Jun 8, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ(၃)


သူ့ အထက်မှာ အကို တယောက် ရှိလေသည်။ သည်အကိုကို အမေ မွေးဖွားတော့ သူ့ဖခင်မှာ စစ်အစိုးရက ဖမ်းဆီးမိန့် ထုတ်ထားခြင်းကို ခံနေရသည့် ၀ါးရမ်းပြေး တဦးအဖြစ် တိမ်းရှောင် နေရသူတဦး ဖြစ်နေလေသည်။ သည်တော့ စစ်စုံထောက်များက ဖမ်းဆီးဖို့ရာ လိုက်လံ ရှာဖွေနေသည့်ကြားမှ သူ့ဖခင်မှာ ဇနီးသည်နှင့် သားကို ဆေးရုံမှာ ခိုးဝှက်ပြီး တွေ့ဆုံခဲ့ရသည်လေ။

သူ့ကို အမေ မွေးဖွားတော့လည်း သူ့ဖခင်က အမေ့ အနားမှာ ရှိမနေနိုင်ခဲ့တော့ချေ။ မြစ်ဝကျွန်းပေါ် တနေရာရာက တောနက် တခုခုထဲမှာ -အာခံဆန့်ကျင် ဘုရင်ကြောက်တဲ့ သူပုန်တယောက်- ဖြစ်နေလေခဲ့ပြီ။ သည်လိုနဲ့ပဲ သူ လူမှန်းစသိတော့ အဖေ ဆိုတာကို မမြင်ဖူးခဲ့ချေ။ အဖေ့ အကြောင်းကိုတောင် သူ မေးလေတိုင်း - ဟိုး အဝေး ကြီးမှာ - ဆိုသည်က လွဲလို့ သူ ဘာမှ မသိရချေ။ သည်လိုနဲ့ သူတို့ ညီအကို နှစ်ယောက်မှာ သူ့မိခင်ဖက်မှ အဖိုးအဖွားနှင့် သူ့မိခင်၏ ညီမငယ် နှစ်ယောက်ဖြစ်သော အဒေါ် နှစ်ယောက်ရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ကြရသည်လေ။

အမေ့အကြောင်းကို စဉ်းစားမိတိုင်း သူ့ကလေးဘ၀မှာ အမေနဲ့ ပထမဆုံး ခွဲခွာခဲ့ရသည့် အချိန်ကို သူ မှတ်မှတ်ရရ ရှိနေ နေလေသည်။ နှစ်တွေကို ပြန်တွက်ကြည့်ရင် အဲသည်တုန်းက သူက သုံးနှစ်သားလောက်ပဲ ရှိဦးမည် ထင်သည်။ ဒါပေသည့် အဖြစ်အပျက်တွေကို သူက မှတ်မိနေသည်။ သူ မှတ်မိနေရအောင်လည်း အဲသည် အဖြစ်အပျက်တွေက သူ့ဘ၀ရဲ့ Major Incident တွေ ဖြစ်နေလေသည် မဟုတ်လား။

အဲသည်နေ့က တကယ်တော့ နေ့ မဟုတ်ပါ။ အချိန်က ည။ ည (သို့မဟုတ်) ညဥ့် ဆိုတာက မသူတော်တွေ ပျော်မွေ့ရာ အချိန်။ လူကောင်း တယောက်ကို နေ့ခင်း ကြောင်တောင် လူမြင်ကွင်းမှာ အဖမ်းအဆီး မလုပ်ရဲသည့် သူရဲဘောကြောင်လွန်းလှသော အကုသိုလ်သမားများက ကုသိုလ်သမားတွေကို သူတို့နရသိရ်တွေထဲ အတင်းအဓမ္မ ထည့်ဖို့ရာတောင် ခိုးကြောင်ခိုးဝှက် ကြိုးစားလေ့ရှိကြသည့် အချိန်ပေ။ (ရှက်စရာကောင်းလိုက်တာ။)

အဲသည်အချိန်က သူနဲ့ သူ့အကိုက အဒေါ် နှစ်ယောက်နဲ့အတူ စက္ကူ ကဒ်ပြားလေးတွေကို ကစားပွဲတခု လုပ်ပြီး ကစားနေကြသည်။ သည် စက္ကူကဒ်ပြားလေးတွေကို အမေ့မောင် နှစ်ယောက်ထဲမှ အကြီးဆုံး တယောက်ဖြစ်သော ပန်းချီဆရာဖြစ်သည့် သူ့ဦးလေးက သူတို့ ညီအကို နှစ်ယောက် ကစားဖို့ ဖန်တီးပေးထားခဲ့ခြင်းဖြစ်လေသည်။

သူတို့ ညီအကို အဒေါ်နှစ်ယောက်နဲ့ ကစားနေသည့်အချိန်မှာ သူ့ဦးလေးက အိမ်ရှေ့မှာ ရှိနေခဲ့သည်လေ။ ထို့ကြောင့်ပဲ သူ့ အမေကို ဖမ်းဆီးဖို့ အိမ်ရှေ့ကိုရောက်ရှိလာသည့် စစ်စုံထောက်များကို သူ့ ဦးလေးက တွေ့သွားခဲ့တာဖြစ်မည်။ သူ့ဦးလေးက အိမ်အတွင်းခန်းထဲကို အပြေးအလွှားဝင်လာရင်း သူ့ အမေကို ပြောလိုက်သည် - မမဥာဏ် ပြေး---ပြေး---။

သည် အဖြစ်အပျက်တွေကို သူ့ ဦးဏှောက်ထဲမှာ ရုပ်ရှင် အနှေးပြကွက်တွေလိုမျိုးကို တကွက်ချင်း သူ မှတ်မိနေခဲ့သည်။ ယနေ့ အချိန်ထိ။

သို့သော်လည်း အမေ့မှာ ပြေးချိန်လည်း မရလိုက်ပါ၊ ပြေးလို့လည်း ရမည် မဟုတ်ပါပေ။ အိမ်ရှေ့ရော အိမ်နောက်မှာပါ ဒင်းတို့က နေရာယူထားပြီးသားလေ။ အရှေ့က ပြေးပြေး။ အနောက်က ပြေးပြေး၊ ဘယ်လိုမှ ပြေးမလွတ်ပါလေ။

သူ မှတ်မိနေသမျှတော့ လွယ်အိတ်လွယ်ထားပြီး ခါးမှာ ခြောက်လုံးပြူး ထိုးထားသူတယောက်က ညွှန်ကြားချက်တွေ ပေးနေပြီး အမေ့ကို မေးခွန်းတွေ မေးနေလေသည်။ ပြီးတော့ အိမ်မှာ ရှိသမျှ ဓါတ်ပုံတွေကို လှန်လှောကြည့်ပြီး အားလုံးကို သိမ်းဆည်းသွားလေသည်။ ထို့ကြောင့်လည်း သူ့ဖခင် ဓါတ်ပုံကိုပင် သူ အတော်ကြီးပြင်းလာသည်အထိ မမြင်ခဲ့ဖူးရခြင်း ဖြစ်လေတော့သည်။

ထို့နောက်မှာတော့ သူ မှတ်မိသမျှကတော့ အမေ့ကို ဒင်းတို့ အတင်းဆွဲခေါ်သွားခြင်းပင်။

သူကတော့ ထိုအချိန်က လူမမယ် ကလေးတဦးပါပေ။ သို့သော်လည်း သူသိနေသည်။

- အမေ့ကို ခေါ်သွားကြတော့မယ်။ ငါနဲ့ ဝေးရာဆီ။ -
- မခေါ်သွားရဘူး ငါ့အမေကို -

သူ အမေ့ ထမိန်စတဖက်ကို အတင်းပဲ ဆွဲထားခဲ့မိသည်။ - အမေ့ကို မင်းတို့ မခေါ်သွားရဘူး- ။ ဒီနေ့ထက်ထိ ဒါကို သူ မှတ်မိနေသေးသည်။

အမေကတော့ သူ အတင်းဆွဲထားခဲ့သည့် ထမိန်စကို ဆတ်ခနဲ ဆွဲရုတ်လိုက်ပြီး ထိုမိစ္ဆာများနောက်သို့ ပါသွားခဲ့သည်လေ။ ထိုရက်မှစပြီး နောက်ထပ် လေးနှစ်နီးပါး အမေ့ကို သူ မမြင်ခဲ့ရတော့ချေ။

-----


သည်လိုနဲ့ အမေက အကျဉ်းထောင်အတွင်းကနေ ကဗျာတွေ ရေးရေးပြီး ပို့လေသည်။ အမေ့စာတွေက အိမ်မှာ အပုံ။ သူက မဖတ်တတ်။ သူ ဖတ်ချင်သည်။ အမေ ဘာတွေ ပြောနေတာလဲ၊ သူ့ အကိုတော့ ဖတ်တတ်သလား သူ မသိချေ။

သည်လိုနဲ့ သူ့ အဒေါ်အငယ်ဆုံးကို သူ တခု တောင်းဆိုခဲ့သည်။ - သားကို ကကြီးခခွေးသင်ပေးပါ။

သူ ကျောင်းမနေရသေးပါ။ ဒါပေသည့် သူ စာဖတ်တတ်ချင်နေပြီ။ အမေ့စာတွေကို သူဖတ်ချင်နေသည်။ သူသိသည် အမေ့စာတွေကို အိမ်မှာ ရှိသမျှ လူအားလုံးက ဖတ်ရသည် ဖတ်နိုင်သည်။ သူတယောက်ပဲ မဖတ်ရတာ။ သူက ငယ်လွန်းသေးသည်မဟုတ်လား။

(ဆက်ရေးပါဦးမယ်)

- အောင်သာငယ် -

3 comments:

သက်ဝေ said...

အစအဆုံး နှစ်ခေါက်ပြန်ဖတ်ပြီး...
မျက်စေ့ထဲမှာ ပုံဖေါ်ခံစားကြည့်မိတယ်။
စိတ်မကောင်းဘူး...။ ဒါပေမယ့် ဆက်ရေးပါအုံးနော်...

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုရေ..လေးစားစရာကောင်းတဲ့ စံယူရ
လောက်အောင်တိုင်းပြည်ကိုချစ်ကြတဲ့မိသား
စုလေးအကြောင်းကိုဖတ်ခွင့်ရတာ သိပ်ကျေးဇူး
တင်မိပါတယ်။ဘယ်လောက်များကြေကြေကွဲ
ကွဲနဲ့အကိုရေးနေရှာမလဲလို့တွေးမိပြီး မျက်ရည်
ကျမိတယ်အကို။တိုင်းပြည်ကိုတကယ်ချစ်တဲ့
အကိုနဲ့မိသားစုကိုလေးစားဂုဏ်ယူပါတယ်အကို။

BLACK DREAM said...

ဒီလို မြင်ကွင်းမျိုးနဲ့ အခြေအနေမျိုးတွေ နောက်ထပ်မဖြစ်အောင် ကြိုးစားကြရမှာ ကျွန်တော့်တာဝန်ပဲ မဟုတ်လား အစ်ကို...။