Oct 21, 2009

မိုင်ပေါင်းတထောင်၊ ရွှေ့ပြောင်းတောင်ယာ၊ နာကျင်နေသောနှလုံးသား

တကယ်တော့ ဥပမာတခုခုကို ပေးပြီး ဘိုလို ပြောရလျင် သူက home-bound buddy ဖြစ်မည်။ အိမ်ကို ခင်ပြီး အိမ်ကလွဲလျင် ဘယ်နေရာမှာမှ နေချင်သူ မဟုတ်။ ငယ်ငယ်ကတည်းကလည်း ဘယ်မှ မသွားတတ် အိမ် မလည်တတ်။ အိမ်မှာပဲနေပြီး ကိုယ့်ဘာသာကိုယ် အိမ်ထဲမှာဆော့၊ အိမ်ထဲမှာ စာဖတ်နေတတ်သော ကလေး တဦး။ နည်းနည်း ကြီးလာတော့လည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းမှ လွဲ၍ ဘာမျှ မသိ။ ကျောင်းက ပြန်လာလျှင် အိမ်မှာပဲနေသည်။ ဘယ်မှ မသွား။ သည်လို အိမ်ကပ်သော ကလေးတယောက်သာ။

သည်လိုနဲ့ သူ ဆယ်တန်း အရောက်မှာ အဖေက သူ့ကို သံဈေးသို့ ပစ္စည်းတခုခု သွားဝယ်ဖို့ လွှတ်လိုက်သည်။ ဘာကားစီး၊ ဘယ်မှတ်တိုင်မှာဆင်း၊ ပြီး ဘယ်သူ့ဆိုင်ဆိုတာမေး၊ ပြီးရင် ဘာကို ၀ယ်ခဲ့။ သည်လို အတိအကျ ညွှန်ကြားချက်နဲ့ သူ့ကို ပစ္စည်း ၀ယ်ဖို့ လွှတ်လိုက်သည်။ သူ့ အဖို့တော့ ကမ္ဘာမြေကိုခွာပြီး အာကာသထဲ အပြီး သွားရသလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိမ်ကထွက်ခဲ့သည်။ အဖေပြောသောကားကို စောင့်စီးပြီး အဖေမှာသော မှတ်တိုင်မှာ ဆင်းခဲ့သည်။ ဒါပေသည့် သံဈေးကို သူမတွေ့ပါ။ သူကိုယ်တိုင်ကလည်း သံဈေး ဘယ်မှာလဲလို့ တစုံတဦးကို မေးလိုက်ဖို့ အိုင်ဒီယာ မရှိပါ။ ကိုယ့်အားကိုယ်ကိုး တတ်သူ တယောက် ဖြစ်လေတော့ ကိုယ့်ဘာသာပဲ ရှာနေမိသည်။ သည်လိုနဲ့ သံဈေးကို ရှာမတွေ့ပဲ အချိန်တွေ ကုန်ပြီး သူ အိမ်ပြန် လာခဲ့လေသည်။ အိမ်ရောက်တော့ အဖေ့ အဆဲမျိုးစုံကို မိုးမွှန်အောင် သူ ခေါင်းငုံ့ ခံရလေသည်။ ဆယ်တန်း ရောက်နေပြီ၊ ရန်ကုန်မှာနေပြီး သံဈေးဘယ်မှာ ရှိတယ် မင်းမသိဘူး။ အံ့ရော။ မင်းမှာ ပါးစပ် မပါဘူးလား။ ဘယ်သူ့ကိုမှ မမေးဘူးလား-ဆိုသော အဖေ့အမေးကိုလည်း သူ ပြန်မဖြေနိုင်ခဲ့ပါ။ တကယ်တော့ သူက ပြင်ပလောကကြီးနဲ့မှ မထိစပ်ခဲ့တာ။

သို့သော်လည်း အိမ်သိပ်ခင်သော သူသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကာလတခုမှာ အိမ်ကို စွန့်ခွာပြီး အိမ်နှင့်ဝေးရာ ဒေသ တခုဆီသို့ ထွက်ခွာဖို့ ဆုံး ဖြတ်ခဲ့ပါသည်။ သည်ဆုံးဖြတ်ချက်ကိုလည်း အဲသည်အချိန်က လူငယ်များနည်းတူ သူ ချခဲ့ခြင်းသာ ဖြစ်ပါသည်။ အိမ်နှင့် ဝေးရာသို့ သွားရမည့် ခရီးတခုအတွက် သူ့မှာ ယုံကြည်ချက် တခုလည်း ရှိနေခဲ့လေသည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ သူသည် သူ ခင်တွယ်သော အိမ်နှင့် မိုင်ပေါင်းရာချီ ဝေးကွာသော ဒေါနတောင်ကြော တခု အပေါ် ရောက်နေခဲ့လေပြီ။

တညသား မီးပုံတခုမှာ အားလုံး ၀ိုင်းထိုင်ရင်း တယောက်ယောက်က တနေရာရာက ငှားလာသော ဂစ်တာ တလက် သူ့လက်ထဲ ရောက်လာသည့် အခါ သူ ပထမဆုံး တီးခဲ့မိသည့် သီချင်းက ခိုင်ထူးရဲ့ အိမ်အလွမ်း။

အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

သူ စပြီးဆိုလိုက်သည့် တပိုဒ်အပြီးမှာတော့ အားလုံးက အတူတကွ လိုက်ဆိုကြလေသည်။

စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

မီးပုံအနား ရှိသမျှ လူအားလုံး ဆိုလိုက်သည့် အသံက စုစည်း ညီညာနေသည်။

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

သြော်... နှလုံးသားတွေ... တူနေကြတာကိုး... အရေပြားတွေလည်း တူကြမယ်။ အသက်ရှူသံတွေလည်း တူကြ တာပါပဲ။ တယောက်မျက်နှာကို တယောက် ကြည့်မိတော့လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ရသလို ဖြစ်နေတာပါပဲ။

သီချင်းရဲ့ နောက်ဆုံး တပိုဒ်ကို သူဆိုလိုက်သည်။

မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အမေ ဆိုတဲ့ စကားလုံး ပါလာတဲ့ နောက်မှာ ငိုသံတချို့ကို သူကြားလိုက်ရပါသည်။ သည့်နောက် မှာတော့ သူ ကိုယ်တိုင်လည်း ငိုနေမိသည်ကို ဂစ်တာပေါ် တပေါက်ပေါက် ကျလာနေသော မျက်ရည်စက်များက အသိပေးနေ ပါသည်။ ထိုညအပြီး နောက်ညများမှာတော့ အိမ်အလွမ်း သီချင်းကို သူ ဘယ်အခါမှ ထပ် မတီး တော့ပါ။ သူကိုယ်တိုင် မငိုချင်သလို အခြား မည်သူ့ကိုမျှလည်း မငိုစေချင်ပါ။

ကျိမ်းသေသည်ကတော့ မည်သူမဆို အိမ်နှင့် ဝေးလေသမျှ မိုင်တွေ ပိုများလေ ပိုလွမ်းလေ ဖြစ်မည်ထင်သည်။

ယခုအချိန်မှာတော့ သူသည် သူကိုယ်တိုင် တည်ဆောက်ခဲ့သော အိမ်တလုံးနှင့် မိုင်ပေါင်းတထောင် ဝေးနေခဲ့လေပြီ။ ထို အိမ်လေးမှာ သူ ချစ်သော နှင်း၊ သူ့ ငှက်ကလေး ၃ ကောင်နှင့် သူ ပျော်ရွှင်ခဲ့ဖူးသည်။ ခုတော့ မုန်တိုင်းတိုက်ခံရသော ငှက်သိုက်တခုလို မိသားစု ဘ၀က ပြိုပျက်ခဲ့လေပြီ။ ငှက်ကလေးတကောင်က သူနှင့်အတူ၊ ကျန်ငှက်ကလေး ၂ ကောင်က မိုင်တထောင်ခရီး အဝေးမှာ။

------------------------------------------------------------------------------------
တောင်ယာ ဆိုသော စကားလုံးကို ငယ်ကတည်းက သူကြားဖူးသည်။ တောင်ပေါ်မှာ စိုက်ပျိုးခြင်းလို့ပဲ နားလည်နေခဲ့မိသည်။ တောင်ယာ၏ သဘောသဘာဝကို သေချာ နားမလည်ခဲ့။

အချိန်ကာလ တခုမှာတော့ ထို တောင်ယာများ ရှိသောအရပ်မှာ သူ့ဘ၀ကို ချိတ်ဆွဲခဲ့ရတော့သည်။ သည်အခါ တောင်ယာ ဆိုသော အဓိပ္ပါယ်တင်မက တောင်ယာထဲမှာ သူပါ ပျော်ဝင်သွားခဲ့တော့သည်။ တောင်ယာသည် သူ့အတွက် အိပ်မက်တခုကို မက်ခွင့်ပေးသော နေရာ၊ တောင်ယာသည် သူ့နားခိုရာ၊ တောင်ယာသည် သူတို့၏ သင်္ကေတပင် ဖြစ်တော့သည်။

နေ့နေ့ ညည တောင်ယာတွေကြားထဲ ရှင်သန်လာရသောအခါ တောင်ယာတွေကို နားလည်လာသည်။ တောင်ယာရှင်တို့၏ ဘ၀များကို စာနာနားလည်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာရှင်တွေ ဖြစ်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာများ ဖြစ်လာခဲ့ကြရသည်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း အမြဲတမ်း ရွှေ့ပြောင်းနေကြရသည် မဟုတ်လား။

တောင်ယာအားလုံးသည် ရွှေ့ပြောင်းနေကြရလေသည်။ တချိန်လုံး စိုက်ပျိုးလာသော တောင်ယာ တခုသည် အချိန် ကာလ တခု အရောက်မတော့ ကုန်ခမ်းသွားသော မြေဆီ မြေသြဇာ အသစ်များအတွက် အခြားနေရာသစ် တခုကို ရွှေ့ပြောင်းရလေသည်။ ထိုနေရာသစ်မှာလည်း စိုက်ရင်း ပျိုးရင်းနဲ့ မြေဆီသြဇာ ခမ်းခြောက်လာသည့်အခါ နောက်ထပ် နေရာသစ် တခုဆီသို့ ရွှေ့ပြောင်းရပေမည်။ သည်လိုနဲ့ တောင်ယာ ဆိုသည်မှာ မတည်ငြိမ်သော သဘောကို ဆောင်နေလေသည်။ အခြေတကျ မရှိသော သဘောကို ဆောင်လေသည်။ အခြေမကျနိုင်သော သဘောကို ဆောင်နေလေတော့သည်။

သူ့ဘ၀ကိုယ်တိုင်ကလည်း တောင်ယာတခုပင် ဖြစ်သည်-ဟု သူခံစားနေရလေသည်။ အချိန်တိုင်း ရွှေ့ပြောင်းနေရသည်ချည့်။ အိမ်အလွန်ခင်သော၊ မည်သည့်နေရာကိုမျှ မရွေ့ချင်သော သူသည် တကယ်တော့ အခြေမကျနိုင်သော တောင်ယာတခုသာ ဖြစ်ပါသည်။

သေနတ်တလက်ကို လွယ်ပိုးကာ သူ ရွှေ့ပြောင်းနေခဲ့ရသော နေရာ ဒေသများက မမှတ်မိနိုင်လောက်အောင် များပြားလွန်းလှသည်။ ရွှေ့ပြောင်းနေသော တေင်ယာများနှင့်အတူ ရွေ့လျားနေခဲ့ရသော အချိန်ကာလများကိုလည်း သူ မမှတ်မိနိုင်တော့ပါ။

သည့်နောက်မှာတော့ သူကိုင်ဆောင်ထားသည့် သေနတ်ကို ပစ်ချခဲ့ပြီးသည့်အခါ နေရာသစ်တခုကို သူ ထွက်ခွာခဲ့လေသည်။ သည်အချိန်မှစ၍ သူ ပြောင်းခဲ့ရသော အိမ်ပေါင်း မရေမတွက်နိုင်တော့။ မဲဆောက်မှာ၊ ဘန်ကောက်မှာ၊ ချင်းမိုင်မှာ။ တရားမ၀င် နေနေသူ တယောက်အဖို့ လုံခြုံရေးက အရေးကြီးသည့်အခါ တနေရာထဲမှာ ကြာကြာနေ၍ မဖြစ်ပါ။ အချိန်ကာလတခုအထိ (ဆိုလိုသည်မှာ လအတန်ကြာ) နေပြီးသည့်အခါ ထိုနေရာကို စွန့်ခွာကာ နောက်ထပ် လုံခြုံ စိတ်ချရမည့် နေရာတခုကို ရှာဖွေ ပြောင်းရွှေ့ခဲ့ရလေသည်။ သည်လိုနဲ့ ထိုင်းနိုင်ငံမှာ နေခဲ့သမျှသော အချိန်ကာလ အားလုံးသည် စိတ်မလုံခြုံမှုနှင့် ရွှေ့ပြောင်းခြင်း ၂ ရပ်ကို ပေါင်းစပ်ထားသော ရုပ်ဆိုး အကျည်းတန်သည့် နာရီလက်တန်များသာ ဖြစ်ပါသည်။

သည်လိုနဲ့ သူ့မှာ မိသားစုလေး တခု ရှိလာသည်။ သည်အခါ သည့်ထက် ပိုမို လုံခြုံ စိတ်ချရသောနေရာကို သူ စဉ်းစား ရှာဖွေရလေသည်။ နောက်ဆုံးမတော့ အမေရိကပြည်ထောင်စုသို့ အခြေချဖို့ သူ ဆုံး ဖြတ်ခဲ့ရလေတော့သည်။ Y2K မှာတော့ သူသည် သူ့မိခင်ရှိရာ အမေ့အိမ်မှ မိုင်ပေါင်းထောင်ချီဝေးကွာသော အရပ်မှာ တောင်ယာတခု ဖြစ်နေခဲ့လေပြီ။

New York State မှ Buffalo ဆိုသော မြို့ကြီးမှာ သူ့ဘ၀ရဲ့ ပထမဆုံးညကို ဖြတ်သန်းခဲ့ရသည်။ ပေါင်ဝက်လောက်ထိ ရှိသော နှင်းတွေကြားထဲမှာ ဖျားနာနေသော သားကြီးကို ဆေးရုံ သွားပို့ရသည့် သူ၏ အမေရိကရောက် ပထမဆုံးည။ ဒုက္ခသည်အဖြစ် ရောက်လာပြီး ရောက်ရောက်ချင်းညမှာပင် ဒုက္ခပေါင်းစုံနှင့် ကြုံရသည်ကပင် သူ့အတွက် unlucky sign လေလား။ သူ မတွေးအားပါ။

သည်လိုနဲ့ နှင်းတောထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက် ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု တူသော ဖလော်ရီဒါပြည်နယ်ကို ရွှေ့ပြောင်းဖို့ သူ ဆုံး ဖြတ်ခဲ့ရလေသည်။ ထိုပြည်နယ်သို့ ရောက်ပြီးနောက် သူ့မိသားစုဘ၀လေး အနည်းငယ်တော့ တည်ငြိမ်မှု ရှိခဲ့ပါသည်။ သို့သော်လည်း ရောက်သည့် မြို့ကလေး ဖြစ်သည့် Boca Raton မှာ အိမ်ကို အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ရပါသေးသည်။ နောက်ဆုံး အိမ်ပြောင်းရခြင်း ဒုက္ခကို မခံနိုင်သည့် အဆုံး ဘယ်တော့မှ အိမ် မပြောင်းရအောင် ကိုယ်ပိုင် အိမ်တလုံး သူဝယ်ခဲ့ပါသည်။ ၀ယ်ပြီးသည့်အခါ သူ ကျေနပ် ပျော်ရွှင်နေမိသည်။ ငါဘယ်တော့မှ အိမ်ပြောင်းစရာ မလိုတော့ဘူး-ဟု သူ တွေးထင်ခဲ့မိသည့် အတွေးများကို တနေ့သားမှာ တစုံတရာက ချိုးဖျက်လိုက်ပါသည်။

သူ မမျှော်လင့်သည်များက သူ့ဘ၀မှာ အမြဲ ဖြစ်နေလေ့ရှိသည့်အတိုင်း သူကိုယ်တိုင်ဝယ်ထားသည့်အိမ်ကို စွန့်ခွာဖို့ အကြောင်းက ဖြစ်လာလေသည်။ သည်လိုနှင့် အပြောင်းအရွှေ့ကို မလိုလားသဖြင့် ၀ယ်ယူထားခဲ့သော ကိုယ်ပိုင် အိမ်ကလေးကို စွန့်ကာ ကယ်လီဖိုးနီးယား ပြည်နယ်သို့ သူ ထွက်ခွာခဲ့ရပါလေသည်။ ၂၀၀၈ စက်တင်ဘာမှာ သူ ရောက်ရှိလာခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ကလည်း ၂၀၀၉ မှာ အမေရိကပြည်ထောင်စုတခုလုံးမှာ အလုပ်လက်မဲ့ အများဆုံး ပြည်နယ် ဖြစ်နေခဲ့လေပြီ။ သူသည်လည်း ဘာကောင်မို့လို့လဲ- အများနည်းတူ သူသည်လည်း လုပ်လက်မဲ့ ဖြစ်သည်ပေါ့လေ။

သည်လိုနဲ့ ကယ်လီဖိုးနီးယားမှာ ရရာ ပတ်တိုင်းမ် အလုပ်များ လုပ်ရင်း အခြားပြည်နယ်တွေမှာ ရနိုင်သော အချိန်ပြည့် အလုပ်များကို သူရှာရပါလေသည်။ ရှာရင်းနဲ့ အော်ရီဂွန်ပြည်နယ်မှာ သူ အလုပ်ရပါသည်။ အလုပ်က သူ့အိမ်နဲ့ မိုင် တထောင်ကျော် ဝေးသည်။ ရွှေ့မှပဲ ရမည်။ မရွှေ့မပြောင်းချင်သော သူသည် သည်လို့နဲ့ပင် ရွှေ့ပြောင်းရပြန်ပါတော့သည်။ မိုင်တထောင်ကျော် ခရီးကို ကားမောင်းပြီး သွားရမည်။ မိုင်တထောင်ကို မောင်းပြီးသည့်အခါ နာရီ ၂၀ နီးပါး မောင်းခဲ့သည့် ဒဏ်ကို သူ့ခါးက မခံနိုင်ပါ။ သူ အလုပ်လုပ်ရမည့် မြို့ကို ရောက်တော့ သူ ခါးနာနေပြီ။ သို့သော်လည်း မတတ်နိုင်ပါ။ သူနှင့်အတူ ပါလာသော သားကြီးကို ကျောင်းသွားအပ်၊ ပြီး သူ့အလုပ်ကို စဆင်းရပါလေသည်။

အစစ အရာရာ အားလုံး အဆင်ပြေပါသည်။ အဆင်မပြေသည်က တနေရာရာမှာ ကျောက်ချချင်သော သူ့အတွက်သာ ဖြစ်ပါသည်။ တချိန်လုံး ရွှေ့ပြောင်းနေရသော သူ့အတွက် သည်မြို့လေးကလည်း နောက်ဆုံး ကျောက်ချရာ ဖြစ်နိုင်ပါ့မည်လား။ သူမယုံရဲနိုင်သေးပါ။

ဘာလို့ဆို။ သူ့ဘ၀က ရွှေ့ပြောင်းတောင်ယာ ဖြစ်နေခဲ့သည်မှာ အနှစ် နှစ်ဆယ် ကျော်နေခဲ့ပြီ မဟုတ်လား။ နောက်ထပ် တောင်ယာတခုကို သူ ထပ်မရွှေ့ရဘူးလို့ မည်သူက အာမခံနိုင်လိမ့်မည်လဲ....
-------------------------------------------------------------------------------

အလုပ်ပြီးသည့်အခါ သူ့ ယူနီဖေါင်းကို ချွတ်ပြီး Locker ထဲ ထည့်လိုက်သည်။ အနွေးထည်ကို ၀တ်ရင်း သူ အလုပ်လုပ်ရာ စတိုးမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ခုတော့ ၃ နာရီ ၁၀ မိနစ်။ နောက် ၃ နာရီ ၂၅ မိနစ်မှ သားကြီး ကျောင်းကားက အိမ်ရှေ့မှာ ဆိုက်လာလိမ့်မည်။

ခုတော့ သူ့ကို ကြိုဆိုသူ မရှိသော မီးခိုးရောင် အိမ်ကြီးတလုံး အရှေ့မှာ သူ ခဏတာ ရပ်နေမိသည်။ သည်အိမ်ထဲသို့ သူ မ၀င်ချင်ပါ။ သူ့ပါးမှာ မျက်ရည်စက်တချို့ ကျလာလေသည်။ တကယ်တော့ သူ့မှာ အသက်ပဲ ရှိပါတော့သည်။ သူ့မှာ ဘ၀ မရှိတော့ပါ။ ဒါကြောင့်လည်း ဘိုတွေ တယောက်ကို တယောက် နာကျင်စေချင်သည့်အခါ ပြောလေ့ရှိသည့် Get a life ဆိုသည်ကို သူ ပိုခံစားနေမိသည်။

သူ့ဘ၀ကိုလည်း သူစဉ်းစားနေမိသည်။ သူငယ်ကတည်းက မိဘ ၂ပါးနဲ့ အတူမနေရ။ ခု ကိုယ့် မိသားစုလေးနဲ့ ကိုယ်နေတော့လည်း ကွဲကွာစရာတွေက ဖြစ်လာသည်။ သူကိုယ်တိုင် ဘာတခုမှ မဖန်တီးပါပဲနဲ့ ကွဲကွာစရာတွေ ဖြစ်လာတာကတော့ သူ ကိုယ်တိုင်လည်း နားမလည်နိုင်ပါ။ ဘ၀ဆိုတာ ကွဲကွာခြင်းလား။ သူမေးနေမိသည်။ ဘာကြောင့် ကွဲကွာကုန်ကြရတာလဲ။ ခုတော့ သူနဲ့ သားကြီးက တကွဲ၊ သားအလတ်၊ သားအငယ်နှင့် သူ့ရဲ့နှင်းက တကွဲ။

လူ ၂ ယောက် အတူနေသည့်အခါ တူညီသည့် အချက်တစုံတခုပေါ်မှာ အတူနေကြလေသည်။ အတူနေရင်း မတူညီသည့် အရာတွေများလာသည့်အခါ ကွဲဖို့ - သို့မဟုတ်- ခွဲဖို့ သာ ရှိတော့လေသည်။ သို့သော်လည်း ၂ ယောက် အတူနေရင်း ပွားစည်းလာသည့် နောက်ထပ် လူသားလေးများ ရှိလာသည့်အခါ အခြေအနေများက ပိုမို ရှုပ်ထွေးလာလေသည်။ ချစ်ခြင်းမေတ္တာ၊ တာဝန်ယူမှု၊ လူသားစိတ်- အစရှိသည်တို့က ခွဲရေး-တွဲရေးကို စိုးမိုးလေသည်။

ဘာပဲဖြစ်ဖြစ် သူကတော့ အကောင်းဆုံးဖြစ်သည် ထင်ရာကို ရွေးချယ်ခဲ့လေသည်။ သည်ရွေးချယ်မှုက အကောင်းဆုံး မဖြစ်လျင်လည်း အဆုံးသပ် အဖြေတခု အတွက် ရင်စည်းခံဖို့ သူ အဆင်သင့်ရှိပါသည်။ သို့သော်လည်း ဖြစ်ရပ်တိုင်းက အဆိုးချည့်သာ။ ကျော်ဟိန်း သီချင်းတပုဒ်လို ငြိမ်းချမ်းမှု ဝေးတဲ့ လူသား တယောက်တဲ့လား....

ခုလောလောဆယ်ဆယ်တော့ သူ့မှာ နာကျင်နေသောနှလုံးသား တခုသာ ရှိနေပါတော့သည်။

30 comments:

Angel Shaper said...

တိန်...
ကို Nai က တယ်သွက်သကိုးးးးးးဗျ။
ဖေကြီးရေ...နာကျင်နေတဲ့ နှလုံးသား လာဖတ်ပါတယ်။
စိတ်မကောင်းလဲဖြစ်ရတယ်။
မိုင်ပေါင်းတစ်ထောင်မှာ ရွေ့ ပြောင်းနေတဲ့ တောင်ယာလေး လုံခြုံအေးချမ်းတဲ့ ဒေသတစ်ခုမှာ နာကျင်မှုတွေကင်းဝေးလို့ အတည်တကျ ပျော်ရွှင်ကြည်နူးနိုင်ပါစေ။ အဖေ့သမီးကြီး ဆုမွန်ခြွေခဲ့တယ်နော်။

ခရေညို said...

ကိုအောင်သာငယ်ရေ ဘဝကတွေကတော့ဒီလိုပါပဲ။ လူ့လောကထဲကိုတစ်ယောက်ထဲဝင်လာသလို တစ်ယောက်ထဲပဲပြန်ရမှာလေ။
အဲဒီမပြန်ခင် ကလေးမှာ တစ်ယောက်ထဲလည်း နေရမှာပဲ။
မိသားစု လေးနဲ့ အမြန်ဆုံး ပြန်လည်နေနိုင်ပါစေလို့ ။

Nay Nay Naing said...

မိသားစုစုံညီ စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ဘ၀ကို အမြန်ဆုံး ပြန်လည်ရရှိ၊ ထာဝရ စိတ်ကြည်လင်ပျော်ရွှင်နိုင်ပါစေ။

P.Ti said...

မိသားစုတိုင်းပြန်လည် ပေါင်းဆုံနိုင်ကြပါစေ။ အကိုနဲ့ ခံစားချက် အတူတူရှိပါတယ်..

အကိုရေ... အကိုတို့လို တိုင်းပြည်ချစ်လို့ စွန့်ခဲ့ရသူတွေကို လေးစားပြီးသားပါ။ အနာဂတ်မှာ ခွဲခွါခြင်းတွေကင်းလို့ ပျော်ရွှင်နိုင်ပါစေ။

ဘ၀ဆိုတာ တစ်နည်းနည်းနဲ့တော့ ခွဲခွါနေရတာပဲမဟုတ်လား...

Anonymous said...

ရင်စည်းခံဖို့ အဆင့်သင့်ရှိနေတဲ့ အကို ရဲ့  အဆုံးသတ်
အဖြေတခုအနေနဲ့ ရလဒ်ကောင်းတွေ အမြန်ဆုံးပေါ်ထွက်လာပါစေ....အကိုရေ..အားတင်းထား


mie nge

SDL said...

အစ်ကိုကြီးရေ....

ဘာပြောရမယ်မသိဘူး ၊ ထပ်လာခဲ့မယ်ဗျာ

သိင်္ဂါကျော် said...

ဖတ်ပြီး ခံစားလိုက်ရပါတယ်..
ရွှေ့ပြောင်းတောင်ယာ ဘဝကနေ မိသားစု စုံစုံညီညီနဲ့ ပျော်ရွှင်သော အိမ်ကလေးမှာ အတည်တကျ နေနိုင်ပါစေလို့....။

Moe Cho Thinn said...

အကိုရေ
ခရီးတိုလေး ထွက်နေလို့ ခုမှ လာဖတ်ဖြစ်တယ်။ အကိုရေ အားတင်းထား၊ အားမငယ်နဲ့။ အခု အဆိုးတွေကုန်လို့ အကောင်းတွေ ရောက်လာတော့မှာလို့ သဘောထားပါ။ မောင်နှမလို ချစ်ခင်မှုတွေနဲ့ အကောင်းဆုံးတွေ အကိုရပါစေ-မိသားစု အမြန်ဆုံး အတူနေနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။

Myo Win Zaw said...

ကိုအောင်သာငယ်အကြောင်းဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ တနေ့တော့ အစ်ကို ဆန္ဒပြည့် မှာပါ တနေ့ပေါ့

busymozzee said...

အစ်ကိုကြီးရေ ဒီနေ့ ဖတ်ရတာ စိတ်မကောင်းစရာတွေကြီးပဲဗျာ......
မိသားစုလေးနဲ့ အတူ အမြန်ပြန်နေရပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်နော်....

သက်ဝေ said...

အကိုရေ...
ဘာပြောရမှန်း မသိဘူး...
စိတ်မကောင်းဖြစ်နေတာသာ သိတော့တယ်...။
ဆန္ဒတွေ ပြည့်ဝပါစေ... စိတ်ချမ်းသာပါစေ လို့ အချိန်တိုင်း ဆုတောင်းပေးနေပါ့မယ်...။

Kay said...

မောင်နှမ တွေ အားလုံးနဲ့ တကွ.. ဆုတောင်းပေးပါတယ်။
May God Bless you and your family.

Anonymous said...

နာကျင်မှု အနည်းဆုံးနဲ့ အဖြေကောင်း တခု ရှာတွေ့နိုင်ပါစေ။


မအယ်

ကောင်းကင်ကို said...

အစ်ကိုရေ အားလုံးပြန်အဆင်ပြေပြီး ဒဏ်ရာတွေမြန်မြန်ပျောက်ပါစေဗျာ။

ရေတမာ said...

ကျနော်တို့လည်း ရွှေ့ပြောင်းတောင်ယာထဲမှာ အကိုရေ။ ဒီယာလေး ရိတ်ပြီးရင် အမေချက်ထားတဲ့ ထမင်းဝိုင်းလေး မိသားစုနဲ့ လက်စုံစားချင်သား။ အကိုတို့ မိသားစု အမြန်ဆုံးပြန်လည်စုံစည်းပြီး နေရာအတည်တကျနေနိုင်ပါစေ

မဆုမွန် said...

ဦးလေးကြီးရေ ပထမဆုံးမိသားစုနဲ့ မိဘနဲ့ခွဲရတုန်းက ဒီထက်ပိုပြီး မနာကျင်ရပါစေနဲ့လို ဆုတောင်းခဲ့တယ် ဘ၀ဖော် ချစ်တဲ့သူနဲ့ အတူနေရတဲ့ဘ၀ကနေ နှစ်နဲ့ချီပြီး ဝေးရမယ့်အချိန် ရင်ဆိုင်လာရပြန်တော့ ဒီထက်ပိုမနာကျင်ရပါစေနဲ့တော့လို့ ဆုတောင်းမိတယ်..ပို့စ်လေးဖတ်ပြီး စိတ်မကောင်းဘူး..

နှင်းနဲ့မာယာ said...

အကိုရေ
အမြန်ဆုံး မိသားစုနဲ့ပြန်နေနိုင်ပါစေနော်....
အကို့အတွက် ဒီ့ထက်ဆိုးတဲ့ဒုက္ခတွေ မရှိလောက်တော့ပါဘူး....
သောကကင်းဝေးတဲ့ဘဝလေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေနော်...

မယ်ကိုး said...

အိမ်ပြောင်းရွှေ့ရတဲ့ ဆင်းရဲကို ကိုယ်ချင်းစာနားလည်ပါတယ် အစ်ကိုရေ...
ဖတ်ရတာ စိတ်မကောင်းပေမယ့် ဒီနေ့ကစပြီး သာယာငြိမ်းချမ်းပျော်ရွှင်ရတော့မယ်လို့ ယုံကြည်ပါတယ်။

အိန္ဒြာ said...

အကို.....

အိမ်လေးတစ်လုံးထဲက...
အကို့မိသားစုလေးနဲ့ အကို့ရဲ့ ရယ်မောသံတွေ...

ဘာပဲဖြစ်ဖြစ်..
ပြန်ရနိုင်ပါစေအကို၇ယ်.

ရွာသားလေးဝိုင်တီယူ said...

အစ်ကိုရေ
ုမုန်တိုင်းပြီးရင် လေပြည်လာပါလိမ့်မယ်
ွခွန်အားဖြစ်ပါစေ
ပြီးပြည့်စုံသော မိသားစုကမ္ဘာလေး အတွက်
ဆုမွန်တွေလည်းခြွေပါတယ်
ဆန္ဒတွေပြည့်တဲ့တစ်နေ့မှာ ကျနော်တို့ ညီအစ်ကိုတွေ ဆုံကြတာပေါ့ဗျာ

ကလူသစ် said...

အဆင်ပြေပါစေလို့ ဆုတောင်းပေးရုံကလွဲပြီး ဘာပြောရမှန်းကို မသိတော့ဘူးဗျာ။ စီးပွားရေးတွေ ပြန်ကောင်းစပြုပြီလို့ သတင်းတွေဖတ်ရပါတယ်။ မကြာခင် မိသားစုနဲ့ ပြန်ဆုံရမှာပါ။ အားတင်းထားဗျာ။

ThuHninSee said...

တစ်ခါတစ်လေ ကြုံမယ့် အကောင်း၊
အဆိုးလဲတွေ့ရမယ် အလိုက်အထိုက်ပေါ့လေ။
ဘယ်အမှောင် ဘယ်လိုမှောင်လဲ တနေ့တော့ လင်းရမယ်။ စိတ်မလျော့နဲ့လေ။
အားလုံးကိုကျော်ဖြတ်ရမယ်..။

တစ်ခါတစ်လေ ကြုံမယ့်ဆောင်း၊ မိုးလဲတွေ့ရမယ်
အလိုက်အထိုက်ပေါ့လေ။ ဘယ်လိုလေ ဘယ်လောက်ဝေး
တစ်နေ့တော့ နီးရမယ်။ အရှုံးမပေးနဲ့လေ။
အားလုံးကို ကျော်ဖြတ်ရမယ်။
(ခိုင်ထူး)

pandora said...

ကမ္ဘာကြီးက ဖြစ်ချင်သလို ဖြစ်နေတဲ့အချိန်မှာ ချစ်ခင်ကြပြီးသားလူတွေ ပိုပြီးချစ်ခင် နွေးထွေးသွားကြဖို့ပဲရှိမှာပေါ့။ ခဏပါ။ အဆင်ပြေသွားမှာပါ။

Nge Naing said...

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝနိုင်ပါစေ။ ကျွန်မကိုယ်တိုင် စိတ်သောကရောက်ရင် ဖြစ်စေ သူများအတွက် ဖြစ်စေ ဒီလိုပဲ ဆုတောင်းပါတယ်။ အစ်ကို အောင်သာငယ် တနည်းနည်းနဲ့တော့ အဆင်ပြေသွားမှာပါ။

mama said...

ကဗျာဆရာ ချစ်သောနှင်း
ကဗျာဆရာ ချစ်သော ငှက်ကလေးများနဲ့
ကဗျာဆရာ အတွက် ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေ
အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေဖို့
လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးခဲ့ပါတယ်

ခင်မင်သော
(mama)

အမရာ said...

အကိုရေ..ထပ်တူထပ်မျှကြေကွဲရပါတယ်..
ကွဲကွာခြင်းဆိုတာရဲ့နိဂုန်းမှာ..ပေါင်းဆုံမှုတခုရှိတတ်ပါတယ်..
ယုံကြည်ချက်ကိုရင်ဘတ်ထဲထည့်
ခရီးတွေဆက်ကြစို့....

Julian said...

ကိုအောင်သာငယ်

ဒီစာလေးကိုဖတ်ရတာ ကိုယ်ချင်းစာစွာ တကယ်ကိုနာကျင်မိပါတယ်
အိမ်ပြောင်းရတဲ့ဒုက္ခကို ကိုယ်ကငယ်ငယ်ကတည်းကခံခဲ့ရတာ....နောက်ဆုံး မိသားစုဇာတ်သဘင်အဖွဲ့ကြီးဆိုပြီး ရယ်ဟဟမိသားစုအချင်းချင်းနောက်ကြတယ်..... မဖြစ်မနေအိမ်တစ်လုံးကိုဇွတ်မှိတ်ဝယ်လိုက်ကြပြီး ကိုယ်တို့လက်တွေနဲ့အိမ်ကိုဆောက်ခဲ့ကြတာ ကိုယ်တို့ဘဲ လက်သမားကိုယ်တို့ဘဲပန်းရံ မိန်းကလေးပီပီ ဒေါင်ကျကျ ပြားကျကျ နေခဲ့ကြရတာ ဟက်ဟက် ........အခြေကလေးနဲနဲကျလာပြီးအိမ်ကိုအရမ်းခင်တွယ်လာချိန်အိမ်ကလေးကနေမိသားစုထပ်ခွဲဘို့အကြောင်းဖန်လာပြန်ရော ရေကြည်ရာမြက်နုရာထက် ရေနောက်ရာမြက်ကြမ်းရာကို ပြောင်းရတယ်လို့ပြောရမှာ......ကိုယ်ကလဲအိမ်နဲ့မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှ တစ်ယောက်တည်း စိတ်ဖိစီးမှုကိုအဖေါ်ပြုလို့ အိမ်ဆိုတာအတွက် ကိုယ့်ဘ၀ကိုစွန့်လွှတ်ပေးခဲ့ပြီ ဟုတ်တယ်ကိုအောင်သာငယ် ကိုယ်တို့မှာ အသက်ရှုနေလို့သာလူလို့ပြောရမှာ တကယ်တော့ဘ၀မဲ့ခဲ့ပြီ......ကံကောင်းနေသေးတဲ့အတွက် ဘာသာစကားတူ လူမျိုးတူ ခံစားချက်ချင်းတူတဲ့ မိတ်ဆွေတွေနဲ့ အခုလိုအွန်လိုင်းမှာခံစားချက်ဖလှယ်လို့ရတာ.... ကိုအောင်သာငယ်ရေ ဒီလိုပါဘဲ ဘ၀ဆိုတာကြီးကိုသရော်ချင်စိတ်တောင်ပျောက်နေခဲ့ဘီ......အားတင်းထားကြတာပေါ့......


ဂျူ

ဒဏ္ဍာရီ said...

အကိုအောင်သာငယ် ... မထမဆုံးအကြိမ်ရောက်လာတာပါ။ ဦးနော်ဆီက တဆင့်လာခဲ့တာပါ။ ဒီပိုစ့်လေးဖတ်ပြီး ထပ်တူ ကြေကွဲရပါတယ်။ ဘ၀ဆက်တိုင်း အကိုချစ်တဲ့ အိမ်နဲ့ မိသားစုနဲ့ ကွေကွင်းရခြင်းမှ ကင်ဝေးပါစေ ...
"ခံနိုင်ရည်" ဆိုတဲ့ စကားလုံးလေးကို လက်နက်အဖြစ်အသုံးချပြီး ဘ၀တိုက်ပွဲကို အောင်မြင်နိုင်ပါစေရှင်။

ခင်မင်လေးစားလျှက်

အိုးဝေအောင် said...

ကျနော်တို့ ဆူရှီလိပ်ခဲ့တဲ့ စတိုးတခုက ပဲမ(မက္ကဆီကန်မ)ရဲ့၁နှစ်မပြည့်သေးတဲ့ သားငယ်လေးကို ယူအက်စ် အစိုးရသိမ်းသွားပုံကို ပြန်သတိရမိတယ်။ တနေ့မှာ လင်ဖြစ်သူ ပဲထီးက မူးမူးနဲ့ လင်မယားစကားများရန်ဖြစ်ကြရင်း ပဲမဖြစ်သူကို
လှမ်းရိုက်လိုက်တာ မိခင်ချီထားတဲ့ သူ့ခလေးကို သူ့ဘာသာ ရိုက်မိလျက်သား ဖြစ်သွားပြီး ခလေးနံရိုးကျိုးသွားရှာတယ်။ဖြစ်ပြီးပြီးချင်း ပတ်ဝန်းကျင်က ၉၁၁ ရဲကို လှမ်းခေါ်လို့ အရက်မူးတဲ့ ဖခင်ပဲကြီးကို ဖမ်းသွားသလို နံရိုးကျိုးသွားတဲ့ ခလေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ယူအက်စ် အစိုးရအစီအစဉ်နဲ့ သိမ်းသွားခဲ့လေသတဲ့။အဲဒီ ပဲမခမျာ နေ့စဉ် မျက်ရည်နဲ့မျက်ခွက်။ သားလေးကို နို့ချိုတိုက်ချိန်တန်ပြီဆိုရင် သူ့နို့အုံတွေတင်းလို့၊
နို့ချိုတွေ တစိမ့်စိမ့် ယိုစီးကျလို့ တဲ့။သူပြောပြလို့ သိခဲ့ရတယ်။အခု ကိုအောင်သာငယ်ရဲ့ သားငယ်လေး
အစိုးရသိမ်းသွားတယ်ဆိုတာ ဖတ်သိရလို့ များစွာစိတ်မကောင်းဖြစ်လျှက် အထက်ပါ အဖြစ်လေးကို သိတရနေမိတာပါ။ အဖြစ်အပျက်တွေ
တူ မတူ မသိနိုင်ပေမယ့် ။ သားငယ်လေးဘက်က လှမ်းကြည့်ရင် မိခင် ဖခင်တို့နဲ့ ရှင်ကွဲ ကွဲနေရတဲ့ ဘဝ က ထပ်တူကျနိုင်ပါတယ်။ စိတ်ဓါတ်မကျစေချင်တာက အစိုးရက အမြဲသိမ်းမထားဘူးလို့ သိရတယ်။ ခလေးရဲ့ ရုပ်ပိုင်းဘဝ ကောင်းမွန်လာအောင် ပြုစုကုသပြီးရင်
မိခင်ဆီ ပြန်လွှဲပေးမယ်လို့ အဲဒီပဲမဆီက ကြားသိမှတ်ခဲ့ဖူးတာမို့ အကို့သားငယ်လေးလည်း မကြာခင် မိဘတွေ လက်ထဲကို ပြန်ရောက်လာလိမ့်မယ်လို့ အားပေးစကားပြောချင်ပါတယ်။ စိုးရိမ်ကွေကွင်းရခြင်းမှ သတ္တဝါတိုင်း လွတ်ကင်းကြပါစေ။ မေတ္တာစိတ်ဖြင့်-မောင်အိုး။

kokogyi said...

AKO,
really feel sorry for all of you. Hope all your family could be together again.