Sep 30, 2008

ညစာ
















ရခဲ့သမျှကို မကျေနပ်ရင်
ကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်
ဒါပေမယ့် ပြန်မွေးလို့တော့ မရဘူး။
တဖက် စောင်းနင်း ကျနေလိုက်ပုံများ
ဘ၀ဟာ .....

လောကကြီး ငါ့ မုန်းနေပုံတော့လား...
လေဖြတ် ပါးတခြမ်းနဲ့
ပြက္ခဒိန်ရွဲ့ရွဲ့ကြီး...
တူရွင်းဖဲ့ခံရတဲ့
ကျောက်တုံးအပဲ့လို....
ငိုရင်တောင် ငိုလို့ ငိုမှန်းမသိ၊
ပြုံးမိရင်တော့ မဲ့ပြုံးကြီးကိုဖြစ်လို့...

တကြိမ်တခါပါပဲ
ချိုသာသော ပျားရည်တစက် တမ်းတမိ
ဓါးသွားပေါ်မှာ လျက်ကြည့်ရမတဲ့
ပက်စက်နေကြပုံကို ပြောပါတယ်....

တော်လောက်ပြီ...
ကောင်းကင်တံခါးကို
ပိတ်ထားလိုက်ပါတော့ကွာ...
ငါ့ အရိပ်ကို ငါပြောရင်း နေရာဟောင်းကို ပြန်ခဲ့တယ်။

နေရာဟောင်းဟာ ငါ့အိမ်ပါပဲ....
နတ်ဆိုးရယ် ကျိန်စာရယ်
ဦးနှောက်မပါတဲ့ နဂါးခေါင်းရယ်
ကဝေရဲ့ ဆယ့်နှစ်ကြိုးတပ် ဗြပ်စောင်းရယ်
အားလုံးကို ငါပေါင်းလိုက်တယ်...

ပြီးတော့
ငါ့တကိုယ်စာ ဟင်းတခွက်
ကောင်းကောင်းကြီး ချက်ခဲ့တာပေါ့။

ATN

Sep 29, 2008

ပျော်ပျော်ပါးပါးရောဂါ

ဟိုးတလောက ဘာရယ်မဟုတ် ကိုယ့်ဘ၀အကြောင်း ကိုယ့်ဘာသာကိုယ် တွေးမိရင်း ငယ်စဉ်က အကြောင်းများကို စဉ်းစားမိသည့်အခါ ပျော်စရာကောင်းခဲ့သည့် ငယ်ဘ၀ အဖြစ်အပျက်လေးများကို ပြန်ပြောင်းသတိရမိကာ တယောက်တည်း ပြုံးတုံးတုံး ဖြစ်မိသေးသည်။ သည်လိုနဲ့ ကိုယ့် သူငယ်ချင်းတွေလည်း ကိုယ့်လိုပဲ ခံစား ရလေ မလားလို့ စဉ်းစားမိရင်း ကိုယ့်ဘ၀ထဲက မှတ်မိနေသေးသော ပထမဆုံးလေးတွေကို ခေါင်းထဲ ရောက်လာ သလောက် ချရေးရင်း ပထမဆုံးများ ဆိုသည့် ပို့စ်လေးတခုကို ရေးဖြစ်လိုက်လေသည်။

ပို့စ်လေးအဆုံးမှာတော့ ခင်ရာမင်ရာ သူငယ်ချင်းတွေကို Tag သည့် စာရင်းထဲ သတိရသလောက် ထည့်ရေး လိုက်မိသည်မှာ အတော် လက်လွန်သွားလေသည်။ Tag လိုက်မိသည့် ဘလော်ဂါ ဘော်ဘော်တွေ အားလုံးပေါင်း ၃၄ ဦးတောင် ဖြစ်သွားလေသည်။ ဒါကြောင့်လည်း မကေရဲ့ပထမဆုံးများ ပို့စ်မှာ ပြောသလို ကိုယ်က လူအများကို အစုလိုက် အပြုံလိုက် Tag သော ပထမဆုံး ဘလော်ဂါ ဖြစ်သွားလေသည်။ (Guiness Record မှာ ပါရင်တော့ ကောင်းသားနော်)

ပို့စ်လေးကို တင်ပြီးသွားတော့ သယ်ရင်းများရဲ့ ဆီပုံးတွေထဲမှာ - Tag ထားတယ်၊ ရေးချင်လည်းရေး၊ မရေးလည်း ကိစ္စ မရှိ - ဆိုပြီး သွားအော်ခဲ့မိလေသည်။ သည့်နောက်တော့ - ညီမငယ်ချိုသင်းရဲ့ပထမဆုံး ပို့စ်မှာ ရေးထားတာလေး - Tag ပုံကလဲ ကြည့်ပါအုံး၊ ရေးချင်ရေး မရေးချင် မရေးနဲ့ တဲ့။ ခပ်မာမာပဲ။ နောက်ပြီး သူရဲ့ ပထမဆုံး ပစ်ဖူးသော သေနတ်က AK-47 ဆိုပဲ။ ဒါနဲ့ ကြောက်ကြောက်နဲ့ မြန်မြန်ပဲ ရေးလိုက်ပါကြောင်း - ဆိုတာကို ဖတ်မိသွားတော့မှ ကိုယ် အပြောအဆို သိပ်မတတ်သေးတာကို သတိထားမိသွားပါတော့တယ်။ တကယ်ကတော့ ကိုယ်က ရိုးရိုးပဲ စဉ်းစားတာပါ၊ သဘောရိုးနဲ့ပါပဲ၊ မရေးချင်တာကြီးကို အတင်း ရေးခိုင်း မိသလိုမျိုး ဖြစ်သွားမှာ စိုးတာရယ်၊ မအားလပ်တဲ့ကြားကနေ မဖြစ်မနေကြီး ရေးပေးနေရတာမျိုး ဖြစ်သွားမှာ စိုးတာရယ်ကြောင့်ရော - သူငယ်ချင်းတွေကို အားနာတာပါ။ ဒါကြောင့်လည်း သို့ကလို - ရေးချင်လည်းရေး၊ မရေးလည်း ကိစ္စမရှိ - လို့ ဆီပုံးတွေထဲ သွားအော်ခဲ့မိခြင်းသာ ဖြစ်ပါသည်။ ခုတော့ သည်ပို့စ်ကိုရေးရင်းက သယ်ရင်းများအားလုံးကို တောင်းပန်လိုက်ပါသည်။ (ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ကြပါ) ခွင့်လွှတ်ကြမည်ကိုလည်း ယုံကြည်ပါသည်း)

သယ်ရင်းတွေ အားလုံးကလည်း ကိုယ့်ကို ခင်မင်ကြရှာပါပေရဲ့။ တချို့က ချက်ချင်းဆိုသလိုကို ပြန်ရေးပေးကြသည်လေ။ သည်လိုနဲ့ ပြန်ရေးပေးကြသော သယ်ရင်းတွေရဲ့ ပထမဆုံးများကို ဖတ်ရင်းက ကိုယ့်ပထမဆုံးတွေနဲ့ မတူတဲ့ သူတို့ရဲ့ ပထမဆုံးတွေကိုလည်း ကိုယ့်အနေနဲ့ ပြန်ရေးပေးသင့်တယ်လို့ ယူဆပြီး ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး နောက်ထပ် ပထမဆုံးတွေကိုတောင် ပို့စ်တခု ထပ်ရေးလိုက်မိသေးသည်။

သည့်နောက်မှာတော့ သယ်ရင်းတွေကလည်း သူတို့ရဲ့ ပထမဆုံးတွေကို ရေးရင်း သူတို့ ခင်ရာမင်ရာ သယ်ရင်းတွေကို ထပ်Tag ကြလေသည်။ သည်လိုနဲ့ ကိုယ် Feed ယူထားသော ဘလော်ဂါတွေအားလုံးရဲ့ ပို့စ်တွေကို Googel Reader မှာ ဖတ်ရင်း ပထမဆုံး ဆိုသော ပို့စ်များကို ဟောတခု ဟောတခု တွေ့နေရလေတော့သည်။ သည် ပထမဆုံးများကို လိုက်ဖတ်လိုက်၊ ကိုယ့် Share Item ထဲ ထည့်လိုက်နဲ့ ဖတ်မိသမျှ ပထမဆုံး ဆိုသော ပို့စ်များကို ကိုယ့် Share Item ဖြစ်သည့် - ဖတ်စေချင်သောစာများ - အောက်တွင် ထည့်လိုက်မိသည်မှာ Share Item အားလုံးမှာ ဘလော်ဂါပေါင်းစုံက ရေးထားသော အမျိုးစုံနေသော ပထမဆုံးများချည်း ဖြစ်နေလေတော့သည်။ မကေ ကတောင် - ပထမဆုံး ပေါင်းချုပ် ထုပ်မလို့..စုနေတာ ထင်တယ်- ဟု ဆီပုံးထဲမှာ နောက်သွားခဲ့သေးသည်။

ဘာပဲဖြစ်ဖြစ် Tag Game က ပျော်စရာကောင်းနေသည်မှာတော့ အမှန်ပင်။ ကိုယ် Tag လိုက်ပြီးမှ လိုက်ရေးပေးကြသော တချို့ သူငယ်ချင်းများကလည်း သူတို့ ငယ်ဘ၀လေးတွေကို ပြန်စဉ်းစားမိသွားလို့ ကိုယ့်ကို ကျေးဇူးတင်ကြောင်း တခုပ်တရ ပြန်ပြောလာကြတော့လည်း ကိုယ်တိုင်လည်း ကြည်နူး ကျေနပ်မိ ပါလေသည်။

ခုတော့ ဗမာဘလော်ဂါလောကကြီးတခုလုံး ပထမဆုံးများကို ၀ိုင်းရေးနေကြပြီလားလို့ တယောက်တည်း စဉ်းစားရင်း ပြုံးနေမိပါသေးသည်။

အော် --- အဖော်တွေ ပျော်ပျော်ပါးပါး အားပါးတရ ကူးစက်ခံချင်ကြတဲ့ရောဂါဟာ Tag Game လေလား။ Tag Game ကို ကိုယ်ချစ်ပါသည်။

Sep 28, 2008

မြို့ပြဝေဒနာ

သူ အလုပ် အသစ်ရသည့်နေရာက မြို့ကြီး ဖြစ်လေသည်။ မြို့ကြီးဆိုတော့လည်း တောလို့ခေါ်ရမည့် ဖလော်ရီဒါမှ ပြောင်းလာသူ သူ့အတွက် အရာရာ အသစ်အဆန်းတွေချည်း။ ဖလော်ရီဒါမှာ သူနေသည့် မြို့ကလေးဆိုလျင် အိမ်ပြူတင်းဝမှနေ ထိုင်ကြည့်ကြည့် တနေ့လုံးနေလို့ လူတယောက် လမ်းလျှောက်လာတာ မမြင်ရ၊ တနာရီထိုင်ကြည့်လို့ ဖြတ်သွားသည့် ကားအားလုံးကို ရေတွက်လျင် လက်ဆယ်ချောင်းမပြည့်။ သည်လို တိတ်ဆိတ်ငြိမ်သက်သည့် တောမြို့လေးမှ ဆူညံလှုပ်ရှားနေသည့် မြို့ကြီးဆီသို့ ရောက်လာတော့ သူ့အာရုံတွေ နောက်လာသည်။ လမ်းပေါ်မှာ အချိန်ပြည့် ကားတွေချည်း၊ ပလက်ဖောင်းတွေပေါ်မှာလည်း လူတွေအမြဲတမ်း တွေ့နေရသည်။ ဘာပဲဖြစ်ဖြစ် သူပျော်ပါသည်။

သူ့အလုပ်ရှိသည့် နေရာကတော့ Grocery Store အကြီးကြီးတခု ဖြစ်လေသည်။ ပြီး သူ လုပ်ရသည့် ဌာနကလည်း Prepared Food ဆိုတော့ စတိုးရဲ့ ၀င်ဝင်ချင်း အပေါက်ဝမှာ ရှိနေလေသည်။ သည်တော့ စတိုးထဲသို့ ၀င်လာသမျှသော လူအားလုံးကို လှမ်းကြည့်ကြည့် မကြည့်ကြည့် အလိုအလျောက်ကို မြင်နေရသည့်နေရာ ဖြစ်နေလေတော့သည်။

သည်လိုနဲ့ စတိုးထဲသို့ နေ့စဉ်ဝင်လာသမျှ လူတွေ အားလုံးကြားမှာ သူအလုပ်ဆင်းသည့်နေ့တိုင်း မြင်နေရသည့် လူတယောက်ကို သူ မှတ်မိလာလေသည်။ သည်လူက သူ အလုပ်ဆင်းသည့်နေ့တိုင်း သည်စတိုးကို ၀င်လာလေ့ရှိသည့်သူတယောက်ပါပေ။ အချိန်မှန် မဟုတ်သော်လည်း ယေဘူယျအားဖြင့် မနက် ၉ နာရီ နှင့် ၁၁ နာရီ ကြားမှာ စတိုးထဲသို့ သည်လူ ၀င်လာလေ့ရှိသည်။ သည်လူ့ကို သူ မှတ်မိသွားရ သည်မှာလည်း မှတ်မိစရာ ဖြစ်နေသော အကြောင်းတခုကြောင့် ဖြစ်လေသည်။

စတိုးထဲသို့ သည်လူ ၀င်လာတိုင်း သူ့ ဘယ်ဖက်လက်မှာ အိတ်တအိတ်ဆွဲလာလေ့ရှိပြီး ညာဖက်လက်မှာ ခြောက်လုံးပြူးတလက်ကို ကိုင်လာလေ့ရှိသည်။ (ခြောက်လုံးပြူးကြီးကိုင်ပြီး ၀င်လာတယ်ဆိုလို့ မလန့် သွားကြပါနဲ့ဦး၊ ဒါးမြလာတိုက်တာ မဟုတ်ပါဘူး။ သည်လူက Security Service ကုမ္ပဏီတခုကပါ။ စတိုးက ငွေတွေကို လာသိမ်းပေးတာပါ။) ပြီးတော့လည်း စတိုးထဲသို့ဝင်လာတိုင်း သူ့ပုခုံးမှာရှိသည့် ဝေါ်ကီတော်ကီ ကိုလည်း ပုကျု-ပုကျုနဲ့ ပြောနေလေ့လည်း ရှိလေသည်။

ပြီးတော့ စတိုးမှ သူပြန်ထွက်သွားတိုင်း ရုပ်ရှင်တွေ ထဲက အတိုင်း ငွေအိတ်ကြီးကို ဘယ်ဖက်လက်က ဆွဲ၊ ညာဖက်လက်က သူ့ခြောက်လုံးပြုးသေနတ်ကြီးကို အသင့်အနေအထားနဲ့ကိုင်၊ (သေနတ်ကို အောက်စိုက်ပြီး ကိုင်ထားသော်လည်း သူ့လက်ညှိုးကို Trigger ကွင်းမှာ ကပ်ထားပြီး အချိန်မရွေး သေနတ်ကို ပစ်ခတ်နိုင်သည့် အသင့်အနေအထားဖြင့် စတိုးထဲမှ ထွက်သွားလေ့ရှိသည်။) သူ့ဘယ်ဖက်ပုခုံးပေါ်မှာ ချိတ်ထားသည့် ဝေါ်ကီ တော်ကီကို ခေါင်းကလေး စောင်းပြီး - ပုကျု-ပုကျု - ပြောရင်း စတိုးအ၀ ရောက်တော့ ပတ်ဝန်းကျင်တခုလုံးကို သူ့ဦးခေါင်းတခုလုံး ဘေးဘီ ၀ဲယာ ချာလပတ်ရမ်းအောင် ကြည့်ရင်း စတိုးအရှေ့မှာရပ်ထားသည့် သူတို့၏ သံချပ်ကာ ကားကြီးဆီသို့ ပြေးသွားမတတ်ခြေလှမ်းများနှင့် လျှောက်သွားရင်း အနားရောက်တော့ ကားတံခါးကို အမြန်ဆွဲဖွင့်ကာ ကားအတွင်းသို့ ကမန်းကတမ်းတိုးတက်ပြီး ကားတံခါးကို အမြန်ဆွဲပိတ်ကာ ထွက်သွားလေ့ ရှိသည်လေ။

သူ့မှာတော့ နိစ္စဓူဝ သည်မြင်ကွင်းကြီးကို မြင်နေရသည်ကို စိတ်ပျက်လှလေသည်။ နေ့စဉ် အဲသည် ငတိကို သူမြင်နေရပြီး သည် ငတိကိုယ်စား စိတ်မောနေရသည်ကို တနေ့မှာ သည်ငတိ သူ့ ကားပေါ်ရောက်သွားမှ ဟင်း--ဆိုပြီး သူ သက်ပြင်းချမိသွားသည်ကို သူ့ဘာသာသူ သတိထားမိသွားတော့မှ သိတော့လေသည်။

သို့သော်လည်း သည်ဇာတ်လမ်းက သည်မှာ မပြီးသေးပါချေ။ နောက်တရက်ကျတော့ စနေနေ့ဆိုတော့ ဖရီးဝေးကလည်း ကားရှင်းလေသည်။ သည်လိုနဲ့ စတိုးကို သူ အစောကြီးရောက်ဖြစ်တော့ စတိုး ၀င်ပေါက် တည့်တည့်မှ Parking Lot မှာ သူ့ကားကို ရပ်မိသွားလေသည်။

သည့်နောက်တော့ နေ့လည်စာ စားချိန်ရောက်တော့ နေ့လည်စာစားပြီး ကျန်နေသေးသည့် အချိန်လေးတွေကို သူ့ ကားပေါ်မှာ ဖြုန်းတီးရင်း ဘာရယ် မဟုတ် စတိုး အပေါက်ဝကို သူ ကြည့်မိလေသည်။ သည်မှာ အဲသည် ငတိရဲ့ ကားကို သူတွေ့ရပြန်လေသည်။ သည်ငတိရဲ့ ကား စတိုးအရှေ့ကို ရောက်လာတော့ သည်ငတိ၏ ပါတနာ ဖြစ်သည့် နေကာမျက်မှန်တပ်ထားသော ကားဒရိုင်ဘာက ကားကို ရပ်ရင်း ဒရိုင်ဘာခုံမှ ပါဆင်ဂျာ ဆိုဒ်ကို ပြောင်းသွားသည်ကို သူတွေ့နေရသည်။ သည့်နောက် ထိုဒရိုင်ဘာက ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်း တောင်းမှောက် ကြည့်ရင်း တခုခုကို ဝေါ်ကီ တော်ကီမှ ပြောနေသည်ကို တွေ့ရလေသည်။ သည့်နောက်မှာတော့ သူ့ငတိကို အိတ်ကြီးတလုံးကိုင်ပြီး ဆင်းလာသည်ကို တွေ့ရလေတော့သည်။

သည့်နောက်မှာတော့ မြို့ကြီးတခုပီပီ သည် သံချပ်ကာကားကြီး ပတ်ပတ်လည်မှာ သွားလာနေသူများ အားလုံးကို ဒရိုင်ဘာ ငတိက ချာလပတ်လည်အောင် လိုက်ကြည့်နေသည်ကို သူတွေ့နေခဲ့ရပါလေသည်။ နောက် နာရီဝက်ခန့် အကြာတွင်မတော့ သူ့ ငတိကို ထုံးစံအတိုင်း ခြောက်လုံးပြူးကြီးကိုင်၊ ငွေအိတ်ကြီး လက်ကဆွဲနဲ့ စတိုးထဲက ထွက်လာသည်ကို တွေ့လိုက်ရပါလေသည်။ ကားပေါ်မှ သူ့ ပါတနာကလည်း အဆင်သင့် အနေအထားလိုမျိုး ကားထဲမှာ ပုံစံပြောင်းသွားသည်ကိုလည်း သူတွေ့လိုက်ရသေးသည်။ သူ့လက်ကို မတွေ့ရပေမင့် သေနတ်ကို ထုတ်ကိုင်ထားပုံပါပဲ။ ငတိက ငွေထုပ်ကြီးဆွဲပြီး ကားတံခါးကိုဖွင့် ၀င်သွားပြီးမှ အဲသည် ဒရိုင်ဘာကို သူ့ ဒရိုင်ဘာ ထိုင်ခုံပေါ် ပြောင်းထိုင်ကာ ကားနောက်ခန်းကို လှမ်းကြည့်ရင်း ပြုံးပြုံးရီရီ စကားပြောနေသည်ကို သူလှမ်းတွေ့လိုက်ရလေသည်။

သည် လူ ၂ယောက်ကို ကြည့်ရင်း သူလည်း စိတ်မောနေမိလေသည်။ သူတို့ သယ်ဆောင်နေရသည့် ငွေတွေကို အချိန်မရွေး ဓါးမြတိုက်နိုင်သည့် အန္တရာယ်ကို သူတို့ ကြောက်လန့်နေရသည်ကို သူ တွေ့နေရလေသည် မဟုတ်လား။ အမှန်တော့ သည်လူ ၂ ယောက်က သမာအာဇီဝ ရှာစားနေကြသူတွေပါပေ။ သို့ပေသည့် မသမာအာဇီဝသမားတွေ ရန်ကို သည်လူ ၂ ယောက် ခြောက်ခြားနေရလေသည်။ ၀မ်းနည်းစရာ ကောင်းပါဘိတော့။ သူတို့ခမျာသူတို့ မမြင်ရသည့် မသမာအာဇီဝသမားတွေကို ခြောက်ခြားနေရသည် မဟုတ်ပါလား။

ဒါပေသည့် သူပြန်စဉ်းစားကြည့်တော့ သည်လူ ၂ယောက် ထက် သူ့တိုင်းပြည်က ပြည်သူလူထုကို ပို သနားမိပါသည်။ ထိုလူ ၂ ယောက်က သူတို့ မမြင်ရသည့် မသမာအာဇီဝသမားတွေကို ခြောက်ခြားရုံသာ။ သူ့တိုင်းပြည်က ပြည်သူလူထု တရပ်လုံးကတော့ မသမာအာဇီဝသမားတွေကို နေ့စဉ်နှင့်အမျှ မြင်နေရရုံမျှမက ထိုသူများ မိန့်ခွန်းချွေသမျှကိုလည်း နားထောင်နေကြရသေးသည်လေ။

Sep 27, 2008

ဖရီးဝေးဝေဒနာ

သူငယ်ချင်းတယောက်က ဆက်စပ်ပေးသည့် အတွက် သူရှာဖွေနေသည့် အလုပ်တွေထဲက သူ့အတွက် အကောင်းဆုံးဟု သူယူဆသည့် အလုပ်တခုကို သူ စိတ်ဝင်စားမိလေသည်။ အင်တာဗျူးလို့ ပြောရမည့် အလုပ်ရှင်နှင့် သူ ဖုံးထဲမှာ အပြန်အလှန် စကားပြောပြီး အလုပ်ရှင်က မေးစရာရှိတာတွေ မေး၊ သူကလည်း မေးစရာရှိတာတွေမေး၊ အလုပ်ရှင်မေးတာတွေကိုလည်း သူက ဖြေစရာ ရှိတာတွေဖြေ၊ အလုပ်ရှင်ကို သူ မေးတာတွေကိုလည်း အလုပ်ရှင်က ဖြေစရာရှိတာတွေ ဖြေပီးသွားတော့ သူ အလုပ်ရလေသည်။ အလုပ်က ရမယ့်ရတော့လည်း သူ့မြို့နဲ့ အတော်ဝေးသည့် နေရာမှာမှ ရလေသည်။ အလုပ်ရတော့လည်း သွားချင်ချင် မသွားချင်ချင် သွားရတာပါပဲလေ။ ဒါပေသည့် သွားရသည်ကလည်း သိပ်တော့ မနိပ်လှ။ သူ့အိမ်မှ အလုပ်ကို နာရီဝက်ကြာအောင် ဖရီးဝေးမှ ကားမောင်းသွားရမည်လေ။

သည်လိုနဲ့ ပထမဆုံး အလုပ်မသွားမီ ညမှာ အင်တာနက်ထဲကနေ သူသွားရမည့် အလုပ်ရှိသည့် လိပ်စာကို ရှာကြည့်လိုက်သည်။ ပြီးတော့ သူ့ အိမ်ရှိရာမှ အလုပ်ကို ဘယ်လိုကားမောင်းရမည်ဆိုသည့် Driving Direction ပါ ယူလိုက်သေးသည်။ ထုံးစံအတိုင်း Google Map က ခိုကိုးရာပေါ့လေ။ Map အရ ကားမောင်းရမည့် လမ်းကြောင်းများကို သူမှတ်သားထားလိုက်သည်။ ပိုသေချာအောင် စာရွက်တရွက်မှာ ချရေးထားလိုက်ပြီး သူ့ကားထဲမှာ သွားထည့်ထားလိုက်သေးသည်။

နောက်နေ့မနက် ရောက်တော့ အလုပ်ဆင်းရမည်က ၇ နာရီခွဲ၊ ကားမောင်းရမည်က ဂူးဂဲလ်အလိုအရ နာရီဝက် ဆိုတော့ လိုလိုပိုပို နောက်ထပ် နာရီဝက် ထပ်ပေါင်း မနက် ၆ နာရီခွဲမှာ အိမ်မှစထွက်လျှင် အလုပ်ကို အချိန်မှီရောက်မည်။ သည်လိုနဲ့ သူ အိမ်မှ မနက် ၆ နာရီခွဲမှာ စထွက် ဖြစ်ခဲ့ပါလေသည်။

ဖရီးဝေးပေါ်ရောက်တော့ ၆ လမ်းလုံးမှာ ကားတွေ အပြည့်။ ဖရီးဝေးကို သူဝင်ကာစကသာ တနာရီ ၄၅ မိုင်နှုန်း ဖြစ်သည်။ ဖရီးဝေးပေါ်မှာ တကယ်မောင်းရတော့ ၁၅ မိုင်က Top Speed။ Local ထဲမှာတောင် တနာရီ ၃၅ မိုင်နှုန်း မောင်းနိုင်သေးသည်။ ဒါဆို ဘာလို့ ဖရီးဝေးလို့ ခေါ်နေကြသတုန်းဗျ။ သူ စိတ်ပျက်လာသည်။ သူ့ကားကလည်း မိသားစု ၅ ယောက်မို့ ချောင်ချောင်ချိချိဖြစ်အောင် ၀ယ်ထားသည့် မီနီဗဲင်ဆိုတော့ ဆီစားသည်။ သည်အတိုင်းဆို ဆီဖိုးနဲ့ မွဲပေလိမ့်။ ဖရီးဝေးမှာတော့ ပေ ၂၀၀ လောက် မောင်းလိုက်၊ ရပ်လိုက်၊ ပြီးဆက်မောင်းလိုက်၊ ပြီးရပ်လိုက်နဲ့ သူ့ အလုပ်ကို ၈ နာရီ ခွဲမှ ရောက်လေတော့သည်။ ကံကောင်းသည်က အလုပ်ရှင်က နားလည်မှု ရှိခြင်းပင်။ နောက်နေ့တော့ စောစော ထွက်ပေါ့ဗျာ-ဆိုသည့်စကားက အလွန်တရာ နားဝင်ချိုလှသည်။ ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာ တနာရီအလုပ်နောက်ကျသည့် သူ အလုပ်မပြုတ်သည်မှာ အလွန်တရာ ကံကောင်းနေခြင်း မဟုတ်ပါလား။

သည်မှာ ပြန်စဉ်းစားရင်း ဖရီးဝေး (FreeWay) ဆိုသည့် စကားကြီးကို သူ ဘ၀င် မကျ ဖြစ်လာသည်။ ဘာလဲ ဖရီးဝေး။ အဲသည် ဖရီးဝေးဆိုသော လမ်းပေါ်မှာလည်း အမြင့်ဆုံးမိုင်နှုန်း ၆၅ (Maximum Speed 65 mph) လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ခဏခဏတွေ့ရသည်။ အမှန်တကယ်က ဖရီးဝေးဆိုရင် ကြိုက်သလောက်မောင်းပေါ့။ မဟုတ်လား။ ကြိုက်သလောက် မောင်းလို့ မရရင် ဖရီးဝေးလို့ ခေါ်နဲ့ပေါ့၊ Limited Way အဲလိုမျိုး ခေါ်ပေါ့လေ။ တကယ့်တကယ်က ၃၅ မိုင်တောင် မောင်းလို့ မရတာကို ဘာလို့ ဖရီးဝေးလို့ သတ်မှတ်ပါသလဲ။ ဒါဆို ဖရီးဝေး အတုကြီးပေါ့။ သူ့ဘာသာသူ ပြောရင်း သူ့ဘာသာသူလည်း ပြန်စဉ်းစားနေမိသည်။ အမှန်ကတော့ ဒါက တကယ့် ဖရီးဝေးကြီးပါ ကားတွေများလွန်းလို့ ကျပ်သွားတော့ မဖရီးနိုင်တော့ဘူး မဟုတ်လား။

အဖြေမှန်ကတော့ သူလည်း မသိပါ။ ဘာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖရီးဝေးဆိုသည့်စကားလုံးတခုကတော့ အမှန်တကယ် မဖရီးသည်မှာ အသေအချာပါပေ။

Sep 22, 2008

ပထမဆုံးများ (နောက်ဆက်တွဲ)

ကျနော် Tag ထားတာကို အရေးတယူ ပြန်ရေးပေးခဲ့တဲ့ ညီတွေ ညီမတွေ ဖြစ်တဲ့ မျိုးဝင်းဇော်၊ ဆောင်းယွန်းလ၊ ကိုအောင်၊ icn2၊ လင်း၊ သူတို့ ရေးတာလေးတွေ ဖတ်ပြီးသွားတော့ ကျနော့် ပထမဆုံးများမှာ မပါတဲ့ သူတို့ရဲ့ ပထမဆုံးများကို ကျနော်ကလည်း ပြန်ရေးပေးသင့်တယ်လို့ ထင်လို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ရေးလိုက်ပါတယ်။

အဲတော့ ကျနော် Tag ထားတဲ့ ကျန်တဲ့ ညီအကိုမောင်နှမများလည်း အောက်ပါ ပထမဆုံးတွေကိုပါ ထည့်ရေးပေးပါလို့ ပြောပါရစေ။ သို့သော်လည်း ကိုယ်နဲ့ မတိုက်ဆိုင်ရင်တော့ ချန်လှပ်ခဲ့ပေါ့လေ။

ပထမဆုံး ရဖူးသော လက်ဆောင် - ၅ တန်းမှာ ယုယုကြိုင်ဆိုတဲ့ သူငယ်ချင်းမလေးက ပေးတဲ့ အပြာရောင် ဘော့ပင်လေး။ (ခုတော့ အဲသူငယ်ချင်းလည်း ဘယ်ရောက်နေပြီ မသိတော့)

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) - ၁၉၈၈ ခုနှစ် ဇန်န၀ါရီမှာ ၄၅၀ နဲ့ တကျပ်ဖိုးပေါက်တယ်။ သူငယ်ချင်းတွေကို ပြန်ကြွေးရတာက ထီပေါက်တာထက် ပိုကုန်တယ်။)

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - မေခလာ။ တောင်ဥက္ကလာပမြို့နယ် ၁၄ လမ်းဆုံမှာ ရှိသည်။ စားပွဲထိုးတွေက ကောင်မလေးတွေလေ။း)

ပထမဆုံး ၀င်ငွေရှာသော အလုပ် -
ဆေးဆိုးပန်းရိုက်။ (ဆေးဆိုး၊ ဖယောင်းခွာ၊ တုံးထု - အားလုံးလုပ်ရပါသည်) (အင်ဒိုနီးရှား ပါတိတ် အတု။ အင်ဒိုနီးရှားက လာတဲ့ ပါတိတ် ဒီဇိုင်းတွေအတိုင်း ကော်ပီလုပ်ပြီး ပြန်ရိုက်တယ်။ ပြီးတော့ ကော့သောင်းကို ပို့တယ်၊ ကော့သောင်းကနေ ရန်ကုန်ကို ပြန်ဝင်လာတယ်။ ရန်ကုန်ရောက်တော့ ဘူးပါတိတ်ဖြစ်သွားရော။ ထောင်ကျော်တန်တယ် အဲတုန်းက)

ပထမဆုံး ရဖူးသော လစာ -
တထောင့်လေးရာလို့ ထင်တယ်။ သေချာ မမှတ်မိတော့ဘူး။ အဖွားကို ငွေ ၅၀၀ သွားကတော့တယ်၊ အမေ့ကို ငွေ ၅၀၀ အပ်တယ်။ ကျန်တာကို သယ်ရင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ သုံးလိုက်တယ်။

ပထမဆုံး ရင်ခုန်မှု - ပထမဆုံး ရည်းစားဖြစ်မယ့် ကောင်မလေးဆီမှာ အဖြေ လိုက်တောင်းတုန်းက။ (သူငယ်ချင်းတွေ မြှောက်ပေးလို့ ကျောင်းဆင်းတော့ သူ့ အိမ်အပြန်လမ်းမှာ လူတွေကြားထဲ အတင်းလိုက်ပြီး မေးရတာ။ ရင်တွေက တဒိတ်ဒိတ်နဲ့။)
စာ ဖတ်ပြီးပလား အင် - (ဟင် တောင် အသံမထွက်နိုင်။ အလိုလို အာခြောက်လာသည့်ကြားထဲက အတင်းပြောရသည့် စကား)
ဘာစာတုံး - (သူ့ရှေ့က လမ်းကိုသာ ကြည့်ပြီး လူကို လှည့်မကြည့်ပဲ ပြန်ပြောသည်)
မတွေ့ဘူးလား မနေ့က လွယ်အိတ်ထဲမှာ ထည့်ခဲ့တယ်လေ (မုန့်စားဆင်းချိန် လူအလစ်မှာ ထည့်ခဲ့တာပါ)။
တွေ့တယ် -
အဖြေပေးဦးလေ -
မသိဘူး -
အာ ... အဖြေတော့ပေးရမှာပေါ့ -
မသိဘူး ဆို -
(နည်းနည်း အော်စပြုလာပြီ)
အာ -- (ဘာဆက်ပြောရမှန်းလည်း မသိတော့ ဘေးကပဲ လိုက်လျှောက်နေရသည်မှာ အတော်ကြာသည်)
လမ်းထဲ မလိုက်နဲ့နော် အရိုက်ခံရလိမ့်မယ်- (အဖြေတော့ မပေး အရိုက်ခံရမှာတော့ ပူပန်နေပုံရ၏း)
(ကျနော်လည်း တချိုးတည်း နောက်ကြောင်းပြန်လှည့်ခဲ့တယ်။ သယ်ရင်းတွေက နောက်ကလိုက်လာတာ - ဟကောင် အဖြေရပြီပေါ့ - ၀ိုင်းမေးကြတော့ - ရဘူး။ သူ့ လမ်းထဲကကောင်တွေ ၀ိုင်းရိုက်လိမ့်မယ်လို့ ပြောတယ် ဟ။ ဒါနဲ့ ငါ ပြန်လှည့်လာခဲ့တာ။ - အားလုံး ကျနော့်ကို ၀ိုင်းဆဲကြပါသည် - လခွီး အဲလောက် ကြောက်ရလား ငါတို့ ၅ ယောက်တောင် ပါတာပဲဟာ။ - သည်လိုနဲ့ နောက်ရက်တပတ်မှာ ရည်းစားဖြစ်ခဲ့ပါ၏)

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) -
ခိုင်ထူးရဲ့ သီချင်းတပုဒ်ပန်းတဆုပ်။

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - ဂစ်တာကမ္ဘာမှ။

ပထမဆုံး ဂစ်တာသင်ပေးသော ဆရာ - ကိုကျော်ဇောအောင် (စာရေးဆရာ ဗန်းမော်တင်အောင်၏ သားအငယ်ဆုံး)

ပထမဆုံး အကြိမ် ကက်ဆက်ဖြင့် သွင်းသော သီချင်း -
ခိုင်ထူးရဲ့ စိုးစံစားစေ

ပထမဆုံး ဂစ်တာနှင့် တီးသော သီချင်း -
ကိုင်ဇာရဲ့ တဖက်သတ်ကိုကို။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ -
Eagles' Hell Freeze Over

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ( အချစ် ၊ ဒရမ်မာ )ဝတ္ထုစာအုပ် -
Wuthering Height by Emily Brontë

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း -
၃ တန်းတုန်းက လက်သီးထိုးတမ်းကစားရင်း အုပ်လိုက်ကြီး ရန်ဖြစ်ကြသည်။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - စတုတ္ထတန်းမှာ ချင်းတော်လှန်ရေးသမား ကျွမ်းဘိ အကြောင်း။

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၇ တန်း (အကိုကြီးနဲ့ သူငယ်ချင်းတွေ ဆွယ်လို့ ကန်တော်ကြီးမှာ ရေသွားကူးမယ် ဆိုပြီး ကျောင်းပြေးတာ။ ဒါမယ့် ရေမကူးတတ်လို့ အဖွားအိမ်ကိုပဲ သွားခဲ့တယ်။ နောက်နေ့ကျတော့ ၇ ယောက်လုံးကို ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်တင်ဦးက ကြိမ်လုံးနဲ့ ၇ ချက်စီ ဆော်တာခံရတယ်။ ၇ တန်း ကျောင်းသားတွေမို့ ၇ ချက် ရိုက်တယ်လို့ ဆရာမကြီးက ပြောခဲ့တာ ခုထိ အသည်းထဲ စွဲနေတယ်။ ကျောင်းပြေးတော့ ၇ တန်း၊ ကျောင်းပြေးတဲ့သူတွေက ၇ ယောက်၊ အဆော်ခံရတာက ၇ ချက် ဆိုတော့ ဘ၀မှာ ၇ သုံးလုံးကို ဘယ်တော့မှ မမေ့တော့ဘူး။ အဲကတည်းက နောက်ထပ် ကျောင်းမပြေးတော့ဘူး ဆယ်တန်း အောင်တဲ့အထိ။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - အဖွားအိမ်။ (ကျောင်းပြေးပြီး အဖွားအိမ်မှာ နေမကောင်းဘူးလို့ ညာပြောပြီး မဂ္ဂဇင်းတွေ ဖတ်တယ်)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် -
၁၉၈၀။

ပထမဆုံး သောက်ဖူးသော စီးကရက် -
ဒူးယား။ (ဆယ်တန်းမှာ လူကြီးအိုက်တင်ခံပြီး စသောက်တာလေ)

ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာကြီးမြစကြာရဲ့ သူရဲတစ္ဆေအကြောင်း စာအုပ်တွေ။ (နံမည်တွေတော့ မမှတ်မိတော့ဘူး)

ပထမဆုံး ဆရာမရိုက်ခြင်း ခံရသောအမှု -
၇ တန်းကျောင်းသားဘ၀ အင်္ဂလိပ်စာ ပြဌာန်း စာအုပ်ပေါ်မှာ ပုံတွေဆွဲထားလို့ အင်္ဂလိပ်စာ ပြတဲ့ ဆရာမ ဒေါ်စန်းစန်းဝင်းက လက်သီးဆုပ်ခိုင်းပြီး လက်ခေါက်တွေကို ပေတံဇောင်းနဲ့ ရိုက်တာခံခဲ့ရတယ်။ ပထမဆုံးအကြိမ် အရိုက်ခံရဖူးခြင်းပေါ့။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း -
ပြည်လှဖေရဲ့ နတ်ရှင်နောင်

ပထမဆုံး စင်ပေါ်တွင် သီဆိုခဲ့ဖူးသော သီချင်း - ခိုင်ထူးရဲ့ တွေဝေလမ်းခွဲ

ပထမဆုံး ဂစ်တာကို စံနစ်တကျ တီးခတ်တတ်ရန် သင်ပေးခဲ့သူ - ဦးမင်းနိုင်အောင် (မြန်မာ့အသံ)

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - သေ့ဘောဘိုးစခန်း ဆေးရုံ။ ၁၉၈၉ ခုနှစ် အောက်တိုဘာ။ ငှက်ဖျားနဲ့ပထမဆုံးအကြိမ် ဆေးရုံတက်ရခြင်း။ (ဒေါက်တာညာဏ်လင်း ကုပေးသည်)

ပထမဆုံး စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရသော အဖြစ်အပျက် - ၁၉၈၉ ဇွန်လ၊ ထိုင်းမြန်မာနယ်စပ် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ ဖလူး ခံတပ်အတွင်း န၀တ တပ်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရသော ညတိုက်ပွဲ။ (ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ မအိပ်မနေနေခဲ့ရသောည)

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ယောဟန်အောင်

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ကေသွယ်

စာကြွင်း။ ။ နောက်ထပ်ရေးမည့် ညီ ညီမများ၏စာများအလိုက် နောက်ထပ် ပထမဆုံးများလည်း ထပ်ရှိနေနိုင်ပါသည်။ သို့ဖြစ်လျင် ပထမဆုံးများ (နောက်ဆက်တွဲ-၂) လည်း လာကောင်းလာပါမည်။း)

Sep 21, 2008

ပထမဆုံးများ

ခုတလော ဘ၀မှာ အပြောင်းအလဲတွေက များနေလေတော့ စိတ်တွေကလည်း မငြိမ်မသက်ဖြစ်နေပါတယ်။ ဟိုတွေးလိုက် သည်တွေးလိုက်။ ဟိုကိစ္စ ပူ၊ သည် ကိစ္စ ပူနဲ့ လူလည်း အူကြောင်ကျားနဲ့ ဂေါက်ချင်လာတယ်။ သည်တော့ တခုခုတော့ စိတ်အပြောင်းအလဲ ဖြစ်အောင် လုပ်ဦးမှပါပဲလို့ စဉ်းစားမိရင်း ဘ၀မှာ ပထမဆုံးတွေကို သွားစဉ်းစားမိတာနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးချင်စိတ်ကလေး ပေါက်လာလို့ ချရေးလိုက်မိပါတယ်။

ပြီးရင်တော့ ခင်မင်ရာ သယ်ရင်းတွေအားလုံးကို Tag မှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ခံစားကြပါလေကုန်။

ပထမဆုံးတက်ရသည့် ကျောင်း - အ.မ.က.(၁၃) တောင်ဥက္ကလာ။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (က) (သူငယ်တန်း - ၅ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာ ဦးအေးသောင်း။

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- တင်မောင်ဝင်း (ကျနော်က သူ့ကို ကုလားကြီးလို့ ခေါ်တယ်။ အသားမဲလို့)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သီသီမာ (သူ့ကို မျက်လုံးပြူးလို့ ငပြူးမလို့ ကျနော် ခေါ်ပေမယ့် စိတ်မဆိုးရှာပါဘူး)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - တရုပ်ပြည်သူ့ သူရဲကောင်းများ (တင်ထွေး ရေးတယ်လို့ထင်ပါတယ်။ မသေချာပါ)

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - လူအများ စုဝေးနေကြသည် မီးရထားက မလာသေး (ခု ကျနော်တို့ ခံစားနေရတာတွေကို အဲတုန်းကတည်းက ရေးထားလေသလား)

ပထမဆုံး ရဖူးသောဆု - ပဉ္စမတန်း ပညာရည်ချွှန်ဆု (ကြွားတာ မဟုတ်ပါဘူး။ တကျောင်းလုံးမှာ ပထမဆု ရခဲ့တာကို အမှတ်တရဖြစ်နေလို့)

ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၁၅) ကား။ (အလယ်တန်းစတက်တော့ ပထမဆုံးအကြိမ် ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း - အာလူး လာမပေးနဲ့ (အာလူးလာမပေးနဲ့ လေ နည်းနည်းလျှော့၊ ညာပြီး လာမလှိမ့်နဲ့ လေနည်းနည်းလျှော့၊ ဖြေးဖြေးပေါ့ --- အစချီသော သီချင်းဖြစ်ပါသည်)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - သိပ်ချစ်တယ်၊ အဖြေပေးပါ၊ စာပြန်နော်။ (ထွေထွေထူးထူး မရေးတတ်ဘူး အဲသည်တုန်းက)

ပထမဆုံး ကဗျာ - အတွေးတစဟာ ကာရန်တခုပေါ့ အတွေးပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်။
ဆေးလိပ်တဖွာဟာ ကာရန်တခုပေါ့ အဖွာပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်။
အပြစ်ယူမဆုံးတဲ့ ချစ်သူ့ အမုန်းကျတော့ အတွေးပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်ပြီးတပုဒ် မပြီးနိုင် မစီးနိုင် ....

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ပဲခူး (ကျနော်က ရန်ကုန်သား)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်းနိုင်ငံ

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ငွေတောင်။

ပထမဆုံး သောက်ဖူးသော အရက် - အာမီရမ် (Army Rum) (ဦးလေး၂ ယောက်က စစ်ဗိုလ်တွေ)

ပထမဆုံး ပစ်ဖူးသော သေနတ် - AK-47 (ချက်ကိုဆလိုဗက် version ပါ)

ပထမဆုံး ဘလော့ပို့စ် - သိမ်းဖျောက်ထားတဲ့တောင်ကြား

ကျနော့်ပထမဆုံးနဲ့ သယ်ရင်းများရဲ့ ပထမဆုံးတွေက တူချင်မှလည်း တူမှာပါ။ အဲတော့ ရေးချင်ရင် ကိုယ့်ပထမဆုံးတွေကို ကိုယ်အဆင်ပြေသလို ရေးပေးပါလို့ ကျနော် တောင်းဆိုပါတယ်၊

ရေးချင်တာတွေတော့ ရေးပြီးသွားပါပြီ။ အောက်ပါ သယ်ရင်းများအားလုံးကို Tag ပါသည်။
ရေးချင်စိတ်ရှိက ရေးကြပါကုန်၊ ရေးချင်စိတ် မရှိက မရေးကြပါကုန်။

ကိုငြိမ်းဝေ၊(ရေးပြီး) နှင်းခါးမိုး၊ ငြိမ်းချမ်းအောင်၊(ရေးပြီး) ဆောင်းယွန်းလ၊(ရေးပြီး) ပီတိ၊ (ရေးပြီး) ကောင်းကင်ကို၊(ရေးပြီး) ဂျစ်တူး၊(ရေးပြီး) ကလိုစေးထူး၊(ရေးပြီး) ကိုဝင်းဇော်၊ သက်ဝေ၊(ရေးပြီး) ဇာနီဝင်း၊(ရေးပြီး) တောင်ငူသား၊ ခေးအော့စ်၊ တောကျောင်းဆရာ၊ (ရေးပြီး) ကိုမောင်ရင်၊(ရေးပြီး) မခင်မင်းဇော်၊(ရေးပြီး) ကေသွယ်၊(ရေးပြီး) မျိုးဝင်းဇော်၊(ရေးပြီး) မျက်ဝန်းနက်၊(ရေးပြီး) ဇင်ယော်၊ (ရေးပြီး) ကလူသစ်၊ (ရေးပြီး) ကိုအောင်၊(ရေးပြီး) တူမောင်မျိုး၊ (ရေးပြီး) သစ်နက်ဆူး၊(ရေးပြီး) လင်းထက်၊ (ရေးပြီး) မောင်ဖုန်းမြင့်၊(ရေးပြီး) မိုးချိုသင်း၊(ရေးပြီး) ပန်ဒိုရာ၊ (ရေးပြီး) ပန်းခရမ်းပြာ၊ လင်း၊(ရေးပြီး) နိုင်းနိုင်း၊ icn2၊(ရေးပြီး) mirror(ရေးပြီး)

Sep 20, 2008

ဟာရီကိန်းအတွေး

မနက် ၅ နာရီကတည်းက ဖလော်ရီဒါမှ သူ စီးနင်းလာသော သည်လေယာဉ်က နယူးရော့ခ် ဂျေအက်ဖ်ကေ လေဆိပ်မှာ တနာရီခွဲခန့် နားသေးသည်။ သည့်နောက် ဆက်ထွက်ဖို့ ပြေးလမ်းပေါ် ရောက်မှ ဘာဖြစ်သည် မသိ စောင့်နေရသည်မှာ တနာရီလောက် ကြာသည်။ စိတ်မရှည်နိုင် ဖြစ်လာသည့် သူသည် မအီမသာ ခံစားနေရသေးသည်။ နောက်တော့လည်း -အိုး.... အိမ်ပြန်ဖို့တောင် အနှစ် ၂၀ ကြာတဲ့ထိ စောင့်နေခဲ့သေးတာပဲ။ သည်မှာ တနာရီ ၂ နာရီ စောင့်ရတာကတော့ ဘာမှ မဟုတ်ပါဘူးလေ - လို့ သူ့စိတ်ကိုယ် သူ ပြန်ဖြေရလေသည်။

သည့်နောက်တော့ သူ့ လေယာဉ်ပြူတင်းပေါက်မှ ဟိုသည်လျှောက်ကြည့်ရင်း ပြေးလမ်းပေါ် တန်းစီနေသည့် ကြီး ငယ် ရွယ်လတ် အရွယ်အစား မျိုးစုံနေသော ဆယ်ချီနေသည့် လေယာဉ်တွေကို တွေ့ရတော့မှ ကိုယ့်လေယာဉ်တစီးတည်း စောင့်နေရသည် မဟုတ်မှန်း သိတော့သည်။ ဂျေအေအဲလ်မှ အပြာရောင် ဘိုးအင်း ၇၄၇၊ ကိုရီးယန်းအဲလိုင်းမှ ဘိုးအင်း ၇၄၇ ကြီးတွေကိုတော့ လူပုလေးတွေကြားမှ လူ့ဘီလူးကြီးတွေအလား ပြေးလမ်းပေါ်မှ လေယာဉ်တွေကြားထဲ အလွန်ကြီးမားသော ကိုယ်ထည်ကြီးတွေဖြင့် မိုးထိုးမတတ် ရပ်ရင်း စောင့်နေသည်ကို သူ တွေ့နေရလေသည်။ သည်အခါလည်း သူ စဉ်းစားနေမိ ပြန်သေးသည် - ပြေးလမ်းပေါ်မှ ကောင်းကင်ယံကို ပျံတက်ဖို့ စောင့်နေကြသည့် သည်လေယာဉ်တွေလို အိမ်ပြန်ရမည့် အချိန်ကို စောင့်နေကြတာလည်း သူတယောက်တည်းမှ မဟုတ်တာကလား။

နောက်ထပ် နာရီဝက်လောက်နေမှ သူ့လေယာဉ်က လေထဲရောက်တော့သည်လေ။ ဂျေအက်ဖ်ကေမှ လေယာဉ်စတက်တော့ နေ့မွန်းတည့်နေပြီ။ နောက်ထပ် ၇ နာရီခန့် လေထဲမှာ ပျံသန်းပြီးသည့်နောက် သည်ပြည်နယ်ကို သူ ရောက်လာခဲ့ပါလေသည်။ ဖလော်ရီဒါနှင့် စံတော်ချိန် ၃ နာရီကွာသည့် သည်လေဆိပ်ကို သူရောက်တော့ ညနေ ၅ နာရီ ထိုးနေလေပြီ။ လေဆိပ်မှာ သူ့သူငယ်ချင်း ဇနီးမောင်နှံက သူ့ကို လာကြိုနေကြလေသည်။ မတွေ့တာ ဆယ်နှစ်ကျော် ကြာနေပေမင့် သူတို့ စုံတွဲကတော့ ရုပ်တွေ သိပ်မပြောင်းကြသေး။ ခင်ပွန်းဖြစ်သူက မျက်နှာပေါ်မှာ မျက်မှန်တလက် ပိုလာတာသာ ထူးခြားသွားသည်။ သူကတော့ သည်စုံတွဲကို အဝေးက လှမ်းမြင်ရင်း မှတ်မိနေသည်မို့ လက်လှမ်းပြတော့ သူတို့က အူကြောင်ကြားနဲ့ သူ့ကို လှမ်းကြည့်နေကြသေးသည်။ နောက်တော့မှ သူ့ကို မှတ်မိသွားသည့် မျက်နှာများဖြင့် ပြုံးပြပြီး ပြန်လက်လှမ်းပြကြလေသည်။ အနားရောက်တော့ - ဆံပင် အရှည်ကြီးနဲ့ ဆိုတော့ ရုတ်တရက် မမှတ်မိဘူး- လို့တော့ ပြောနေသေးသည်။

နောက်တော့ ပါလာသည့် သူ့ လက်ဆွဲအိတ်ကလေးကို ကားပေါ်တင်ကာ သူ့သူငယ်ချင်းလင်မယား နေထိုင်သည့် မြို့လေးဆီသို့ ဦးတည်ခဲ့ကြလေသည်။ လေဆိပ်မှ မြို့ကလေးရောက်သည်အထိ မိနစ် ၄၀ ခန့်မောင်းရသည့် လမ်းပေါ်မှာ ရောက်တတ်ရာရာများကို ပြောဆိုရင်း သူ့သူငယ်ချင်း မိသားစု နေထိုင်ရာ အပတ်မဲန့်ကလေးဆီ ရောက်လာလေသည်။ သည့်နောက်တော့ ရေချိုး အ၀တ်အစားလဲ ထမင်းစားရင်း သူ အိပ်ငိုက်လာသည်။ သူ့သူငယ်ချင်း၏ သားနှင့်သမီးကို စကားပြောနေရင်းက တ၀ါးဝါး သမ်းလာသည့်အခါ သူ့ကို သူငယ်ချင်းဖြစ်သူက အိပ်ခိုင်းလေတော့သည်။ သည်လိုနဲ့ အိပ်ယာပေါ် ခေါင်းချလိုက်သည်နှင့် သူ အိပ်ပျော်သွားခဲ့လေသည်။

နောက်တနေ့က စနေနေ့လည်း ဖြစ်နေလေတော့ သူ့သူငယ်ချင်းတွေအားလုံး အလုပ်နားလေသည်။ သည်လိုနဲ့ သူ့အတွက် သူငယ်ချင်းလည်း ဟုတ်၊ ညီအကိုလည်း ဟုတ်၊ ရဲဘော်ရဲဘက်တွေလည်း ဟုတ်သော လူတွေနဲ့ ဆယ်နှစ်ကျော်အကြာမှာ နောက်ထပ်တခါ ပြန်တွေ့ရလေတော့သည်။ လူတိုင်းက သူ့အတွက် စားသောက်စရာလေးတွေ နေ့တိုင်းလုပ်ပေးရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြလေသည်။ သူ့အတွက်တော့ သေဆုံးသွားပြီးမှ ပြန်ရှင်သန်လာရသူတယောက်လို ခံစားနေရလေသည်။ ဆယ်နှစ်နီးပါး အထီးကျန်လာခဲ့ရတာတွေ အားလုံး ပျောက်ဆုံးသွားရင်း ပျော်ရွှင်တာတွေရော၊ အားတက်တာတွေရော သူ ရောနှော ခံစားနေရလေသည်။ လူဆိုတာကလည်း ခံစားတတ်သည့် သတ္တ၀ါပဲ မဟုတ်လား။

သည်လိုနဲ့ သူ့သူငယ်ချင်းမိသားစုလေး နေထိုင်နေသည့် သည်အပတ်မဲန့်လေးမှာပဲ စုမိနေသည့် ဗမာမိသားစုလေး ၇ စု က သည်ပြည်နယ်ကို ရောက်လာသည့် လူသစ် သူ့ကို လိုအပ်သည်များ အားလုံးကို ဖြည့်ဆည်းပေးရင်း အကူအညီပေးကြလေသည်။ လူချည်းသက်သက် ရောက်လာသော သူသည် ရဲဘော်ရဲဘက်ဆိုသည့် စကားလုံးတခု၏ အဓိပ္ပါယ်ကို နွေးထွေး လေးနက်စွာ ခံစားခဲ့ရသည်လေ။ မြက်ရိုင်းထူထူတွေကြားထဲမှာ နေခဲ့ကြဖူးသူများပီပီ တယောက်ကျောကို တယောက် လုံခြုံမှုပေးရမည်ကို သိနေကြသော သည်ဝန်းကျင်လေးက သူ့မိသားစုကို ပျော်ရွှင်စေခဲ့ပါပြီ။ သည်လိုနဲ့ သူ့မိသားစုသည်လည်း သည်ပတ်ဝန်းကျင်လေးမှာ ပျော်ရွှင်နေခဲ့ပါလေပြီ။

သည်လိုနဲ့ သူ့မိသားစုလေးအတွက် နေထိုင်စရာ အပတ်မဲန့်လေး တခုကို သူ ငှားနိုင်ခဲ့လေသည်။ နေစရာနေရာလေး တခုရပြီးတော့ သွားစရာ ကားလေးတစီးလည်း လိုလေသည်။ သည်လိုနဲ့ ရဲဘော်ရဲဘက်များ အကူအညီနဲ့ ထိုက်သင့်သော တန်ဘိုးရှိသည့် ကားလေး တစီးကို သူဝယ်နိုင်ခဲ့လေသည်။ ကားလေးတစီး ရတော့ ကားနှင့်ပတ်သက်ပြီး လုပ်စရာတွေက ရှိလာသည်။ ကားပိုင်ဆိုင်မှုကို လွှဲပြောင်းရတာ၊ ကားမောင်းလိုင်စင် အသစ် လျှောက်ရတာ၊ ကားအင်ရှူးရဲင့်စ်တွေ ပြောင်းရတာ စသည်တို့ကို လုပ်ရလေသည်။

သည်တော့ ဒီအဲမ်ဗီခေါ်သည့် Department of Motor Vehicle ကို သူ သွားရလေသည်။ အဲသည်မှာ သူ့ ကားမောင်းလိုင်စင်ကို ပြည်နယ်အသစ် အတွက် သူ လဲရသည်။ မလဲခင် သည်ပြည်နယ်က ပြဌာန်းထားသည့် ယာဉ်စည်းကမ်းများအတွက် စာမေးပွဲတခုကို သူ ဖြေရလေသည်။ စာမေးပွဲအောင်မှသာ သူ သည်မှာကားမောင်းခွင့် ရမည် ဖြစ်လေသည်။ မေးခွန်း ၃ ခုကို မှားဖြေခဲ့သော်လည်း သူ စာမေးပွဲ အောင်ခဲ့ပါသည်။ သည်လိုနဲ့အဆင့်ဆင့် လုပ်စရာရှိသည်များကို လုပ်ရင်း နောက်ဆုံး ဓါတ်ပုံရိုက်သည့် နေရာသို့ သူရောက်လာခဲ့လေသည်။

သူ့ကို ဓါတ်ပုံ ရိုက်ပေးသူက ဖလော်ရီဒါမှ သည်ပြည်နယ်သို့် ပြောင်းလာခဲ့သော စပဲန်းနစ်ရှ် အမျိုးသမီးတဦး ဖြစ်နေလေသည်။ ထိုအမျိုးသမီးက - နင် ဖလော်ရီဒါကို မကြိုက်ဘူးလား - လို့ သူ့ကို မေးလာသည့် အခါ - ငါကြိုက်ပါတယ်၊ တို့နိုင်ငံ ရာသီ ဥတုနဲ့လည်း ဆင်တူတယ်လေ - ဟု သူဖြေသော အခါ - ဒါဆို ဘာလို့ ဒီကို နင်ပြောင်းလာရတာလဲ - ဟု သူကို့ မဆီမဆိုင် ထပ်မေး နေလေသည်။ - နင်ဘာလို့ ငါ့ကို အဲလို မေးတာလဲ - လို့ သူ ပြန်မေးသည့် အခါ ထို အမျိုးသမီးက - ဖလော်ရီဒါက လူတွေ အားလုံး လိုလိုက ဟာရီကိန်းတွေကနေ ထွက်ပြေးလာတာ ဒီပြည်နယ်မှာ အများကြီးပဲ။ ငါလည်း ဟိုးလွန်ခဲ့တဲ့ ၄ နှစ်ကျော်ကတည်းက ဒီကိုရွှေ့လာခဲ့တာ- ဟု သူ့ ကို ပြန်ပြောသည့် အခါမှာတော့ သူက ဟက်ဟက်ပက်ပက် ရီမောမိတော့သည်လေ။ အမျိုးသမီးက သူ့ကို နားမလည်နိုင်သလို ကြည့်ရင်း - ဒါဆိုနင်က ဟာရီကိန်းတွေကနေ ဝေးရာကို ပြေးလာတာ မဟုတ်ဘူးပေါ့။ ဟာရီကိန်းတွေကို နင် မကြောက်ဘူးလား - ဟု သူ့ကို မေးလေသည်။ သူကတော့ - အမှန်က ငါက ဟာရီကိန်း မုန်တိုင်းတွေထက် ဆိုးတဲ့ ဘ၀မုန်တိုင်းကြောင့် ဒီကို ပြောင်းလာရတာပါ။ ဟာရီကိန်းတွေကို ငါမကြောက်ပါဘူး - ဟု သူ ပြန်ပြောသည့်အခါ အရူးတယောက်အား ကြည့်သလိုမျိုး သူ့ကိုကြည့်လေသည်။

အိမ်အပြန်လမ်းပေါ်မှာတော့ ဟာရီကိန်း မုန်တိုင်းတွေ အကြောင်း သူ စဉ်းစားနေမိလေသည်။ အမှန်တော့ ဟာရီကိန်းတွေကို သူ မကြောက်သော်လည်း ဟာရီကိန်းကြောင့်ရသည့် ဒုက္ခတွေကို သူ မခံချင်ပါ။ သြဂုတ်လ ၁၆ ရက်၊ ၂၀၀၄ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် တနာရီလျင် ၁၄၅ မိုင်နှုန်း ရှိသော ကေတီဂိုရီ အဆင့် (၄) ဟာရီကိန်းဖြစ်သည့် ချာလီ၊ အောက်တိုဘာ ၂၄ ရက်၊ ၂၀၀၅ ခုနှစ်တွင် တိုက်ခတ်ခဲ့သည် တနာရီလျင် ၁၂၅ မိုင်နှုန်း ရှိသော ကေတီဂိုရီ အဆင့်(၃) ဟာရီကိန်းဖြစ်သည့် ၀ီလ်မာ - ဟူသည့် ဟာရီကိန်း မုန်တိုင်းတွေ ဒဏ်ကို သူတို့မိသားစု ခံစားခဲ့ကြရဖူးပါသည်။ အစားအသောက်၊ ရေ၊ မီး မရှိပဲ ၁၈ ရက် နေခဲ့ရဖူးသည်။ သူကတော့ ဘုရင်ကြောက်တဲ့သူပုန် လုပ်ခဲ့ဖူးသူ ဆိုတော့ ဘာတွေပဲဖြစ်ဖြစ် အထူးအဆန်း မဟုတ်တော့ပါ။ သို့သော်လည်း သူ့မိသားစုလေး အတွက် ကတော့ ငရဲဖြစ်နေပါလေသည်။

သူ မှတ်မိနေသေးသည်က ချာလီမုန်တိုင်း ဖလော်ရီဒါကို ၀င်ရောက်ခဲ့ချိန်က ဖြစ်ပါသည်။ သူ့မိသားစုအတွက် ပထမဆုံးသော အတွေ့ အကြုံလည်း ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ် အစိုးရ၊ ခရိုင် အစိုးရ၊ မြို့အာဏာပိုင်များ အားလုံးက သတိပေးချက်များ ထုတ်ပြန်ပြီးသည့် နောက်မှာ သူနေထိုင်ရာ အိမ်လေးရှိ Bahama Awning ခေါ်သည့် အကာများဖြင့် အိမ်ရှိ တံခါးပြူတင်းပေါက်များ အားလုံးကို ကာရံလိုက်ရလေသည်။ မုန်တိုင်းမလာမီ တရက်အကြိုကပင် ကာရံထားရသည့် သည်အကာများကြောင့် တအိမ်လုံး မှောင်မဲနေလေသည်။ ကမ်းပေါ်သို့ စတင်ရောက်သည်မှ သူ့မိသားစုနေထိုင်ရာ နေရာအထိ ၃ နာရီအတွင်း မုန်တိုင်း ရောက်လာမည်ကို ရုပ်မြင်သံကြားသတင်းမှ ကြေညာပြီးနောက် အိမ်တံခါးကိုသူ ပိတ်လိုက်ရသည်။ သည့်နောက်တော့ ကတုပ်ကျင်းထဲမှ ရန်သူအလာကို စောင့်နေရသလိုမျိုး မုန်တိုင်းကို အိမ်ထဲမှ ထိုင်စောင့်နေရလေသည်။

ည ဆယ်နာရီကျော်ကျော်မှာ ပထမဆုံးသော လေသံတွေကို စတင်ကြားရလေသည်။ အလုံပိတ်ထားသည့် အိမ်တံခါးနှင့် ပြူတင်းပေါက်များကြားမှ အတင်း တိုးဝှေ့ဝင်လာသည့် လေပြင်းများမှာ မကောင်းဆိုးရွား တကောင်က အသံပေးကာ ခြိမ်းခြောက် နေသလိုပင်။ သည့်နောက်တော့ တ၀ုန်းဝုန်းနှင့်ဆောင့်တိုက်လာသည့် လေသံကို ကြားရလေတော့သည်။ ၁၁ နာရီခွဲမှာတော့ လေက အပြင်းထန်ဆုံး ဖြစ်လာသည်။ အိမ်ရှေ့တံခါးဖက်ဆီမှ ကာထားသည့် အကာအရံနှင့် အိမ်နံရံ ပြင်းထန်စွာ ဆောင့်တိုက်နေသော တဒိုင်းဒိုင်း အသံများကို စိတ်မချမ်းသာစွာ ကြားနေရသည်။ သည့်နောက်မှာတော့ အပြင်းထန်ဆုံးသော လေသံများကြားမှာ - ငါတို့ အိမ်ကလေး ခံပါ့မလား - ဟု သူ စဉ်းစားနေမိသေးသည်။ အိမ်တခုလုံးက တုန်ခါနေသည်။ ဇနီးသည်ကတော့ မျက်လုံးပြူးနေလေပြီ။ သားကလေးတွေ ကတော့ ဘာမျှမသိ အိပ်ပျော်နေကြသည်။ ၁၂ နာရီ ကျော်ကာစမှာ မီးအားလုံး ပြတ်သွားတော့သည်။ အသင့်ဆောင် ထားသော မီးအိမ်ကို ဖွင့်လိုက်ရင်း အိပ်ဆောင် ရေဒီယိုကို သူ ဖွင့်နားထောင်လိုက်သည်။ မုန်တိုင်း သတင်းတွေကို အဆက်မပြတ် ကြေညာပေးနေသည်ကို ကြားနေရသော်လည်း သူ့စိတ်က နောက်နေ့တွေဆီကို ရောက်နေသည်။ ထိုညက သူတို့ ဇနီးမောင်နှံ အိပ်မပျော်ခဲ့ပါ။ အိမ်ပြိုမှာ ကြောက်လို့ ဖြစ်မည် ထင်ပါသည်။ ည ၁၁ နာရီ ခွဲကတည်းက တိုက်ခတ်သော လေပြင်းမှာ မနက် ၄ နာရီ နောက်ပိုင်းမှတဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့လေသည်။ သို့သော်လည်း မနက် ၉ နာရီကျော်လေသံ လုံးဝ တိတ်သွားမှ သူ့ အိမ်တံခါးကို သူ ဖွင့်ဖြစ်လေသည်။

ပထမဆုံး သူမြင်ရသည်မှာတော့ တလမ်းလုံး အပြည့် ကျိုးပဲ့ကျနေသော သစ်ကိုင်းများ၊ အမြစ်မှ ပြုတ်ထွက်လဲပြိုနေသော သစ်ပင်များ၊ အိမ်များမှ လွင့်စင် ပြုတ်ထွက်လာကြသည့် အိမ်ခေါင်မိုး အပိုင်းအစများ၊ သစ်သားအပိုင်းများ၊ ပြတ်ကျနေသည့် ဓါတ်ကြိုးများဖြင့် ရှုပ်ရှက်ခပ်နေသည့် မြင်ကွင်းပင်။ ကြည့်ရသည်မှာ ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားတကားမှ မြင်ကွင်းတခုနှင့်ပင် ခပ်ဆင်ဆင် တူနေသေးတော့သည်။ သည့်နောက်မှာတော့ ၁၈ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်ခြင်း။ လျှပ်စစ်မီးမရှိတော့သည့်အခါ ရေလည်း မရှိတော့ပါပေ။ ကြိုတင် စုဆောင်းထားသော ရေနှင့် ရိက္ခာခြောက်များကလည်း တပတ်အကြာမှာကုန်ပါလေပြီ။

သို့သော်လည်း ပြည်နယ်အစိုးရက ဟာရီကိန်းမုန်တိုင်းဒဏ်ခံရသော ပြည်သူအားလုံးအတွက် (FEMA) ခေါ် (Federal Emergency Management Agency) မှတဆင့် လိုအပ်သည့် အရာအားလုံးနီးပါးကို ဖြည့်ဆည်းခဲ့ပါသည်။ မိသားစုတိုင်းကို အရေးပေါ် ပစ္စည်းများနှင့် ဒေါ်လာ ၅၀၀ ထောက်ပံ့ပေးခဲ့သည်။ နေ့စဉ် တနေ့ ၂ ကြိမ် ရပ်ကွက်ထဲမှာ အစားအသောက်နှင့် ရေ ဖြန့်ဝေပေးသည်။ အခြေအနေ အားလုံး နဂိုရ်ပုံမှန်အတိုင်း ပြန်ရောက်သည်အထိ အစိုးရတရပ်က လုပ်ဆောင်ပေးရမည့် လိုအပ်သော ဖြည့်ဆည်းမှုများအားလုံးကို လုပ်ဆောင်ပေးခဲ့လေသည်။ မုန်တိုင်းဒဏ်ခံရသော်လည်း လူအများစုမှာ မိသားစုဘ၀ အခြေ မပျက်သွားကြပါ။ ၁၈ ရက် အကြာမှာ အခြေအနေအားလုံး ပုံမှန် ပြန်ရောက်ခဲ့ပါသည်။

အိမ်ပြန်လမ်းမှာ ဟာရီကိန်းအကြောင်း သူ တွေးတောရင်း အမိဗမာပြည်မှ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူလူထုအတွက် ရင်နာနေမိပါသည်။ အမိဗမာပြည် နာဂစ်ထိခဲ့သည်မှာ ၄ လရှိခဲ့လေပြီ။ အခြေအနေများမှာ ပုံမှန်သို့ ပြန်မရောက်နိုင်သေး။

အဘတို့များတော့ ပြည်သူလူထုအတွက် သူတို့ကိုယ်တိုင်က ဖြည့်ဆည်းပေးဖို့ ဝေးစွ။ မုန်တိုင်းဒဏ်ခံရသူများအတွက် ကူညီ ဖြည့်ဆည်းပေးရန် လာရောက်ကြသူများကိုပင် တားဆီးဟန့်တားသည်၊ ကိုယ်ထူကိုယ်ထ ကူညီဖြည့်ဆည်းပေးကြသူများကိုလည်း ဖမ်းဆီး အမှုဆင် တရားစီရင် ထောင်ပင်ချလိုက်သေးသည်။ အံ့ဖွယ် အစိုးရပါပေတကား။

Sep 19, 2008

အဖြူရောင်ဒဏ္ဍာရီ



မီးခိုးငွေ့တို့ လွင့်ပျံ့သွားကြသည်
ဘယ်အရပ်ဆီသို့ ဦးတည်နေကြောင်း မသိရ။
အရှေ့အရပ်မှ တိုက်ခတ်လာသောလေမှာ
သွေးညှီနံ့တချို့ပါနေလေသလား။
အိမ်ရှေ့က လမ်းမအဟောင်းကြီးပေါ်မှာ
ကားများ မောင်းနေဆဲပါပေ။
နေ့တနေ့ကို မရောက်မီ
ညတညက အရင်ရောက်လာလေသည်လား၊
ညတညသို့ မရောက်မီ
နေ့တနေ့က အရင် ရောက်နှင့်လေသည်လား၊
ဥာဏ်မှီသူများ စဉ်းစားကြပါသည်။
အလုပ်များလွန်းသဖြင့်
ကျနော် မတွေးအားပါ။
လူအမည်နှင့် နံပတ်များကို ဆဲလ်ဖုန်းတလုံးထဲ
သိမ်းကျုံးထည့်ထားသူတယောက်သည်
ဦးနှောက်မရှိသော သတ္တ၀ါတကောင်နှင့် တူလေသည်။
ပျံသန်းနေသောငှက်များအားလုံး
အဝေးဆုံးအရပ်သို့ မသွားပါ။
နေ့အလင်းရောင်ကို ပွေ့ဖက်အိပ်စက်ပြီး
ညဥ့်အခါထွက်သော ဇီးကွက်များကို
ကျနော် အားကျပါသည်။
သို့သော်လည်း နေ့အခါတပ်ရသော နေကာမျက်မှန်တလက်ကို
ညအမှောင်အတွက် ကျနော် မလိုပါ။
ကောင်းကင်ဘုံနှင့် ငရဲပြည်အကြား
နယ်ခြားမဲ့ ခြံစည်းရိုးများ
ကျေးဇူးပြု၍ ကာခြားပေးပါ ဘုရားသခင်။
မေးခွန်းများကို
ဘုရားသခင်အတွက်လည်း ကျနော် စီစဉ်ထားပါသည်

သူ့ကိုယ်စား
သင်တို့ ဖြေကြားရန် မလိုပါ။

ပူဇော်ခြင်းဟူသော စာသားကို
ဂီတသင်္ကေတများကြား တွေ့လိုက်မိသည်။
ကြိုးတပ်မထားသော ဂစ်တာတလုံးကို
တေးချင်း သီဆိုရန် ဘယ်သောအခါမှ ကျနော် မသုံးပါ။
နို့ရည်စီးဆင်းနေသော မြစ်များကို
ကျနော်မြင်တွေ့သွားပြီးသည့်အခါ
ကမ္ဘာကြီး လှပါလာပါလိမ့်မည်။

ATN

နေပျော်တဲ့ကောင်းကင်






















ခွေခေါက်ထားရတဲ့ မြစ်ကို
ဒီနေ့တော့ မီးပူထုတ်တိုက်ပစ်လိုက်တယ်။
အညောင်းပြေသွားတဲ့ မြစ်ဟာ
လမ်းတွေပေါ် ပြေးဆင်းသွားလေရဲ့.....

အရွက်တွေ စိမ်းလွန်းတဲ့
သစ်ပင်အောက်မှာနေထိုင်ရင်း
အရိပ်ကြောက်နေရှာတဲ့
အိမ်ရှေ့က ပန်းပွင့်တွေ
ငါ သနားမိနေသေးတယ်။

လေရူးတွေ သေတဲ့နေ့မှာ
နေကတော့ ပူတုန်းပါပဲ။

နွေဦးကို မျှော်ဖို့ရာတောင်
ပျံလွှားတွေကို အရင်ဆုံး ရှာရမှာမို့
ငါ လက်လျော့ခဲ့ပါတယ်။

ပင်လယ်တွေကတော့
နေပူမှာ ငွေ့ရည်ဖွဲ့ဖို့
အဝေးဆုံးအရပ်ကနေ ချီတက်လာကြလေတယ်။
တောင်တန်းတွေအပေါ်တောင်
ကျော်လွှားသွားကြဦးမတဲ့
သူတို့ရဲ့ တက်ကြွနေပုံ
(သို့ပေမယ့်)
ငါ ရင်မခုန်တတ်တော့ပါဘူး။

ကောင်းကင်အသေကတော့
တိမ်တွေကိုတောင် သယ်ဆောင် မထားလေဘူး
ဟာလာလင်းလင်းနဲ့
ချစ်ခြင်းမေတ္တာကင်းမဲ့နေပုံ
ငါ အစွမ်းကုန် မုန်းမိရဲ့ ......

အချင်းချင်းစကားများရင်း
ပျံသန်းသွားတဲ့ ငှက်တချို့ဟာ
တေးဆိုရတာ မောလာကြပုံပါပဲ
သူတို့ရင်အုံကိုကြည့်ရင်
ငါ သိတာပေါ့....

ငါကတော့
လမ်းလျှောက်ရဦးမယ်လေ..
လမ်းရှိနေသေးသရွေ့...
တ၀ ပင်ပမ်းခဲ့တဲ့ နေ့တွေကိုတော့
မေ့လျော့ထားချင်ရဲ့...

ဒီလိုနဲ့
တမိုးချုပ်ပြန်လေဦးမယ်။

လရောင်ကတော့
ဟောဟို တောင်ကြားထဲ ပုန်းနေဆဲပါပဲကွယ်။

ATN

Sep 11, 2008

ညောင်းညာသွားတဲ့ကောင်းကင်





















နိမိတ်ပုံ
ရင်ခုန်သံ သင်္ကေတ
ဘ၀အဓိပ္ပါယ်စင်စစ်
ဖြစ်တည်မှု တေးတပုဒ်
အရေပြားကိုခြစ်ထုတ်မှ
သီဆိုလို့ရမတဲ့လား …..

လူ ဆိုတာက
နဂိုရ်အတိုင်းပါပဲ
အပြောင်းအလဲမရှိ။

ဘ၀ဆိုတာကြီးကသာ
ဆာလောင်တယ်၊ အာခြောက်တယ်၊
ပေါက်ထွက်တယ်၊ မီးလောင်တယ်၊
ချောင်ပိတ်တယ်၊ ကြေကွဲတယ်၊
ရေခဲတယ်၊ ခြောက်သွေ့တယ်၊
မေ့လျော့တယ်၊ ရပ်နားတယ်၊
ခါးသီးတယ်၊ ပါးလှပ်တယ်၊

ကျေနပ်စရာဆိုလို့
မကြာမကြာ သေဆုံးခွင့်ရတာနဲ့
ခဏခဏ ပြန်မွေးဖွားခွင့်ရတာရယ်၊

ဘာပဲဖြစ်ဖြစ်
ငါဟာ
ညောင်းညာလှပါပြီကွယ်။

အကြွေးတွေအားလုံးကို
တရက်တည်း အပြီးဆပ်ခဲ့ရသူတယောက်ဟာ
လွန်မြောက်သွားတာလား -
လွတ်မြောက်သွားတာလား -

တခါတခါလည်း
သတ်ပုံအမှားက
တစုံလုံးကို ဆုံးဖြတ်သွားတယ်။

ငါ ချစ်တဲ့သူက
ငါ့ကို မုန်းဖို့ ကြိုးစားပြီး
ငါ သတိရနေတဲ့သူက
ငါ့ကို မေ့လျော့ဖို့ ကြိုးစားနေတဲ့အခါ
ဘ၀ဆိုတာ
ဒဏ္ဏာရီ-

အနီးဆုံးက အဝေးနိုင်ဆုံး နီးတဲ့အခါ
အဝေးဆုံးက အနီးနိုင်ဆုံး ဝေးတဲ့အခါ
ကမ္ဘာကြီးဟာ
တုန်လှုပ် ခြောက်ခြား သွားလေတယ်။

ခုတော့
ငါ ရပ်နားခဲ့ပါပြီ
လေဟာနယ်တခုဆီ၊

အဲသည်မှာ
ရာသီဥတု မရှိဘူး
ပူမှု အေးမှု မရှိဘူး
ချစ်ခြင်းမေတ္တာနဲ့
အယောင်ဆောင်မှုတွေတောင် မရှိဘူး
ငါ့အတောင်တွေကို
အပြာရောင်စွန်းထင်းစေတဲ့
ဟင်းလင်းပြင် တခုပဲ ရှိတယ်။

ATN

Sep 9, 2008

အမွေ



















တိမ်ကောခဲ့တယ်
သွေးကြော တချို့ .....

ကျောက်ဖြစ်ခဲ့တယ်
ဦးနှောက် တ၀က် .....

ကျိုးကျန်ခဲ့တယ်
တောင်ပံ တပိုင်း....

နံရံဟိုတဖက်မှာတော့
နဂိုရ်အတိုင်းရှိနေသေးတာ
သေဆုံးမသွားနိုင်တဲ့
နှလုံးသားတခု
မေတ္တာကို ပြုစုမလို့ဆိုပဲ ....

ATN

Sep 6, 2008

အစိမ်းရောင်ပေါ် ချော်ကျခြင်း




















လေစိမ်း နေစိမ်း တိမ်တွေစိမ်းတဲ့
ကောင်းကင်အစိမ်းရောင်အောက်မှာ -

နေ့စိမ်း ရက်စိမ်း နာရီစိမ်းတဲ့
ရာသီအစိမ်းထောင့်ထဲမှာ -

စမ်းစိမ်း လမ်းစိမ်း ပန်းတွေစိမ်းတဲ့
ရနံ့စိမ်းစိမ်းမြေပေါ်မှာ -

သောင်စိမ်း ကမ်းစိမ်း နဒီစိမ်းတဲ့
ပင်လယ်အစိမ်းသေထဲမှာ -

ရေစိမ်း မြေစိမ်း အကြည့်စိမ်းတဲ့
သူစိမ်းတွေရဲ့နယ်ပယ်မှာ -

ကြယ်စိမ်း မြူစိမ်း လရောင်စိမ်းတဲ့
ညမှောင်စိမ်းစိမ်းအလယ်မှာ -

အနေအထိုင် မတတ်တဲ့
ခပ်ကြောင်ကြောင်ပြက္ခဒိန်လေ
အစိမ်းရောင်အတွန့်အခေါက်တွေအပေါ်
မှောက်လျက်သား ချော်ကျခဲ့တာ
အသေအချာပေါ့ -----

ATN
(စက်တင်ဘာ ၁၊ ၂၀၀၈)

ပြန်လာပြီ

သူငယ်ချင်းများအားလုံး မင်္ဂလာပါ
ပြန်ရောက်လာပါပြီဗျို့
လာလည်သွားကြတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးတင်ပါတယ်။
အခု လောလောဆယ်ဆယ်တော့ အလုပ်ကလေးတွေ ရှုပ်နေသေးလို့ ပို့စ်အသစ်တွေ မတင်နိုင်သေးဘူးလို့ ထင်ပါတယ်။ တင်ဖြစ်ရင်လည်း ဖတ်ရမှာပေါ့လေး)