Jun 29, 2008

စင်ရော်တကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်

အခုတလော သူ တော်တော် စိတ်ရှုပ် စိတ်ညစ်နေလေသည်။ စာရေးဖို့လည်း ခေါင်းထဲမှာ ဘာမှ မပေါ်။ သူ့ဘလော့ပေါ်မှာတော့ သီချင်းတွေပဲ စွတ်တင်ဖြစ်နေသည်။ သီချင်းတွေ နားထောင်ရင်း စိတ် သက်သာမလားလို့ သူ တွေးနေတာလည်း ဖြစ်ကောင်းဖြစ်မည်။ ခင်ရာမင်ရာ ဘလော့တွေကို နေ့တိုင်းနီးပါး သွားလည်ပြီး စာတွေ ဖတ်ဖြစ်နေသော်လည်း သူ ကွန်မန့် ရေးလိုစိတ် မရှိတော့။ တခါတခါ ကွန်မန့်တွေကလည်း ပြသနာ တက်တတ်သေးသည် မဟုတ်လား။ သူက ရိုးရိုးပဲတွေးပြီး ရိုးရိုးပဲ ရေးခဲ့သည်။ တဘက်သားမှာက နစ်နာသွားတတ်သည်ကို သူမသိ။ သူ ရည်ရွယ်တာက တမျိုး အကျိုး သက်ရောက်သွားတာက တမျိုး ဆိုတော့ သူလည်း လက်တွန့် စိတ်ရှုပ်သွားသည်လေ။ အနည်းဆုံး ဆီပုံးလေးမှာပင် - လာလည်ပါတယ်-တောင် ပြောချင်စိတ် မရှိတော့။

သည် ဘလော်ဂိုစဖီးယားလေးကို သူ ချစ်ပါသည်။ သူ့ ဘ၀ထဲမှာ အတောင် ညောင်းနေအောင် စိတ်ကြိုက် ပျံသန်းလို့ ကောင်းလွန်းလှသည့် တခုတည်းသော ကောင်းကင်လေးမှာ သည် ဘလော်ဂိုစဖီးယား ပါပေ။ အခုတော့ သူ့ အတောင်တွေလည်း ညောင်းချင်နေလေပြီ။ တကယ်တော့ သူ့အတောင်တွေ မညောင်းသေးသော်လည်း သည် ဘလော့ လောကကြီးကို သူ ကျောခိုင်းနေချင်မိသည်။ လွတ်လွတ်လပ်လပ် ပျံသန်းခွင့် မရသည့် လက်တွေ့ လောကကြီးထဲမှာ ၆ ရက်နေခဲ့ပြီး နောက်တရက်မှာ သူ လွတ်လပ်စွာ ပျံသန်းခွင့်ရခဲ့သည့် သည်ကောင်းကင်လေးကို ကျောခိုင်းသွားဖို့ သူ စဉ်းစားနေမိသေးသော်လည်း သူ မသိသော အရာတခုခုက သူ့ကို ကျောခိုင်း မသွားနိုင်အောင် ချည်နှောင်ထားလေသည်။ သူ့ သူငယ်ချင်းတယောက် ပြောခဲ့ဖူးသလို ဘလော်ဂါ ရောင်းရင်းတွေလား။ သူ မသိသေးပါ။

ဘလော်ဂါရောင်းရင်းတွေကတော့ စီးလမ်းလေကြောင်းလွှာတခုမှာ ပျံသန်းရင်း ဆုံတွေ့ခဲ့ကြရသည့် ငှက်များသာ။ ဒါပေသည့် နောက်ဆုံး တချိန်ချိန်မှာတော့ နားခိုရာချင်းက တူကြလေမည် မဟုတ်သည်ကို သူ အလိုလို သိနေခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် အတူပျံသန်းရင်း အုပ်ဖွဲ့ငှက်များ ဖြစ်သွားရသည့် ဘ၀ကိုလည်း သူ နှစ်ခြိုက်နေမိသေးသည်။ အတူ ပျံသန်းရင်း တေးဆိုခဲ့ကြသည့် အချိန်ကာလများက ချစ်စရာ။ နောက်ဆုံးတော့ အချိန်ကာလဆိုတာကလည်း အကန့်အသတ်တခုမှာ ရပ်တန့်သွားရတာပါပဲ၊ စီးလမ်းမဆုံးခင်မှာလည်း မုန်တိုင်းကို တွေ့ရတတ်သေးသည် မဟုတ်လား။ မုန်တိုင်းကြားမှာ အားလုံး တကွဲတပြားစီ ဖြစ်သွားတတ်ကြတာလည်း ဓမ္မတာပါပဲလေ။ မုန်တိုင်းအဆုံးမှာတော့ ထုံးစံအတိုင်း တကိုယ်တော် ပျံသန်းရင်း - ခင်ဝမ်းရဲ့ မုန်တိုင်းစင်ရော်ကို သူ ဆိုငြည်းနေမိပါသည်။

သာယာတဲ့လေညင်း အေးချမ်းစွာ
လေဟုန်စီးပြီး ပျော်မြူးကာ
ဘ၀အလှည့် အဆင်မသင့် ငှက်စင်ရော်မှာ
ရုတ်တရက် မုန်တိုင်း ကျရောက်လာ--

ဟို မှောင်မည်းမည်း လျှပ်ပြက်လာ
အညှာအတာကင်းမဲ့ အားငယ်စရာ
တကိုယ်ရေ အဖော်ဝေး ကမ်း မမြင်သာ
ပျံသန်းရင်း လေပြင်း ကျော်ဖြတ်ရှာ---

မျှော်လင့်ချက် အနာဂတ် တနေရာ
အေးချမ်းတဲ့ဘ၀ ရောက်ရမှာ
တည်ငြိမ်တဲ့ အသိတရား ရင်ထဲ တည်ဆောက်ခါ
အားငယ်နေဆဲ
အားငယ်နေလည်း
အံကို သူခဲကာ
ပျံဝဲ ပျံနေဆဲပါ-
မုန်တိုင်း စင်ရော်လေးရေ---
မုန်တိုင်း စင်ရော်လေးရေ---

သူလည်း မုန်တိုင်းစင်ရော်တကောင် ဖြစ်လေခဲ့ပြီလား။ သူ မသိသေးပါ။ သိလည်း မသိချင်ပါပေ။

ဘာပဲပြောပြော သူ့ရင်ထဲမှာ လေးလံနေခဲ့သမျှကို သူ သွန်ချပစ်နိုင်ခဲ့သည့် သည်နေရာလေး သည်ကမ္ဘာလေး သည်ကောင်းကောင်းကင်လေးကိုတော့ သူ ကျောမခိုင်းနိုင်သေးပါ။ ကျောမခိုင်းနိုင်သေးသရွေ့တော့ အတူ ပျံသန်းခဲ့ကြဖူးသည့် အုပ်ဖွဲ့ငှက်များကို လွမ်းတမ်းတရင်း -------

2 comments:

စိုးထက် - Soe Htet ! said...

ဟုတ်တယ် အစ်ကိုကြီးရေ ...

အွန်လိုင်း မှာတောင် ဒီမိုကရေစီ ရဖို့ တော်တော် လုပ်ရ ဦးမယ် ... :)

ထပ်တူ မဟုတ်ပေမယ့် ခပ်ဆင်ဆင်ပါပဲ ...

ကျွန်တော်က ရေးတာ နားထားတယ် ဗျ ... :)

Kaung Kin Ko said...

ဘလော့လောကကိုတော့ ကျောခိုင်းမသွားပါနဲ့ ဗျာ။ စင်ရောချစ်သူတွေ ဖြစ်တဲ့ စာဖတ်ပရိသတ်လည်း ရှသေးတယ်လေ။