -----၊ ဝေးကွာနေတဲ့ ချစ်သူကို လွမ်းတတဲ့ အမေ့ရဲ.သီချင်း။ ဒါတောင် အိမ်မှာ ရှိနေတုန်းက ကျနော် ကြားမိတာက - နယ်ခြားမြေခွေး - (နယ်ခြားမြေဝေး - မဟုတ်ဘူး၊) စိတ်ထဲမှာလည်းတွေးမိသေးတယ်၊ ကလေးအတွေးနဲ.ပေါ့။ သီချင်းထဲ ဘယ်က မြေခွေးက ရောက်လာတာလဲပေါ့။ ထားပါတော့။ အဲဒီလိုနဲ. အမေလည်း သူပုန်နဲ. ဆက်သွယ်သူ တဦးအဖြစ် ထောင်သွင်း အပြစ်ဒဏ် ကျခံခဲ့ရရှာပါတယ်။ ကျနော့် အမေဟာ အဲဒီအချိန်က အထက်တန်းပြ ဆရာမတဦးပါ၊ ပထ၀ီပညာ ဆရာမပါ၊ အမေ့ကို ထောက်လှမ်းရေးတွေ အိမ်မှာ လာဖမ်းတော့ ကျနော်က သုံးနှစ်သားပါ။ ဒီနေ.ထက်ထိ ကျနော်မှတ်မိနေသေးတာက အမေ့ကို ထောက်လှမ်းရေးတွေ ခေါ်ချိန်မှာ ကျနော်က အမေ့ ထမိန်စကို အတင်းဆွဲထားပါတယ်၊ အမေက သူ.ထမိန်စကို ကျနော့်လက်ထဲက ဆတ်ကနဲ ဆွဲထုတ်ပြီး ထောက်လှမ်းရေးတွေနောက် လိုက်သွားခဲ့ပါတယ်။ ကျနော့် ကလေးဘ၀ထဲမှာတော့ မှောင်မိုက်ခဲ့တဲ့ညတွေပါ၊ ဒီလိုနဲ. နရသိန်ရ်ထဲကနေ ကျနော်တို.ကို လွမ်းတိုင်း ရေးခဲ့တဲ့ အမေ့ကဗျာတွေကို သူငယ်တန်းကျောင်း မတက်ခင်ကတည်းက ကျနော်က ဖတ်တတ်နေခဲ့တာပါ၊ တွေးမိတိုင်းရင်နာတယ်။

အမေ့ကို ကျနော်ပြန်တွေ.ရတော့ ၁၉၇၁။ ကျနော် ပထမတန်းတက်နေပြီ။

အဲဒီလိုနဲ. နှစ်တွေ ကြာညောင်းခဲ့။ နောက်ဆယ့်ရှစ်နှစ် ကြာတဲ့အခါကြတော့ အဖေ့လိုပဲ ကျနော်က သူပုန်။ တခါ အမေ့လိုပဲ ကဗျာတွေ ပြန်ရေးနေမိတယ်၊ ဒါပေမယ့် အမေ့ကိုလွမ်းလို. ရေးခဲ့တဲ့ ကျနော့်ကဗျာတွေက အဆုံးသတ်လို.မရဘူး၊ ဒီအထဲကမှ ၁၉၉၇ အကျော်မှာ ထောင်ထဲက ပြန်ထွက်လာတဲ့ ကျနော့်အမေကို ဖုန်းဆက်ခွင့်ရလို. ဖုန်းထဲက အမေ့ကို ရွတ်ပြခဲ့တဲ့ တပိုင်းတစ ကဗျာတချို. ခင်ဗျားတို.ကို ပြန်ဝေငှချင်တာပါ၊ ဒါပေမယ့် ကျနော့် ကဗျာက မဆုံးဘူး၊













`ဖေဖေက -နေ-
မေမေက - လ-
ကြယ်ကလေးလိုလက်ကာပ
သားလူချောလှ`တဲ့ ...



ကလေးဘ၀က
ဖတ်ရတဲ့ နရသိရ်ထဲကအမေ့ကဗျာ
ရင်မှာတသစူးနင့်
အလွမ်းပွင့်တွေဝေသီ
နှလုံးသားတွေ နီနေဆဲ ...

မေမေ ...
ကျနော့်ကို လွမ်းနေလား...။

လွမ်းနေရတဲ့ညတွေမှာ
ကောင်းကင်ပြာကြီးကို
လှမ်းကြည့်လိုက်ပါ၊

အဲဒီမှာ
သား ရှိတယ်၊
သားဟာ
ကြယ်ကလေးပါ မေမေ၊

ကြယ်ကလေးလေ
မုန်တိုင်းတွေသိမ်းဖွက်ထားတဲ့
မြက်ရိုင်းထူထူတွေထဲ ပုန်းအောင်းနေသူ
`နီရူဒါ`ရဲ.သစ်ခုတ်သမား။

ကြယ်ကလေးလေ
နေ၀န်းနီနီကိုပွေ.ဖွက်
ကောက်သစ်စားမယ့်နေ.တွေအတွက်
ခရီးရှည်ထွက်ခဲ့တယ်။

ကြယ်ကလေးလေ
နေမင်းပုံရိပ်
သူ.ယုံကြည်ချက်မှာ ချိတ်ထားတယ်၊
လမင်းအမှာစကား
သူ.နှလုံးသားထဲ သိမ်းထားတယ်၊

မေမေရယ်
ကြယ်ကလေးအတွက်
မျက်ရည်တွေအစား
ပန်းများပွင့်လိုက်ပါ။

ATN

--------

အဲဒါကတော့ တထိုင်ထဲ ကျနော့်ခေါင်းထဲက ပေါ်လာတဲ့ စကားတွေပါပဲ၊ ရင်ထဲမှာ ခံစားချက်တွေ များလွန်းလို.လည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ဒါပေမယ့် အမေက ကျနော့်ကို ပြောခဲ့တယ်။

-သားရယ် မင်းဟာ နေမင်း၊ နေမင်းနေရာကို မင်း ရောက်နေပြီပဲ မင်းရဲ. ကြယ်ကလေးတွေကိုပဲ စိတ်ထဲထည့်ထားပါသားရယ်-တဲ့၊

အမေကတော့ ခုထိခေါင်းမာတုန်း၊ ကျနော်ကတော့ ကျနော့်ရဲ. မဆုံးတဲ့ကဗျာကိုပဲ ............ ..........

ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.


ဒီနေ. တနင်္ဂနွေနေ.ဆို တော့ ကလေးတွေ ကျောင်းပို.စရာလည်း မရှိ ကျောင်းကြိုစရာလည်း မရှိနဲ.မို. ဘလော့တွေ တော်တော်များများ လျှောက်လည်ဖြစ်တယ်။

ကိုယ်နှစ်ခြိုက်တဲ့ စာလေးတွေဖတ်ရ။ ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေ ခံစားရတော့ တခြားသူတွေကိုလည်း မျှဝေခံစားစေချင်လိုစိတ်နဲ. အဲဒီဘလော့လေးကို လင့်ခ်လုပ်ရ။ သူတို. စာလေးတွေ ကဗျာလေးတွေမှာ ကွန်မန်.၀င်ပေးလိုက်၊ သူတို.ဆီပုံးထဲ တခွက်နှစ်ခွက် ၀င်ဖြည့်လိုက်၊ သူတို.ကလည်း အပြန်အလှန် ကိုယ့်စာလေးတွေ ကဗျာလေးတွေကို ၀င်ဖတ်သွားလိုက်။ ကွန်မန်.ပေးသွားလိုက်။ ကိုယ့်ဆီပုန်းလေးထဲ တခွက်နှစ်ခွက် ၀င်ဖြည့်သွားလိုက်နဲ. အတော်လေးတော့ မြိုင်ဆိုင်စိုပြည်သား။ ဒီလိုနဲ. ရဲဘော်မိတ်ဆွေတွေလည်း အတော်လေးကို များလာ။ ကိုယ့်ဘလော့လေးကိုလည်း ကိုယ်အားရကြည်နူးလာ။ ဒီလိုနဲ. ဆရာယော ပြောသလို ကိုယ့်ဘလော့ကို တရေးနိုးထကြည့်မိတဲ့အထိ ဖြစ်သွား။ ရူးသွပ်သွားမိပုံများ ပြောပါတယ်။


ကျနော် ဒီကို စရောက်ကတည်းက မိသားစုစားဝတ်နေရေးနဲ. လုံးထွေးနေခဲ့ရတော့ အားလုံးနဲ. အဆက်ပြတ်သွားသလို ဖြစ်ခဲ့ရတယ်။ ကွန်ပြူတာလေးတလုံး ၀ယ်နိုင်ကာစကတော့ အင်တာနက်လေး ချိတ်ရင်းနဲ. သူငယ်ချင်းတချို.နဲ. မေးလ်လေးဘာလေး ပို.တာလောက်ပဲရှိခဲ့တယ်၊ ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ချိန်ထိ လောကကြီးနဲ. အဆက်ပြတ်နေမိရဲ.။

ထိုင်းနယ်စပ်မှာ ရှိနေစဉ်တုန်းကတော့ ကိုယ့်တော်လှန်ရေးအဖွဲ.အစည်းတွေရဲ. စာအုပ်ထုတ်ဝေမှုအမျိုးမျိုးမှာ ထဲထဲဝင်ဝင် ပါဝင်နေခဲ့တာပေါ့၊ ကွန်ပြူတာနဲ. မထိရတဲ့နေ.ဆိုတာမှ မရှိခဲ့ရတာ၊ အိုင်တီဆိုတာလည်း အဲဒီအချိန်တုန်းက မျက်စိဝေး နားဝေးမှ မဟုတ်တာ။

ဒီလိုနဲ. ရွှေဝါရောင်တော်လှန်ရေးမှာ အရေးပါတဲ့ ဘလော့ဂါများရဲ.အခန်းကဏ္ဍကို သတိပြုမိရာကနေ ဘလော့တွေကို တက်ကြည့်ဖြစ်ပါတော့တယ်၊ တက်ကြည့်ဖြစ်တော့မှပဲ အများတကာဟာ အားကျစရာဖြစ်နေရဲ.၊ ကျနော့် ဆရာယော ဆိုရင် ဘလော်ဂိုပိုးအက်တောင် ဖြစ်နေပြီပဲ၊ ကိုယ့်ကိုယ်ကိုလည်း အားငယ်မိပါရဲ.၊

ဒီလိုနဲ. ကျနော် ဘလော့စရေးဖို. စဉ်းစားမိပါတော့တယ်၊ ဘလော့လေးကို စရေးမယ်ဆိုတော့ ဘာစလုပ်ရမှန်းလည်း မသိဘူး၊ လူရွှင်တော်ကြီး ဦးကြင်ခဲ ပြောသလိုပဲ - ကလေးတယောက် မွေးမိပါတယ် ဘယ်သူ. အဖေခေါ်ရမှန်း မသိဘူး-ဆိုတာလိုမျိုး ဘလော့လေးတခု ဆောက်ချင်ပါတယ် ဘယ်သူ. အကူအညီ တောင်းရမှန်း မသိဘူး၊ ပြီးတော့ ဘယ်သူ.ကိုမှ အားမကိုးတတ်တဲ့ ကိုယ့်ရဲ.ဉာဉ်ဆိုးလေးကလည်းရှိဆိုတော့ ဘယ်သူ.ကိုမှ အကူအညီမတောင်းမိဘူး။ ဒီလိုနဲ. ကျနော်နေတဲ့ မြို.ကလေးက စာကြည့်တိုက်ကိုသွားပြီး မွှေနှောက်မိပါတော့တယ်၊ နောက်ဆုံးမှာ (Elizabeth Castro) ရေးတဲ့ (Publishing a Blog with Blogger) ဆိုတဲ့ စာအုပ်ကလေးကို သွားတွေ.ပါတော့တယ်၊ အဲဒီစာအုပ်ကလေး ဘေးမှာထားရင်း ကျနော့် ဘလော့လေးကို တည်ဆောက်ခဲ့ပါကြောင်း၊

ဒါပေမယ့် ပြဿနာတွေကရှိနေသေးတယ်။ သူ.စာအုပ်က ဗမာလို ဘလော့မှာ ဘယ်လိုတင်ရမယ်ဆိုတာ မပါပါဘူး၊ ဒါနဲ. ရှိပြီးသား ဘလော့ဂါများရဲ. ဘလော့တွေမှာ ဆည်းပူးရပါတော့တယ်၊ စေတန်ဂေါ့ရဲ့ ဘလော့လုပ်နည်း။ ညီလင်းဆက်ရဲ. ဘလော့လုပ်မယ်ဆိုရင်။ အဲဒါတွေအားလုံး ကျနော့် ဆရာသမားများပါ့၊ ကျေးဇူးကြီးမားလှပါပေ့ ဆရာသမားများ၊ သင်တို.၏ Contribution များ မပါလျှင် ကျနော်တို. ဘလော့တွေ အသက်ဝင်လေမည်မဟုတ်၊

ဒီလိုနဲ. ကျနော့် ဘလော့လေးကို ဘလော့ဂါလောကထဲ မရဲတရဲ တိုးရှဲဖြတ်သန်းကြည့်ခဲ့တယ်၊ ၂၀၀၇ ဒီဇင်ဘာထဲမှာ။ ဘလော့လေးတင်ထားပြီးတော့ နှစ်ရက် သုံးရက် ထိုင်စောင့်ကြည့်တယ်၊ ဘယ်သူမှလည်း လာမလည်ကြပါလား၊ ဈေးထဲမှာလိုမျိုး - ဟောဒီမှာ ဘလော့တွေနော် လတ်လတ်ဆတ်ဆတ်လေး - ဆိုပြီး အော်ရောင်းလို.လည်း ရတာမဟုတ်တော့ ခက်သား။ ဒါနဲ. တခုခုတော့ ဆောင်ရွက်မှဖြစ်ချေမည်ဆိုပြီး ကျနော့်ရဲ. အချစ်ဆုံးသူငယ်ချင်းလည်းဟုတ်၊ အကိုဆိုလည်းဟုတ်၊ ဆရာဆိုလည်းဟုတ်တဲ့ ကိုလွမ်းဏီကို ကျနော့်ဘလော့ တင်ထားကြောင်း ကြေငြာမောင်းခတ်ရပါတယ်၊ ဒါပေမယ့် ပထမဆုံးလာလည်သူက မာန်လှိုင်းငယ်ပါ။ သူက အဆင်ပြေပါစေဗျာ-လို. ဆီပုံးထဲ တခွက်ထည့်သွားပါတယ်၊ နောက်တော့ ကိုလွမ်းဏီပါ၊ သူကလည်း ကျနော့်ကို အားပေးပါတယ် - ငါလာသည်။ ငါမြင်သည်။ ငါအောင်ပွဲခံဦးမည် - ဆိုပြီး ကျနော့်ဆီပုံးထဲ ဆီပူတွေ လောင်းထည့်သွားပါရဲ.၊ အားနားပါးနာ မင်းကဗျာလေးတွေ ခံစားသွားပါရဲ.တောင် မပြောဘူး၊ (ဆန်ရင်း နာနာဖွတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်)၊

နောက်တယောက်ကတော့ ဆရာနှင်းခါးမိုး၊ သူ.ကိုတော့ ကျနော်တို. မကဒတရဲ. အစောဆုံးထွက်ခဲ့တဲ့ ဒေါင်းအိုးဝေတွေမှာ ဖော်ပြခဲ့တဲ့ သူ.ကဗျာတွေဖတ်ပြီး လေးစားမိတဲ့သူ။ လူချင်းတော့ ခုထိ မတွေ.ဖူးသေးပါဘူး။ တနေ.နေ.တော့ တွေ.နိုင်မယ်လို. မျှော်လင့်ထားရဲ.၊ -အမှန်တရားအတွက် အသက်စွန်.ခဲ့တာမှာ၊ ကျနော်ဟာ ပထမဆုံး မဟုတ်သလို၊ နောက်ဆုံးလည်း မဟုတ်ခဲ့ပါဘူး အဖေ- အဲဒီစာကိုဖတ်မိကတည်းက ၀ိဉာဉ်ရဲ.တင်းနေတဲ့ ကြိုးတွေအပေါ် ကျနော့်ဘ၀ကို တင်ခဲ့တာပေါ့- ဆိုတဲ့ သူ.ကဗျာက ကျနော့်ကို အားအင်တွေသွင်းပေးခဲ့ဖူးတယ်၊ သူ ကျနော့်ဘလော့ကို လာလည်တော့ - လာလည်ပါတယ်ဗျာ။ ကျနော့်အကိုကြီး အောင်ပွဲခံနေလို. တိုးတိုးလေးနှုတ်ဆက်သွားတယ်၊ မင်္ဂလာပါဗျာ-လို. ကျနော့်ဆီပုံးလေးထဲ နှင်းခဲတွေ လောင်းထည့်သွားရဲ.။ (ကျေးဇူးပါ ကိုဝေလင်း။)

ဒီလိုနဲ. ကျနော့် ဘလော့လေး အသက်ဆက်ခဲ့တယ်၊ အပြန်အလှန် ကူးလူးခံစားကြရင်းနဲ. မိတ်ဆွေ ရဲဘော်ရင်းတွေ ရခဲ့တယ်၊ ကျနော် အားရကျေနပ်နေခဲ့တယ်။ အပြန်အလှန် နားလည်ကြ၊ အပြန်အလှန် ခံစားကြ။ ဒီလိုနဲ. မိခင်မြေရဲ.အဝေးမှာ ကျနော်တို. တယောက်နဲ.တယောက် နီးလာခဲ့ကြတယ်၊ ကျနော်တို. တယောက်နဲ. တယောက် မဝေးနိုင်ကြတော့ဘူး။ ကျနော်တို. အထီးမကျန်ကြတော့ဘူး၊ ဟော့ဒီကမ္ဘာကြီးထဲ ကျနော် တယောက်ထဲ မဟုတ်တော့ဘူး၊ ကျနော့် ညီအကိုမောင်နှမတွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်ဟာ အားနည်းနေတဲ့ ကျနော့်နှလုံးသားထဲ အန္တိမစွမ်းအားတွေ ဖြည့်ခဲ့ပေါ့။ စဉ်းစားမိတိုင်း ကျနော် မျက်ရည်ဝဲတယ်။ ၀မ်းသာလွန်းလို.ပါ၊

ကျနော်တို.ဟာ ဗမာတွေ။ ကျနော်တို.ဟာ ကျောင်းသားတွေ။ ကျနော်တို.ဟာ တရားမျှတမှုကို လိုလားသူတွေ။ ကျနော်တို.ဟာ ကိုယ့်အမိမြေကို ချစ်သူတွေ။ ကျနော်တို.ဟာ နှလုံးသားရှိသူတွေ။

အဲဒီ နှလုံးသားတွေနဲ. မှောင်မဲနေတဲ့ ကျင်းထဲ ကျနော်တို. ဘ၀တွေကို မျိုးစေ့တခုလို ထည့် ဒဏ်ရာ အနာတရ မြေတွေနဲ.ဖို. အလင်းရောင်ဆိုတဲ့ ပန်းပွင့်ဖို. အရိုးသားဆုံး ရင်းနှီးခဲ့တယ်။ အချိန်ကာလဆိုတဲ့ ပဉ္စလက်ဆရာက ခွင့်ပေးတဲ့တနေ. ကျနော်တို.ပန်းတွေ အစွမ်းကုန် ပွင့်ဖူးမယ်။ ကျနော်ယုံတယ်။

Feb 1, 2008

ဆယ်ကြိမ်မြောက် သိင်္ဂါရ




















၁၉၉၆
အောက်တိုဘာလ
ကျနော့် သွေ.ခြောက်မှုကန္တာရထဲ
မိုးစက်တပေါက်လို
သူမ ရောက်လာ ....

နှင်း လို.ခေါ်မယ်နော်-
ကျနော်တောင်းဆိုခဲ့ ...

ခွင့်ပြုချက် ရရ မရရ
နှုတ်ကခေါ်ခဲ့
ချစ်တဲ့သူ နှင်းရေ ....

ဒီလိုနဲ.ပဲ
ချစ်သူ.နယ်မြေ
မြတ်နိုးနေခဲ့ ...

နှစ်ကိုယ်တူ ... ....
အသက်ချင်းဆက်လို.
လက်ချင်းယှက်ကာရယ် ...
ဘ၀ခရီး လမ်းမများအလယ်
နုနုကြမ်းကြမ်း
လမ်းဖြောင့် လမ်းကောက်
ရဲရဲတင်းတင်း လျှောက်ကြရာဝယ် ... ...

တခါ တခါ
လင်နဲ.မယား -
လျှာနဲ.သွား -
ခလုတ်တိုက်လို တိုက်မိ၊
ကိုက်မိလို ကိုက်မိ၊
လျှာ ပေါက်တဲ့အခါ ပေါက်၊
သွား ပဲ့တဲ့အခါ ပဲ့၊
နင် ဟဲ့ .... ငါ ဟဲ့ ...
အော်တဲ့အခါ အော် ...
မှား၏ မှန်၏
ငြင်းလိုငြင်း၊
ငါ ချစ်တာ နင် မသိဘူး ...
နင် ချစ်တာ ငါ မသိဘူး ...
ရင် မချိအောင် ကြေကွဲလို ကြေကွဲ ....

ဘယ်လိုပဲဖြစ်ဖြစ်
ဒီနေ.ထက်ထိ
ဆက်ချစ်မိနေကြတုန်း
ဒါကိုပဲ
ကျနော် ပြုံးနေမိတယ်
(မိန်.မိန်.ကြီး)။

ATN

ကျနော်ဆိုးခဲ့သမျှကို အမျိုးမျိုး အနွံအတာခံရင်း ဘ၀ခရီးမှာ တစမငြည်းစွာ ကျနော့်ကို ချစ်လာခဲ့တဲ့ ကျနော့် ဇနီးသည်ကို ဆယ်နှစ်မြောက် အထိမ်းအမှတ်မှာ ပေးခဲ့တဲ့ လက်ဆောင်ပါ၊

အောင်ပွဲဆက်ဆက်


















ခရီးစပြီ
အနီ-အပြာ
ရန်နဲ.ငါစည်း
အပြီးဖြတ်ခဲ့
ပြတ်ပြတ်သားသား ...

လက်ဆင့်ကမ်းလျက်
တိုက်ပွဲဆက်ဖို.
အသက်သွေးချွေး
နီစွေးရဲရင့်
ကိုင်ဆွဲမောင်းပြန်
ဒေါင်းလံလွှင့်ဟေ့
မြင့်မြင့်မားမား ...

အရှေ.ကျွန်းက
နေ၀န်းနီနီ
ဒီရေမြင့်သစ်
ချစ်ခင်တတ်ပေါ့
မြတ်မြတ်နိုးနိုး ...

မုန်တိုင်းမိုးထဲ
စူးရဲနေရောင်
တောတောင်ကျော်ဖြတ်
အနာဂတ်ဆီ
ရှေ.ဆက်ချီပေါ့
ညီညီညာညာ ...

သီချင်းတပုဒ်
နှုတ်တိုက်ရွတ်ကျက်
`အောင်ပွဲဆက်ဆက်ခံဦးမည်`

ATN

မွန်ပြည်နယ် တောင်ပိုင်းဒေသမှာ ထုတ်ခဲ့တဲ့ စာစောင်တခုမှာ ဖော်ပြခဲ့ဖူးပါတယ်၊ နှစ်တော့ မမှတ်မိတော့ပါ။
`အောင်ပွဲဆက်ဆက်ခံဦးမည်`ဆိုတာ ကိုလေးညွန်.ရေးခဲ့ပြီး ဗကသများအဖွဲ.ချုပ်က ဗကသသီချင်းအဖြစ် သတ်မှတ်ခဲ့တဲ့ ကျောင်းသားသီချင်းပါ။

အလင်းလက်ဆုံး ပန်းချီကား



















ရင်ပြင်ထဲမှာ
သူပုန်ခြေလှမ်း
လှမ်းကြ၊
မော့ထား ...
မာန်ဝင့်တဲ့ ဦးခေါင်း တသီတတန်း -
(မာယာကော့ဖ်စကီး)

နေ. နေခြည်က
သူ.နာရီသံပတ်ကို
အထပ်ထပ် တင်းလို. ...

သင်တို.ဖြတ်လာတဲ့
မြစ်တစင်းက
လေးဖင့်ပျင်းရိလဲလျောင်းလို. ...

ဖုန်တထောင်းထောင်းနဲ.
မောင်းနှင်သွားတဲ့ ခေတ်လှည်းကို
အတင်းဆွဲထားလိုသူများက
ဆူပူကျိန်ဆဲ ရွံမုန်းလို. ...

သင်တို.မတော့
ဒါတွေကို ဂရုမမူအား
အမြှုပ်တစီစီနဲ.မြင်းများလို
မောပမ်းခြင်းတွေကို မှုတ်ထုတ်လို. ...

သင်တို.အလုပ်က
ဒဿဂီရီ မှန်သမျှ
လုံးဝမြေမြှုပ်အမြစ်ဖြုတ်ဖို. ...

အမှန်တရားက သင်တို. နှလုံးသား၊
သင်တို.ဓါးက ယုံကြည်မှု၊
သင်တို. အားက ပြည်သူလူထု၊

လက်နှီးစုတ်လို ဆွေးမြေ့ပေညစ်
အဖေါက်ပြန်ဆုံးစနစ်တခုရဲ.
ကုပ်ခြစ်မှုအောက်က
ကျိုးကြေခဲ့ ဘ၀များကို
တော်လှန်ရေးရထားပေါ်တင်လို. ...
သင်တို. ...
တိုက်ပွဲများဆီ ချီခဲ့ပြီ၊

သွေးကြောတွေထဲမတော့
အောင်ပွဲက အပြိုင်းအရိုင်း
ဒီလှိုင်းတွေက ခုန်ကြွမြင့်မောက်၊
မိုးသောက်တံခါးဝ
ခြေချရောက်ရင်
သင်တို.သွေးနဲ.
ဆေးသီခြယ်မှုန်း
အလင်းလက်ဆုံးပန်းချီကားတချပ်
ပန်းများ စောင့်ကြပ်ကြပါကုန်။

ATN

ဒေါင်းအိုးဝေမှာ ဖော်ပြခဲ့ဖူးပါတယ်၊ ၁၉၉၃ လို.ထင်ပါရဲ.။