Sep 28, 2008

မြို့ပြဝေဒနာ

သူ အလုပ် အသစ်ရသည့်နေရာက မြို့ကြီး ဖြစ်လေသည်။ မြို့ကြီးဆိုတော့လည်း တောလို့ခေါ်ရမည့် ဖလော်ရီဒါမှ ပြောင်းလာသူ သူ့အတွက် အရာရာ အသစ်အဆန်းတွေချည်း။ ဖလော်ရီဒါမှာ သူနေသည့် မြို့ကလေးဆိုလျင် အိမ်ပြူတင်းဝမှနေ ထိုင်ကြည့်ကြည့် တနေ့လုံးနေလို့ လူတယောက် လမ်းလျှောက်လာတာ မမြင်ရ၊ တနာရီထိုင်ကြည့်လို့ ဖြတ်သွားသည့် ကားအားလုံးကို ရေတွက်လျင် လက်ဆယ်ချောင်းမပြည့်။ သည်လို တိတ်ဆိတ်ငြိမ်သက်သည့် တောမြို့လေးမှ ဆူညံလှုပ်ရှားနေသည့် မြို့ကြီးဆီသို့ ရောက်လာတော့ သူ့အာရုံတွေ နောက်လာသည်။ လမ်းပေါ်မှာ အချိန်ပြည့် ကားတွေချည်း၊ ပလက်ဖောင်းတွေပေါ်မှာလည်း လူတွေအမြဲတမ်း တွေ့နေရသည်။ ဘာပဲဖြစ်ဖြစ် သူပျော်ပါသည်။

သူ့အလုပ်ရှိသည့် နေရာကတော့ Grocery Store အကြီးကြီးတခု ဖြစ်လေသည်။ ပြီး သူ လုပ်ရသည့် ဌာနကလည်း Prepared Food ဆိုတော့ စတိုးရဲ့ ၀င်ဝင်ချင်း အပေါက်ဝမှာ ရှိနေလေသည်။ သည်တော့ စတိုးထဲသို့ ၀င်လာသမျှသော လူအားလုံးကို လှမ်းကြည့်ကြည့် မကြည့်ကြည့် အလိုအလျောက်ကို မြင်နေရသည့်နေရာ ဖြစ်နေလေတော့သည်။

သည်လိုနဲ့ စတိုးထဲသို့ နေ့စဉ်ဝင်လာသမျှ လူတွေ အားလုံးကြားမှာ သူအလုပ်ဆင်းသည့်နေ့တိုင်း မြင်နေရသည့် လူတယောက်ကို သူ မှတ်မိလာလေသည်။ သည်လူက သူ အလုပ်ဆင်းသည့်နေ့တိုင်း သည်စတိုးကို ၀င်လာလေ့ရှိသည့်သူတယောက်ပါပေ။ အချိန်မှန် မဟုတ်သော်လည်း ယေဘူယျအားဖြင့် မနက် ၉ နာရီ နှင့် ၁၁ နာရီ ကြားမှာ စတိုးထဲသို့ သည်လူ ၀င်လာလေ့ရှိသည်။ သည်လူ့ကို သူ မှတ်မိသွားရ သည်မှာလည်း မှတ်မိစရာ ဖြစ်နေသော အကြောင်းတခုကြောင့် ဖြစ်လေသည်။

စတိုးထဲသို့ သည်လူ ၀င်လာတိုင်း သူ့ ဘယ်ဖက်လက်မှာ အိတ်တအိတ်ဆွဲလာလေ့ရှိပြီး ညာဖက်လက်မှာ ခြောက်လုံးပြူးတလက်ကို ကိုင်လာလေ့ရှိသည်။ (ခြောက်လုံးပြူးကြီးကိုင်ပြီး ၀င်လာတယ်ဆိုလို့ မလန့် သွားကြပါနဲ့ဦး၊ ဒါးမြလာတိုက်တာ မဟုတ်ပါဘူး။ သည်လူက Security Service ကုမ္ပဏီတခုကပါ။ စတိုးက ငွေတွေကို လာသိမ်းပေးတာပါ။) ပြီးတော့လည်း စတိုးထဲသို့ဝင်လာတိုင်း သူ့ပုခုံးမှာရှိသည့် ဝေါ်ကီတော်ကီ ကိုလည်း ပုကျု-ပုကျုနဲ့ ပြောနေလေ့လည်း ရှိလေသည်။

ပြီးတော့ စတိုးမှ သူပြန်ထွက်သွားတိုင်း ရုပ်ရှင်တွေ ထဲက အတိုင်း ငွေအိတ်ကြီးကို ဘယ်ဖက်လက်က ဆွဲ၊ ညာဖက်လက်က သူ့ခြောက်လုံးပြုးသေနတ်ကြီးကို အသင့်အနေအထားနဲ့ကိုင်၊ (သေနတ်ကို အောက်စိုက်ပြီး ကိုင်ထားသော်လည်း သူ့လက်ညှိုးကို Trigger ကွင်းမှာ ကပ်ထားပြီး အချိန်မရွေး သေနတ်ကို ပစ်ခတ်နိုင်သည့် အသင့်အနေအထားဖြင့် စတိုးထဲမှ ထွက်သွားလေ့ရှိသည်။) သူ့ဘယ်ဖက်ပုခုံးပေါ်မှာ ချိတ်ထားသည့် ဝေါ်ကီ တော်ကီကို ခေါင်းကလေး စောင်းပြီး - ပုကျု-ပုကျု - ပြောရင်း စတိုးအ၀ ရောက်တော့ ပတ်ဝန်းကျင်တခုလုံးကို သူ့ဦးခေါင်းတခုလုံး ဘေးဘီ ၀ဲယာ ချာလပတ်ရမ်းအောင် ကြည့်ရင်း စတိုးအရှေ့မှာရပ်ထားသည့် သူတို့၏ သံချပ်ကာ ကားကြီးဆီသို့ ပြေးသွားမတတ်ခြေလှမ်းများနှင့် လျှောက်သွားရင်း အနားရောက်တော့ ကားတံခါးကို အမြန်ဆွဲဖွင့်ကာ ကားအတွင်းသို့ ကမန်းကတမ်းတိုးတက်ပြီး ကားတံခါးကို အမြန်ဆွဲပိတ်ကာ ထွက်သွားလေ့ ရှိသည်လေ။

သူ့မှာတော့ နိစ္စဓူဝ သည်မြင်ကွင်းကြီးကို မြင်နေရသည်ကို စိတ်ပျက်လှလေသည်။ နေ့စဉ် အဲသည် ငတိကို သူမြင်နေရပြီး သည် ငတိကိုယ်စား စိတ်မောနေရသည်ကို တနေ့မှာ သည်ငတိ သူ့ ကားပေါ်ရောက်သွားမှ ဟင်း--ဆိုပြီး သူ သက်ပြင်းချမိသွားသည်ကို သူ့ဘာသာသူ သတိထားမိသွားတော့မှ သိတော့လေသည်။

သို့သော်လည်း သည်ဇာတ်လမ်းက သည်မှာ မပြီးသေးပါချေ။ နောက်တရက်ကျတော့ စနေနေ့ဆိုတော့ ဖရီးဝေးကလည်း ကားရှင်းလေသည်။ သည်လိုနဲ့ စတိုးကို သူ အစောကြီးရောက်ဖြစ်တော့ စတိုး ၀င်ပေါက် တည့်တည့်မှ Parking Lot မှာ သူ့ကားကို ရပ်မိသွားလေသည်။

သည့်နောက်တော့ နေ့လည်စာ စားချိန်ရောက်တော့ နေ့လည်စာစားပြီး ကျန်နေသေးသည့် အချိန်လေးတွေကို သူ့ ကားပေါ်မှာ ဖြုန်းတီးရင်း ဘာရယ် မဟုတ် စတိုး အပေါက်ဝကို သူ ကြည့်မိလေသည်။ သည်မှာ အဲသည် ငတိရဲ့ ကားကို သူတွေ့ရပြန်လေသည်။ သည်ငတိရဲ့ ကား စတိုးအရှေ့ကို ရောက်လာတော့ သည်ငတိ၏ ပါတနာ ဖြစ်သည့် နေကာမျက်မှန်တပ်ထားသော ကားဒရိုင်ဘာက ကားကို ရပ်ရင်း ဒရိုင်ဘာခုံမှ ပါဆင်ဂျာ ဆိုဒ်ကို ပြောင်းသွားသည်ကို သူတွေ့နေရသည်။ သည့်နောက် ထိုဒရိုင်ဘာက ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်း တောင်းမှောက် ကြည့်ရင်း တခုခုကို ဝေါ်ကီ တော်ကီမှ ပြောနေသည်ကို တွေ့ရလေသည်။ သည့်နောက်မှာတော့ သူ့ငတိကို အိတ်ကြီးတလုံးကိုင်ပြီး ဆင်းလာသည်ကို တွေ့ရလေတော့သည်။

သည့်နောက်မှာတော့ မြို့ကြီးတခုပီပီ သည် သံချပ်ကာကားကြီး ပတ်ပတ်လည်မှာ သွားလာနေသူများ အားလုံးကို ဒရိုင်ဘာ ငတိက ချာလပတ်လည်အောင် လိုက်ကြည့်နေသည်ကို သူတွေ့နေခဲ့ရပါလေသည်။ နောက် နာရီဝက်ခန့် အကြာတွင်မတော့ သူ့ ငတိကို ထုံးစံအတိုင်း ခြောက်လုံးပြူးကြီးကိုင်၊ ငွေအိတ်ကြီး လက်ကဆွဲနဲ့ စတိုးထဲက ထွက်လာသည်ကို တွေ့လိုက်ရပါလေသည်။ ကားပေါ်မှ သူ့ ပါတနာကလည်း အဆင်သင့် အနေအထားလိုမျိုး ကားထဲမှာ ပုံစံပြောင်းသွားသည်ကိုလည်း သူတွေ့လိုက်ရသေးသည်။ သူ့လက်ကို မတွေ့ရပေမင့် သေနတ်ကို ထုတ်ကိုင်ထားပုံပါပဲ။ ငတိက ငွေထုပ်ကြီးဆွဲပြီး ကားတံခါးကိုဖွင့် ၀င်သွားပြီးမှ အဲသည် ဒရိုင်ဘာကို သူ့ ဒရိုင်ဘာ ထိုင်ခုံပေါ် ပြောင်းထိုင်ကာ ကားနောက်ခန်းကို လှမ်းကြည့်ရင်း ပြုံးပြုံးရီရီ စကားပြောနေသည်ကို သူလှမ်းတွေ့လိုက်ရလေသည်။

သည် လူ ၂ယောက်ကို ကြည့်ရင်း သူလည်း စိတ်မောနေမိလေသည်။ သူတို့ သယ်ဆောင်နေရသည့် ငွေတွေကို အချိန်မရွေး ဓါးမြတိုက်နိုင်သည့် အန္တရာယ်ကို သူတို့ ကြောက်လန့်နေရသည်ကို သူ တွေ့နေရလေသည် မဟုတ်လား။ အမှန်တော့ သည်လူ ၂ ယောက်က သမာအာဇီဝ ရှာစားနေကြသူတွေပါပေ။ သို့ပေသည့် မသမာအာဇီဝသမားတွေ ရန်ကို သည်လူ ၂ ယောက် ခြောက်ခြားနေရလေသည်။ ၀မ်းနည်းစရာ ကောင်းပါဘိတော့။ သူတို့ခမျာသူတို့ မမြင်ရသည့် မသမာအာဇီဝသမားတွေကို ခြောက်ခြားနေရသည် မဟုတ်ပါလား။

ဒါပေသည့် သူပြန်စဉ်းစားကြည့်တော့ သည်လူ ၂ယောက် ထက် သူ့တိုင်းပြည်က ပြည်သူလူထုကို ပို သနားမိပါသည်။ ထိုလူ ၂ ယောက်က သူတို့ မမြင်ရသည့် မသမာအာဇီဝသမားတွေကို ခြောက်ခြားရုံသာ။ သူ့တိုင်းပြည်က ပြည်သူလူထု တရပ်လုံးကတော့ မသမာအာဇီဝသမားတွေကို နေ့စဉ်နှင့်အမျှ မြင်နေရရုံမျှမက ထိုသူများ မိန့်ခွန်းချွေသမျှကိုလည်း နားထောင်နေကြရသေးသည်လေ။

5 comments:

Kay said...

နောက်ပြီးတော့..အဲဒီ လူ ၂ ယောက်က..မသမာ အာဇီဝ သမား တွေ ကို.. ခုခံ ကာကွယ်.. နိုင်သေး တယ်လေ။

ရှင်မင်းညို said...

အရမ်းဖတ်လို့ကောင်းတယ်...

thorn musem said...

ကိုအောင်...
ကျနော်တို့ လဲ...နေသာနေရ၊ စားသာစားရတာ
နှိုင်းယှဉ်တွေးမိရင် စိတ်ထဲ မကောင်းဘူးဗျာ....။
ကိုအောင်ရေ .....
ရေးထားတဲ့ ပို့ စ်လေးကို ရင်နဲ့ ခံစားသွားပါတယ်ဗျာ...။

ဇင်ယော် said...

အင်း အဲဒီက မြို.ပြဘ၀ကလည်း မလွယ်ပါလားဗျာ။ အချိန်မရွေး လျှောသွားနိုင်တယ်ဗျနော်။ ဒါပေမယ့် သူတို့ ကမှ ရှိတဲ့ သေနတ်နဲ့  ပြန်ဆော်လို့ ရသေး။ အဟဲ တားတားတို့ ဆီမှာတော့ .........။

အောင်သာငယ် said...

kay - အဲဒါပေါ့ဗျာ ပိုကြေကွဲနေရတာ။

ရှင်မင်းညို - ကျေးဇူးပါဗျာ။

thorn museum - စိတ်မကောင်းရုံကလွဲရင် ဘာမှ မတတ်နိုင်တာကိုလည်း စိတ်မကောင်းဘူးဗျာ။

ဇင်ယော် - အဲဒါပေါ့ မကေ ပြောနေတာ။