Sep 1, 2014

ဘလော်ဂါများသည် မျက်နှာစာအုပ်၌ ပျော်မွေ့နေကြလေကုန်သတည်း...

သြဂတ်စ်-လ (၃၁) ရက်ကို ဘလော့ဂ်ဒေး-ဆိုပြီး သတ်မှတ်ထားတယ်-လို့... ဆိုကြပါတယ်... ကျုပ်ကတော့ သိပ်ပြီး စိတ်ဝင်စားလှတယ်ရယ်တော့ မဟုတ်ပါဘူး... သို့သော်လည်း ဘလော့ဂ်တွေ ရေးကြတုန်းက ခင်ရာမင်ရာ... စိတ်တူ အယူအဆတူရာ... ဘလော်ဂါတွေ ဖြစ်တဲ့ ပန်ဒိုရာ-တို့... ပျူနိုင်ငံ-တို့... သက်ဝေ-တို့ ရေးထားတဲ့ ပို့စ်တွေကို ဖတ်မိပြီးတော့ ကျုပ်လည်း ငှက်ဖျားတက်သလို-ဖြစ်လာတာနဲ့ စိတ်ထဲ ရှိတာလေးတွေ ချရေးချင်စိတ် ပေါ်လာတော့တာပါပဲ...

Inspiration ပဲ ခေါ်မလား... Motivation ပဲ ခေါ်မလား... ဘာပဲဖြစ်ဖြစ် သူတို့ ရေးတဲ့စာလေးတွေက စာမရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျုပ်ကို စာရေးချင်စိတ်ဖြစ်အောင် လုပ်နိုင်တာတော့ အမှန်ပါပဲ... တကယ်ပြောရရင်တော့ အခြား ဘလော်ဂါတွေလည်း သည် ဘလော့ဂ်ဒေးနဲ့ ပတ်သက်ပြီး ရေးကြမယ် ထင်ပါတယ်... သို့ပေသည့်... သူတို့လောက်တော့ ကျုပ်ကို စာရေးချင်စိတ်ဖြစ်အောင် လုပ်နိုင်မယ် မထင်ဘူး...

ခင်ဗျားတို့ ဖတ်ချင်စိတ်ရှိရင်... သည်မှာက အဲ့သည် သုံးယောက် ရေးထားတဲ့ ပို့စ်တွေပါ...


ပျူနိုင်ငံ - https://www.facebook.com/notes/10152191510217030/


-------------------------------------------------------------------------------------------------------

အလုပ်က ပြန်ရောက်ရောက်ချင်း ရေမချိုး ထမင်းမစားခင်လေးမှာ... မျက်နှာစာအုပ်ကို အရင်ဆုံး ကျုပ် ဖွင့် ဖတ်လိုက်တယ်... မတ်စေ့ ဘယ်နှစ်ခု ရောက်နေသလဲ အရင်ကြည့်တယ်... နိုတီတွေ ဘယ်နှစ်ခု တက်နေသလဲ အရင်ကြည့်တယ်... ပြီးတော့မှ ကျန်တဲ့ အလုပ်တွေ လုပ်ဖြစ်တော့တာ... ဖေ့စ်ဘွတ်ကာ-လို့ ခေါ်ရမလား... ဘာခေါ်ရမလဲ-တော့ ကျုပ်လည်း တကယ့်ကို မသိတာအမှန်... တနေ့တနေ့ မျက်နှာစာအုပ်ကိုမှ ဖွင့် မဖတ်ရရင် ဘ၀အဓိပ္ပါယ်တွေပဲ မဲ့သွားသလိုလို... ဖြစ်နေပုံများ ပြောပါတယ်... 

ဒါပေသည့် သည့်မတိုင်ခင်... ဟိုးလွန်ခဲ့တဲ့ ခွန်နှစ်နှစ် လောက်ကတော့... သည်လို အဖြစ်မျိုး အားလုံးလိုလို ကြုံခဲ့ကြဖူးသပေါ့လေ... အဲ့သည် အချိန်တုန်းက မျက်နှာ စာအုပ် မပေါ်သေးဘူး... ဗမာပြည်မှာ ရွှေဝါရောင်တော်လှန်ရေးကာလ... နိုင်ငံရေးအရ... တိုက်ပွဲတွေ စိန်ခေါ်ပွဲတွေ ဖြစ်ရှိလာခဲ့သလို... နည်းပညာအရလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်... နည်းပညာတိုက်ပွဲတွေ စိန်ခေါ်ပွဲတွေ ဖြစ်ရှိလာခဲ့တာပါပဲ... အထူးသဖြင့် အင်တာနက်-လို့ အများတကာခေါ်နေကြတဲ့ တကမ္ဘာလုံး-ဆိုင်ရာ ကွန်ပြူတာကွန်ယက်ကြီးမှာ... ဗမာပြည်က ပါဝင်စီးမျောနိုင်အောင်... ဗမာ့ ကွန်ပြူတာပညာရှင်တွေ ကြိုးစားခဲ့ကြတဲ့ကာလ-လို့ အသိအမှတ်ပြုရပါမယ်... 

ရွှေဝါရောင်တော်လှန်ရေး-နဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်ကို တင်ပေးနိုင်ဖို့ နည်းလမ်းနဲ့ နည်းပညာလိုပါတယ်... သည်လိုအပ်မှုကို နည်းလမ်းအရကတော့... လူသိများတဲ့... blogspot.com နဲ့ wordpress.com က ဖြည့်ဆည်းပေးပါတယ်... သို့သော်လည်း အရာရာ ချွတ်ခြုံကျနေတဲ့ ကျုပ်တို့နိုင်ငံမှာ နည်းပညာတွေကို ဖြည့်ဆည်းပေးခဲ့သူတွေကတော့... Saturn God... ညီလင်းဆက်... ရန်အောင်... ကိုမောင်လှ... အစရှိတဲ့သူတွေ ဖြစ်ပါတယ်... ကျုပ် မှတ်မိသမျှ ပြန်ပြောပြတာပါ... ကိုကျော်မင်း-တို့လို ပုဂ္ဂိုလ်တွေလည်း ရှိနေပါသေးတယ်... အမည်တချို့ ကျန်ရစ်သွားရင်တော့ အောင်သာငယ်ရဲ့ ချို့ယွင်းနေတဲ့ မှတ်ဥာဏ်ကိုပဲ အပြစ်ဖို့နိုင်ပါတယ်...

ကျုပ်က ၂၀၀၇ မတိုင်ခင်မှာ ကွန်ပြူတာနဲ့ တော်တော့်ကို ရင်းနှီးခဲ့သူပါ... သို့ပေသည့် ကျုပ်သုံးတာကတော့ DTP (Desktop Publishing) အတွက်ပဲ သုံးတာဆိုတော့ အွန်လိုင်းကိစ္စတွေ သိပ် အာရုံ မထားမိပါဘူး... ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကျခါမှ... အွန်လိုင်းပေါ်မှာ မှိုလိုပေါက်လာတဲ့ ဘလော့တွေကို စပြီး သတိထားမိလာတာပါ... ကျုပ် သူငယ်ချင်း ကဗျာဆရာ-ယောဟန်အောင်-ဆိုရင်... ဘလော့ဂ် တလုံးထောင်ပြီး သူငယ်ချင်း အပေါင်းအသင်းတွေ များနေပါပေါ့... သူ့ကို အားကျတာနဲ့ ကျုပ်လည်း ကျုပ်ဘာသာ blogspot.com ကိုသွားပြီး ဘလော့ဂ်တလုံးထောင်တော့တာပေါ့... ဒါပေသည့် ကျုပ်က ဘလော့ဂ်တွေအကြောင်း ဘာမှ မသိဘူးလေ... သည်တော့ ရေးသမျှက ဘိုလိုတွေချည့်... ကျုပ်ရေးထားတဲ့ ကဗျာတွေကို တင်ချင်တော့... ဗမာလို ဘယ်လိုတင်ရမှန်းမသိတာနဲ့ jpg file လုပ်ပြီး ကဗျာတွေကို တင်တာ... အဲ့သဟာက ၂၀၀၇ ဒီဇင်ဘာထဲမှာပါ...

ဒါနဲ့ ကဗျာဆရာ-ယောဟန်အောင်-က ကျုပ် ဘလော့ရေးချင်မှန်းသိတော့ ခင်ဗျား-ဘလော့ဂ်ကို ကျုပ် ၀ိုင်းကူပေးမယ်-ဆိုပြီး ကျုပ် မသိသေးတဲ့ တချို့အရာတွေကို သူဝင်လုပ်ပေးသွားတယ်... အဲ့လို ၀င်လုပ်ပေးရင်းနဲ့ ကျုပ်ကို သူ မိတ်ဆက်ပေးခဲ့တာက ... ခု ခင်ဗျားတို့က ခင်မင်းဇော်-လို့ သိနေကြတဲ့ ကျုပ်တို့ရဲ့ စီနီယာ ဘလော်ဂါမမကြီး... ဒီဗီဗွီ-သတင်းထောက် ဒေါ်ကြည်ကြည်ခင်-ပါ... သူပဲ ကျုပ် ဘလော့ဂ်လေးကို လူရိုသေ ရှင်ရိုသေ ဖြစ်အောင် လုပ်ပေးခဲ့တာ... (ကျေးဇူး မမေ့ပါဘူး မခင်မင်းဇော်ရေ့... သည်မှာ ထည့်ပြောထားတယ်နော...)...

သည်လိုနဲ့ ကျုပ်ဘလော့ဂ်လေးက ကြည့်ကောင်း ရှုကောင်းပေါ့... သည်လိုနဲ့ ခင်မင် ရင်းနှီးရာ... နောက်ထပ် ဘလော်ဂါတွေလည်း ထပ်ရပေါ့... သည်နေရာမှာ ကျုပ်တွေ့တာက အဲ့သည် အချိန်မှာ ဘလော့ဂ်ရေးနေတဲ့သူတွေကလည်း... ကေတီဂိုရီတွေ ခွဲလိုက်မယ်-ဆိုရင် အမျိုးမျိုး အပြားပြား ရှိနေတယ်... အဓိက ပြောရရင်တော့.. အုပ်စု နှစ်စု ရှိတယ်... တစုက ရည်ရွယ်ချက် ရှိရှိနဲ့ကို ဘလော့ဂ်ရေးတာ... တစုကတော့ အပျင်းပြေသဘောမျိုးဖြစ်မယ်... အပျင်းပြေသဘောရေးနေတယ်-လို့ ဘာလို့ ပြောနိုင်လဲ-ဆိုတော့... ဘာပဲရေးရေး... ရေးချင်တဲ့ အချိန်မှာရေးတယ်... ရေးချင်သလိုရေးတယ်... တင်သမျှ ပို့စ်တွေအတွက် ကွန်မန့်တွေ တက်လာလည်း ဂရုမစိုက်ဘူး..

 နောက်တစုကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးနေတဲ့ ဘလော့ဂါတွေ... သူတို့ဟာ ပုံမှန် ရေးလေ့ မရှိတောင်မှ... ရေးသမျှ ပို့စ်တွေမှာ ရောက်လာတဲ့ ကွန်မန့်တွေကို တလေးတစား လေးလေးနက်နက် တန်ဖိုးထားပြီး တုန့်ပြန်လေ့ရှိကြတယ်... သည်မှာလည်း ကွဲပြားမှုတွေ ရှိပါသေးတယ်... တချို့က ဘာသာရေး-သက်သက်... တချို့က နိုင်ငံရေးသက်သက်... တချို့က ချက်ပြုတ်စားသောက်ရေးသက်သက်... တချို့က ပန်းချိသက်သက်... တချို့က ဂီတ သက်သက်... တချို့က ခရီးသွားခြင်း သက်သက်... တချို့ကလည်း သတင်းသက်သက်... တချို့ကလည်း ကဗျာ သက်သက်... တချို့ကလည်း နည်းပညာ သက်သက်... ဒါပေသည့် သည် ဘလော်ဂါတွေဟာ tremendous effort လို့ ပြောရမယ့် ... စိတ်ရော-ကိုယ်ပါ သူတို့ ဘလော့ဂ်မှာ မြှုပ်နှံထားကြသူတွေပါပဲ... 

ကျုပ်ကတော့ အစုံသုပ်လို့ ပြောရမလား.. ဒါမှ မဟုတ် ဆယ့်နှစ်မျိုး-ဟင်းချိုလို့ ပြောရမလား... အဲ့လိုကောင်... ကျုပ်ဘလော့မှာ ကျုပ် တင်ချင်ရာ တင်တာပဲ... တခါတခါ စာတွေ ရေးတယ်... တခါတခါ ကဗျာတွေ ရေးတယ်... တခါတခါ ကိုယ်တိုင် ဆိုတီးလေးတွေ တင်တယ်... တခါတခါလည်း တကယ့်ပန်းချီမဆွဲတတ်တော့ ဒစ်ဂျစ်တယ်အာ့တ်-ဆိုပြီး ကိုယ့်ဘာသာကိုယ် ပန်းချီ-လို့ အမည်ပေးထားတာတွေ တင်တယ်... ကျုပ်လုပ်ချင်ရာ ဘလော့ဂ်မှာ အကုန်လုပ်တာပါပဲ... တားမယ့် ဆီးမယ့်သူလည်း မရှိဘူးကိုး...

သည်လိုနဲ့ ကျုပ်နဲ့ အကြောအပေါ သင့်သူတွေ များလာတယ်... အများစုကတော့ ကဗျာရေးသူတွေပါပဲ... ဥပမာ... ယောဟန်အောင်... နှင်းခါးမိုး... ကောင်းကင်ကို... ပန်ဒိုရာ... မနော်ဟရီ... တင်မင်းထက်... လင်းဒီပ... ဆောင်းယွန်းလ... စစ်ငြိမ်း(ဒီရေ)... မှူးဒါရီ... နွေဆူးလင်္ကာ-စသည့်ဖြင့်ပေါ့... (တချို့ အမည်မဖော်ပြမိသူတွေ ရှိခဲ့ရင် တမင်တကာချန်လှပ်ထားခဲ့ခြင်း မဟုတ်ကြောင်းကိုတော့ သိစေလိုပါတယ်...)

သည်လိုနဲ့ ကျုပ်လိုမျိုး အစုံသုပ်တွေကြားထဲမယ်... အကြောင်းအရာစုံ နယ်ပယ်စုံရေးကြတဲ့ ဘလော်ဂါတွေနဲ့လည်း ကြုံရပါသေးတယ်... ဥပမာ... နံမည်ကြီး အတိုက်အခံခေါင်းဆောင်... (အဲ့လေ... ဟုတ်ပါဘူး...) နံမည်ကြီး ဘလော်ဂါ... (ကိုပေါ) တို့... (ကိုလူသစ်) တို့.... စသည်ဖြင့်ပေါ့... 

သည်လိုနဲ့ သုတ-ရသ မျိုးစုံ ရေးကြတဲ့ ဘလော်ဂါတွေနဲ့လည်း ကြုံရပါသေးတယ်... ဥပမာ... ကေသွယ်...  သုနှင်းဆီ... သက်ဝေ... ချစ်ကြည်အေး... စသည်...

တခု ကျိမ်းသေတာကတော့... ၂၀၀၇ ကနေ စတင်ခဲ့တဲ့ ဘလော့ဂ်တွေဟာ ၂၀၀၈-၂၀၀၉ ကာလတွေမှာ ဘုန်းမီးနေလ အတောက်ပခဲ့ဆုံး အချိန်တွေပါပဲ... သည် အချိန်ကာလတိုလေး အတွင်းမှာ... အဲ့သည် ဘလော်ဂါတွေဟာ...  ကျုပ်တို့ အမိဗမာပြည်ကြီးအတွက် သူတို့ တတ်နိုင်သမျှ လုပ်ခဲ့ကြပါတယ်... ဒါတွေကို တဦးချင်းစီရဲ့ ဘလော့ဂ်တွေမှာ သွားရောက်ကြည့်ရှုနိုင်တယ်... 

သို့သော်လည်း မျက်နှာ စာအုပ် ပေါ်ပေါက်လာတဲ့ အချိန်မှာတော့... blogspot.comမှာ မရခဲ့တဲ့ အရာတွေကို ဘလော်ဂါတွေ ရရှိသွားတယ်... အဲ့ဒါက ဘာတွေလဲ-ဆိုတော့... Anonymous နဲ့ အဆဲခံစရာ မလိုတော့ဘူး... ကိုယ့်သူငယ်ချင်း မျက်နှာကို ကိုယ်တွေ့ခွင့်ရှိတယ်... ကိုယ်မကြိုက်ရင် ကိုယ်မကျေနပ်ရင် ကိုယ်လက်မခံချင်တော့ရင်... ရီးစားကအစ တသက်လုံး မမြင်ရအောင် block ပစ်လိုက်လို့ရတယ်... blogspot.com လို ပို့စ်တွေကို ခက်ခက်ခဲခဲ တင်နေစရာမလိုဘူး... စတေးတပ်စ်ကနေတင်လည်း ရတယ်... စသည်ဖြင့်ပေါ့လေ...

သည်လိုနဲ့ ကျုပ်လည်း မျက်နှာ စာအုပ်ကြီးအပေါ် ရောက်သွားတယ်... အလိုလေး... ကျုပ် တယောက်တည်း မဟုတ်ပါ့လား... ဘလော့ဂ်မရေးတော့တဲ့ ဘလော်ဂါတွေ-ဆိုတာ မျက်နှာ စာအုပ်ကြီးအပေါ်မှာ လန်းလန်း-လန်းလန်းနဲ့... ခြင်ဖြစ်လာမယ့် ပိုးလောက်လန်းတွေ ရေမျက်နှာပြင်မှာ တက်ကပ်နေကြသလိုမျိုး... 

ခုချိန်မှာ ပြန်ကြည့်လိုက်ပါဦး... ကျုပ်လည်း စိတ်လိုလက်ရရှိမှ... ကျုပ် ပစ်ထားတဲ့ ဘလော့ဂ်လေးမှာ... ပို့စ်တခု နှစ်ခုလောက် သွားတင်မိတာ... ခင်ဗျားတို့ကရော...

(atn)

6 comments:

မိုးငွေ့........ said...

လာဖတ်သွားတယ် ကိုကြီးငယ် ဒီနှစ် ဘလော့ဒေးတော့ လူစုံတက်စုံရေးကြသားပဲ မဆိုးပါဘူး..။

Ma Tint said...

ပို့စ်တွေအားလုံး ဖတ်ပြီးသွားပြီ ထူးထူးခြားခြား ATN ရဲ့ ပို့စ်လေး တက်လာတာမြင်လို့ ..

မောင်မျိုး said...

ဘလော့တွေ လိုက်မွှေရင်း အန်ကယ့်ဆီ ပါရောက်လာခဲ့တား)

ပြန်ပြော ပြန်တွေးစရာလေးတွေနော့် ပျော်စရာတွေပါပဲ

Anonymous said...

Post writing is also a excitement, if you know then you
can write otherwise it is complex to write.

Also visit my blog post; τραπεζαριες ()

စံပယ်ချို said...

လူစုံတက်စုံမ်ြင်ရတော့ကိုယ့်အသက်တောင်ငယ်သွားသလားထင်မိတယ်.......ပျော်လွန်လို့ပါ

မဒမ်ကိုး said...

ဖဘဖြတ်ပြီးဒီထဲပြန်လာတာ အကိုအောင်သာငယ်စာဖတ်မိပြီးပြန်သွားချင်တဲ့စိတ်ပေါက်သွား :P