Aug 2, 2009

လေးစားမိသော တိုင်းရင်းသားတယောက်

ဘာရယ်မဟုတ် အိမ်အလုပ်တွေ လုပ်နေရင်း တီဗီကို လှမ်းကြည့်လိုက်မိတယ်။ ကျနော် မသိတဲ့ ချယ်နယ် တခုကနေ ရုပ်ရှင် တကား လာနေတာပါ။ ဘာဇာတ်လမ်းလည်း ကျနော် မသိ။ မြင်နေရ တာကတော့ မိုးထဲ လေထဲမှာ စစ်ကြောင်း တခု လယ်ကွင်း တွေကို သတိကြီးကြီး ထားပြီး ဖြတ်နေတယ်။ ဖြစ်နိုင်တာကတော့ ဗီယက်နမ် စစ်ကား တခု ဖြစ်မယ်။

သည်လိုနဲ့ ကျနော့် စိတ်တွေက ကုန်လွန်ခဲ့တဲ့ အတိတ်တွေဆီ ပြေးထွက်သွား တော့တာပါပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်။ သည်လို အချိန်ကာလပဲ။

ဟုတ်တယ်။ အဲသည်လိုပဲ။ ခု မြင်နေရတဲ့ စစ်ကြောင်းလိုပဲ။ လယ်ကွင်းတွေကို တယောက်နဲ့ တယောက် ငါးလံကွာ လျှောက်ရင်း အသင့်အနေအထားနဲ့ သတိကြီးကြီး ထားပြီး မိုးရေတွေ ထဲမှာ ဖြတ်ခဲ့ရဖူးတယ်။ လယ်ကွင်း တွေဟာ ပစ်ကွင်းတွေပဲလေ။ တကယ်ဆို killing field တွေလည်း ဖြစ်နိုင်တာပေါ့။ သေနတ်တွေကို ဆေ့ဖ်ဖွင့်၊ ထရစ်ဂါပေါ် လက်ညှိုးတင်၊ မျက်လုံးတွေကို ကိုယ် တာဝန်ယူထားရတဲ့ ဖက်ခြမ်းမှာ ပြူးပြဲကြည့်ရင်း။ ရန်သူ့ စိုးမိုးနယ်ကို ဘယ်အခါမှာ သေနတ်သံ ပေါ်လာမှာပါလိမ့်လို့ ရင်တဒိတ်ဒိတ် ခုန်ရင်း ဖြတ်ကျော် ခဲ့ရဖူးတာပေါ့။

၁၉၈၉ ခုနှစ်၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ၊ အခုလို အချိန်ပါပဲ။ သြဂတ်စ်ရဲ့ မိုးရေစက်တွေ အောက်မှာ ကျနော်တို့ စခန်းက တပ်ရင်း (၂၀၄) နဲ့ (၂၀၅) ပူးပေါင်းပြီး တိုက်ခိုက်ရေး စစ်ကြောင်း တခု၊ ဆေးတပ်ဆွယ်နဲ့ နိုင်ငံရေး အလုပ် အဖွဲ့ တခု ပေါင်းပြီး စည်းရုံးရေး စစ်ကြောင်း တခုကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။ သည့်နောက်မှာ ဒေသခံ မဟာမိတ် ဖြစ်တဲ့ ကရင့် အမျိုးသား အစည်းအရုံးနဲ့ ဆွေးနွေး ညှိနှိုင်းပြီး သည် စစ်ကြောင်း နှစ်ခုကို ဒူးပလာယာ ခရိုင် (ဖားအံခရိုင်) အတွင်းမှာရှိတဲ့ ကော့ကရိတ် မြို့နယ် ထဲကို စေလွှတ်ခဲ့တာပါ။

ကျနော်တို့ရဲ့ တိုက်ခိုက်ရေးစစ်ကြောင်းက ပထမဆုံး စုဖွဲ့ဖူးတဲ့ လှုပ်ရှား စစ်ကြောင်း ဖြစ်တာမို့ လက်တွေ့ တိုက်ပွဲ အတွေ့ အကြုံက ဘာမျှ မရှိသေး။ ခံစစ်သေမှာတော့ လနဲ့ချီပြီး အတွေ့အကြုံ ရှိခဲ့တာ မှန်ပေမယ့်လည်း ပြောက်ကျား စစ်မှာတော့ လက်တွေ့ ပွဲမတိုးဖူး ကြသေး။ သည့်အတွက် မဟာမိတ်ဖြစ်တဲ့ တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် ရွှေဆိုင်းက KNLA (ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်) တပ်ဖွဲ့တွေနဲ့ မပူးတွဲပေးသေးပဲ KNDO (ကရင့် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့) တပ်ဖွဲ့တွေနဲ့ပဲ ဦးစွာ ပူးပေါင်းစေကာ လက်တွေ့ ပြောက်ကျားတိုက်ပွဲ ငယ်လေးတွေဆီသို့ ဦးဆောင် ခေါ်သွားခဲ့တာပါ။ စစ်ပညာကို လက်တွေ့ တိုက်ပွဲတွေမှာပဲ သင်ယူကြရတာပေါ့လေ။

သည်လိုနဲ့ တိုက်ခိုက်ရေးစစ်ကြောင်းက KNDO ရင်း (၆) က တပ်ခွဲ (၃) နဲ့ ပူးတွဲပြီး စစ်ကွက်တွေ ထဲမှာ ပြောက်ကျား တိုက်ပွဲတွေကို လိုက်ဖော်ရပါတယ်။ ပြောက်ကျား တိုက်ပွဲတွေ ဆိုတာကလည်း တကယ်တော့ ၅ ယောက်ထက် မပိုတဲ့ တပ်ဖွဲ့လေးတွေပါ။ သည်တော့ ကိုယ့်လူ နှစ်ယောက် KNDO က သုံးယောက် ၊ အဲလိုမျိုးနဲ့ ပြောက်ကျား တပ်စိတ်လေးတွေ ဖွဲ့ပြီး စစ်ကွက်တွေထဲ လွှတ်ရပါတယ်။ တပ်စိတ်လေးတွေ အများကြီး ဖြစ်နေတာပေါ့လေ။ သည် တပ်စိတ်လေးတွေက ရန်သူ့ စစ်ကြောင်းနောက်ကို လိုက်ရတယ်။ စစ်နံကနေ အခွင့်သာရင် ပစ်ပြေးတွေ လုပ်ရတယ်။ ရန်သူလည်း ထိခိုက်မှု အတော်များများ ရှိလာတာပေါ့လေ။ သည်လိုနဲ့ ဒေသ အတွေ့အကြုံ၊ လူထု အတွေ့အကြုံ၊ စစ်ရေး အတွေ့အကြုံတွေ အတော်ရလာပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ စခန်းက တိုက်ခိုက်ရေး စစ်ကြောင်း နှစ်ခုလုံးဟာ KNLA တပ်ဖွဲ့တွေနဲ့ အတူ ပူးတွဲ တာဝန် ထမ်းဆောင် ခွင့်ရခဲ့ပါတော့တယ်။

ဆေးတပ်ဆွယ်နဲ့ နိုင်ငံရေးအလုပ်အဖွဲ့တခု ပူးပေါင်းထားတဲ့ စည်းရုံးရေး စစ်ကြောင်း ကိုတော့ တိုက်ခိုက်ရေး စစ်ကြောင်းလို မဟာမိတ်က နေရာတကာ သွားခွင့်မပေး။ ဒါကလည်း အကြောင်းရှိပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ စစ်ကြောင်းတခုလုံးမှာ သေနတ်က ၃ လက်ပဲ ပါတာလည်း တကြောင်း။ သည် စစ်ကြောင်းမှာက သေနတ်ထက် ဆေးထိုးအပ် အရေအတွက်က ပိုများ နေတယ်။ ကလောင်တံတွေက သေနတ်ထက် ပိုများနေတယ်။ သည်တော့ လုံခြုံရေးအတွက် မဟာမိတ်က နေရာတိုင်း တာဝန် မယူပေးနိုင်ပါဘူး။ သည်တော့ နေရာတကာ သွားလို့က မရတော့ဘူး။

ကော့ကရိတ်မြိ့နယ် အတွင်းမှာက ရန်သူ့ စစ်ကြောင်း ၂ ခုက အမြဲတမ်း ရှိနေတာပါ။ တကယ်တော့ ၃ ကြောင်း၊ တကြောင်းက တက်လာ၊ တကြောင်းက ပြန်ဆင်း၊ တကြောင်းက တိုက်ကင်းလှည့်နေဆဲ။ တိုက်ခိုက်ရေး အင်အား ၂၀၀ ကျော်ရှိတဲ့ ရန်သူ့ စစ်ကြောင်း ၃ ခုက အမြဲ လှုပ်ရှားနေတာပါ။ သည်တော့ သည်စစ်ကြောင်းတွေနဲ့ ကျနော်တို့ စည်းရုံးရေး စစ်ကြောင်း တိုးမိရင် မလွယ်။ ဒါကို မဟာမိတ်က စိုးရိမ်တယ်။ သည်တော့ နေရာတကာ သွားခွင့် မပေး။ ခွင့်ပြုတဲ့ နေရာတွေကိုပဲ ကျနော်တို့ သွားနိုင်ပါတယ်။

နောက်တခုက ကျနော်တို့ ရည်ရွယ်တာကတော့ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကျနော်တို့ ဆေးရုံလေးတရုံ ဆောက်မယ်။ ကျန်းမာရေးစောင့်ရှောက်မှု အလွန်တရာ ပါးရှားလှတဲ့ သည်နယ်မြေမှာ သည်ဆေးရုံလေးနဲ့ ပြည်သူလူထုကို ကျနော်တို့ တတ်နိုင်သမျှ ကျန်းမာရေး အကူအညီတွေ ပေးမယ်။ နောက် ကျောင်းလေး တကျောင်း ဖွင့်မယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို စုစည်းပြီး ပညာရေးအတွက် တတ်နိုင်သမျှ အကူအညီ ပေးဖို့။ သည်စည်းရုံးရေး စစ်ကြောင်းမှာ ဆရာဝန် တယောက် ပါတယ်၊ သေချာ လေ့ကျင့်ပေးထားတဲ့ ဆေးမှူးတွေ ၈ ယောက်လောက် ပါတယ်။ ကျောင်းဆရာမ ၄ ယောက် ကျောင်းဆရာ ၂ ယောက် ပါတယ်။ ပြောရရျင် အဆိုတော် မွန်းအောင်ကြီးတောင် ပါပါသေးတယ်။ သူ့ကို ကျနော်က ဗဟိုရုံးကနေ စခန်းကို အတင်း ခေါ်လာခဲ့တာပါ။ နောက်တော့ သူလည်း ကျောပိုးအိတ်တလုံး လွယ်လို့ စစ်ကြောင်းထဲ ကန့်လန့်ကန့်လန့် ပါလာတော့တာပါပဲ။

တိုက်ခိုက်ရေးစစ်ကြောင်းက ဘာပြသနာမှ မရှိပေမယ့်လည်း စည်းရုံးရေး စစ်ကြောင်း ကတော့ ပြသနာ တချို့ ရှိလာ ပါတယ်။ ခရိုင်နဲ့ တပ်မဟာမှာ ဆွေးနွေးတင်ပြ သဘောတူညီချက်တွေ ခွင့်ပြုချက်တွေ ရရှိပြီးပေမယ့် လက်တွေ့ မှာတော့ တချို့ နေရာ ဒေသတွေမှာ နားလည်မှု တွေက လွဲနေပါတယ်။ လက်တွေ့ အလုပ်လုပ်ဖို့ အခက်အခဲ တွေက ရှိလာနေပါတယ်။ ခရိုင်မှာ ပြီးခဲ့တဲ့ ကိစ္စတွေက မြို့နယ်မှာ စကား အခြေ အတင် ပြောစရာ ဖြစ်လာပါတယ်။

ဥပမာ- စည်းရုံးရေးစစ်ကြောင်း - မင်းတို့က ဘာကို စည်းရုံးမလို့လဲ။ ဒါ ငါတို့လူထု ငါတို့ စည်းရုံးပြီးသား။ မင်းတို့ ထပ်ပြီး စည်းရုံးစရာကို မလိုဘူး။ အိမ်ကြီးပေါ် အိမ်ငယ် လာမဆောက်နဲ့။

ကျနော်တို့ အတော်ရင်ကွဲခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပွဲတွေနဲ့ အမြင် တိမ်း စောင်းမှု တွေကို ခက်ခက်ခဲခဲ တည့်မတ်ခဲ့ ကြရတာပါ။ လူထုက နွေးထွေးစွာ လက်ခံ ကြိုဆို ကြတာကိုလည်း လူတချို့က မနာလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစုံတရာတော့ နားလည်မှု ရလာခဲ့တာပါပဲ။

နောက်တခုက ကျောင်းကိစ္စ။

တို့မှာလည်း ကျောင်းရှိပြီးသားပဲ။ နောက်ထပ် ကျောင်းတခု မလိုဘူး။ နောက်ပြီး အဲကျောင်းမှာ ဘာတွေသင်မှာလဲ။ မဟာဗမာလူမျိုးကြီးဝါဒက ပြဌာန်းတဲ့စာတွေကို သင်မှာလား။

သည်လိုနဲ့ ဆွေးနွေးပွဲ အတော်များများကို ဖြတ်ကျြော်ပီးတဲ့အခါ ကျနော်တို့ ရည်ရွယ်ခဲ့တဲ့ ကျောင်းတကျောင်း အစီအစဉ်ကို စွန့်လွှတ်ခဲ့လိုက်ရပါတယ်။ ဒေသခံ အထက်တန်း ကျောင်းမှာပဲ ကျနော်တို့ဆီက ဆရာဆရာမ ၄ ယောက် ၀င်ရောက် လုပ်အားပေးခဲ့ပါတယ်။

------------------------------------------------------------

အပေါ်မှာ ကျနော် ပြောခဲ့သမျှကတော့ အခု ကျနော် ပြောချင်တဲ့ အကြောင်း တခု အတွက် နိဒါန်းပါ။

အခုတော့ ကျနော် ပြောလိုရင်း အကြောင်းကို ပြောပါ့မယ်။

ကရင့်အမျိုးသားအစည်းအရုံးလို့ ခေါ်တဲ့ KNU ရဲ့ ဒူးပလာယာခရိုင် (ဖားအံခရိုင်)၊ တပ်မဟာ (၆) နယ်မြေမှာ ကျနော် တာဝန်တွေ ထမ်းဆောင်နေခဲ့ချိန်တွေ တလျှောက်လုံးမှာ မဟာမိတ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို ရဲဘော် အဆင့်က စလို့ တပ်မဟာမှူးအထိ ထိတွေ့ဆက်ဆံခဲ့ရဖူးပါတယ်။

တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် ရွှေဆိုင်းဆိုရင် စစ်ရေးကိစ္စပေါင်းများစွာနဲ့ သူ့ရဲ့ ဌာနချုပ် အုန်းခြံမှာ ကျနော် ခဏခဏ တွေ့ခဲ့ရတာပါ။ (အဲသည်အချိန်က ကျနော်က မကဒတရဲ့ တပ်ရင်း ၂၀၄ တပ်ရင်းမှူးပါ) ဗိုလ်မှူးချုပ် ရွှေဆိုင်းကို ကျနော်က အဖိုးလို့ ခေါ်ပါတယ်။ သူက ကျနော့်ကို ပအို့ဝ်လေးလို့ ခေါ်ပါတယ်။ (ကျနော့် မိခင်က ပအို့ဝ်မို့ပါ)။

အဲသည်လိုပဲ ဒူးပလာယာခရိုင်ရဲ့ ဥက္ကဌဖြစ်တဲ့ အဖိုး ဖူးတာအယ် (ဗမာလိုဆို ဦးတင်ဦးပေါ့) ဆိုရင်လည်း မကြာခဏ တွေ့နေရတာပါပဲ။ နိုင်ငံရေးကိစ္စ၊ စည်းရုံးရေး ကိစ္စတွေနဲ့။ တွေ့တိုင်းလည်း များသော အားဖြင့် ကတော့ သူ့အိမ်မှာပဲ သွားတွေ့ရတာပါ။

အထက်မှာ ကျနော် ဖော်ပြခဲ့တဲ့ စစ်ကြောင်း နှစ်ခုအကြောင်း အားလုံး ဖတ်ကြပြီးပါပြီ။ ခု ကျနော် ပြောမှာက အဲသည် စစ်ကြောင်း နှစ်ကြောင်း ကျိုက်ဒုံ (ဖားအံခရိုင် နောက်တန်း စခန်း ဌာနချုပ်) ကို ရောက်တဲ့အခါ မဟာမိတ် က ထမင်းစားဖိတ်တဲ့ အကြောင်းပါ။

တိုက်ခိုက်ရေးစစ်ကြောင်းကတော့ ရှင်းပါတယ်။ KNLA နဲ့ KNDO က တာဝန်ရှိတဲ့သူတွေက ဖိတ်တယ်။ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ သွားပြီး စားကြတာပေါ့လေ။

စည်းရုံးရေး စစ်ကြောင်းကတော့ တချိန်ထဲမှာ ဒူးပလာယာခရိုင် ဥက္ကဌနဲ့ ကော့ကရိတ်မြို့နယ်ဥက္ကဌက ထမင်းစားဖိတ်တာကို ကြုံရပါတယ်။ အဲသည် အချိန်တုန်းက ကျနော်က တိုက်ခိုက်ရေးစစ်ကြောင်းထဲမှာ မပါပါဘူး။ စည်းရုံးရေး စစ်ကြောင်းထဲမှာလည်း မပါပါဘူး။ တပ်မဟာမှူးနဲ့ စစ်ဆင်ရေးကိစ္စ၊ လက်နက် ခဲယမ်း မီးကျောက် ကိစ္စနဲ့ ကျိုက်ဒုံကို ရောက်နေတာပါ။ ကိုယ့်တပ်တွေရှိတော့ ကျနော်ကလည်း စည်းရုံးရေး စစ်ကြောင်းရဲ့ ရုံးမှာပဲ တည်းနေတာပေါ့လေ။

သည်လိုနဲ့ ထမင်းစားဖိတ်ပွဲကို နှစ်စုခွဲပြီး သွားကြဖို့ ဖြစ်လာပါတယ်။ အများစုက လူငယ်တွေ၊ ကျောင်းသားတွေ ဆိုတော့ ဘရုတ်ကလည်း ကျကြပါသေးတယ်။ ခရိုင်နဲ့ မြို့နယ်ဆို ထမင်းစားပွဲက ကွာမှာပဲလို့ အများစုက ယူဆပါတယ်။ သည်တော့ အဖိုးဖူးတာအယ်က ခရိုင်ဥက္ကဌ ဆိုတော့ ခရိုင်က ဖိတ်တဲ့ ထမင်းစားပွဲကိုပဲ အများစုက သွားချင်တာပါ။ ကော့ကရိတ်မြို့နယ် ဥက္ကဌက ဖိတ်တဲ့ ထမင်းစားပွဲကိုတော့ ဘယ်သူမှ မသွားချင်ကြပါဘူး။ ခရိုင်ဆို အစားအသောက်တွေ ပိုကောင်းမယ်ပေါ့လေ။ အဲလိုပဲ တွေးကြတာပါ။

ဒါနဲ့ နှစ်ဖွဲ့ခွဲပြီး ထမင်းစားပွဲကို သွားကြပါတယ်။ ကျနော်ကတော့ ကျနော့် စခန်းက ရဲဘော်တချို့နဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဌဖိတ်တဲ့ ထမင်းစားပွဲကို သွားခဲ့ပါတယ်။ စည်းရုံးရေးစစ်ကြောင်းကလူတွေ အများစု (ကျနော်တို့ စခန်းဥက္ကဌ အပါအ၀င်) ကတော့ အဖိုး ဖူးတာအယ် ဖိတ်တဲ့ ခရိုင် ထမင်းစားပွဲကို သွားကြတာပေါ့လေ။

မြို့နယ်က ဖိတ်တဲ့ ထမင်းစားပွဲကတော့ အမျိုးကို စုံနေတာပါပဲ။ ဥက္ကဌကလည်း ဗမာနဲ့ ကရင် စပ်တာဆိုတော့ ကျနော်တို့ ကြိုက်တတ်တာ သိပုံပါပဲ။ ကျနော်တို့လို့ ငတ်နေတဲ့ ကောင်တွေအတွက်တော့ အူစိုအောင် လုပ်ပေးထားတာပါ။ ဘီယာနဲ့ အရက် တချို့တောင် ပါလိုက်ပါသေးတယ်။ ထမင်းစားပွဲပြီးတော့လည်း ကျနော် တို့ကို ကားနဲ့ပါ လိုက်ပို့လိုက် ပါသေးတယ်။

နောက်တန်းရုံးပြန်ရောက်တော့ မြို့နယ် ထမင်းစားပွဲကို သွားခဲ့တဲ့ ကျနော်တို့က အူတွေစိုပြီး ကောင်းနေပါပြီ။ ရေချိန်တွေ မှန်လို့။ ခရိုင်ကို အထင်ကြီးပြီး သွားခဲ့တဲ့ စခန်းဥက္ကဌ အပါအ၀င် ကိုမွန်းအောင်ကြီးတို့ရော ဆရာဝန်တွေ ဆရာမတွေရော အားလုံးက အဖိုး ဖူးတာအယ်နဲ့ သူမိန်းမကိုယ်တိုင် ချက်ကျွေးတဲ့ ထမင်းကို ငပိရည်၊ တို့စရာနဲ့ပဲ စားခဲ့ရပြီး ပြန်လာခဲ့ရတော့ ကျနော်တို့ မြို့နယ်မှာ စားလာခဲ့ရတာတွေကို ပြောပြတော့ - မှားပါတယ် မှားပါတယ် - နဲ့။

-------------------------------------------------
နောက်တနေ့မှာ အဖိုး ဗိုလ်မှူးချုပ်ရွှေဆိုင်းနဲ့ ကျနော်တွေ့ဖြစ်တော့ ထမင်းစား ဖိတ်တဲ့အကြောင်း စကားစပ်ရင်း အဖိုးဖူးတာအယ် ကျနော့်စည်းရုံးရေးစစ်ကြောင်းကို ငပိနဲ့ ထမင်းကျွေးလိုက်ကြောင်း ကျနော် ပြောတော့ အဖိုး ဗိုလ်မှူးချုပ်ရွှေဆိုင်းက ရီပါတယ်။

ဟေ့ကောင်ရ သူလည်း အဲဒါပဲ စားတာ။ မင်းတို့ကို သူ အဲဒါပဲ ကျွေးမှာပေါ့ကွ-တဲ့။

ပြောရင်း အဖိုး ဖူးတာအယ်အကြောင်းကို ပြောပြပါတယ်။ တပ်မဟာ (၆)နဲ့ ဒူးပလာယာခရိုင်စတင် တည်ဆောက်စဉ်က အကြောင်းပါ။ အဖိုးဖူးတာအယ်က လက်ဝဲ၀ါဒကို ယုံကြည်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားကို ယုံကြည်ပါတယ်။ တပ်မဟာအတွက် အလုပ်တွေစတော့ သူ့ အိမ်ဆောက်ဖို့ အဖိုး ရွှေဆိုင်းဆီမှာ လာပြောပါသတဲ့ အိမ်ဆောက်ဖို့ တခုခု လုပ်ပေးပါပေါ့... အဲတော့ အဖိုးရွှေဆိုင်းကလည်း မင်း ပစ္စည်းမဲ့ဝါဒကို ယုံတယ် မဟုတ်လား။ ဒါဆို မင်းအတွက် ဘာပစ္စည်းမှ မလိုပါဘူး။ ငါလည်း ဘာမှ မပေးနိုင်ဘူး-လို့ ပြောလွှတ်လိုက်ပါသတဲ့။ နောက်နေ့ကျတော့ အဖိုး ဖူးတာအယ်က သူ့မှာရှိတဲ့ ဓါးတချောင်းထဲနဲ့ပဲ အိမ်ရော ရုံးရောကို ရအောင် ဆောက်ခဲ့ပါသတဲ့။ အဲဒါကို အဖိုးနဲ့ ကျနော် လူချင်းတွေ့တော့လည်း မေးခဲ့ဖူးပါတယ်။ အဖိုးက ရီပြီး ပြောပါတယ်။ - ဟုတ်တယ်လေ။ ငါတို့က အဲလိုယုံတာကိုး။ ယုံတဲ့အတိုင်းလည်း ဖြစ်အောင် လုပ်ရတာပေါ့ - တဲ့။

တကယ်တော့ ကျနော်တို့ရဲ့ စည်းရုံးရေး စစ်ကြောင်းအတွက်လည်း အဖိုးကပဲ အစစ အရာရာ တာဝန်ခံ ကူညီပေးခဲ့တာပါ။

ကျနော့်အတွက်တော့ လေးစားရတဲ့ တိုင်းရင်းသားတယောက်ဟာ အဖိုး ဖူးတာအယ် ပါပဲ။

10 comments:

tin min htet said...

မှန်တာပြောရရင်တော့၊ ဆယ်တန်းအောင်တဲ့ အချိန်အထိ တိုင်းရင်းသား အဖွဲ့တွေကို သူပုန်ဆိုတာမျိုးထက် ပိုပြီး မသိခဲ့ပါ။ နောက်ပိုင်းမှ သူတို့ရဲ့ ဘာလို့ လက်နက်ကိုင် နေရတယ်ဆိုတာ နားလည်လာပါတယ်။ အကိုတို့လို တွေ့ဖူး ရင်းနှီးဖူးတဲ့သူတွေက ဒီလိုရေးပေးတာ ကျေးဇူး အထူးပါပဲ။

Anonymous said...

ဟုတ်တယ်အကို...အရင်တုန်းကတော့ လက်နက်ကိုင်
တိုင်းရင်းသားတွေကို သူပုန်လို့ဘဲ သိထားခဲ့ရတယ်...
ပြည်ပထွက်လာတော့မှဘဲ ဘာလို့သူတို့ လက်နက်ကိုင်ကြလဲ...သူပုန်ဆိုတာ ဘယ်သူတွေလဲ
ဆိုတာ သေချာသိလိုက်ရတယ်...အကို့ရဲ့  အတွေ့အကြုံ
ကို မျှဝေပေးလို့ ကျေးဇူး....

mie nge

Anonymous said...

တကယ်ဖတ်လို့ကောင်းတဲ့ ပို့စ်လေးပါ
သူပုန်ဒိုင်ယာရီရဲ့ နောက်ပိုင်း မတွေ့ ရတော့တဲ့
တော်လှန်ရေးနောက်ခံ အတွေ့ အကြုံလေးမို့
ပြန်လည်ရေးပေးတာ အရမ်းကျေးဇူး တင်ကြောင်းပြောပါရစေ
အိမ်ကြီးပေါ်မှာ အိမ်ငယ်လေး လာမဆောင်နဲ့ ဆိုတဲ့ စကား ကတော့ ခုလဲ ပဲ ကျမ တို့ ရင်ဆိုင်နေရပါသေးတယ်..
ကမ္ဘာ့ နေရာ အတော်များများ မှာ ဂလိုဘယ်လိုက်ဇေးရှင်း တှို၊ ကမ္ဘာကြီးက ရွာဖြစ်လာပြီ လို့ ပြောနေကြပေမဲ့.. ကိုယ့်အမျိုးကလွဲ ရင် တခြား လူတွေ ကို အမြင်မကြည်နိုင်သေးတဲ့ လူမျိုးစုတွေ မြန်မာပြည်ထဲ မှာ အများ ကြီးရှိနေပါသေးတယ်..

အထူးသဖြင့် ဗမာ ဆိုရင်ပဲ မြန်မာပြည်ရဲ့ လူမျိုးကြီး ၀ါဒပိုင်ရှင်တွေ အဖြစ် မြင်ကြတယ်၊ သူတို့ မြင်တာလဲ အပြစ်လို့တော့ပြောမရဘူး အစိုးရဌာနတွေမှာ တိုင်းရင်းသားတွေ က ရာထူး တက် နှေးတယ်၊ စစ်တပ်ထဲ မှာ နေရာကောင်း မရ ဘူး၊ ဗိုလ် မှူါ် ထက် အထက်အဆင့်မြင့်ရာထူးရဖို့ အလွန့် အလွန် ခဲယဉ်းတယ်၊ နိုငငံခြား ပညာတော်သင်အတွက် တိုင်းရင်းသားတွေ ရဲ့ တန်းစီ ဇယားက နောက်ရောက်တယ် စတဲ့ မကျေနပ်သံ တွေ ကတော့ လျှံနေတာပါပဲ...

ဒီလို တော်လှန်ရေးနောက်ခံ ပို့စ်တွေ များများ ဖတ်ချင်ပါတယ်

ခင်မင်စွာဖြင့်
(mama)

မေ့သမီး said...

တိုင်းရင်းသားတွေက ဗမာစာကို မဟာလူမျိုးကြီးစာဆိုပြီး သဘောကွဲလွဲနေတာတော့ တကယ်စိတ်မကောင်းဖြစ်ဖို့ ကောင်းပါတယ်။ တကယ်တော့ တိုင်းရင်းသားစာတွေ တိုးတက်အောင်လုပ်ဖို့လိုသလို ညီမတို့တနိုင်လုံးဆက်သွယ်ဆက်ဆံရမယ့် ဘုံဘာသာစကားတခုကလည်းလိုတာပဲလေ။ အဲဒီဘာသာစကားမရှိရင် ဘယ်လိုဆက်သွယ်ပြောဆို ကြမလဲ။ ကိုယ့်အယူအဆတွေဘယ်လိုထုတ်ဖော်ကြမလဲ။

suburbanian said...

ကရင် ရှမ်းစတဲ့တိုင်းရင်းသားတွေဟာ အလွန်လေးစားစရာကောင်းပါတယ်...

Kay said...

ဒါဆို..အခု..ပအို့ဝ် ကြီး- လို့ ခေါ်မယ်။း)
ဖတ်လို့ကောင်းတယ်။ အဲလို အတွေ့အကြုံလေးတွေ-

littlebrook said...

တခါတလေတော့ ဘာမှန်းမသိဘဲ မုန်းကြရတာ ဆိုးလွန်းပါတယ်ဗျာ ..

ကိုလူထွေး said...

အဖိုးကိုကြည့်ရတာ အင်မတန်ရိုးသားတဲ့ လူတယောက် ဖြစ်မယ်လို့ ယူဆရပါတယ်...

သူ ယုံကြည်တဲ့ ပစ္စည်းမဲ့ဝါဒဟာလဲ လူထုအားလုံးကို ကိုယ်စားပြုတဲ့ သူ့ပြည်သူပြည်သားတွေကို ကောင်းစားစေလိုတဲ့ စေတနာကနေ ပေါက်ဖွားလာတဲ့ ယုံကြည်မှုတခု ဖြစ်မယ်ဆိုတာ ခန့်မှန်းမိပါတယ်...

ဘယ်ဝါဒကိုပဲ လက်ခံလက်ခံ လူအများကို ကြည့်တဲ့စနစ်ဟာ ထာဝရ အောင်မြင်မယ့် စနစ်တခုဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်..

အများအကျိုးပါလို့ ပြောပြီး ကိုယ်တဘို့ ကောင်းစားရေးကို ရှေးရှုလုပ်ဆောင်နေမယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်ဝါဒကိုပဲ လက်ခံလက်ခံ အနှေးနဲ့ အမြန် ကျဆုံးမှာ အသေအချာပါပဲ...

ကိုလူထွေး said...

အခုလို အရေးတယူပြု ရေးပေးတာ ကျေးဇူးပါ အကို အောင်သာငယ်ရေ...

အချိန်ရရင် အဖိုးရဲ့ အကြောင်းတွေနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ က အကြောင်းတွေ ထပ်ရေးစေချင်သေးတယ်...

းဝ)

Vigor said...

Better than Very good. I can understand and really interesting.