Jun 11, 2008

အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ


ယခုတလော ဘလော့လောကကြီးထဲ တယောက်နဲ့ တယောက်- တအုပ်နဲ့ တအုပ် ဆဲကြ၊ ဆိုကြ၊ တိုက်ကြ ခိုက်ကြ။ ပုတ်ကြ၊ ခတ်ကြ။ ငြင်းကြ၊ ခုန်ကြ။ ဆော်ကြ၊ နှက်ကြ။ သူ့အတွက်တော့ မြင်တွေ့ ကြားသိနေရသမျှ တချက်မှ စိတ်ချမ်းသာစရာမရှိ။ ကြားထဲက နအဖ ငတိတွေအတွက် ၀မ်းသာစရာ အတိတွေသာ ဖြစ်ကြတော့မည်။

----------

နာဂစ်စ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ကြရသည်အပေါ် ကိုယ့်အတွက်ကိုယ် အမြတ်ထုတ်ခဲ့ကြသူတွေလည်း ရှိသည်။ မည်သို့ဆိုစေ ဒါကိုပင် သမိုင်းက မှတ်တမ်းတင်ထားမည်သာ။

လူဆိုသည်က ကိုယ့်သမိုင်းကိုယ် ရေးကြရသည် မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကို သူ့အဖိုးဖြစ်သူ ဗိုလ်မင်းရောင်က ရေးပေးခဲ့ခြင်း မဟုတ်ပါပေ။ ဗိုလ်ချုပ်ကိုယ်တိုင် အသက်ပေးပြီး ရေးခဲ့ခြင်းပါပေ။ ဒါပေသည့် သူ့သမိုင်းက လှပနေခဲ့သည်။

ဗိုလ်နေ၀င်းကရော။ ဗိုလ်နေ၀င်း သမိုင်းကိုလည်း သူ့အဖေ ဦးဖိုးခက ရေးခဲ့သည် မဟုတ်ချေ။ သူကိုယ်တိုင် နေ့ရက်များစွာ အစဉ်အဆက် ရေးသားခဲ့ခြင်း ဖြစ်သည်လေ။ သူ့ သမိုင်းကတော့ ရိုင်းစိုင်းနေခဲ့သည်မှာ ပြောစရာ မရှိတော့။

သူ့သမိုင်းကိုသူ လှလှပပ ရေးခဲ့သည့်အတွက်လည်း ဗိုလ်ချုပ်ကို မနာလို မရှုစိမ့်သူများက ငွေကြေးရုပ်ပုံ မျိုးစုံပေါ်က သူ့ ပုံရိပ်များကို ဖယ်ရှား သိမ်းဖျက်လိုက်ခြင်းအားဖြင့် သမိုင်းကို ဖျောက်ဖျက် နိုင်မည်ဟု ထင်ခဲ့ ကြဖူးသည်။ မှားလေစွ။

သမိုင်းသည် ကဗျာတပုဒ် မဟုတ်။ သမိုင်းသည် စာတပုဒ် မဟုတ်။ သမိုင်းဆိုသည်မှာ နေ့စဉ်ရက်ဆက် ဖြည့်စွက်ခဲ့ရသည့် ကွက်လပ်များသာ။ တခါတရံမှာ သမိုင်းဆိုသည်မှာ အသက်ကိုပင် ဖြည့်စွက်ရတတ်သည့် ကွက်လပ် တခုပါပေ။


ထိုသမိုင်းကွက်လပ်အတွက် ကိုယ့်အသက်ကိုယ်ပင် ဖြည့်စွက်ခဲ့သည်ဆိုစေဦး လှပသည့် သမိုင်းနှင့် အရုပ်ဆိုး အကျည်းတန်သော သမိုင်း ဟူ၍ ကြွဲပားသွားခဲ့သည် မဟုတ်လော။

သမိုင်းထဲမှ အဖြစ်အပျက်များသည်လည်း စစ်တုရင် ကစားသလိုပါပေ။ လူတချို့မှာ စစ်တုရင်ကစားပွဲတွင် အကွက်ပေါင်း ထောင်ချီ ကစားခဲ့သော်လည်း အနိုင် အရှုံး မသိရခဲ့သေး။ သို့သော်လည်း တချို့မှာမူ တကွက်ထဲ ကစားပြီး တပွဲလုံး ရှုံးခဲ့လေသည်။

-------------

သူ့အနေနဲ့ကတော့ - ဗမာ ဘလော်ဂါအားလုံးကို သမိုင်းရေးနေသူများချည်းသာ- ဟု အသိအမှတ် ပြုထားသည်လေ။

သမိုင်းဆိုသည်ကလည်း ဘက်နှစ်ဖက် အမြဲတမ်း ရှိခဲ့သည်ဆိုတော့ အနိုင်ကျင့်သူများရဲ့သမိုင်းနဲ့ အနိုင်ကျင့်ခံရသူများရဲ့သမိုင်းသာ ရှိလေသည်။

သည်မှာ လေးလေးနက်နက် ပြောရလျင် ဗမာဘလော်ဂါအားလုံးသည် တဖက်ဖက်ကို ရပ်တည်နေသူများသာ ဖြစ်ချေသည်။ တနည်းပြောရလျင် အနိုင်ကျင့်သူများဖက်မှ ရပ်တည်နေသော ဗမာဘလော်ဂါများနဲ့ အနိုင်ကျင့်ခံနေရသူများဖက်မှ ရပ်တည်နေသော ဗမာဘလော်ဂါများ ဟူ၍သာ ခွဲခြားနိုင်လေသည်။

ဖြစ်နိုင်ချေတခု ရှိနေသေးသည်က မည်သည့်ဖက်ကမျှ မရပ်သည့် ဗမာဘလော်ဂါများ။ ယနေ့ထက်ထိ သူကတော့ မတွေ့ ဖူးသေးပါ။

----------
သူ့အနေနဲ့ ပြောစရာ စကားတခုရှိပါသည်။ ဖက်တူနေသူအချင်းချင်းလည်း တခါတရံ ကွဲလွဲခြင်းများ၊ မကိုက်ညီမှုများ၊ သဘောမတွေ့မှုများ- စသည်ဖြင့် ရှိနေနိုင်ပါသည်။

သို့ပေသည့် ဤအရာအားလုံးက မိတ်ဖက် ပဋိပက္ခများသာ ဖြစ်ပါသည်။ အေးချမ်းစွာ ဖြေရှင်းခြင်းဖြင့် အကျိုးရှိသော ရလာဒ်များသာ ထွက်ပေါ်လာမည်သာ ဖြစ်ပါသည်။

ထိုသို့ မဟုတ်ပဲ ကိုယ့် စိတ်ဆန္ဒများအလျောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြလျင်ဖြင့် ------

---------
သူကတော့ အငြင်းပွားနေမှုများ အားလုံးအတွက် ရွှေပြည်အေးတရား ဟောကြားနေခြင်းလည်း မဟုတ်ပါ။

သို့သော်လည်း - ဘက်တူသည့် ဗမာ ဘလော်ဂါများအတွင်း တည်ငြိမ်အေးချမ်း စည်းလုံးမှုကို သူ အပြင်းအထန် လိုလားနေပါသည်။

သည့်အတွက်လည်း လွန်ခဲ့သော အနှစ် ၄၀ ခန့်က သူကြားခဲ့ဖူးသည့် သီချင်း ၂ ပုဒ်အား မျှဝေချင်မိပါပေသည်။

သို့သော်လည်း အနှစ် ၄၀ ကျော်လာသည့်အတွက် သီချင်း စာသားများကို သူအတိအကျ မမှတ်မိတော့ပါချေ။
ထို့အတူ ဂီတစာဆိုကိုသော်လည်းကောင်း၊ အဆိုရှင်များကိုသော်လည်းကောင်း သူ အတိအကျ မမှတ်မိတော့ပါချေ။ သိရှိသူများက သူ့အား တည့်မတ်ပေးကြပါကုန်။

----------

(အပြုံးကိုဆောင် ကြပါ)

အို--- ရွှေစင်မြသား ဖုန်းကွယ်ထားသလို
ပကာသနကြောင့် လှပမှု အယောင်ဆောင်
ဤလူ့ဘောင်တွင် မလိုပါ
အရာရာ အစစ လှပစေခြင်း ချစ်စရာ အပြုံးသည်သာ
အရာရာ အောင်မြင်စေတာ
အထီးကျန် အရုပ်ဆိုး ဆိုရိုးမလိုပါ
နွယ်နီသက ပန်းအလှ ထိပ်ခေါင်ပမာ
တင့်တယ်လှပစေရာ
အပြုံးနဲ့ ဖုံးကွယ်ကာ အမုန်းကို ရှောင်ကြပါ။

ခင်မင်စရာ အပြုံးသည်သာ လောက ဤကမ္ဘာ
လူသားတိုင်းရဲ့ အသည်းနှလုံးမှာ ပုလဲကုံးပမာ အမြဲသုံးပါ
ချစ်ရင်လည်းပြုံးပါ (အများ- မုန်းရင်လည်း ပြုံးပါ)

အပြုံးနဲ့သာ ကာကွယ်မှာ ကြည်နူးနှစ်သိမ့် ဘ၀င်ငြိမ့်စေရာ
ဆန္ဒအဖြာဖြာ (အများ- ဆန္ဒအဖြာဖြာ)
အောင်မြင်စေရမှာ (အများ-အောင်မြင်စေရမှာ)
အပြုံးကိုသာ ဆောင်ကြပါ။

----------

(နှလုံးသားကို အလှဆင်ပါ)

လူတို့နှလုံးသား အမုန်းမပွားကြစေ မေတ္တာဆွတ်ဖြန်း ချစ်ခန်းလှိုင်ကြွယ်
အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ်
အမြဲသာတွေး တွေးဆဖွယ် အသည်းမှာ အေး အေးမြဖွယ်
စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ်
နှလုံးသားဝယ် အမုန်းတရားဖယ် အပြုံးများ ကြွယ်ကြစေဖွယ်။

စိန်ရွှေရတနာ နီလာပုလဲ သီကာဆွဲမှ လှမယ်မထင်တယ်
အလှဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ်
ရိုးသား သိမ်မွေ့ သဘောက ဖြူစင်
လောကကို အလှဆင်နိုင်လိမ့်မယ်
အစဉ်အမြဲဘ၀ လှပရေးအတွက် ရင်ထဲက အလှသာတွေးကွယ်
အပြုံးမြမြ နှလုံးလှပါစေကွယ်
အမုန်းစကား မဆိုကြအစဉ်သာတကယ်
နှလုံးသားကို အလှဆင်ပါကွယ်။

ချစ်ခြင်းမေတ္တာများဖြင့်

မှတ်ချက်၊ ၊ ကိုတောင်ငူ ထောက်ပြလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးကို ဗိုလ်လရောင်လို့ ကျနော် မှားယွင်းရေးသား ထားမိတာကို ဗိုလ်မင်းရောင်လို့ ပြန်ပြင်လိုက်ရပါတယ်။ ကျနော့်အမှားကို ထောက်ပြတဲ့ ကိုတောင်ငူကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းလည်း ဒီနေရာမှာ ဖော်ပြပါရစေခင်ဗျား။

- အောင်သာငယ် -






12 comments:

kay said...

ငယ်ငယ် က..မြန်မာ့ အသံ ရေဒီယို သီချင်းလေး တွေ ကို သတိရ မိ ပါတယ်။ ဖတ်နေ ရင်းတောင်..လိုက်ဆို နေမိတယ်။ ဂီတစာဆို တွေ တော့ မသိဘူး..

နောက်တပုဒ် ထပ်ထဲ့ လိုက်အုံးမယ်...

လူလူ ချင်းပင်..
ချစ်ချစ်ခင်ခင်..
အပြစ် မမြင် စတမ်းနဲ့..
ချစ်စမ်း ကြစေချင်..
လောဘ ..ဒေါသ..မောဟ တရားတွေ..
ကင်းစင် အောင်ပင်....

တေးချင်းလက်ဆောင်ပင်..
မုန်းမာန် ကင်းလို့ပင်..
တုန့်ပြန် ရင်း..ချစ်ခင်..
ပြုံးဟန်..တ၀င့်ဝင့်..ဆင့်ကာပင်..
မေတ္တာ သာ ပဓါနပင်..
ချစ်တာသာ..ထာဝစဉ် အစဉ်..
ဘယ်သူ တွေ ..မုန်း ပေမဲ့..
(ကိုယ်ကပဲ..
အပြုံးမပျက်ပါရှင်..)၂

ထာဝစဉ်..
ရှင်တော်ဘုရား က..
ဟောကြားခဲ့တာ..
တရားဓမ္မ လိုပင်..

ကြည်ကြည်လင်လင်..
မေတ္တာမိုး..သွန်းဖြိုးလို့ပင်..
စေတနာထားကာ..
ဘ၀ ၏ ကြေးမုံတွင်..

စိတ်ကို ပြုပြင်---ပြုပြင်..
လူ့ခွင်လောက တွင်..
မေတ္တာ ကို..မေတ္တာခြင်း..
သစ္စာကို..သစ္စာခြင်းပင်..

( စာသားတွေ..အကုန် မှန်မမှန်..မသေချာပါ.. လက်တန်း ရွှီး ထား ခြင်းပါ..း)

pandora said...

အဲဒီလို အေးအေးချမ်းချမ်း ရေဒီယိုသီချင်းလေးတွေ သိပ်ကြိုက်တာ.။

လာဖတ်ပြီး အသံထွက်ဆိုကြည့်သွားတယ်။ ခဏဖြစ်ဖြစ် အေးချမ်းသွားတာပဲလေ (လူချင်းတွေ့ကြမှ အပြင်မှာ ဆိုပြမယ် အဟဲ)

အားလုံး အေးချမ်းပျော်ရွှင်ကြပါစေ

သက်ဝေ said...

ကောင်းလိုက်တာ...
ငယ်ငယ်တုန်းက မနက်တိုင်း ရေဒီယိုမှာလာနေကျ နံနက်ချိန်ခါ တေးသံသာ က သီချင်းလေးတွေ...
ကိုအောင်ခိုင့်ဆီက နှစ်ပုဒ်ရယ်၊ မကေ ရေးထားတဲ့ တစ်ပုဒ်ရယ်.. လိုက်ဆိုကြည့်တော့ ရင်ထဲမှာ တမျိုးဘဲ..
ကြည်နူးလိုလို... လွမ်းသလိုလို...
အခုလို အမှတ်တရ တင်ပေးထားတာ ကျေးဇူးပါ...

Tea said...

ဤပိုစ့်လေးကို ကျွန်တော့်အိမ်၏ စွယ်စုံဂျာနယ် - အမှတ် ၂ တွင် အမြည်းပေးကာ ဒီလိပ်စာသို့ ပြန်လည် ညွှန်းထားကြောင်း အသိပေးအပ်ပါသည်။

စိုးထက် - Soe Htet ! said...

အစ်ကိုကြီးးး ...
ကျေးဇူး တင်ပါတယ် ခင် ဗျာ ...
မအားတဲ့ ကြားက လာလည်သွားပါတယ် .. ကျွန်တော် လည်း စာတမ်းလေး တို့ လိုက် ဘလော့ ဖတ်လိုက် နဲ့ လက် မလည်ဘူး :P

Taungoo said...

ကိုအောင်သာငယ်ခင်ဗျား
ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးမှာ “ဗိုလ်မင်းရောင်“ ဟုသာ မှတ်သားသင်ကြားခဲ့ဖူးပါသည်။ ဗိုလ်လရောင် ဟုမမှတ်သားခဲ့ဘူးပါ။ နောက်ထပ်အမည်ကွဲ ရှိသေးလျှင်တော့ ကျွန်တော်မသိသေးခြင်းသာ ဖြစ်ပါလိမ့်မည်။

မေတ္တာဖြင့်

ATN said...

ကိုတောင်ငူ ထောက်ပြလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးကို ဗိုလ်လရောင်လို့ ကျနော် မှားယွင်းရေးသား ထားမိတာကို ဗိုလ်မင်းရောင်လို့ ပြန်ပြင်လိုက်ရပါတယ်။ ကျနော့်အမှားကို ထောက်ပြတဲ့ ကိုတောင်ငူကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းလည်း ဒီနေရာမှာ ဖော်ပြပါရစေခင်ဗျား။

စိုးထက် - Soe Htet ! said...

ဗိုလ်မင်းရောင် ကို "ရွှေလရောင်" ဟုလည်း ခေါ်ဝေါ် ကြပါသေးတယ် ခင်ဗျာ ... :)

Anonymous said...

ပို့စ်ကောင်းလေးတခု ဖတ်သွားပါတယ် ခင်ဗျာ

ဂျစ်တူး - gyit_tu said...

ကိုအောင်သာငယ် ဘလောဂ့်ဆိုတာကလည်း အသုံးမတည့်ရင် အဆိပ်ဖြစ်စေတယ် ဆိုရမလို ဖြစ်နေတယ် ။ အတုအယောင်တွေ ရှိတာဟာ အစစ်အမှန်ကို ခွဲခြားနိုင်ဖို့ ၊ လူတွေကို ပညာပေးနေတယ်လို့ အကောင်းဘက်က တွေးမြင်လိုက်ပါ အကိုရေ ။

ကလူသစ် said...

ဘယ်ဘက်ကမှမရပ်တဲ့ ဘလော့ဂ်ဂါတွေကို နာမည်နဲ့တော့ဘယ်ပြောလို့ကောင်းပါ့မလဲဗျာ။ ရှိကိုရှိပါတယ်။ ပြည်တွင်းကတချို့ကတော့ ရပ်ချင်ရင်တောင် လွတ်ရာကင်းရာမှရပ်ရတာမို့ မပြောပါဘူး။ နားလည်ပါတယ်။ ပြည်ပမှာရှိနေပြီး ကိုယ့်ဆိုင်ရာပဲစိတ်ဝင်စားတယ်ဆိုတဲ့သူတွေ ရှိပါတယ်။ ဘယ်ဖက်မှမရပ်လို့ ခွထိုင်တယ်လို့တော့မပြောပါဘူး။ သူ့သဘောနဲ့သူပေါ့ဗျာ။ ရှိတယ်ဆိုတာလေးပဲ ပြောတာပါ။

Unknown said...

တစ်ခါတစ်ရံ သမိုင်းဆိုတာ ကိုယ့်အသကိုတောင် ဖြည့်သင့်ရင် ဖြည့်ရမယ့် ကွက်လပ်တစ်ခု....