သံယောဇဉ်
ကိုယ့်ကိုယ်ကို
တင်းတင်းကျပ်ကျပ်
အမှတ်တမဲ့ ချည်နှောင်ခဲ့မိသော
ပူလောင်နေသည့် ကြိုးများ...
(အောင်သာငယ်)
Nov 8, 2009
စွန်းထင်းမှု (၃၀)
Nov 7, 2009
စွန်းထင်းမှု (၂၉)
ပေကျံမှု
အမဲပေါ်ကို အဖြူတစက်
စွန်းကွက်သွားတာမျိုး...
ဒါမှမဟုတ်...
အဖြူပေါ်ကို အမဲတစ
ပြုတ်ကျလာတာမျိုး...
(အောင်သာငယ်)
Nov 4, 2009
ပင်လယ်ကို ရှာမတွေ့ခဲ့သူ တယောက်အကြောင်း

သည်မှာ… …
ကြည့်ကြကွယ့်…
ဆယ့်နှစ်ကြိုး ထုံထားအောင် တီထွင်ပြီးခဲ့တဲ့ ဗျပ်စောင်းကို
တကယ့်အမျိုး စုံသွားအောင် စီရင်တီးခဲ့တဲ့ ဇာတ်ကြောင်းနဲ့
ဓါတ်ကောင်းခဲ့တဲ့ မှော်ဆရာပေါ့…
တနေ့သားတော့…
ဘ၀ညရဲ့ ပြိုပျက်နေတဲ့ လမ်းများ အစုစုမှာ
အလှအပနဲ့ မှိုတက်နေတဲ့ နှုတ်ခမ်းပါး အတု တခုကို
မရမကတဲ့ အလိုရမက်တွေနဲ့ နမ်းသွားမိတာ
သူ…ပေါ့…
တကယ်တော့…
သူဟာလေ အချိန်အခါဆိုတာ မသိလို့
လူတကာတွေ ကျိန်စာကိုသာ မိသွားတာလည်း
ဖြစ်ချင်ဖြစ်နိုင်ပါတယ်…
ဒါမှ မဟုတ်…
မိုင်သောင်းချီဝေးတဲ့ အဆန်အဝေးက ခရီးကို
စတိုင်ဘောင်းဘီလေးနဲ့ အကြံကလေး ရအပြီး
အိုင်… ကောင်းပြီ… ဟေး… ဟဲ့…လို့… မာန်ကလေး ထပြီး
အနိုင် သောင်းချီပေးကွယ့်လို့ ဟန်ရေးပြပြီး
သူ… ထွက်ခဲ့တာကိုး…
နောက်တော့လည်း…
တကယ့် အဝေးကလမ်း အထိ မိုင်ရာတွေ ထောင်ချီ အရှိမှာ
ဘယ့်ပြေးရမှန်း မသိ ထိုင်ကာလေ ငေါင်နေမိတာ
သူ… တယောက်ထဲပါပဲ… …
အမြစ်တွေ ၀င်တွယ် ခိုလာ အသိ နှောင်းမှာ
အချစ် ရေပြင်ကျယ်ဆိုတာ ရှိကြောင်းဟာ
အပြစ်တွေ မစင်ကြယ်သလိုသာ ရှိကောင်းတာ
သူ… သိခဲ့ပါရဲ့…
ခုတော့လည်း…
အချစ် ပင်လယ်ကို ရှာမတွေ့တဲ့ နှလုံးနဲ့
အပြစ် ရင်ဝယ်... အငို... လာဟေ့… ကွယ့်… အဆုံး...
အလစ် ၀င်တွယ်ခို... ငါ မမေ့တဲ့ အမုန်းနဲ့...
နှလုံး ကြေကွဲ ငိုက်ချထားရတဲ့ ဦးခေါင်းရဲ့
အရှုံးတွေပဲ ပိုက်ပြသွားရဖူးတဲ့ အကြောင်း
သူ… ဘယ်အခါမှ…
ကောင်းကောင်း မပြောပြလေတော့ဘူး… …
(အောင်သာငယ်)
Nov 3, 2009
နင်နဲ့ ငါ ချစ်သူတွေ မဖြစ်ကြတော့တဲ့အခါ

နှင်းရေ့…
ညီမလေးရေ့…
အရာရာတိုင်းမှာ…
ငါဟာ ရိုးသားခဲ့ပါတယ်…
ငါ့ နှလုံးသားကို မင့်ရှေ့မှာ ရိုးရိုးကြီး ချပြပြီးတဲ့အခါ
ကမ္ဘာကြီး ပြောင်းပြန်လည်သွားသလား…
(တကယ်တော့) မလည်ခဲ့ပါဘူး…
ကမ္ဘာကြီးဟာ
ငါ ရှိနေမှန်းတောင် မသိပါဘူးပေါ့…
နင်ကတော့ … ငါ့ကို ရူးနေပြီ ထင်တယ်…
“အချစ်တွေနဲ့ ကမ္ဘာကြီး လည်နေတာပါ”လို့
ငါက ပြောခဲ့မိတာကိုး…
တကယ်တော့လည်း
ပုထုဇနော ဥမ္မတကော ပါပဲလေ…
ငါဟာ သူရူးတယောက်ပါပဲ…
ငါက အချစ်တွေနဲ့ ရူးတယ်…
ငါက…
“ ငါ့တိုင်းပြည်လေးမှာ
သစ်မြစ်တွေကိုတောင် ငါချစ်တယ်…” ဆိုတဲ့
ပတ်ဘလိုနီရူဒါရဲ့ ကဗျာတွေကို ရူးတယ်…
ခုတော့…
မင့်ကို ချစ်တဲ့ အချစ်တွေနဲ့ ငါ ရူးတယ်…
“မချစ်နဲ့တော့”လို့ မင်း ပြောလာတဲ့အခါ
ငါ ပိုရူးချင်လာတယ်… ညီမလေး…
ညီမလေးရေ…
ငါ့အတွက် အမေ မမွေးပေးခဲ့သော ငါ့ နှမလေး…
ငါ့အား တေးဆိုခွင့်ပေးပါ…
“တရံရော အခါက ကိုယ့်ဘ၀ဟာ
ညှိုးငယ်ခဲ့ရတယ်…. ” အစချီတဲ့
ခင်ဝမ်းရဲ့ တေးတပုဒ်ပါ…
ငါ… ငိုနေတယ်လို့… မထင်နဲ့…
ငါ မငိုတော့ဘူး…
ငါ့မှာ ငိုစရာ… မျက်ရည်တွေ မရှိတော့ပါဘူးကွယ့်…
မင့်အတွက် တေးတပုဒ်ကိုပဲ
ငါ ဆိုချင်ပေးခဲ့တာပါ…
“ကြယ်စုံသော တညမှာ
မိုးယံကို ကြည့်ကာ
မြေပြင်ပေါ်မှာ ရပ်လျက်သေးငယ်စွာ
ဖြူလျော်သော ဘ၀ကို…
ဖြူလျော်သော ဘ၀ကို…
ဆေးရောင် ခြယ်လှည့်ပါ…
ဆေးရောင်ခြယ်လှည့်ပါ…
အချစ်တခုသာ
ကိုယ့်မှာ အားထားရာ…”… တဲ့…
နင်နဲ့… ငါ…
ချစ်သူတွေ… မဖြစ်ကြတော့တဲ့အခါ…
ငါ့မှာ အားထားစရာ…
ငါ့ ကိုယ် ငါပဲ ရှိတော့တာပေါ့လေ…
ငါ ကြေကွဲနေတယ်…
နှင်းရေ့… … …
(အောင်သာငယ်)
မင်းနဲ့စကားပြောရတာ ငါလည်း ပျော်ပါတယ်

တကယ်မှာတော့
ပြောစရာဆိုလို့ များများစားစား မရှိပါဘူး …ငါ့ညီရာ…
မင့် ကွဲနေတဲ့ အသည်းနဲ့
ငါ့ ကွဲနေတဲ့ အသည်း
အတူတူပဲ ဖြစ်တဲ့အကြောင်း…
ငါက ရင်ဘတ်ဟောင်းလောင်းကြီးနဲ့ ပြောမယ်…
အဲဒီအခါ
တို့ နှစ်ယောက်စကားကို
ကြားဖြတ်နားထောင်နေတဲ့ ”သစ်ကောင်း”ကလည်း
တဟဲ… ဟဲ… နဲ့… ရီချင်ရင် ရီမောနေလိမ့်မယ်…
ဒါမှ မဟုတ် ငါတို့ အကိုကြီး “ခင်အောင်အေး”ကလည်း
“ကောင်လေး ရဲ့… မင့် ကွဲသွားတဲ့ အသည်း
ငါ့ကို အရက်နဲ့ နည်းနည်း ပေးမြည်းကြည့်ပါလား… ”လို့ စချင်ရင် စနေဦးမယ်…
ခုတော့လည်း အားလုံးက ရယ်စရာတွေ ဖြစ်ချင်ဖြစ်တော့မှာပေါ့လေ…
သည်မှာ… ညီလေးရဲ့…
မင့်အကိုကြီးဖြစ်တဲ့ ငါဟာ
ခြေချော်လက်ချော် အသည်းကွဲခဲ့တာ မဟုတ်ဘူးကွယ့်…
ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါ…
ငါ့နေ့တွေဟာ ရောက်လာပြီ…
သို့သော်လည်း
ငါ စိုက်ခဲ့တာ ပဒိုင်းသီးတွေ မဟုတ်တော့….
ပန်းသီးတွေကိုပဲ ငါ ခူးရမယ်ဆိုတာ
မင်း သိပါတယ်ကွာ…
ခုတော့… နှင်းဆီပန်းခင်းထဲမှာ
ငါ… ကိုယ်လက်ဆန့်ပြီး ကျောခင်းနေတာ
မင်း မြင်ရဦးမှာပါ…
မပူပါနဲ့….
ကမ္ဘာ မပျက်သေးဘူး….
အခုဟာက
ငါတို့ ခဏတဖြုတ် ချော်လဲကြတာပါ…
မင့် အပြင်းစား ကဗျာတွေနဲ့
ငါ့ကို ဦးနှောက်စားချင်နေသေးလား…
ကဗျာတွေကို ခဏထားကွာ…
အစားအသောက်တွေ အကြောင်းပြောရအောင်…
ဒါမှမဟုတ်…
မော်ဒယ် လုပ်နေတဲ့ ကောင်မလေးတွေအကြောင်း…
ဒါမှ မဟုတ်ရင်လည်း
အသည်းကွဲတဲ့အခါ သောက်ဖို့ကောင်းတဲ့ အရက်တွေ အကြောင်း…
(ခဏ နေဦးကွ…)
အသည်းကွဲကြတဲ့အခါ…
အရက်ပဲ သောက်ရမှာလို့ ဘယ်သူက သတ်မှတ်ခဲ့တာပါလိမ့်….
ငါ အသည်းကွဲပြီး လူးလိမ့်နေခဲ့ရတဲ့ ညမှာ
ငါ သောက်ခဲ့မိတာ… ရေတွေချည့်….
(ရှိပါစေတော့ကွာ…)
ခုတော့ … ငါသောက်နေတာက
အင်နာဂျီ ဒရင့်ခ်တွေချည့်….
အဲဒါကို မင်း သိသွားရင် စိတ်ပျက်မယ်….
ငါကလည်း တကယ်တော့
လူတကာ စိတ်ပျက်ချင်စရာကောင်းတဲ့ အကောင် တကောင်ပေါ့ကွာ…
ဒါပေမယ့်
ငါက သိပ်ချစ်တတ်တဲ့ကောင်ပါ…
ကဗျာတွေကို ချစ်တယ်…
ကဗျာတွေကို ချစ်တဲ့ကောင်တွေကို ချစ်တယ်
(ကဗျာတွေကို ချစ်တဲ့ ကောင်မလေးတွေဆို ပိုချစ်တယ်…)
အလကား စတာပါကွာ…
(တော်ကြာ… အကိုကြီးက ငါ့ကို ဆဲရေးနေဦးမယ်… )
အကိုကြီးကိုလည်း ငါက ချစ်တယ်…
မင့်ကိုလည်း ချစ်တယ်…
ကမ္ဘာကြီးကိုလည်း ငါချစ်တာပေါ့…
ကမ္ဘာကြီးကတော့ ငါ့ကို မချစ်ဘူးထင်တယ်…
ဒါမှမဟုတ်…
ဘုရားသခင်က
ငါ့ကို မချစ်တာလည်း ဖြစ်နိုင်တယ်…
ဘာပဲဖြစ်ဖြစ်ကွာ….
မင်းနဲ့ စကားပြောရတာ
ငါလည်း ပျော်ပါတယ်…
(အောင်သာငယ်)