Sep 29, 2008

ပျော်ပျော်ပါးပါးရောဂါ

ဟိုးတလောက ဘာရယ်မဟုတ် ကိုယ့်ဘ၀အကြောင်း ကိုယ့်ဘာသာကိုယ် တွေးမိရင်း ငယ်စဉ်က အကြောင်းများကို စဉ်းစားမိသည့်အခါ ပျော်စရာကောင်းခဲ့သည့် ငယ်ဘ၀ အဖြစ်အပျက်လေးများကို ပြန်ပြောင်းသတိရမိကာ တယောက်တည်း ပြုံးတုံးတုံး ဖြစ်မိသေးသည်။ သည်လိုနဲ့ ကိုယ့် သူငယ်ချင်းတွေလည်း ကိုယ့်လိုပဲ ခံစား ရလေ မလားလို့ စဉ်းစားမိရင်း ကိုယ့်ဘ၀ထဲက မှတ်မိနေသေးသော ပထမဆုံးလေးတွေကို ခေါင်းထဲ ရောက်လာ သလောက် ချရေးရင်း ပထမဆုံးများ ဆိုသည့် ပို့စ်လေးတခုကို ရေးဖြစ်လိုက်လေသည်။

ပို့စ်လေးအဆုံးမှာတော့ ခင်ရာမင်ရာ သူငယ်ချင်းတွေကို Tag သည့် စာရင်းထဲ သတိရသလောက် ထည့်ရေး လိုက်မိသည်မှာ အတော် လက်လွန်သွားလေသည်။ Tag လိုက်မိသည့် ဘလော်ဂါ ဘော်ဘော်တွေ အားလုံးပေါင်း ၃၄ ဦးတောင် ဖြစ်သွားလေသည်။ ဒါကြောင့်လည်း မကေရဲ့ပထမဆုံးများ ပို့စ်မှာ ပြောသလို ကိုယ်က လူအများကို အစုလိုက် အပြုံလိုက် Tag သော ပထမဆုံး ဘလော်ဂါ ဖြစ်သွားလေသည်။ (Guiness Record မှာ ပါရင်တော့ ကောင်းသားနော်)

ပို့စ်လေးကို တင်ပြီးသွားတော့ သယ်ရင်းများရဲ့ ဆီပုံးတွေထဲမှာ - Tag ထားတယ်၊ ရေးချင်လည်းရေး၊ မရေးလည်း ကိစ္စ မရှိ - ဆိုပြီး သွားအော်ခဲ့မိလေသည်။ သည့်နောက်တော့ - ညီမငယ်ချိုသင်းရဲ့ပထမဆုံး ပို့စ်မှာ ရေးထားတာလေး - Tag ပုံကလဲ ကြည့်ပါအုံး၊ ရေးချင်ရေး မရေးချင် မရေးနဲ့ တဲ့။ ခပ်မာမာပဲ။ နောက်ပြီး သူရဲ့ ပထမဆုံး ပစ်ဖူးသော သေနတ်က AK-47 ဆိုပဲ။ ဒါနဲ့ ကြောက်ကြောက်နဲ့ မြန်မြန်ပဲ ရေးလိုက်ပါကြောင်း - ဆိုတာကို ဖတ်မိသွားတော့မှ ကိုယ် အပြောအဆို သိပ်မတတ်သေးတာကို သတိထားမိသွားပါတော့တယ်။ တကယ်ကတော့ ကိုယ်က ရိုးရိုးပဲ စဉ်းစားတာပါ၊ သဘောရိုးနဲ့ပါပဲ၊ မရေးချင်တာကြီးကို အတင်း ရေးခိုင်း မိသလိုမျိုး ဖြစ်သွားမှာ စိုးတာရယ်၊ မအားလပ်တဲ့ကြားကနေ မဖြစ်မနေကြီး ရေးပေးနေရတာမျိုး ဖြစ်သွားမှာ စိုးတာရယ်ကြောင့်ရော - သူငယ်ချင်းတွေကို အားနာတာပါ။ ဒါကြောင့်လည်း သို့ကလို - ရေးချင်လည်းရေး၊ မရေးလည်း ကိစ္စမရှိ - လို့ ဆီပုံးတွေထဲ သွားအော်ခဲ့မိခြင်းသာ ဖြစ်ပါသည်။ ခုတော့ သည်ပို့စ်ကိုရေးရင်းက သယ်ရင်းများအားလုံးကို တောင်းပန်လိုက်ပါသည်။ (ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ကြပါ) ခွင့်လွှတ်ကြမည်ကိုလည်း ယုံကြည်ပါသည်း)

သယ်ရင်းတွေ အားလုံးကလည်း ကိုယ့်ကို ခင်မင်ကြရှာပါပေရဲ့။ တချို့က ချက်ချင်းဆိုသလိုကို ပြန်ရေးပေးကြသည်လေ။ သည်လိုနဲ့ ပြန်ရေးပေးကြသော သယ်ရင်းတွေရဲ့ ပထမဆုံးများကို ဖတ်ရင်းက ကိုယ့်ပထမဆုံးတွေနဲ့ မတူတဲ့ သူတို့ရဲ့ ပထမဆုံးတွေကိုလည်း ကိုယ့်အနေနဲ့ ပြန်ရေးပေးသင့်တယ်လို့ ယူဆပြီး ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး နောက်ထပ် ပထမဆုံးတွေကိုတောင် ပို့စ်တခု ထပ်ရေးလိုက်မိသေးသည်။

သည့်နောက်မှာတော့ သယ်ရင်းတွေကလည်း သူတို့ရဲ့ ပထမဆုံးတွေကို ရေးရင်း သူတို့ ခင်ရာမင်ရာ သယ်ရင်းတွေကို ထပ်Tag ကြလေသည်။ သည်လိုနဲ့ ကိုယ် Feed ယူထားသော ဘလော်ဂါတွေအားလုံးရဲ့ ပို့စ်တွေကို Googel Reader မှာ ဖတ်ရင်း ပထမဆုံး ဆိုသော ပို့စ်များကို ဟောတခု ဟောတခု တွေ့နေရလေတော့သည်။ သည် ပထမဆုံးများကို လိုက်ဖတ်လိုက်၊ ကိုယ့် Share Item ထဲ ထည့်လိုက်နဲ့ ဖတ်မိသမျှ ပထမဆုံး ဆိုသော ပို့စ်များကို ကိုယ့် Share Item ဖြစ်သည့် - ဖတ်စေချင်သောစာများ - အောက်တွင် ထည့်လိုက်မိသည်မှာ Share Item အားလုံးမှာ ဘလော်ဂါပေါင်းစုံက ရေးထားသော အမျိုးစုံနေသော ပထမဆုံးများချည်း ဖြစ်နေလေတော့သည်။ မကေ ကတောင် - ပထမဆုံး ပေါင်းချုပ် ထုပ်မလို့..စုနေတာ ထင်တယ်- ဟု ဆီပုံးထဲမှာ နောက်သွားခဲ့သေးသည်။

ဘာပဲဖြစ်ဖြစ် Tag Game က ပျော်စရာကောင်းနေသည်မှာတော့ အမှန်ပင်။ ကိုယ် Tag လိုက်ပြီးမှ လိုက်ရေးပေးကြသော တချို့ သူငယ်ချင်းများကလည်း သူတို့ ငယ်ဘ၀လေးတွေကို ပြန်စဉ်းစားမိသွားလို့ ကိုယ့်ကို ကျေးဇူးတင်ကြောင်း တခုပ်တရ ပြန်ပြောလာကြတော့လည်း ကိုယ်တိုင်လည်း ကြည်နူး ကျေနပ်မိ ပါလေသည်။

ခုတော့ ဗမာဘလော်ဂါလောကကြီးတခုလုံး ပထမဆုံးများကို ၀ိုင်းရေးနေကြပြီလားလို့ တယောက်တည်း စဉ်းစားရင်း ပြုံးနေမိပါသေးသည်။

အော် --- အဖော်တွေ ပျော်ပျော်ပါးပါး အားပါးတရ ကူးစက်ခံချင်ကြတဲ့ရောဂါဟာ Tag Game လေလား။ Tag Game ကို ကိုယ်ချစ်ပါသည်။

10 comments:

ကောင်းကင်ကို said...

လာဖတ်သွားတယ်အစ်ကို။ ကျွန်တော်တော့ ရေးတုန်းရှိသေးတယ်။ ပထမဆုံးအကြောင်းကို နောက်ဆုံးမှ ရေးတဲ့လူများ ဖြစ်နေမလားပဲ။

မောင်မျိုး said...

ဟုတ်တယ် အန်ကယ်တက်စ်လိုက်တဲ့ပို့ စ်လေးတော်တော်ပေါက်တယ် လူတိုင်းရေးကြပြီးပျော်စရာလည်းကောင်းတယ်း)

ဇင်ယော် said...

အဟဲ အစ်ကိုကြီး နေကန်းတယ်နော်။ ( မျက်နှာချိုသွေးတာ )။ ကျနော်လည်း ရေးနေပြီနော်။ ဟိုတလောက နည်းနည်းအလုပ်ရှုတ်သွားလို့ ။ ပြီးရင် လက်တို့ လိုက်မယ်ဗျ။

လင်းထက် said...

Tag Game ကို ကိုယ်ချစ်ပါသည်။
ဆိုပါလား ကြောက်ချာကြီး...
အရမ်းတော့ မတဂ်နဲ့နော် အကိုကြီး ဟီး ဟီး...

Moe Cho Thinn said...

Tag ကြတယ်လေ ပျော်ပျော်ပါးပါးပေါ့။
ဒါပေမဲ့ limit လေးတော့ ရှိပါတယ်.. တချို့ဟာဆို မီးမီး ကြောက်ကြောက်။

လူသစ် said...

အောင်မယ်။ မရေးချင်မရေးနဲ့ဆိုလို့ ရေးတာဗျ။ ပြောထားသားပဲ ခပ်ရွဲ့ရွဲ့ပါဆို :)

MyowinZaw said...

မမိုးချိုသင်းပြောသလိုဘဲ AK၄၇ ကြောက်လို့ရေးတာ

thorn musem said...

ကိုအောင်ရေ.....
ကိုအောင် တက်ဂ် လိုက်တဲ့  အပျော်လေးက အားလုံးကို ပျော်စေတာတော့ အမှန်ဘဲဗျ.....။
တစ်ယောက်နဲ့ တစ်ယောက်....တဆင့် စီကူးသွားတာ....
စိမ့် ဝင်သွားတာ...တွေးကြည့်တော့...
တော်တော်ချစ်ဘို့ ကောင်းတာ....ဘုရားပွဲမှာ...
ငယ်သူငယ်ချင်းတွေ ပြန်တွေ့ ကြပြီး...ပျော်ကြ ” စ ကြ..ပွဲ ကြည့်ကြသလိုပေါ့...တစ်ခုဘဲ ...
ပွဲခင်းထဲမှာသာ ပျော်နေကြတာ...ပွဲခင်းဘေးက
AK47 နဲ့  ပွဲထိန်းကြီးကိုလည်း လှည့်ကြည့် လှည့်ကြည့်ပေါ့ဗျာ.....။

အောင်သာငယ် said...

ကောင်းကင်ကို - ညီရေ့ ရေးနိုင်မှ ရေးပေါ့ကွယ်၊ သေရေး ရှင်ရေးမှ မဟုတ်တာ။

တူမောင်မျိုး - အားလုံး ပျော်ကြပါစေကွယ်။

ဇင်ယော် - ရေးပြီးသွားရင် ပြီးတာပဲ။

လင်းထက် - မောင်ရင် သတိသာ ထားနေပေတော့။ ကောင်မလေးတွေ Tag တော့ နင့် မျက်နှာက တမျိုး။

moe cho thin - ညီမရေ နောက်တခါ spare ထားခဲ့ပါ့မယ်။

ကလူသစ် - သိပါတယ်ဗျ။ ရွဲ့မပြောပါနဲ့။

myo win zaw - မောင်ရင် ကိုယ့်ဘာသာကို ရေးချင်လို့ ရေးပြီး ငါ့ သေနတ်ကြီး ဆွဲမထည့်နဲ့။ ခုမှ တကယ်လာပစ်မှာ။

thorn museum - အင်း AK 47 ကြီးက တော်တော် သြဇာညောင်းမှန်းသိသွားပြီ။ ဒါကြောင့်လည်း အဘတို့ အနှစ် ၂၀ အေးဆေးနေတာကိုးဗျး)

ကောင်းကင်ကို said...

ပထမဆုံးများကို ရေးလိုက်ပြီ အစ်ကို။ နောက်ဆုံးမှ ရေးတဲ့ လူများဖြစ်နေမလားမသိဘူးဗျ။