Aug 6, 2009

ကဗျာဆရာရဲ့ပန်းပွင့်တွေ









ကဗျာဆိုတာ
နာမကျန်းဖြစ်နေတဲ့ ကဗျာဆရာ
သူ့လမ်းတလျှောက်မှာ ကျဲချဖုံးလွှမ်းခဲ့တဲ့
အမြဲစိမ်းလန်းနေမယ့်
ပန်းပွင့်ကလေးတွေပါ...
တခါခါလည်း
ဝေဒနာလို့ ခေါ်နိုင်မယ်...
တခါတခါလည်း
သိင်္ဂါရတွေပါ...
တခါတခါတော့လည်း
ချစ်ခြင်းမေတ္တာတွေသက်သက်...
တခါတခါမှာလည်း
ကြေငြာချက်တွေ ဖြစ်ချင်ဖြစ်မယ်...
တကယ်မှာတော့
ကဗျာဆိုတာ
အနက်ရှိုင်းဆုံးတွင်းနက်ထဲက
ခုန်ထွက်လာတဲ့
ကွဲအက်ကြေမွ
နှလုံးသားရဲ့ အပိုင်းအစလေးတွေသာ ဖြစ်တယ်။

ATN

7 comments:

အိုင်လွယ်ပန် said...

ကဗျာဆိုတာ
အနက်ရှိုင်းဆုံးတွင်းနက်ထဲက
ခုန်ထွက်လာတဲ့
ကွဲအက်ကြေမွ
နှလုံးသားရဲ့ အပိုင်းအစလေးတွေသာ ဖြစ်တယ်။

:) :) :)
ကောင်းသောနေ့ပါအစ်ကိုရေ :)

Moe Cho Thinn said...

ကေရဲ့ အမေးကို အကိုက ကဗျာနဲ့ ဖြေတော့တာကိုး။

Anonymous said...

ဒီကဗျာတပုဒ်လုံး နှစ်သက်ပါရဲ့
နာမကျန်း.. ဆိုတဲ့ တလုံးက လွဲလို့

ခင်မင်စွာဖြင့်
(mama)

လင်းဒီပ said...

မကေရဲ့ မေးခွန်းကို ဖြေထားတာလို့ ခံစားမိပါတယ်အစ်ကို..။

Kay said...

ကိုအောင်သာငယ်ရဲ့ အဖြေကိုရော..ကိုလွမ်းဏီ ရဲ့ ဥပမေယ လေးတွေကိုရော..ဖတ်ပြီးတဲ့အခါ..ကဗျာဆိုတာ..တကယ်ကို ကဗျာဆန်တာပါလား ။
( ၀န်ခံချက်- ကဗျာကောင်းလေးတွေ..ဒီတလော အများကြီး ဖတ်ဖြစ်ရလို့.. ထွက်ပေါ်လာတဲ့..မေးခွန်းမဟုတ်တဲ့..အတွေး တခုအတွက် အဖြေမဟုတ်တဲ့..ကဗျာတပုဒ် ထုတ်ပေးတာ..ကျေးဇူးတင်ပါတယ်)း)

Anonymous said...

အမြဲတမ်းတော့ ဝေဒနာ
အမြဲတမ်းတော့ သိင်္ဂါရ
အမြဲတမ်းတော့ ချစ်ခြင်းမေတ္တာ
အမြဲတမ်းတော့ ကြေငြာချက်
တွေချည်း ဖြစ်မနေနိုင်တဲ့ နှလုံးသားရဲ့  အပိုင်းအစတွေ

အမြဲတမ်းစိမ်းလန်းနိုင်ပါစေ....

mie nge

မယ်ကိုး said...

မကေရဲ့ အမေးလေးကို လှလှပပလေး ဖွဲ့ ဖြေထားတာ သဘောကျမိပါတယ်။