Jun 6, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ(၂)


သည်လိုနဲ့ ဗီဒီယိုကို သူ ဆက်ကြည့်ဖြစ်နေသည်။
ဗွီဒီယို ကင်မရာက အမေ့ အခေါင်းဆီကို ပြန်လှည့် လာနေသည်။ ပြီးတော့ အမေ့အခေါင်းထဲမှာ ထည့်ထားသည့် သူ့ ညီမလေး ရေးထားသည့် စာကို သူ တွေ့နေရလေသည်။

အမေ ...
တကယ်လို့များ
ရှုပ်ထွေးပြီး
ငြင်းဆန်ရ ခက်လှတဲ့
လူ့ဘ၀ကြီးထဲကို
နောက်တခါများ
ရောက်ရှိသွားမယ်ဆိုရင်
အဲဒီဘ၀မှာ
အမေ အမြဲတမ်း
ပြုံးပျော် အေးချမ်းနိုင်ပါစေလို့
သမီး
အလေးအနက်
ဆန္ဒပြုပါတယ်။ ။

ချစ်သမီး

(မေဇွန်)

--------

တဆက်တည်း နောက် စာတခုကိုလည်း သူတွေ့လိုက်ရသည်။

အစ်မ

လျှော့လိုက်တာလား။
လက်လျှော့ရသည့်တိုင်
စိတ်မလျှော့တတ်တဲ့လူစားဘဲ၊
အစ်မ တနေရာရာမှာ ရှိနေမယ်လို့
ယုံကြည်ပါတယ်။

(ကြူကြူ)

၁၃-၄-၂၀၀၈

----
ထောင်တွင်းမှာ စစ်အာဏာရှင်များ၏ နှိပ်စက် ညှဉ်းပမ်း တရားမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ခရမ်းမြို့နယ် ဒီ-ချုပ်အမတ်ဖြစ်သည့် ဦးတင်မောင်ဝင်း၏ ဇနီးသည်က အမေ့အတွက် ရေးခဲ့သည့် စာပေ။

ဦးတင်မောင်ဝင်းကို ထောင်ထဲမှာ ရိုက်နှက် ညှဉ်းပမ်းပြီး လက်လွန်သွားသည့်အခါ ကင်ဆာနှင့် အသက်ဆုံးရသယောင် စစ်အာဏာရှင်များက သတင်းထုတ်ပြန်သည်လေ။

သည်အခါမှာ ဒေါ်ကြူကြူက သူမ၏ ခင်ပွန်းဈာပနမှာ ကြွေးကြော်ခဲ့ဖူးသည်။ သူမရင်နှင့်ရင်းပြီး ထွက်ပေါ်လာသည့် ကြွေးကြော်သံပါပေ။

လူကို သတ်တာ
ကင်ဆာတဲ့လား....

ကင်ဆာ...
ကျဆုံးပါစေ.................ဟူ၏။

သူ့ကိုလည်း အားလုံးက သံယောင် လိုက်ခွင့် ပြုပါ။

လူကို သတ်တဲ့ ကင်ဆာ
ကမ္ဘာအဆက်ဆက် ရှိသမျှ
ကျဆုံးပါစေဗျာ။

-----------

သည်လိုနဲ့ပဲ ပုန်ကန်ဆန့်ကျင်မှုကို ပြုခဲ့ကြသူတိုင်းနဲ့ ထိုသို့ ပြုခဲ့ကြသူများ၏ မိသားစုဝင်တိုင်းမှာ နာကျည်းစရာ ခါးသည်းစရာများက တခုမဟုတ် တခု ပြည့်နှက်လို့ နေလေတော့သည်။ သို့သော်လည်း သည်လူတွေ အားလုံးက တဦးအတွက် တဦး ရပ်တည် ပေးခဲ့ကြသည်။ တဦးကိုတဦး ကာကွယ်ပေးခဲ့ကြသည်။ တဦးကိုတဦး စာနာ နားလည်ပေးခဲ့ကြသည်လေ။

-------

ဒါကို ပြန်တွေးမိတော့လည်း သူ့ လက်မောင်းရင်းထဲကတဆင့် သူ မပြောပြနိုင်သော အင်အားတွေ စီးဆင်း ၀င်ရောက် လာသည်ကို သူ ခံစားရ သည်လေ။

ငါတို့ဟာ အထီးကျန်သူတွေ မဟုတ်ဘူး၊

-----

ဗွီဒီယိုကို သူ ဆက်ကြည့်မိလေလေ သူ့မှာ ၀မ်းသာဝမ်းနည်း ခံစားရလေလေ ဖြစ်လေနေတော့သည်။

အနှစ် ၂၀ ကျော် သူ မတွေ့ခဲ့ရသော သူ့ အဒေါ် ၂ ယောက်ကို သူတွေ့နေရသည်။ သည် အဒေါ် ၂ ယောက်က သူ့ရဲ့ ဒုတိယ အမေတွေဆိုလည်း ဟုတ်သည်။ သူတို့လက်ပေါ်မှာ သူ ကြီးပြင်းလာခဲ့ရသည် မဟုတ်လား။ မွေးကတည်းက အဖေကို မမြင်ဘူးခဲ့သော သည်တူလေးကို သည် အဒေါ် ၂ ယောက်က ပြုစု ပျိုးထောင် ပေးခဲ့သည်။ သူ့ မိခင် ထောင်ထဲမှ ရေးခဲ့သည့် စာတွေ ကဗျာတွေကိုတောင် သူ ဖတ်တတ်နိုင်အောင် သည် အဒေါ် ၂ ယောက်က သူ့ ကို စာတွေ သင်ပေးခဲ့သည် မဟုတ်လား။

အခုတော့ နှစ်ပေါင်း ၂၀ ကျော်မှ အမေ့ဈာပနမှာ သူ့ ဒုတိယမိခင်တွေ ဖြစ်သော သည်အဒေါ် ၂ ယောက်ကို (Live) လှုပ်ရှား အသက်ဝင်လျက် တွေ့ရတော့ သူ အတော့်ကို ၀မ်းသာဝမ်းနည်း ခံစားနေရသည်။

သူတို့လည်း အိုမင်းနေပေပြီ၊ အမေ့ အခေါင်းဘေးမှာ ရပ်ကြည့်ရင်း ငိုနေကြသည်။ သူလည်း လိုက် ငိုနေမိသည်။

----

သည်လိုနဲ့ ဘ၀ဆိုတာကတော့ သည်လိုပါပဲလို့ ကိုယ့်ဘာသာကိုယ် သူ ပြန် ဖြေသိမ့်နေမိသည်။ မတူတဲ့ ဘ၀တွေမှာ မတူတာတွေ ဖြစ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ကိုယ်ကို စိတ်ခွန်အား နည်းသွားအောင်တော့ ကိုယ့်ဘာသာကိုယ် မလုပ်နဲ့-လို့ သူ့ဘာသာသူ ပြန်အားပေးရင်း ဗွီဒီယိုကို ဆက် ကြည့်နေမိသည်။

-----

သည်လိုနဲ့ ဗွီဒီယို တနေရာမှာ သူ့ညီမလေးရဲ့ သမီးများဖြစ်သည့် သူ့ တူမလေး ၃ ယောက်ရဲ့ ဝေဒနာကို သူ တွေ့နေရသည်။ သမီးတို့ရေ ဘ၀ဆိုတာ ဒီလိုပါပဲ-လို့ သူ အားပေးချင်သည်။ အဲသည် အခွင့်အရေးကတော့ သူ့မှာ မရှိပါပေ။

- အောင်သာငယ် -

(ဆက်ရေးပါဦးမယ်)

2 comments:

Tea said...

ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Tea

Unknown said...

အဲ့ဒီ့ ကင်ဆာ... ကမ္ဘာအဆက်ဆက် ကျဆုံးပါစေ...။