Sep 20, 2008

ဟာရီကိန်းအတွေး

မနက် ၅ နာရီကတည်းက ဖလော်ရီဒါမှ သူ စီးနင်းလာသော သည်လေယာဉ်က နယူးရော့ခ် ဂျေအက်ဖ်ကေ လေဆိပ်မှာ တနာရီခွဲခန့် နားသေးသည်။ သည့်နောက် ဆက်ထွက်ဖို့ ပြေးလမ်းပေါ် ရောက်မှ ဘာဖြစ်သည် မသိ စောင့်နေရသည်မှာ တနာရီလောက် ကြာသည်။ စိတ်မရှည်နိုင် ဖြစ်လာသည့် သူသည် မအီမသာ ခံစားနေရသေးသည်။ နောက်တော့လည်း -အိုး.... အိမ်ပြန်ဖို့တောင် အနှစ် ၂၀ ကြာတဲ့ထိ စောင့်နေခဲ့သေးတာပဲ။ သည်မှာ တနာရီ ၂ နာရီ စောင့်ရတာကတော့ ဘာမှ မဟုတ်ပါဘူးလေ - လို့ သူ့စိတ်ကိုယ် သူ ပြန်ဖြေရလေသည်။

သည့်နောက်တော့ သူ့ လေယာဉ်ပြူတင်းပေါက်မှ ဟိုသည်လျှောက်ကြည့်ရင်း ပြေးလမ်းပေါ် တန်းစီနေသည့် ကြီး ငယ် ရွယ်လတ် အရွယ်အစား မျိုးစုံနေသော ဆယ်ချီနေသည့် လေယာဉ်တွေကို တွေ့ရတော့မှ ကိုယ့်လေယာဉ်တစီးတည်း စောင့်နေရသည် မဟုတ်မှန်း သိတော့သည်။ ဂျေအေအဲလ်မှ အပြာရောင် ဘိုးအင်း ၇၄၇၊ ကိုရီးယန်းအဲလိုင်းမှ ဘိုးအင်း ၇၄၇ ကြီးတွေကိုတော့ လူပုလေးတွေကြားမှ လူ့ဘီလူးကြီးတွေအလား ပြေးလမ်းပေါ်မှ လေယာဉ်တွေကြားထဲ အလွန်ကြီးမားသော ကိုယ်ထည်ကြီးတွေဖြင့် မိုးထိုးမတတ် ရပ်ရင်း စောင့်နေသည်ကို သူ တွေ့နေရလေသည်။ သည်အခါလည်း သူ စဉ်းစားနေမိ ပြန်သေးသည် - ပြေးလမ်းပေါ်မှ ကောင်းကင်ယံကို ပျံတက်ဖို့ စောင့်နေကြသည့် သည်လေယာဉ်တွေလို အိမ်ပြန်ရမည့် အချိန်ကို စောင့်နေကြတာလည်း သူတယောက်တည်းမှ မဟုတ်တာကလား။

နောက်ထပ် နာရီဝက်လောက်နေမှ သူ့လေယာဉ်က လေထဲရောက်တော့သည်လေ။ ဂျေအက်ဖ်ကေမှ လေယာဉ်စတက်တော့ နေ့မွန်းတည့်နေပြီ။ နောက်ထပ် ၇ နာရီခန့် လေထဲမှာ ပျံသန်းပြီးသည့်နောက် သည်ပြည်နယ်ကို သူ ရောက်လာခဲ့ပါလေသည်။ ဖလော်ရီဒါနှင့် စံတော်ချိန် ၃ နာရီကွာသည့် သည်လေဆိပ်ကို သူရောက်တော့ ညနေ ၅ နာရီ ထိုးနေလေပြီ။ လေဆိပ်မှာ သူ့သူငယ်ချင်း ဇနီးမောင်နှံက သူ့ကို လာကြိုနေကြလေသည်။ မတွေ့တာ ဆယ်နှစ်ကျော် ကြာနေပေမင့် သူတို့ စုံတွဲကတော့ ရုပ်တွေ သိပ်မပြောင်းကြသေး။ ခင်ပွန်းဖြစ်သူက မျက်နှာပေါ်မှာ မျက်မှန်တလက် ပိုလာတာသာ ထူးခြားသွားသည်။ သူကတော့ သည်စုံတွဲကို အဝေးက လှမ်းမြင်ရင်း မှတ်မိနေသည်မို့ လက်လှမ်းပြတော့ သူတို့က အူကြောင်ကြားနဲ့ သူ့ကို လှမ်းကြည့်နေကြသေးသည်။ နောက်တော့မှ သူ့ကို မှတ်မိသွားသည့် မျက်နှာများဖြင့် ပြုံးပြပြီး ပြန်လက်လှမ်းပြကြလေသည်။ အနားရောက်တော့ - ဆံပင် အရှည်ကြီးနဲ့ ဆိုတော့ ရုတ်တရက် မမှတ်မိဘူး- လို့တော့ ပြောနေသေးသည်။

နောက်တော့ ပါလာသည့် သူ့ လက်ဆွဲအိတ်ကလေးကို ကားပေါ်တင်ကာ သူ့သူငယ်ချင်းလင်မယား နေထိုင်သည့် မြို့လေးဆီသို့ ဦးတည်ခဲ့ကြလေသည်။ လေဆိပ်မှ မြို့ကလေးရောက်သည်အထိ မိနစ် ၄၀ ခန့်မောင်းရသည့် လမ်းပေါ်မှာ ရောက်တတ်ရာရာများကို ပြောဆိုရင်း သူ့သူငယ်ချင်း မိသားစု နေထိုင်ရာ အပတ်မဲန့်ကလေးဆီ ရောက်လာလေသည်။ သည့်နောက်တော့ ရေချိုး အ၀တ်အစားလဲ ထမင်းစားရင်း သူ အိပ်ငိုက်လာသည်။ သူ့သူငယ်ချင်း၏ သားနှင့်သမီးကို စကားပြောနေရင်းက တ၀ါးဝါး သမ်းလာသည့်အခါ သူ့ကို သူငယ်ချင်းဖြစ်သူက အိပ်ခိုင်းလေတော့သည်။ သည်လိုနဲ့ အိပ်ယာပေါ် ခေါင်းချလိုက်သည်နှင့် သူ အိပ်ပျော်သွားခဲ့လေသည်။

နောက်တနေ့က စနေနေ့လည်း ဖြစ်နေလေတော့ သူ့သူငယ်ချင်းတွေအားလုံး အလုပ်နားလေသည်။ သည်လိုနဲ့ သူ့အတွက် သူငယ်ချင်းလည်း ဟုတ်၊ ညီအကိုလည်း ဟုတ်၊ ရဲဘော်ရဲဘက်တွေလည်း ဟုတ်သော လူတွေနဲ့ ဆယ်နှစ်ကျော်အကြာမှာ နောက်ထပ်တခါ ပြန်တွေ့ရလေတော့သည်။ လူတိုင်းက သူ့အတွက် စားသောက်စရာလေးတွေ နေ့တိုင်းလုပ်ပေးရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြလေသည်။ သူ့အတွက်တော့ သေဆုံးသွားပြီးမှ ပြန်ရှင်သန်လာရသူတယောက်လို ခံစားနေရလေသည်။ ဆယ်နှစ်နီးပါး အထီးကျန်လာခဲ့ရတာတွေ အားလုံး ပျောက်ဆုံးသွားရင်း ပျော်ရွှင်တာတွေရော၊ အားတက်တာတွေရော သူ ရောနှော ခံစားနေရလေသည်။ လူဆိုတာကလည်း ခံစားတတ်သည့် သတ္တ၀ါပဲ မဟုတ်လား။

သည်လိုနဲ့ သူ့သူငယ်ချင်းမိသားစုလေး နေထိုင်နေသည့် သည်အပတ်မဲန့်လေးမှာပဲ စုမိနေသည့် ဗမာမိသားစုလေး ၇ စု က သည်ပြည်နယ်ကို ရောက်လာသည့် လူသစ် သူ့ကို လိုအပ်သည်များ အားလုံးကို ဖြည့်ဆည်းပေးရင်း အကူအညီပေးကြလေသည်။ လူချည်းသက်သက် ရောက်လာသော သူသည် ရဲဘော်ရဲဘက်ဆိုသည့် စကားလုံးတခု၏ အဓိပ္ပါယ်ကို နွေးထွေး လေးနက်စွာ ခံစားခဲ့ရသည်လေ။ မြက်ရိုင်းထူထူတွေကြားထဲမှာ နေခဲ့ကြဖူးသူများပီပီ တယောက်ကျောကို တယောက် လုံခြုံမှုပေးရမည်ကို သိနေကြသော သည်ဝန်းကျင်လေးက သူ့မိသားစုကို ပျော်ရွှင်စေခဲ့ပါပြီ။ သည်လိုနဲ့ သူ့မိသားစုသည်လည်း သည်ပတ်ဝန်းကျင်လေးမှာ ပျော်ရွှင်နေခဲ့ပါလေပြီ။

သည်လိုနဲ့ သူ့မိသားစုလေးအတွက် နေထိုင်စရာ အပတ်မဲန့်လေး တခုကို သူ ငှားနိုင်ခဲ့လေသည်။ နေစရာနေရာလေး တခုရပြီးတော့ သွားစရာ ကားလေးတစီးလည်း လိုလေသည်။ သည်လိုနဲ့ ရဲဘော်ရဲဘက်များ အကူအညီနဲ့ ထိုက်သင့်သော တန်ဘိုးရှိသည့် ကားလေး တစီးကို သူဝယ်နိုင်ခဲ့လေသည်။ ကားလေးတစီး ရတော့ ကားနှင့်ပတ်သက်ပြီး လုပ်စရာတွေက ရှိလာသည်။ ကားပိုင်ဆိုင်မှုကို လွှဲပြောင်းရတာ၊ ကားမောင်းလိုင်စင် အသစ် လျှောက်ရတာ၊ ကားအင်ရှူးရဲင့်စ်တွေ ပြောင်းရတာ စသည်တို့ကို လုပ်ရလေသည်။

သည်တော့ ဒီအဲမ်ဗီခေါ်သည့် Department of Motor Vehicle ကို သူ သွားရလေသည်။ အဲသည်မှာ သူ့ ကားမောင်းလိုင်စင်ကို ပြည်နယ်အသစ် အတွက် သူ လဲရသည်။ မလဲခင် သည်ပြည်နယ်က ပြဌာန်းထားသည့် ယာဉ်စည်းကမ်းများအတွက် စာမေးပွဲတခုကို သူ ဖြေရလေသည်။ စာမေးပွဲအောင်မှသာ သူ သည်မှာကားမောင်းခွင့် ရမည် ဖြစ်လေသည်။ မေးခွန်း ၃ ခုကို မှားဖြေခဲ့သော်လည်း သူ စာမေးပွဲ အောင်ခဲ့ပါသည်။ သည်လိုနဲ့အဆင့်ဆင့် လုပ်စရာရှိသည်များကို လုပ်ရင်း နောက်ဆုံး ဓါတ်ပုံရိုက်သည့် နေရာသို့ သူရောက်လာခဲ့လေသည်။

သူ့ကို ဓါတ်ပုံ ရိုက်ပေးသူက ဖလော်ရီဒါမှ သည်ပြည်နယ်သို့် ပြောင်းလာခဲ့သော စပဲန်းနစ်ရှ် အမျိုးသမီးတဦး ဖြစ်နေလေသည်။ ထိုအမျိုးသမီးက - နင် ဖလော်ရီဒါကို မကြိုက်ဘူးလား - လို့ သူ့ကို မေးလာသည့် အခါ - ငါကြိုက်ပါတယ်၊ တို့နိုင်ငံ ရာသီ ဥတုနဲ့လည်း ဆင်တူတယ်လေ - ဟု သူဖြေသော အခါ - ဒါဆို ဘာလို့ ဒီကို နင်ပြောင်းလာရတာလဲ - ဟု သူကို့ မဆီမဆိုင် ထပ်မေး နေလေသည်။ - နင်ဘာလို့ ငါ့ကို အဲလို မေးတာလဲ - လို့ သူ ပြန်မေးသည့် အခါ ထို အမျိုးသမီးက - ဖလော်ရီဒါက လူတွေ အားလုံး လိုလိုက ဟာရီကိန်းတွေကနေ ထွက်ပြေးလာတာ ဒီပြည်နယ်မှာ အများကြီးပဲ။ ငါလည်း ဟိုးလွန်ခဲ့တဲ့ ၄ နှစ်ကျော်ကတည်းက ဒီကိုရွှေ့လာခဲ့တာ- ဟု သူ့ ကို ပြန်ပြောသည့် အခါမှာတော့ သူက ဟက်ဟက်ပက်ပက် ရီမောမိတော့သည်လေ။ အမျိုးသမီးက သူ့ကို နားမလည်နိုင်သလို ကြည့်ရင်း - ဒါဆိုနင်က ဟာရီကိန်းတွေကနေ ဝေးရာကို ပြေးလာတာ မဟုတ်ဘူးပေါ့။ ဟာရီကိန်းတွေကို နင် မကြောက်ဘူးလား - ဟု သူ့ကို မေးလေသည်။ သူကတော့ - အမှန်က ငါက ဟာရီကိန်း မုန်တိုင်းတွေထက် ဆိုးတဲ့ ဘ၀မုန်တိုင်းကြောင့် ဒီကို ပြောင်းလာရတာပါ။ ဟာရီကိန်းတွေကို ငါမကြောက်ပါဘူး - ဟု သူ ပြန်ပြောသည့်အခါ အရူးတယောက်အား ကြည့်သလိုမျိုး သူ့ကိုကြည့်လေသည်။

အိမ်အပြန်လမ်းပေါ်မှာတော့ ဟာရီကိန်း မုန်တိုင်းတွေ အကြောင်း သူ စဉ်းစားနေမိလေသည်။ အမှန်တော့ ဟာရီကိန်းတွေကို သူ မကြောက်သော်လည်း ဟာရီကိန်းကြောင့်ရသည့် ဒုက္ခတွေကို သူ မခံချင်ပါ။ သြဂုတ်လ ၁၆ ရက်၊ ၂၀၀၄ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် တနာရီလျင် ၁၄၅ မိုင်နှုန်း ရှိသော ကေတီဂိုရီ အဆင့် (၄) ဟာရီကိန်းဖြစ်သည့် ချာလီ၊ အောက်တိုဘာ ၂၄ ရက်၊ ၂၀၀၅ ခုနှစ်တွင် တိုက်ခတ်ခဲ့သည် တနာရီလျင် ၁၂၅ မိုင်နှုန်း ရှိသော ကေတီဂိုရီ အဆင့်(၃) ဟာရီကိန်းဖြစ်သည့် ၀ီလ်မာ - ဟူသည့် ဟာရီကိန်း မုန်တိုင်းတွေ ဒဏ်ကို သူတို့မိသားစု ခံစားခဲ့ကြရဖူးပါသည်။ အစားအသောက်၊ ရေ၊ မီး မရှိပဲ ၁၈ ရက် နေခဲ့ရဖူးသည်။ သူကတော့ ဘုရင်ကြောက်တဲ့သူပုန် လုပ်ခဲ့ဖူးသူ ဆိုတော့ ဘာတွေပဲဖြစ်ဖြစ် အထူးအဆန်း မဟုတ်တော့ပါ။ သို့သော်လည်း သူ့မိသားစုလေး အတွက် ကတော့ ငရဲဖြစ်နေပါလေသည်။

သူ မှတ်မိနေသေးသည်က ချာလီမုန်တိုင်း ဖလော်ရီဒါကို ၀င်ရောက်ခဲ့ချိန်က ဖြစ်ပါသည်။ သူ့မိသားစုအတွက် ပထမဆုံးသော အတွေ့ အကြုံလည်း ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ် အစိုးရ၊ ခရိုင် အစိုးရ၊ မြို့အာဏာပိုင်များ အားလုံးက သတိပေးချက်များ ထုတ်ပြန်ပြီးသည့် နောက်မှာ သူနေထိုင်ရာ အိမ်လေးရှိ Bahama Awning ခေါ်သည့် အကာများဖြင့် အိမ်ရှိ တံခါးပြူတင်းပေါက်များ အားလုံးကို ကာရံလိုက်ရလေသည်။ မုန်တိုင်းမလာမီ တရက်အကြိုကပင် ကာရံထားရသည့် သည်အကာများကြောင့် တအိမ်လုံး မှောင်မဲနေလေသည်။ ကမ်းပေါ်သို့ စတင်ရောက်သည်မှ သူ့မိသားစုနေထိုင်ရာ နေရာအထိ ၃ နာရီအတွင်း မုန်တိုင်း ရောက်လာမည်ကို ရုပ်မြင်သံကြားသတင်းမှ ကြေညာပြီးနောက် အိမ်တံခါးကိုသူ ပိတ်လိုက်ရသည်။ သည့်နောက်တော့ ကတုပ်ကျင်းထဲမှ ရန်သူအလာကို စောင့်နေရသလိုမျိုး မုန်တိုင်းကို အိမ်ထဲမှ ထိုင်စောင့်နေရလေသည်။

ည ဆယ်နာရီကျော်ကျော်မှာ ပထမဆုံးသော လေသံတွေကို စတင်ကြားရလေသည်။ အလုံပိတ်ထားသည့် အိမ်တံခါးနှင့် ပြူတင်းပေါက်များကြားမှ အတင်း တိုးဝှေ့ဝင်လာသည့် လေပြင်းများမှာ မကောင်းဆိုးရွား တကောင်က အသံပေးကာ ခြိမ်းခြောက် နေသလိုပင်။ သည့်နောက်တော့ တ၀ုန်းဝုန်းနှင့်ဆောင့်တိုက်လာသည့် လေသံကို ကြားရလေတော့သည်။ ၁၁ နာရီခွဲမှာတော့ လေက အပြင်းထန်ဆုံး ဖြစ်လာသည်။ အိမ်ရှေ့တံခါးဖက်ဆီမှ ကာထားသည့် အကာအရံနှင့် အိမ်နံရံ ပြင်းထန်စွာ ဆောင့်တိုက်နေသော တဒိုင်းဒိုင်း အသံများကို စိတ်မချမ်းသာစွာ ကြားနေရသည်။ သည့်နောက်မှာတော့ အပြင်းထန်ဆုံးသော လေသံများကြားမှာ - ငါတို့ အိမ်ကလေး ခံပါ့မလား - ဟု သူ စဉ်းစားနေမိသေးသည်။ အိမ်တခုလုံးက တုန်ခါနေသည်။ ဇနီးသည်ကတော့ မျက်လုံးပြူးနေလေပြီ။ သားကလေးတွေ ကတော့ ဘာမျှမသိ အိပ်ပျော်နေကြသည်။ ၁၂ နာရီ ကျော်ကာစမှာ မီးအားလုံး ပြတ်သွားတော့သည်။ အသင့်ဆောင် ထားသော မီးအိမ်ကို ဖွင့်လိုက်ရင်း အိပ်ဆောင် ရေဒီယိုကို သူ ဖွင့်နားထောင်လိုက်သည်။ မုန်တိုင်း သတင်းတွေကို အဆက်မပြတ် ကြေညာပေးနေသည်ကို ကြားနေရသော်လည်း သူ့စိတ်က နောက်နေ့တွေဆီကို ရောက်နေသည်။ ထိုညက သူတို့ ဇနီးမောင်နှံ အိပ်မပျော်ခဲ့ပါ။ အိမ်ပြိုမှာ ကြောက်လို့ ဖြစ်မည် ထင်ပါသည်။ ည ၁၁ နာရီ ခွဲကတည်းက တိုက်ခတ်သော လေပြင်းမှာ မနက် ၄ နာရီ နောက်ပိုင်းမှတဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့လေသည်။ သို့သော်လည်း မနက် ၉ နာရီကျော်လေသံ လုံးဝ တိတ်သွားမှ သူ့ အိမ်တံခါးကို သူ ဖွင့်ဖြစ်လေသည်။

ပထမဆုံး သူမြင်ရသည်မှာတော့ တလမ်းလုံး အပြည့် ကျိုးပဲ့ကျနေသော သစ်ကိုင်းများ၊ အမြစ်မှ ပြုတ်ထွက်လဲပြိုနေသော သစ်ပင်များ၊ အိမ်များမှ လွင့်စင် ပြုတ်ထွက်လာကြသည့် အိမ်ခေါင်မိုး အပိုင်းအစများ၊ သစ်သားအပိုင်းများ၊ ပြတ်ကျနေသည့် ဓါတ်ကြိုးများဖြင့် ရှုပ်ရှက်ခပ်နေသည့် မြင်ကွင်းပင်။ ကြည့်ရသည်မှာ ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားတကားမှ မြင်ကွင်းတခုနှင့်ပင် ခပ်ဆင်ဆင် တူနေသေးတော့သည်။ သည့်နောက်မှာတော့ ၁၈ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်ခြင်း။ လျှပ်စစ်မီးမရှိတော့သည့်အခါ ရေလည်း မရှိတော့ပါပေ။ ကြိုတင် စုဆောင်းထားသော ရေနှင့် ရိက္ခာခြောက်များကလည်း တပတ်အကြာမှာကုန်ပါလေပြီ။

သို့သော်လည်း ပြည်နယ်အစိုးရက ဟာရီကိန်းမုန်တိုင်းဒဏ်ခံရသော ပြည်သူအားလုံးအတွက် (FEMA) ခေါ် (Federal Emergency Management Agency) မှတဆင့် လိုအပ်သည့် အရာအားလုံးနီးပါးကို ဖြည့်ဆည်းခဲ့ပါသည်။ မိသားစုတိုင်းကို အရေးပေါ် ပစ္စည်းများနှင့် ဒေါ်လာ ၅၀၀ ထောက်ပံ့ပေးခဲ့သည်။ နေ့စဉ် တနေ့ ၂ ကြိမ် ရပ်ကွက်ထဲမှာ အစားအသောက်နှင့် ရေ ဖြန့်ဝေပေးသည်။ အခြေအနေ အားလုံး နဂိုရ်ပုံမှန်အတိုင်း ပြန်ရောက်သည်အထိ အစိုးရတရပ်က လုပ်ဆောင်ပေးရမည့် လိုအပ်သော ဖြည့်ဆည်းမှုများအားလုံးကို လုပ်ဆောင်ပေးခဲ့လေသည်။ မုန်တိုင်းဒဏ်ခံရသော်လည်း လူအများစုမှာ မိသားစုဘ၀ အခြေ မပျက်သွားကြပါ။ ၁၈ ရက် အကြာမှာ အခြေအနေအားလုံး ပုံမှန် ပြန်ရောက်ခဲ့ပါသည်။

အိမ်ပြန်လမ်းမှာ ဟာရီကိန်းအကြောင်း သူ တွေးတောရင်း အမိဗမာပြည်မှ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူလူထုအတွက် ရင်နာနေမိပါသည်။ အမိဗမာပြည် နာဂစ်ထိခဲ့သည်မှာ ၄ လရှိခဲ့လေပြီ။ အခြေအနေများမှာ ပုံမှန်သို့ ပြန်မရောက်နိုင်သေး။

အဘတို့များတော့ ပြည်သူလူထုအတွက် သူတို့ကိုယ်တိုင်က ဖြည့်ဆည်းပေးဖို့ ဝေးစွ။ မုန်တိုင်းဒဏ်ခံရသူများအတွက် ကူညီ ဖြည့်ဆည်းပေးရန် လာရောက်ကြသူများကိုပင် တားဆီးဟန့်တားသည်၊ ကိုယ်ထူကိုယ်ထ ကူညီဖြည့်ဆည်းပေးကြသူများကိုလည်း ဖမ်းဆီး အမှုဆင် တရားစီရင် ထောင်ပင်ချလိုက်သေးသည်။ အံ့ဖွယ် အစိုးရပါပေတကား။

9 comments:

Moe Cho Thinn said...

ချိုသင်းတို့ဆီမှာတော့ မုန်တိုင်း ဒုက္ခသည်တွေရဲ့ အစားအစာကိုတောင် လု စားနေကြတာပဲ။ ဘာ တာဝန် မှ မယူတဲ့အပြင်လေ။ အကို့စာလေး ဘိုကလေးကလူတွေ ဖတ်ရရင် အကိုညာတာ ထင်မှာ။

MyowinZaw said...

မုန်တိုင်းဒဏ်ခံရတာခြင်းတူပေမယ့် အုပ်ချုပ်တဲ့ အစိုးရခြင်းမတူတော့....

myatnoe said...

ဖတ်ရင်းနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ သွေးပျက်စဖွယ်မြင်ကွင်းတွေကိုပဲ ပြန်မြင်ယောင်နေမိပါတယ်..
အခုချိန်ထိ... ဘယ်တော့မှလဲ အခြေကျနိုင်မှာ မဟုတ်တော့ပါဘူးးး

thorn musem said...

ကိုအောင်
စာလာဖတ်သွားတယ်...အကို အိမ်ပြောင်းတာ
မုန်တိုင်းကြောင့်ကိုး...။
ကြားရတာ စိတ်မကောင်းပါဘူး...အကို စာဖတ်နေရင်းနဲ့ ကို မြင်ကွင်း၂ခု တစ်ပြိုင်တည်း မြင်နေရတယ်ဗျာ...။
ကျနော်တို့ တိုင်းပြည်က လူတွေကံဆိုးပါတယ်.
လူအသိဥာဏ် မရှိသူတွေ အုပ်ချုပ်သမျှ ဒုက္ခတွေချည်းပါဘဲ...။

pandora said...

တာဝန်ယူမှုတွေ မရှိသရွေ့တော့ သဘာဝမုန်တိုင်းတွေရော လူလုပ်မုန်တိုင်းတွေပါ ထန်နေဦးမှာပါပဲ။

မောင်မျိုး said...

အန်ကယ်တို့ မိသားစု အခု အဆင်ပြေကြတယ်ဟုတ် ဒါဆိုဝမ်းသာပါပီး အဘတို့ အကြောင်းကတော့..................

MaMa said...

ကောင်းတယ်ရှင့်..
ဟာရီကိန်း အကြောင်းလေး...။
ကျမ က ခုမှ ဒီဘလော့ဂ် လောကထဲ
ဝင်လည်ဖူးတာ..
မကြာ မကြာ လာလည်ပါ့မယ်..။

OWAY AUNG said...

brother,where r u state in usa ,now???

အောင်သာငယ် said...

ချိုသင်းရေ သူတို့တွေက သံတွေခဲတွေ စားနေကြတာပါ။

မျိုးဝင်းဇော် - နှိုင်းယှဉ်လေ အဘတို့ကို နားရင်းရိုက်ချင်လေ ဖြစ်လာတယ် မဟုတ်လား။

myatnoe - အားလုံးက စိတ်မကောင်း ဖြစ်နေကြတာပါပဲဗျာ။ ဘာမှလည်း မတတ်နိုင်ဘူးလေ။

thorn museum - အိမ်ပြောင်းတာကတော့ ပြောင်းစရာ ဖြစ်လာလို့ပါ ကိုသစ်ရေ။ တတ်နိုင်ရင် ကိုယ့်တိုင်းပြည်ကြီးကိုတောင် နေရာ ပြောင်းပစ်လိုက်ချင်သေး။

pandora - မုန်တိုင်းတွေ ထန်နေသေးသမျှ .... အင်း... သက်ပြင်းတောင် မချရဲတော့ပါဘူး။ အသက် အောင့်ထားမိတယ်။

တူမောင်မျိုး - အဆင်ပြေအောင် လုပ်ယူရတာပေါ့ကွယ်။
တို့ ပြည်က လူထုတွေမှာသာ ...

mama - လာလည်ပါဗျာ။

oway aung - ညီရေ့ အကိုက ကယ်လီဖိုးနီးယားမှာ