Jun 3, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ(၁)


သည်နေ့ တနင်္လာနေ့။ သူ အလုပ်နားသည်။ အလုပ်နားသည့်နေ့တိုင်း တမနက်လုံး သူ အိပ် အိပ်နေ တတ်သည်လေ။ သူ အလုပ်ဆင်းရသည့် နေ့တွေက ညဥ့်နက်သည် မဟုတ်လား။ သည်နေ့ကတော့ ဘာကြောင့်မှန်း မသိ သူ အစောကြီး နိုးနေသည်။ ဒါကြောင့်လည်း မနက် ၅ နာရီဆိုသည်နှင့် အိမ်ရှေ့ မြက်ခင်းပေါ် ရောက်နေတတ်သည့် သတင်းစာကို မိုးမလင်းခင် ကောက်ဖတ်ရင်း ဗမာပြည် သတင်းထဲမှ အမေရီကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ် အဲမ်း ဂိတ်စ် က ဗမာ စစ်အာဏာရှင်များကို ပြောခဲ့သည့် Criminal Neglect ဆိုတာကို သူ သဘောကျ နေမိသည်။ ဟုတ်သည်လေ။ ရာဇ၀တ်မှု မြောက်တဲ့ ဥပေက္ခာပြုမှု။ ကိုယ့် နိုင်ငံသားတွေ အသက် အန္တရာယ် ဖြစ်စေတဲ့ ဘေးဒုက္ခတွေ ကျရောက်နေတာကို ဥပေက္ခာ ပြုနေတာဟာ ရာဇ၀တ်မှုပေါ့။

သည်လိုနဲ့ သူ လျောက်စဉ်းစားနေမိသည်။ ဥပေက္ခာပြုတယ် ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ ပြုမူခြင်း မဟုတ်လား။ ဂရုစိုက် မနေပါနဲ့ကွာ- ဆိုတာမျိုးလိုပေါ့။ တမင်သက်သက်ကို မေ့ထားပစ်တာမျိုး မဟုတ်လား။ သည်လိုတွေးနေရင်းက အလွန် အထိတ်တလန့် သူတွေးလိုက်မိသည် - ငါ အမေ့ကို အဲလိုမျိုး ဥပေက္ခာ ပြုခဲ့မိသလား။

ပြီးခဲ့သည့် တလကျော်ကျော်က သူ့မိခင် ဆုံးပါးသွားခဲ့သည်။ သူ့မိခင် ဆုံးသွားသည်ကိုတောင်မှ သူ့ မိတ်ဆွေ တယောက်က သူ့အား အသိပေးတော့မှ သူသိခဲ့ရခြင်းပင်။ သူ့ကမ္ဘာကြီး ပြိုကျသွားသလို သူ ခံစားလိုက်ရသည်။ သည်လိုနဲ့ မျက်ရည်တွေ ကျနေရင်း သူ့အိမ်သို့ သူ ဖုန်းလှမ်းခေါ်ခဲ့သည်။ ညီမဖြစ်သူနဲ့ ဖုန်းထဲမှာ နှစ်ယောက်အတူ ငိုကြရင်း စကားပြောတော့ ညီမဖြစ်သူက ပြောလေသည် - အမေက ကိုလေး ဖုန်းခေါ်မှာကို စောင့်နေတာ။ ကိုလေး သား အငယ်ဆုံးလေး မွေးတုန်းက ဖုန်းခေါ်တာ ပြီးကတည်းက လတိုင်းကို မျှော်နေတာ။ ကိုလေး မခေါ်တော့ အမေ အရမ်း စိတ်ပူနေတာ။ ဘာဖြစ်နေကြလဲ မသိဘူး။ အဆင်မှပြေကြရဲ့လား-နဲ့ အမြဲပြောနေတာ။ ၃ လလောက် ကြာအောင် ဖုန်းမခေါ်တော့ အမေ စိတ်ပူတာပေါ့ ကိုလေး။ ကိုလေးကလည်း ဘာလို့ မခေါ်တာလဲ။ အခု အမေ မဆုံးခင်မှာတောင် ပြောသွား သေးတယ်။ ငါ့သားလေးလည်း ဖုန်းမခေါ်ဘူး-တဲ့ ။ ဘာတွေ ဖြစ်နေကြလည်း မသိဘူး။ ငါ စိတ်ပူတယ်-တဲ့။

သူ ရင်ကွဲသွားသည်။ သူ ဘာမျှ ချက်ချင်း ပြန်မပြောနိုင်ချေ။ အမှန်ကတော့ မိသားစု စားဝတ်နေရေးနဲ့ သူ လုံးလည် ပတ်ချာ လိုက်နေခြင်းသာ ဖြစ်လေသည်။ သူ့မိသားစုအတွက် လိုအပ်သမျှကို ဖြည့်ဆည်းနိုင်ဖို့ကိုပင် အလုပ် တခုနဲ့ မလုံလောက်သည့်အတွက် အလုပ် ၂ ခုကို သူ လုပ်နေရသည်လေ။ သို့သော်လည်း နားရက်ကလေး တရက်မှာ တကယ်တော့ အမေ့ကို သူ ဖုန်းခေါ်သင့် သည်လေ။ သူကတော့ နားရက်တွေမှာ အိပ်၊ ပြီးတော့ လုပ်ချင်တာလေးတွေ လုပ်နဲ့ ပြီးခဲ့သည့် လတွေမှာ အဲသည်လိုပဲ နေနေဖြစ်ခဲ့သည်။ အမေ့ကို သတိမရတာတော့ မဟုတ်။ သတိရသည်။ အမေ့ကို ဥပေက္ခာပြုခဲ့တာတော့ မဟုတ်။ မေ့လျော့ ထားခဲ့မိသည်။

-----------

တိုက်ဆိုင်မှုတွေကလည်း အံ့သြစရာ ကောင်းနေသည်လေ။ သတင်းစာ ဖတ်ရင်းမှ အမေ့ အကြောင်း စဉ်းစားမိသွားသည်အထိ ကိုယ့်ဖာသာကိုယ် စိတိမကောင်း ဖြစ်နေဆဲ ထိုင်းမှ ပြန်လာသော သူငယ်ချင်း တယောက်က သူ့ကို ဖုန်းလှမ်းခေါ်ရင်း သူ့မိခင် ဈာပနနဲ့ ရက်လည် အခမ်းအနားများကို မှတ်တမ်းတင်ထားသော ဗွီဒီယိုစီဒီကို သူ့ဆီ သောကြာနေ့ ကတည်းက လှမ်းပို့ လိုက်သည်ဟု ပြောပြလေသည်။ သူ့ သူငယ်ချင်း ဖုန်းဆက်ပြီးလို့မှ သိပ်မကြာသေး စာပို့ကားက အိမ်ရှေ့မှာ လာရပ်လေသည်။ သူကလည်း အိမ်ထဲမှ ထွက်ကာ စာပို့သမား အဖိုးကြီးကို လှမ်းလက်ပြလိုက်ရင်း စာတိုက်ပုံးထဲ စာတွေကို ထိုအဖိုးကြီး မထည့်ခင်မှာ သွားယူလိုက်လေသည်။

သည်မှာ စာအိပ်အ၀ါရောင်နဲ့ ထည့်ထားသော ဗွီစီဒီ တချပ်ကို သူ တွေ့လိုက်ရသည်။ အိမ်ထဲရောက်တော့ ထိုစာအိပ်ကို ဖွင့်လိုက်ရင်း အထဲမှာတွေ့ရသည့် ဗွီစီဒီကို ဆွဲထုတ်လိုက်ပြီး သူ့ ကွန်ပြူတာရှိ ဒီဗွီဒီဒရိုက်ဗ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှာတော့ သူ့ကွန်ပြူတာ မော်နီတာမှာ မြင်နေရသည့် မြင်ကွင်းအားလုံးက သူ့ စိတ်ကို အကြီးအကျယ် နှောက်ယှက် ဖျက်ဆီးလေတော့သည်။

-----

သစ် တပင်တိုင်းက သူ ကြီးထွား ရင့်သန်ခဲ့ရသည့် အလျောက် အရစ် အပွေးတွေ တက်သလိုပဲ လူ့ သမိုင်း မှာလည်း လူ အားလုံးက ကိုယ့်သမိုင်းနဲ့ကိုယ် စာတမျက်နှာချင်း တဖြည်းဖြည်းချင်း ရေးနေခဲ့ကြသည်လေ။ သည် စာမျက်နှာတွေက သမိုင်းဖြစ်လာခဲ့သည် မဟုတ်လား။

ကျိန်းသေတာတခုကတော့ သူ့ မိသားစုဝင် အားလုံးက ပိုမို ကောင်းမွန်သော နိုင်ငံ့သမိုင်းကို ရေးဖို့ စွမ်းအားရှိသမျှ ကြိုးစားခဲ့ကြသူများချည်းသာ။ ပိုမိုကောင်းမွန်သော သမိုင်းတခုကို ရေးဖို့ဆိုသည်ကလည်း လွယ်ကူသည့် အလုပ် တခုတော့ မဟုတ်ပါချေ။ အထူးသဖြင့် အုပ်ချုပ်ခွင့်အာဏာကို မတရားရယူထားနိုင်ခဲ့သည့် လူတစုက ဆိုးရွားသော သမိုင်းတခုကို ပစ္စလက္ခတ် ရေးသားနေချိန်မျိုးမှာ သည်သမိုင်းကို ပြန်ကောင်းမွန်အောင် ဖန်တီးရသည့်အခါ သို့မဟုတ် ဖန်တီးနေသည့်အခါမှာ ဆရာ မောင်လွမ်းဏီရဲ့ ကဗျာထဲကလို သူ့မိသားစုဝင် အားလုံးက - အာခံဆန့်ကျင် ဘုရင် ကြောက်တဲ့ သူပုန်လေ-။ သူလည်း အလိုအလျောက် မွေးကတည်းက သူပုန် ဖြစ်သွားတော့သည်။ Natural-born Rebel.

သည်လိုနဲ့ သူပုန် မိသားစုထဲမှာ သူ ကြီးပြင်းခဲ့သည်။ သူ့ အသိုင်းအ၀ိုင်း တခုလုံးက သူပုန်တွေ ချည်းသာ။ အနိမ့်ဆုံး သူ့ အသိုင်းအ၀ိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်နေကြသော သူတွေသည်ပင်လျင် သူပုန် တပိုင်းတွေ ။ သူပုန်တွေကို အားပေး လိုလားသူတွေ။ သူပုန်တွေကို ချင်ခင် မြတ်နိုးတတ်သူတွေ။ သူပုန်တွေကို အားပေး ထောက်ပံ့သူတွေ။ သူပုန်တွေကို ဖုံးကွယ် စောင့်ရှောက်ပေးသူတွေ။ သူပုန်တွေအတွက် အသက်ပေးသွားသူတွေ ဖြစ်နေခဲ့သည်။

သူပုန်တွေကြားမှာ သူလူဖြစ်လာခဲ့သည်။ သူပုန်တွေကြားမှာ သူ လူဖြစ်လာခဲ့သည်။ သူပုန်တွေကြားမှာ သူ လူဖြစ်လာခဲ့သည်။

သူပုန်တွေကြားမှာ ပျံသန်းနေသည့် ငှက်က ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခြင်း လင်းယုန်။ ကြက်တကောင်လို မဟုတ် အမြင့်ဆုံး ပျံသန်းခဲ့သည့် လင်းယုန် - တိမ်ဆိုင် ဖြူဖွေးတွေနဲ့ ထိတွေ့နိုင်ခဲ့သည်အထိ။ ပြီးတော့ သူပုန်တွေကြားမှာ လေးနက်မှုကလည်း ရှိနေလေသေးသည်။ ငှက်မွှေးထက် ပေါ့ပါးသောသူများနဲ့ ထိုက်စန်းတောင်ထက် လေးလံသောသူများရဲ့ ကွဲပြားခြားနားခြင်း။

သည်လိုနဲ့ ပိုမိုကောင်းမွန်သော လူ့လောကကြီးအတွက် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခဲ့သော သူပုန် သူရဲကောင်း မှတ်တမ်းများနဲ့ သူ လူလားမြောက်ခဲ့သည်။ သူ့ သူပုန် သူရဲကောင်းတွေက နတ်သမီးပုံပြင်တွေ မဟုတ်သော တကယ့် လူသားများရဲ့ အဖြစ်အပျက်တွေချည်းသာ။ FairyTale ဆိုသည်က သူ့အတွက် ရီမောစရာ။ သူ့ သူရဲကောင်းတွေက ဒဏ္ဍာရီမဟုတ်သော ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံတတ်သော သက်ရှိလူသားတွေချည်းသာ။ ချေဂွေဗားရား၊ ငုယင်ဗန်ထရွိုင်း၊ နော်မန်ဗက်သွန်း၊ အို့ယန်ဟိုင်း။ အတိုင်းမသိ စွန့်လွှတ်ခဲ့ကြသော လူသားများ။ အချိန်ကာလနဲ့ နေရာဒေသတွေသာ ကွဲလွဲခဲ့သည်။ အများအကျိုးဆောင်ခဲ့ကြသော မြင့်မြတ်သည့် ထိုသူရဲကောင်းများ၏ နှလုံးသားများက အတူတူသာ။

-------


အိမ်ထဲကထွက်လာပြီး အိမ်ထဲကို ပြန်ဝင်လို့ မရတော့သည့် လူတယောက်အနေနဲ့ သူ့မှာ နာကျင်နေရတာတွေလည်း ရှိနေသေးသည်။ ဒါကို အဓိပ္ပါယ်ဖွင့်ရင် အလွမ်းလို့ အမည်ရလေမလား။ သူမသိချေ။ ဒါပေသည့် အိမ်နဲ့ အနှစ် ၂၀ ကျော် ဝေးနေသူ တယောက် အတွက်တော့ အလွမ်းဆိုသည်ထက် ပိုမိုလေးနက်သော အဓိပ္ပါယ်တွေ ရှိနေသေးသည်ဟု သူထင်သည်။

အမေ့ကိုလွမ်းသည်။ လူတိုင်း အမေ့ကို အဝေးတနေရာ ရောက်နေကျရင် လွမ်းကြမည်သာ။

ဒါပေသည့် လွမ်းစရာ အမေ မရှိတော့ရင်ရော။ သူ့မှာတော့ လွမ်းစရာ အမေ မရှိတော့ချေ။

အလွမ်းပြေအဖြစ် သူ့ သူငယ်ချင်းပို့ပေးလိုက်သော ဗီစီဒီအား ကြည့်မိသည်။

အလွမ်း မပြေပါ။ သူ့ရင်မှာ ဒဏ်ရာတွေသာ အထပ်ထပ် တိုးလာရတော့သည်။

အမေ့ သက်မဲ့ခန္ဓာကိုယ်ကို ထိတွေ့ရင်း ငိုကြွေးနေသော သူ့ဖခင်ရဲ့ ကြေကွဲမှုများကိုသာ သူ ကြည့်မြင်နေရလေသည်။ သူ့ဖခင်ကို သည်အချိန်မှာ ရာခိုင်နှုန်းအပြည့် စာနာ နားလည်နိုင်သည်လေ။ ဘ၀တိုက်ပွဲကို အတူတူတွဲတိုက်ခဲ့သော လက်တဖက် ပြုတ်ထွက်သွားသည့်အခါ အဖေ ဘယ်လို ခံစားရမည်ဆိုတာ သူနားလည်နိုင်ပါသည်။ သည်လို နားလည်နိုင်အောင်လည်း သူ့မှာလည်း ဘ၀တိုက်ပွဲကို သူနဲ့ အတူ အတူတွဲတိုက်ခဲ့သော လက်တဖက်ရှိနေခဲ့သည်လေ။ သည်လက်တဖက်ကို ဆုံးရှုံးသွားမှာ သူ အလွန် စိုးရွံ့ကြောင့်ကျခဲ့ဖူးသည်။

အဖေ့မှာတော့ သည်လက်တဖက်ကို စွန်လွှတ်ခဲ့ရပြီ။ ငိုလိုက်ပါဦး အဖေရယ် မျက်ရည်တွေ ခမ်းသွားသည်အထိ။ မျက်ရည်တွေ ခမ်းသွားပြီးရင် အဖေ ထပ် မငိုနိုင်တော့ပါဘူး။ ကျနော်သိတယ်။ အဖေ့ ကြေကွဲမှုကို ကျနော် ကောင်းကောင်း နားလည်တာပေါ့။ ဒါပေမယ့် ကျနော် တယောက်တည်း မဟုတ်ပါဘူး အဖေရယ်။ အဖေ့ ဘေးဘီဝဲယာမှာ စာနာနားလည်သူတွေ အများကြီး ရှိပါတယ်။

---------

ဗီဒီယိုကို ဆက်ပြီး သူကြည့်နေမိသည်။ အဖေက စပါယ်ပန်းတွေကို အမေ့သက်မဲ့ခန္ဓာကိုယ်အပေါ်ကို ဖြန့်ကျဲပေးနေရင်း - မိဥာဏ် နင့်အတွက် ငါခူးလာတဲ့ ပန်းတွေလေ။ ငါအခုပဲ ခူးလာခဲ့တာ-။ သူ့ အူတွေ လိပ်တက်လာသည်။ ၀မ်းနည်းမှုကြောင့်ပဲ ဖြစ်မည်။ အမေက စံပယ်ပန်း အရမ်းကြိုက်သည်လေ။ အခုချိန်မှာတော့ ဘာ အဓိပ္ပါယ်ရှိတော့မလဲလေ။

ဗီဒီယို တနေရာအရောက်မှာတော့ သူ အမေ့ကို ဖုန်းပြောခွင့် ရစဉ်တုန်းက ရွတ်ပြခဲ့တဲ့ ကဗျာကို ပန်းခြင်းတခုမှာ ရေးဆွဲပြီး ကပ်ထားတာတွေ့လိုက်ရသည်။

မဆုံးခဲ့တဲ့ကဗျာ

`ဖေဖေက -နေ-
မေမေက - လ-
ကြယ်ကလေးလိုလက်ကာပ
သားလူချောလှ`တဲ့ ...

ကလေးဘ၀က
ဖတ်ရတဲ့ နရသိရ်ထဲကအမေ့ကဗျာ
ရင်မှာတသစူးနင့်
အလွမ်းပွင့်တွေဝေသီ
နှလုံးသားတွေ နီနေဆဲ ...

မေမေ ...
ကျနော့်ကို လွမ်းနေလား...။

လွမ်းနေရတဲ့ညတွေမှာ
ကောင်းကင်ပြာကြီးကို
လှမ်းကြည့်လိုက်ပါ၊

အဲဒီမှာ
သား ရှိတယ်၊
သားဟာ
ကြယ်ကလေးပါ မေမေ၊

ကြယ်ကလေးလေ
မုန်တိုင်းတွေသိမ်းဖွက်ထားတဲ့
မြက်ရိုင်းထူထူတွေထဲ ပုန်းအောင်းနေသူ
`နီရူဒါ`ရဲ.သစ်ခုတ်သမား။

ကြယ်ကလေးလေ
နေ၀န်းနီနီကိုပွေ.ဖွက်
ကောက်သစ်စားမယ့်နေ.တွေအတွက်
ခရီးရှည်ထွက်ခဲ့တယ်။

ကြယ်ကလေးလေ
နေမင်းပုံရိပ်
သူ.ယုံကြည်ချက်မှာ ချိတ်ထားတယ်၊
လမင်းအမှာစကား
သူ.နှလုံးသားထဲ သိမ်းထားတယ်၊

မေမေရယ်
ကြယ်ကလေးအတွက်
မျက်ရည်တွေအစား
ပန်းများပွင့်လိုက်ပါ။

(ကိုခိုင်)

---------

နောက် တနေရာ အရောက်မှာတော့ အဖေက သူရေးထားတဲ့ ကဗျာစာရွက်ကို တစုံတယောက်ဆီက တောင်းနေတာ တွေ့လိုက်ရသည်။ သည့်နောက်တော့ အဖေက ကိုယ်တိုင်ရေးထားသည့် ကဗျာတပုဒ်ကို အခေါင်းထဲက အမေ့ သက်မဲ့ ကိုယ်ခန္ဓာပေါ် တင်ပေးလိုက်ရင်း - မိဥာဏ် ငါ ဒါပဲ နင့်အတွက် တတ်နိုင်တယ်။ နင် ငါ့ကို ခေါ်ပါဦး။ နင် ငါ့ကို ခေါ်ပါဦး - လို့ ပြောနေတာကို သူ ကြားရသည်လေ။ ကဗျာနာမည်ကို - ခင်ဝိုင်း-လို့ သူ့ဖခင်က ဘာကြောင့်ပေးထားတာလည်းတော့ သူလည်း မသိချေ။ ဖြစ်နိုင်တာကတော့ အမေက ခင်မင်သူတွေ ၀ိုင်းနေလို့ ဖြစ်မည်။

ခင်ဝိုင်း

နင်ဟာ ... ငါ
ငါဟာလည်း နင်ပဲ ....

တလမ်းတည်း
ခရီးကြမ်းကို အတူပွေ့ဖက်
နေ့ရက်တွေနဲ့အပြိုင်
အရှုံးအနိုင်
မှတ်တိုင်တွေ စိုက်ခဲ့....

အခုတော့
နင်မရှိတဲ့ ကမ္ဘာထဲ
ငါတယောက်တည်း
ကျဲရဦးမယ်။

သွားနှင့်ကွယ်
ခရီးတနေရာမှာ
တွေ့ကြမယ်။ ။


အေးခိုင်

-----

ဘ၀ဆိုတာကလည်း တခါတခါ ထူးဆန်းလွန်းလှသည်။ သူ့ နားရက် ကလေးမှာမှ သူ့မှာ နာကျင် ကြေကွဲနေရသည်လေ။ နားရက်ဆိုပေမယ့် သူ့ စိတ်များက အနားမရတော့ပါပေ။

(ဆက်ရေးပါဦးမယ်)

6 comments:

သက်ဝေ said...

ဖတ်ရတာ ငိုချင်စရာ...

kay said...

ဝမ်းနည်း စရာ ဖြစ်လာတော့.. ငို ညည်း
ပျော်စရာ ကြုံ လာ တော့.. ပြုံး ရွှင်
ကျေ နပ် စရာ တွေ့တော့.. ပီတိ ဖြာ
ဒေါသ အုံကြွ တော့..အံ ကို ကြေး
ဥပက္ခာပြု သင့် တော့..သက်ပျင်း ချ
နှလုံး နွေး ချိန် တွေ ကို ပြန် ရည် တွက်..

အဲဒါ ကပဲ..လူ ဖြစ် နေ ခဲ့။

သူပုန် ဟာ..တော်လှန် သူ
တော်လှန် သူ ဟာ.. စွန့်ဝံ့သူ
စွန့်ဝံ့သူ ဟာ.. ပြတ်သား
ပြတ်သား ခြင်း မှာ ယုံ ကြည်
ယုံ ကြည် တော့ လွတ်လပ်

အဲဒါ ကပဲ.. ဒီမိသားစု ရဲ့ ဆုလဒ်။

mgphonemyint said...

သူပုန် တစ်ယောက် ရဲ. ဒိုင်ရာယီထဲ မှာ ကြေကွဲမှု စာမျက်နှာ တွေ ထပ်မတိုး လာပါစေနဲ.တော.လို. ဆုတောင်းပေး လိုက်ပါတယ် အကိုရေ

Kaung Kin Ko said...

Hello brother, I read your sorrowful diary. :-(
May everything be Ok.

Unknown said...

ရင်ထဲမှာ နင့်နေတာပဲ အစ်ကိုရယ်...။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ဂုဏ်ယူလိုက်ပါ အစ်ကို။ သူပုန်တစ်ယောက်အဖြစ် ရဲရဲရင့်ရင့် ဂုဏ်ယူလိုက်ပါ...။

Anonymous said...

Dear Brother,
I am so proud of you.All of us must
be dutiful to our respective part with various kind of style.So, let me give you some advise. Move forward, when you get the destination look backward.