Aug 17, 2009

သက်တန့်ပေါ်က ကဗျာ










နားထောင်လိုက်စမ်း...
ဒါဟာ ဖြောင့်တန်းခဲ့ဖူးတဲ့ မျဉ်းကွေးတချောင်းရဲ့ ငိုသံ
ခရမ်းနုရောင်လေးတွေ စွန်းထင်း ပေကျံ...


ရင်ဘတ်ကို လာမှန်ခဲ့တဲ့လရောင်
မဲနယ်တောင်တန်းပေါ် ပြိုးပြက်...
အေကေတလက် လွယ်ရင်းလျှောက်ခဲ့တဲ့
ခြေသွားလမ်းကောက်ကောက်လေး
ကောင်လေးတယောက် လွမ်းဆွေးနေ ...


“အမေ...”လို့ တကြိမ်တခါသာ အော်ဟစ်မြည်တမ်းမိရုံ...
လိပ်ပြာတွေ အလန့်တကြား ထခုန်တယ်...
ခုတော့ မွှေးထုံနေတဲ့ အပြာရောင်ပန်းတွေ ကြား
အမေ ငြိမ်းချမ်းသွားပါပကော...


တောအုပ်တခုထဲက ထွက်ပြီးမှ
တောအုပ်တခုထဲ ရောက်ရပြန်လေတယ်...
လတ်ဆတ်သစ်လွင်နေသော
အစိမ်းရောင် ဝေဒနာတောများ...
ငါ မောနေပြီ အချစ်...


တနှစ်မှ တခါ ပွင့်တတ်တဲ့ ပိတောက်
လူဘယ်နှစ်ယောက်ရူးသွပ်ဖူးပါသလဲ...
အတွေးထဲမှာ အ၀ါရောင်တွေ...
တသက်မှာ တခါလောက်ပဲ
ကောက်ရချင်နေပါပြီ...


အနီနဲ့ အပြာ လမ်းအတူလျှောက်တော့
ခရမ်းရောင်...
ပန်းခရမ်းပြာကို သတိရတယ်...
အနီနဲ့အ၀ါ ကမ်းအတူရောက်တော့
လိမ္မော်ရောင်...
လိမ္မော်သီးတလုံးလောက်တော့ စားချင်တယ်...


သွေးနံ့တွေက ညှီဟောင်...
သူ့အရောင်ကို ငါ မုန်းတယ်...
အလံတွေအားလုံးလိုလိုကလည်း
အနီရောင်တွေပါနေကြပေါ့...
အလံတွေကို ငါ မုန်းတယ်...


အလံတလက်တော့
ငါ ချစ်မက်နေ...
အဲသည်ထဲမှာ ချိုးငှက်ဖြူ...

ATN

13 comments:

Anonymous said...

မနှစ်က ဖတ်ခဲ့ ရတဲ့ အလံတလက်နဲ့ ပန်းပွင့်တွေ ကို
ဘာမဆိုင် ညာ မဆိုင် ပြေးသတိရမိပါတယ်

မဲနယ်တောင်တန်းပေါ်က အေကေတလက် နဲ့ ကောင်လေး တယောက်
အိမ် မပြန်နိုင်တဲ့ အမေ့ရဲ့ သား

အစိမ်းရောင် တောအုပ်အလယ်က
လူရွယ်ပိုင်း တယောက်ရဲ့ ဘ၀ အမောတွေ

ရသတွေ အစုံ ခံစားလို့ ရတဲ့ ကဗျာလေးတပုဒ်ပါ

ခင်မင်စွာဖြင့်
(mama)

ကြည်ဖြူပိုင် said...

ဖြောင့်တန်းတဲ့မျဉ်းကွေးတစ်ချောင်းရဲ့ငိုသံ ခရမ်းနုရောင်လေးတွေစွန်းထင်းပေကျံ

လတ်ဆတ်သစ်လွင်နေသောအစိမ်းရောင်ဝေဒနာတောများ............


ဒီစာသားလေးတွေကဆန်းသစ်တယ်ကိုအောင်သာငယ်ရေ....တစ်ပုဒ်ထဲနဲ့ရသစုံကိုပေးစွမ်းနိုင်တယ်...စကားမစပ်...၂ ရသွားတယ် :)

မယ်ကိုး said...

ခုတလော အရောင်တွေအကြောင်းဖတ်နေရတာ ကြိုက်တယ်။

အနီနဲ့ အပြာ လမ်းအတူလျှောက်တော့
ခရမ်းရောင်...

ဒီကဗျာလေးကိုလည်း ကြိုက်လိုက်တာ။

နန်းညီ said...

အေကေတလက် လွယ်ရင်းလျှောက်ခဲ့တဲ့
ခြေသွားလမ်းကောက်ကောက်လေး

အဲ့တပိုဒ် အကြိုက်ဆုံး
း)

ကိုလူထွေး said...

အရောင်တွေကို စကားလုံးတွေနဲ့ ပုံဖော်ပြသွားတာ လှတယ်...

အဖြူဟာ အရောင်မဟုတ်တော့ ငြိမ်းချမ်းရေးဆိုတာ တကယ်ရှိရဲ့လား သံသရဖြစ်မိတယ်...

းဝ)

ဆူးရင့် said...

ကိုအောင်သာရေ
ဒီကဗျာလေးက တကယ်ကောင်းတာပါလား။
အသံတွေက လှ ။ အရောင်တွေလည်း ပါနေတော့
တကယ် ကောင်းပါတယ်။
ဆက်၍ ဆက်၍ ရေးသားနိုင်ပါစေလို့။

နွေဆူးလင်္ကာ said...

ကဗျာလေးက လှလည်းလှတယ် ကောင်းလည်း ကောင်းပါတယ်။ သက်တန့်ရောင်ခြယ်လိုက်တော့ ကဗျာက ပိုပြီး အသက်ဝင်သွားတယ်။

yangonthar said...

စိန်ပန်းပြာတွေကို လွမ်းတယ် ကဗျာလေး ကောင်းတယ် ကိုအောင်သာငယ် :D
အေးမြသာယာပါစေ
(ရန်ကုန်သား)

kiki said...

အရောင်စုံ နဲ့ အတွေးစုံ အကြောင်းစုံ အသံစုံ အားလုံးစုံအောင် ဖွဲ့ ထားတဲ့  ရောင်စုံ ကဗျာလေး ..မိုက်တယ် ။ ကြိုက်တယ် ။
အဲ.. မန့် တဲ့ သူတွေတောင် အတော်စုံ နေပြီဘဲ...

အတောင်စုံရင် ပြန်ချင်ဘီ ။ အဲ .. ပျံချင်ဘီ ။ အိမ်ကို ...

Anonymous said...

အရောင်တွေများစွာနဲ့ ခြယ်သထားခဲ့တဲ့ ဘ၀ထဲက ခံစားမှု ရောင်စုံတွေပါလားအစ်ကို..။ နောက်ဆုံးမတော့ ချိုးဖြူငှက်လေးပါတဲ့ အလံလေးကိုပဲ တလူလူ လွင့်နေစေချင်ပါရဲ့လေ..။

tg

Anonymous said...

ဒီကဗျာ က
မနော်ဟရီ နဲ့ စကားပြောခြင်း လို့ ခေါင်းစဉ် ပေးသင့်တာပေါ့

သူ့ရဲ့.. အဖြူရောင်သက်တံတစင်းနဲ့ ကျွန်မရဲ့ ရောင်စုံသီချင်းတွေ.. ဆိုတဲ့စာကို အတိအကျ ပြန်လည်ပုံဖေါ် ပေးထားပဲ ကို

စဉ်းစားစရာပေပဲ..

အောင်သာငယ် said...

To anonmymous -
အင်း... ဟုတ်ပါ့...
အမှန်တော့ တိုက်ဆိုင်တာပါ...
သို့သော်လည်း - အဖြူရောင်သက်တံတစင်းနဲ့ ကျွန်မရဲ့ ရောင်စုံသီချင်းတွေ - က ကျနော့်ကို လွှမ်းမိုးသွားတာ ဖြစ်မှာပါ...
ဘာလို့လဲဆိုတော့ မနော်ဟရီဆိုတာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကဗျာဆရာမ တယောက်မို့လို့ပါ...

”မင်းတာရာ” said...

ဟုတ် ပ
နီညိုတောအုပ်
အဆိပ်ငွေ့ တန်းတောအုပ်
”ခွမ်မိန်းလု” တောအုပ်
သိန်းငှက်တို့ ရဲ့ တောအုပ်ထဲ
အစိမ်းတွေနဲ့ ပလူးပလဲ ကျုပ်လည်းအကြိမ်ကြိမ်
ချော်လဲ ခဲ့ဖူးပြီ
ကိုအောင်သာငယ် ရေ...
ကျန်းမာပါစေဗျား။

တောအုပ်တခုထဲက ထွက်ပြီးမှ
တောအုပ်တခုထဲ ရောက်ရပြန်လေတယ်...
လတ်ဆတ်သစ်လွင်နေသော
အစိမ်းရောင် ဝေဒနာတောများ...
ငါ မောနေပြီ အချစ်...