Aug 19, 2009

ရင်ဘတ်ထဲက နှင်းဆီဖြူ

ရွာသားလေးက ကျနော့်ကို ရေးစေချင်တယ်ဆိုလို့ ရေးလိုက်တာပါ...
ခံစားမိသလိုရေးပါတယ်...

ပန်းလေးတပွင့်ကို... မခူးရက်လို့ ငေးမောမိသူ...
ကျနော့်အဖြစ်ဟာ... တကယ်နောက်ဆုံးတော့ ကြေကွဲစရာ...
ဝေးဝေးသို့သာ... အသည်းနင့်နင့် ကျောခိုင်းထွက်ခွာ...
ဘ၀တလျှောက်မှာ... ဘယ်လိုနည်းမှ မဖြေသိမ့်သာ...
ရောက်လေရာ... အမြဲ မျက်ရည်ဝဲဖို့ အကြောင်းဖန်လာ...
အဖေါ်မစုံသော ခရီးဟာ... နွေပူကျဲတဲ့ နွေကန္တာ...


ကြိုးကြာသံ အယ်လ်ဘမ်ထဲမှ ခင်မောင်တိုး၏ သီချင်းတပုဒ်က သူ့ အခန်းထဲမှာ တီးတိုးလွင့်ပျံနေလေသည်။ ကုတင်ပေါ်မှာ လဲလျောင်းရင်း တဖက်နံရံပေါ်မှာ ချိတ်ထားသော မှန်ဘောင်သွင်း ဓါတ်ပုံထဲက နှင်းဆီပန်း အဖြူတပွင့်ကို သူ ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲမှာ ပျံ့လွင့်နေသော သီချင်းသံနှင့်အတူ သူ့အတွေးများကလည်း ဆပ်ပြာပူဖေါင်းတွေ လေထဲမှာ ဝေ့၀ဲပျံ့လွင့်သွားကြသလိုမျိုး သူ မေ့လျော့ထားခဲ့သော - သို့မဟုတ် - မေ့လျော့ထားချင်ခဲ့သော အတိတ်ဆိုသည့် အချိန်ကာလတခုဆီ ဝေ့၀ဲလွင့်ပျံသွားကြလေတော့သည်။

-------------------------------------------------------

မနက်စောစော အမေ ကျော်ပေးသော ထမင်းကျော်ကို ပဲပြုတ်တချို့နှင့်အတူ ထမင်းဘူးထဲ ဖြည့်ထည့်လိုက်ပြီးနောက် လွယ်အိပ်ဆွဲကာ ကားဂိတ်ဆီသို့ သူထွက်လာခဲ့သည်။ သည်နေ့တော့ နည်းနည်း သူ နောက်ကျနေသည်။ ဓါတု ပရက်တစ်ကယ်က ၇ နာရီ စမှာဆိုတော့ ကားစောင့်ရမှာနဲ့ဆို ၇ နာရီ ၁၅ လောက်မှ ကျောင်းကို သူရောက်တော့မည်မှာ သေချာနေသည်။ ရွာလယ်လမ်းလေး အတိုင်း ခပ်သုတ်သုတ်လျှောက်ရင်း ပိုက်ဆံအိတ်ထဲမှ အကြွေတချို့ကို ကားခပေးဖို့ နှိုက်ထုတ်လိုက်သည်။ သည်အခိုက်မှာပဲ သူ့နံဘေးအနားမှာ အနီရောင် အရိပ်တခုက ထိုးဆိုက်ကျလာသည်။ သူ အလန့်တကြားလှည့်ကြည့်လိုက်တော့ အနီရောင် တိုယိုတာကားလေးတစီး....
“ကျော်စွာ... ကားပေါ်တက်လေ... နင် ကျောင်းနောက်ကျနေပြီ...”
ကားထဲမှ ထွက်လာသော အသံနောက်ကို လိုက်ကြည့်လိုက်တော့ သူနဲ့ တတန်းထဲ တရပ်ကွက်ထဲက သူငယ်ချင်း “နှင်းအေးဖြူ”...
သူ ကြောင်ပြီး ရပ်နေမိသည်။ ဘာမှလည်း ပြန်မပြောဖြစ်။
“ဟဲ့... ဘာဖြစ်နေတာလဲ... ကားပေါ်တက်ပါဆို... ” ပြောရင်း နောက်ခန်းတံခါးကို တွန်းဖွင့်လိုက်သည့် သူငယ်ချင်းကို အယောင်ယောင် အမှားမှား ပြုံးပြရင်း ကားနောက်ခန်းထဲ ၀င်ထိုင်လိုက်မိသည်။ ကားတံခါးကိုလည်း ဖြည်းဖြည်းချင်း ဆွဲပိတ်လိုက်သည်။ သည်မှာ ကားမောင်းသမားထိုင်ခုံမှာ ထိုင်နေသော ဦးလေးကြီးက.... “ကောင်လေး... တံခါး မစေ့သေးဘူး... ပြန်ဖွင့်ပြီး သေချာအားနဲ့ ဆွဲပိတ်လိုက်....” လို့ ပြောမှ ကားတံခါးကို ပြန်တွန်းဖွင့်ပြီး “ဂျိုင်း”ကနဲ မြည်အောင် သူ ဆောင့်ပိတ်လိုက်သည်။ ဆောင့်ပိတ်ရင်းလည်း စိတ်ထဲက အားနာနေမိသေးသည်။ ကားတံခါးများ တခုခု ဖြစ်သွားမလားလို့...။ ဘာလို့ဆို သူ့ဘ၀ တလျှောက်လုံးမှာ သည်တခါပဲ ကိုယ်ပိုင်ကားတစီးရဲ့ တံခါးတခုကို ဆောင့်ဆွဲပိတ်ဖူးတာလေ။
“နင်... ဘာလို့ သည်နေ့ နောက်ကျနေတာလဲ...” မေးလာသော “နှင်းအေးဖြူ”ကို ပြန်ကြည့်ရင်း ကားနောက်ခန်းမှာ အတူတူ တွဲထိုင်နေမိတာကို သူ သတိထားမိသွားသည်။ စိတ်ထဲမတော့ ကြည်နူးမိသလိုလို အားနာမိသလိုလို...
“အင်း... ကျနော် သည်နေ့ အိပ်ယာထတာ နောက်ကျသွားတယ်... ညက အဖေနေမကောင်းလို့ နင်းနှိပ် ပြုစုပေးနေရတာနဲ့ ညဥ့်နက်သွားတယ်လေ... အမေလည်း အိပ်ယာထ နောက်ကျသွားတော့... အမေ ကျော်ပေးတဲ့ ထမင်းကျော်ကိုလည်း စောင့်နေရသေးတာကိုး...” သူပြောတော့
“နင်ဟာလေ... ခုထိ ငါ့ကို... ကျနော်... ကျနော်နဲ့... ပြောနေတုန်းပဲ... အဲဒါ အရမ်း သူစိမ်းဆန်တယ်ဟဲ့... သိရဲ့လား...” လို့ သူ့ကို ပြောလေသည်။
သူကလည်း အူကြောင်ကျား အကြည့်နဲ့ ပြန်ကြည့်မိရင်း “ဟုတ်ကဲ့...” ဟု ပြောမိလေသည်။
“အာ... လာပြန်ပြီ... ဟုတ်ကဲ့...နင်က... ငါ့ကို မခင်လို့လား...” မေးတော့
“သြော်... မဟုတ်ပါဘူး... လေးစားသမှုနဲ့ပါ...” လို့ သူပြန်ပြောမိလေသည်။
“ကျနော့် စိတ်ထဲမှာ နှင်းကို... နင်နဲ့ ငါနဲ့ မပြောချင်ဘူး... နှင်းကို ကျနော်ခင်ပါတယ်... နှင်းနဲ့ ကျနော်လို့ပဲ ပြောပါရစေ... နင်နဲ့ ငါနဲ့တော့ မပြောပါရစေနဲ့...” တဆက်ထဲ ပြောမိရင်း “ကျနော့်ကိုတော့ နှင်း ကြိုက်သလို ခေါ်ဝေါ် ပြောဆိုနိုင်ပါတယ်...” လို့ သူပြောနေဆဲ...
“နင်ကလေ... ရီရတယ်... အရင်တုန်းကတော့ ငါ့ကို (မ...) တပ်ခေါ်တာ... ခုတော့ နှင်းတဲ့... ဟင်း...ဟင်း...”
ထိုသို့ နှင်းပြောမှ သူ့ဘာသာ အလန့်တကြား ပြန်စဉ်းစားခဲ့မိသည်။ ဟုတ်ပါသကော။ ကျောင်းစတက်ကတည်းက လက်တွေ့ခန်းမှာ အတူတူ တလျှောက်လုံးမှာ မနှင်းအေးဖြူလို့ပဲ သူ ခေါ်ခဲ့ဖူးသည်။ ခုမှ ဘယ်လိုက ဘယ်လို နှင်းဖြစ်သွားသလဲ သူလည်း မသိတော့။ သူ့လျှာတွေ သည်နေ့ စလစ်ဖြစ်သွားတာ ဖြစ်မည်။
“ဘာပဲဖြစ်ဖြစ် နင် ငါ့ကို အဲလို ခေါ်တာ ငါ ကြိုက်ပါတယ်...”
“ဒါနဲ့... ငါပြောဦးမယ်... တို့တွေက တကျောင်းထဲ တက်နေတာပဲ... ရပ်ကွက်လည်း တခုထဲ... လမ်းလည်း တခုထဲ... နောက်နေ့ကစပြီး... နင် ဘတ်စ်ကား မစီးနဲ့တော့... ငါတို့ကားကိုပဲ... အတူတူ စီးကြမယ်... ဟုတ်ပြီလား... ခု ရွာလယ်လမ်းဆုံလေးမှာပဲ မနက်ကျရင်စောင့်နေတော့... ဟုတ်လား...”
“ဟုတ်ကဲ့...”
“ဟယ်... လုပ်ပြန်ပြီ... ဟုတ်ကဲ့... တဲ့... အေးပါ...လို့ နင် မပြောတတ်ဘူးလား...”
“အေး... အေး... အေးပါ...” ထစ်ထစ် ငေါ့ငေါ့ သူပြောမိတော့ နှင်းက ချစ်စရာကောင်းအောင် ရီနေပြန်သေးသည်။

သည်လိုနဲ့ ကျောင်းဖွင့်သော ရက်တွေအားလုံးမှာ ရွာလယ်လမ်းဆုံလေးမှာ နှင်းရဲ့ ကားကို စောင့်ရင်း သူ ကဗျာတွေ စပ်ခဲ့ဖူးသည်။
သည်လိုနဲ့ ကားနောက်ခန်းမှာ နှင်းနှင့် အတူထိုင်ရင်း စာတွေအတူ ဆွေးနွေးခဲ့ဖူးသည်။
သည်လိုနဲ့ နှင်းအပေါ်မှာ သူ့ သံယောဇဉ်တွေ ထူထပ်ခဲ့ဖူးသည်။
သည်လိုနဲ့ မတူခြားနားသော ဘ၀နှစ်ခုအကြောင်းကို သူ ကောင်းကောင်း စဉ်းစားခဲ့ဖူးသည်။
သည်လိုနဲ့ ချစ်ခြင်းမေတ္တာကို နှလုံးသားတခုပေါ်မှာ တင်ပစ်လိုက်ဖို့ သူစဉ်းစားရ ခက်ခဲခဲ့ဖူးသည်။
သည်လိုနဲ့ ဘ၀နှစ်ခု ပေါင်းစပ်ချိန်မှာ မိသားစု နှစ်ခု ပေါင်းစပ်ကြရမည်ဆိုတာကို သူတွေးခဲ့ဖူးသည်။
သည်လိုနဲ့ မတူညီသော ဘ၀နှစ်ခု မတူညီသော မိသားစု နှစ်စု ပေါင်းစပ်ကြလျှင် ဘာတွေ ဖြစ်လာလိမ့်မည်လဲလို့ သူအတွေးတွေ ရှည်လျားခဲ့ဖူးသည်။

-------------------------------------------------------------

တရက်မတော့ ဘာအကြောင်းကြောင့် မသိ... ဗိုလ်တထောင် ဘုရားကို သူငယ်ချင်းတွေ အားလုံး စုပြီး သွားဖြစ်ကြသည်။ ဘုရားရောက်တော့ ရှိခိုးသူကရှိခိုး၊ ဆုတောင်းသူက ဆုတောင်း၊ ပြတိုက်ကိုကြည့်သူကကြည့်၊ သူနဲ့ နှင်းကတော့ နှစ်ယောက်အတူ လျှောက်ဖြစ်နေသည်။ လိပ်တွေ အစာကျွေးရာနေရာရောက်တော့
“နင်ဘာဆုတောင်းသလဲ”တဲ့ နှင်းက မေးလာသည်။
“ကျနော်က ဘာကိုဆုတောင်းရမလဲ...” သူပြန်မေးမိသည်။
“ငါ... နင့်ကို ချစ်ပါစေလို့.. နင် ဆုမတောင်းဖူးဘူးလား...”
တကယ်တော့ နှင်းက အလွန်ပွင့်လင်း လွတ်လပ်လေသည်။


“ကျနော် ဆုတောင်းခဲ့ဖူးတာပေါ့.. အကြိမ်ကြိမ် အခါခါ...”
“နင့်ကို ငါချစ်တယ်.. ကျော်စွာ...” နှင်းက ပြောနေလေသည်။
သူ သိပါသည်။ မိန်းကလေးတယောက်က ယောက်ျားလေးတယောက်ကို ချစ်သည်ဟု ပြောဆိုခြင်းမှာ နှလုံးသားတွေ မည်မျှရင်းနှီးခဲ့ရမှန်း သူသိနေသည်။
“နှင်းကိုလည်း ကျနော့ နှလုံးသားတွေနဲ့အမျှ ချစ်ခဲ့တာပါ...” သည်လို သူပြောမိတော့ နှင်းက နှုတ်ဆိတ်သွားပြန်လေသည်။
“ဒါမယ့် ကျနော်နဲ့ နှင်းက ဘ၀မတူပါဘူး...” သူ ဆက်ပြောမိသည်။
“ကျနော် စိတ်ကူး မယဉ်ချင်ဘူး...”သည်လိုပဲ သူ ပြောခဲ့သည်။
နှင်းကတော့ သူ့ကို မုန်းပါမည်...
သူကတော့ နှင်းကို ချစ်ပါသည်...
ထိုနေ့က ပြောခဲ့သောစကားများသည် နောက်ဆုံးစကားများဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျနော့် နှလုံးသားထဲက နှင်းသည် “နှင်းအေးဖြူ”ဖြစ်ပါသည်
နှင်းအေးဖြူသည် ကျနော့် နှင်းဆီ အဖြူတပွင့်ဖြစ်ပါသည်...

18 comments:

Anonymous said...

အစ်ကိုရေ ဖတ်ရင်းနဲ့ ကြက်သီးတွေ အကြိမ်ကြိမ်ထမိတယ် ရသအဖွဲ့လေးရယ် တခုတ်တရ တကယ်ရေးပေးတဲ့ အတွက် ကျေးဇူးတွေ အများကြီးတင်ပါတယ်ခင်ဗျာ

Anonymous said...

အကိုရေ...ဖတ်ပြီးတော့ ဗိုလ်တထောင်ဘုရားက
လိပ်ကျွေးတဲ့နေရာလေးကို သတိရသွားမိတယ်...
အရေးအသားတွေကောင်းတယ်...အကိုကြီး..

mie nge

မဆုမွန် said...

နှင်းဆီဖြူကို လာဖတ်သွားပါတယ် အန်တီခင်မင်းဇော်ရေးတာလေးလည်း ဖတ်လို့ကောင်းတယ် စတိတ်ရိုးလေးမှာ လာတစ်ခါလောက် ကစို့ ... ဂီတ၀ိုင်းသားတွေ ရော့အင်ရိုးနဲ့ ရိုတ်ကြတာလေးကို မြင်ယောင်မိပြီး

ဦးလေးကြီးဦးအောင်သာငယ်ရေးတဲ့ နှင်းဆီဖြူလေးမှာတော့ ဗိုလ်တထောင်ဘုရားက လိပ်ကန်လေးမှာ ချစ်တယ်လို့ စပြောတဲ့ကောင်မလေးကို မြင်ယောင်မိတယ် ဦးလေးကြီးကောင်မလေးက သတ္တိခဲပဲနော်

နောက် အမေကြော်တဲ့ ပဲပြုတ်နဲ့ထမင်းကြော်စားချင်သွားတယ် :(

သက်ဝေ said...

သိပ်ကောင်းတာပါပဲ...
ရင်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေပြီးသားအကြောင်းအရာမို့ အခုလောက် လှလှပပ မြန်မြန်ဆန်ဆန် ရေးနိုင်တာနဲ့ တူတယ်နော်...
(အဟိ.. အတို့ အထောင်လုပ်သွားသည်...)

WWKM said...

အရမ်းဖတ်လို့ ကောင်းတာပဲ အစ်ကိုရေ..
တကယ့်ရင်ထဲက ခံစားချက်တွေကိုဖော်ထုတ်လိုက်တာမို့
ထင်ပါရဲ့.. အရမ်းကောင်းတယ်.
ဒါနဲ့ အိမ်သူ အဆူမခံရဘူးလား။း))

Anonymous said...

ဒိထက်ရှည်ရှည်ရေး ရင်
ဝတ္တုရှည်လေး တပုဒ် ရမှာ

ကဗျာဆရာ.. အားရင် ၀တ္တုတွေရေးပါအုံး
စိတ်ကူးမယဉ်ချင်တဲ့ ကောင်လေး ကို နှင်း ကလဲ မုန်းချင်မှ မုန်းမှာ ပါ..

ခင်မင်စွာဖြင့်
(mama)

kaungkinpyar said...

အကို ရေးထားတာလေး လှလိုက်တာ၊ ရေးတတ်လိုက်တာ၊း)

ကြည်ဖြူပိုင် said...

အားပါး အကိုအောင်သာငယ်တို့ကတော့ ရေးပြီးပီ။ကောင်းတယ်...တကယ့်အဖြစ်အပျက်ဆိုတာစိတ်ကူးယဉ်ရေး
တာထက်ကောင်းတာအမှန်ပဲကိုးနော်...
အကို့ရဲ့နှင်းဆီဖြူလေးကို လာရောက်ခံစားသွားပါတယ်

Anonymous said...

စာရေးဆရာရေ...ဖတ်လို့ ကောင်းပါသည်။ သို့ သော်..
ရွာလယ်လမ်းလေး ၊ တရပ်ကွက်ထဲ ၊ ဗိုလ်တထောင် ဘုရား.... ဆိုတော့ ...
ရန်ကုန်ကိုများ ရွာလေးလို့  တင်စားလိုက်တာလားဗျာ။

Anonymous said...

ရင်ဘတ်ထဲက နှင်းဆီဖြူကို တိတ်တခိုးလေး လာဖတ်သွားပါတယ်။
လှလှပပလေး ရေးသွားတာကို အားကျစွာဖြင့်ပေါ့။
(ရွာသားလေးတက်ဂ်ထားတဲ့အထဲမှာ ပါသူမို့ပါ)

tg.nwai said...

ဖတ်လို့ကောင်းလိုက်တာ... နှင်းရဲ့ ပွင့်လင်းရိုးသားမှုရယ်..အကို့ဇာတ်လိုက်ရဲ့ နားလည်စာနာတတ်မှုရယ်..သဘောကျတယ်..။ တခါတခါတော့လည်း ဝေးသွားလို့များ တမ်းတ ဖြစ်တာလားလို့ တွေးချင်ချင်..:)

kiki said...

ဇာတ်လိုက်ကျော် ကလည်း စစ်မရောက်ခင် မြှားကုန်နေပါပေါ့လား ။
မြောင်းဖေါက်ပေးတာတောင် ရေ ပါမလာဘူးနော် ။
မိုးခေါင်ရေရှား ရပ်ဝန်းရောက်နေတဲ့ အတိုင်းပဲ ။
အားမရလိုက်တာ ဒီ ကျွန်တော် ဆိုတဲ့  ကျော်စွာ လေးရေ ။။

အကိုငယ်ကြီးရေ ..
ဆက်ရန် ရေးပေးပါ ဗျိုးးး ပန်းတွေနဲ့ ဝေ...
နှင်းတွေ နဲ့  နှင်းဆီဖြူ ။

yangonthar said...

အစ်ကို ကျွန်တော် လည်း ညီအစ်ကိုရွာသားလေး တက်ဂ်သွားလို့  နည်းနာ နိဿယ ယူရင်း စာ အဖတ်ရောက်လာတာဗျို့  အရေးအသားက ညက်လွန်းတော့ ကောင်းလိုက်တာလို့  ပြောရင်တောင် ပေါ့သွားမလားပဲ အစ်ကိုရေ ....
အစ်ကို့ ဆီက မှတ်သား အတုယူသွားပါတယ်
ညီငယ်ရန်ကုန်သား :D

အိန္ဒြာ said...

သည်လိုနဲ့ ချစ်ခြင်းမေတ္တာကို နှလုံးသားတခုပေါ်မှာ တင်ပစ်လိုက်ဖို့ သူစဉ်းစားရ ခက်ခဲခဲ့ဖူးသည်။

အကို ဖတ်လည်းပြီးရော..မျက်ရည်တွေ ၀ဲ တက်လာတယ်......

နှင်း...
အမြတ်နိုးဆုံး.နှင်း..ပေါ့....

ကိုလူထွေး said...

ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့တယ်...

နှင်းမကျလိုက်ရတဲ့ ဆောင်းမို့ပိုခံစားရရှာမှာပေါ့...

တကယ်ပါ...
တကယ့်ကို ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့တယ်...

emayarKhin said...

ဇာတ်လမ်းလေးကောင်းတယ်......

Nge Naing said...

ကျွန်မက ကဗျာထင်လို့ မရောက်လာတာ အခုလာကြည့်တော့မှ အတိတ်ဇာတ်လမ်းလေး များလားမသိဘူး။ တကယ့်အဖြစ်အပျက်လေး ဆိုရင်တော့ သူလည်း သူ့ဘ၀နဲ့သူ ပျော်နေလောက်ပါပြီ။ စိတ်ဖိစီးမှု များလွန်းတဲ့ သမုဒယတွေကို သိပ်ပြီး သိပ်ပြီးထားပါနဲ့ ကိုအောင်သာငယ်။ ဒါပေမယ့် စိတ်ကူးယဉ်ရေးထားတယ် ဆိုရင်တော့ သိပ်ကောင်းတယ်လို့ ချီးကျူးချင်တယ်။ ကျွန်မ ငယ်ငယ်က ဒီလို စာမျိုးတွေကို ဖတ်ပြီး စာဖတ်ဝါသနာပါလာတာပြီး တခြားစာတွေကိုလည်း လိုက်ဖတ်ဖြစ်ခဲ့တယ် ဆိုတော့ ရသစာပေရဲ့ ကျေးဇူးက ကျွန်မမှာ အများကြီး ရှိပါတယ်။ ကိုယ်တိုင် အဲဒီလို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးတတ်ချင်တာလည်း အခုထိပဲ။ ရေးတတ်သူတွေကို သိပ်အားကျပါတယ်။

ဝေလေး said...

ရေရှည်တွေးတတ်လွန်းတဲ့ ကောင်လေးနဲ့ ပွင့်လင်းလှပတဲ့ ကောင်မလေးအကြောင်း မျက်စိထဲပုံဖော်ကြည့်မိသွားတယ် ဦးငယ်။ (ဘယ်လိုခေါ်ရမှန်းမသိတော့လို့ နန်းညီ ခေါ်သလို အတုခိုးကာ ခေါ်သည်။ )