ခုရက်ပိုင်း အိမ်ပြောင်းတဲ့ အချိန်မှာ ကားမောင်းရင်း လာခဲ့တဲ့ လမ်းမှာ ဟိုဟို သည်သည် စဉ်းစားမိရင်း ကိုယ့် လက်ရှိဘ၀၊ ငယ်ဘ၀ တွေကို သွားစဉ်းစားမိ ပါတယ်။ သည်လိုနဲ့ လူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ပင်ကိုယ် သဘာဝတွေ မတူတတ်သလို ကိုယ်စီ ကိုယ်စီမှာလည်း ထူးခြားချက် ကလေးတွေ ရှိတတ်တဲ့ အကြောင်းကို သွားစဉ်းစားမိပါတယ်။
ကျနော် ကလေးဘ၀တုန်းက ဆိုရင် တခြားကလေးတွေနဲ့ မတူတဲ့ ထူးခြားချက် ကလေးတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါတွေကတော့ ကျနော် ငယ်ငယ်က ကိုယ့်အိမ်အနားနဲ့ ကိုယ့်လမ်းထဲမှာပဲ ကစားလေ့ ရှိပါတယ်။ တခြားလမ်း တခြား ရပ်ကွက်တွေမှာ သွားကစားလေ့ မရှိပါဘူး။ အိမ်လည် ပြီးတော့လည်း မကစားတတ်ပါဘူး။ များသော အားဖြင့်ကတော့ အိမ်မှာ စာဖတ်နေလေ့ ရှိတာက များပါတယ်။ အဖိုးအဖွားနဲ့ အဒေါ်တွေ ဦးလေးတွေ စုထားတဲ့ လူတရပ်ကျော် မြင့်တဲ့ စာအုပ် ဘီရိုကြီး ၃ လုံးရှေ့မှာ ဖျာခင်းပြီး ကိုယ် စိတ်ဝင်စားတဲ့ စာအုပ် တအုပ်အုပ်ကို ယူဖတ်နေတာက များပါတယ်။
ဒါကြောင့်မို့ပဲဖြစ်မယ်။ ကျနော် ငယ်ငယ်က သူငယ်ချင်း အတော် နည်းပါတယ်။ လက်ချိုးရေရင် ဆယ်ယောက် မပြည့်ဘူး။ သူတို့ကလည်း တခြားလမ်းတွေ ရပ်ကွက်တွေက မဟုတ်ပါဘူး။ ကျနော်တို့ ဘေးအိမ်နဲ့ လမ်းထဲက သူငယ်တန်း ကတည်းက တတန်းထဲ တက်လာခဲ့တဲ့ သူတွေပါ။ နောက် ကစားတာထက် စာဖတ်တာက ပိုများလို့ ဖြစ်မယ် သူငယ်ချင်းတွေ ကစားကြတဲ့ ကစားပွဲတွေမှာ ကျနော်က အညံ့ဆုံးပါပဲ။ လူတိုင်း ကစားကြတဲ့ ကစားနည်း တွေကို ကျနော်က နားမလည်။ ကစားပြန်ရင်လည်း လူတိုင်း အလွယ်တကူ လုပ်နေ ကစားနေကြတာကို ကျနော့်မှာ ခက်ခဲ နေတော့တာပါပဲ။
ဥပမာ- ကလေးတွေ စုပြီး ဂေါ်လီပစ်ကြရင် တခြား ယောက်ျားလေးတွေ ပစ်သလို ဂေါ်လီကို ဘယ်ဖက် လက်ညှိုးနဲ့ လက်မကြားမှာ ကိုင်ပြီး ညာဖက် လက်ခလယ်နဲ့ ပစ်ထုတ်တာမျိုးကို မလုပ်တတ်ပါဘူး။ တခြား လူတွေ ပစ်ရင် ဂေါ်လီက တည့်တည့်ပဲ သွားပါတယ်။ တချို့ဆို တခြား လူရဲ့ ဂေါ်လီကိုတောင် ပစ်ခွဲ နိုင်လောက်အောင် လက်တည့်ပါတယ်။ ကျနော်သာ ပစ်လိုက်လို့က ဂေါ်လီက တည့်တည့် မသွားပဲ ကိုယ့်ရဲ့ ညာဖက်ခြမ်း ဆီကို လွင့်ထွက် သွားပါတယ်။ တည့်အောင် ဘယ်လိုမှကို မပစ်တတ်တော့ ဂေါ်လီကို သည်အတိုင်းပဲ ညာဖက် လက်နဲ့ကိုင်ပြီး လွှဲပစ်ရတာပါ။ သည်လိုနဲ့ ဂေါ်လီပွဲတွေမှာ ကျနော် အမြဲရှုံးတော့ ဂေါ်လီလောကကြီးကို အပြီးအပိုင် ကျောခိုင်းခဲ့ပါတယ်။ နောက်ဘယ်တော့မှ မကစား တော့ပါဘူး။ ဘာလို့ဆို ကစားရင်လည်း ကိုယ်က နိုင်ချင်သေးတာကိုး။ ကိုယ်ချည့် အမြဲတမ်း ရှုံးနေတော့လည်း ဘယ်မှာ ကစားချင်တော့မလဲလေ။
နောက်တခါ ဂျင်ပေါက်ကြတော့လည်း အဲလိုပါပဲ။ ဂျင်ရဲ့ သံကို အပေါ်ထောင်ကိုင်ပြီး တခြားဂျင်ပေါ်ကို အားနဲ့ ပေါက်ချ ရတဲ့ ယောက်ျားဒိုးလို့ ခေါ်တဲ့ ဂျင်ပေါက်နည်းကို ကျနော်က မပေါက်တတ်ဘူး။ ဂျင်ရဲ့သံကို အောက်စိုက်၊ ဂျင်ကို အရှေ့ကို လွှဲပစ်ပြီး ပေါက်ရတဲ့ မိန်းမဒိုးလို့ ခေါ်တဲ့ ပေါက်နည်းကိုပဲ ပေါက်တတ်ပါတယ်။ တခြား ယောက်ျားလေးတွေက ဂျင်ဘယ်နှစ်လုံး ခွဲပြီးပြီလို့ ဂုဏ်ယူ ၀င့်ြ့ကွားစွာနဲ့ တယောက်နဲ့ တယောက် ပြိုင်နေချိန်မှာ ကျနော်က ဂျင်တလုံးမှကို မခွဲခဲ့ဖူးသေးပါ။ ဘာလို့ဆို မိန်းမဒိုးနဲ့ ပေါက်မှတော့ တခြားဂျင်ကို ပေါက်မိရင်တော့ ရွေ့ရုံပဲ ရွေ့သွားမှာလေ။ ဘယ်လိုမှ ကွဲသွားမှာမှ မဟုတ်တာ။ သည်လိုနဲ့ သူငယ်ချင်းတွေက ကျနော့်နံမည်ကို ရှေ့မှာ (မ)တပ်ပြီး ခေါ်ကြတော့ ကျနော်လည်း သည် ဂျင် လောကကြီးကို အတော် စိတ်ထဲမှာ နာကျည်း သွားခဲ့ဖူးပါတယ်။ ဒါနဲ့ ဂေါ်လီလောကလိုပဲ ဂျင်လောကကို ကျနော် အောင်မြင်စွာ ကျောခိုင်းခဲ့ ပါတော့တယ်။
အဲသလို ဂေါ်လီလောကနဲ့ ဂျင်လောကကို ကျောခိုင်းခဲ့ရတာကိုတောင် သည်ကောင်က မမှတ်သေးဘူး။ ခက်တာက ကလေးဆိုတော့လည်း တခြားလူတွေ ကစားတာကို မြင်တော့ ကိုယ်လည်း ကစားချင်စိတ်က ဖြစ်နေတာကိုး။ သည်လိုနဲ့ စွန်လောကထဲ ခြေသွားရှုပ် လိုက်ပါသေးတယ်။ အမှန်တော့ တခြားလူတွေလို စွန်တိုက်ဖို့တို့ စွန်ပြိုင်ဖို့တို့ မပြောနဲ့ ရိုးရိုး စွန်တောင် လေထဲ ရောက်အောင် လွှတ်တတ်တာ မဟုတ်ဘူး။ ကိုယ် လုပ်တတ်တာက စွန်ကို တယောက်က လက်နဲ့ ကိုင်ပြီး ထိုးပေးလိုက်တာကို ကိုယ်က ကြိုးနဲ့ ဆွဲပြီး ပြေးတာလောက်ပဲ တတ်တာ။ ပြီးရင် စွန်က လေထဲ တက်လည်း ခဏပဲ။ လုံးဝ ကောင်းကင်မှာ ပျံနေတာမျိုး မဟုတ်ဘူး။ အဲလို အရည်အချင်းမျိုးနဲ့ ရစ်ဘီးကြီး ကိုင်ပြီး စွန်လွှတ်ချင် နေသေးတာ။ သူငယ်ချင်းတွေကတော့ သင်ပေးပါတယ်။ ကြိုးကို ဘယ်လိုဆွဲ၊ ဘီးကို ဘယ်လိုရစ်၊ လေမိရင် ဘီးကို ဘယ်လို လျှော့ပေး စသည်ဖြင့် ပေါ့လေ။ နောက်ဆုံးမတော့ ဘယ်လိုမှ သင်ပေးလို့ မရတဲ့ သည်အကောင်ကို အမောင်သူငယ်ချင်းများအားလုံး လက်လျှော့ သွားပါတယ်။ ကိုယ့်ကိုလည်း ၀ိုင်းပြီး အားပေးသွားကြပါတယ် - နောက်ဘယ်တော့မှ စွန်လွှတ်ဖို့ မစဉ်းစားနဲ့-တဲ့။ ဒါလည်း မမှတ်သေးဘူး။ တရက်သားမတော့ သူငယ်ချင်း တယောက် လွှတ်လို့ ဟိုးအမြင့်ကြီးမှာ တက်နေတဲ့ စွန်ကို တွေ့တော့ ရစ်ဘီးလေးကိုင်ပြီး ခဏလောက် လွှတ်ပါရစေ သွား တောင်းပန်တာပေါ့။ စွန်ကလည်း အမြင့်ကြီးမှာ၊ သူကလည်း သဘောကောင်းတော့ ထိုးကျသွားမယ် မထင်လို့ ကျနော့်ကို ပေးကိုင်တာပေါ့။ ရစ်ဘီးလည်း ရရော ဟိုရစ်သည်ရစ် လုပ်လိုက်တာ စွန်က တခါတည်း ဒိုင်ဗင်ထိုးချပြီး အောက်စိုက်ကျ သွားလိုက်တာ အောက်ရောက်တော့ ဂိုင်းတွေကန်ပြီး ကံကုန်တော် မူသွားရှာတာပေါ့လေ။ ဘာပြောကောင်းမလဲ။ သူငယ်ချင်းခမျာ ကိုယ့်ကိုယ် မထိုးရုံတမယ်ပါပဲ။ ကိုယ်လည်း ကိုယ့်မုန့်ဖိုးလေးကို စွန်ဖိုး လျော်ပေးခဲ့ရ တာပေါ့လေ။ သိပ်တော့ မများပါဘူး၊ အဲသည် ခေတ်တုန်းက ဆီစိမ် စွန်တကောင်မှ ပြား ၂၀ ပဲ ရှိတာကိုး။ သည်လိုနဲ့ စွန်လောကကိုလည်း ယောင်လို့တောင် လှည့် မကြည့်မိတော့ပါဘူးလေ။
အဲသလိုနဲ့ ဆယ်နှစ်သား ၀န်းကျင်လောက်ရောက်လာတော့ သူငယ်ချင်းတွေက ဘောလုံး စကန် နေကြတာပေါ့လေ။ ရှိသလောက် လူကလေး စုပြီး ၂ ဖက်ခွဲ၊ အိမ်ရှေ့က ကွင်းကြီးထဲမှာ မိုးတွေရွာပြီးဆို သွားသွား ကန်ကြတာပေါ့။ နဂိုရ်တုန်း ကတော့ ကျနော် မပါချင်ပါဘူး။ နောက်တော့ သူတို့တွေ ကန်နေတာကို ကြည့်ကြည့်ပြီး ကိုယ်လည်း ၀င်ကန်ချင်လာတယ်။ ဒါပေသည့် ဂေါ်လီ၊ ဂျင်နဲ့ စွန်လောက ၃ ခုကို ဥပေက္ခာပြု ထားခဲ့ရဖူးသူ ဆိုတော့ကာ သည်တခါတော့ အတော်လေး စဉ်းစားပါတယ်။ သွားကစားရင် ကောင်းမလား၊ မကောင်းဘူးလား- ပေါ့လေ။ သူတို့ ကန်နေတာ ကြည့်တော့လည်း သည်လောက် ခက်တာ မဟုတ်ဘူးလေ။ ဘောလုံးနောက် ပြေးလိုက်၊ ခြေထောက်နဲ့ ကန်၊ ဂိုးပေါက်ထဲ ကန်ထည့်၊ ဂိုးသမား ဖမ်းလို့ မမိရင် ဂိုးပေါ့။ သည်လောက်ပဲ မဟုတ်လား။ သိပ်မခက်ပါဘူး။ ဒါနဲ့ ကိုယ့်ကို အတော်ခင်တဲ့ သူငယ်ချင်းကို အပူ သွားကပ်ရတယ်။ ငါလည်း ပါချင်တယ်ကွ၊ ငါ့ကို မင့်အသင်းထဲ ထည့်ပါ-ပေါ့။ သူ့ အသင်းက သူငယ်ချင်းတွေ ကတော့ အင်တင်တင်ရယ်။ သည်ကောင် လာရှုပ်ပြန်ပြီပေါ့။ မလိုတမာအကြည့်တွေနဲ့။ သူငယ်ချင်းကလည်း အင်တင်တင်ပဲ။ လူကပြည့်နေပြီကွ-ဆိုပဲ။ ကိုယ်ကြည့်တော့ အားလုံးပေါင်းမှ ဆယ်ယောက် မပြည့်တာ လူက ဘယ်လို ပြည့်နေသလဲ-ပေါ့လေ။ ကွန်ပလိန်း တက်ရတာပေါ့။ ဘောလုံး တသင်းမှာ လူ ၁၁ ယောက် ကန်တယ် ဆိုတာလောက်တော့ ကိုယ်က သိနေပြီကိုး။ မင်းကလဲကွာ ခု ဆယ်ယောက်တောင် မပြည့်သေးတဲ့ ဟာကို-လို့ ပြောတော့ -အေးလေ ဟိုဖက်က ကောင်တွေ နောက်လူ တယောက်ထည့်ရင် မင်း ငါတို့နဲ့ ကန်ပေါ့-လို့ ကတိပေးတယ်။ အဲဒါမှ ဒုက္ခပဲ၊ ဟိုကောင်တွေက နောက်လူ တယောက် မထည့်ရင် ကိုယ်က ၀င်မကန်ရတော့ဘူး-ဆိုတော့ ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ရတာပေါ့လေ။ ကိုယ့်လိုပဲ အတော် အေးတဲ့ သူငယ်ချင်း တယောက်ရှိတယ်၊ သူကလည်း စာဂျပိုးကြီး၊ အေးတာ ကလည်း တနေ့လုံး နေလို့ စကား တခွန်း မပြောတဲ့ကောင်။ ဒါနဲ့ သူ့အိမ်ကို သွားပြီး သူ့ကို ဘောလုံးကန်ပါဖို့ အရေး အပြင်းအထန် ဆွေးနွေး ရပါတော့တယ်။ သူကလည်း ၂ ခါ မပြောရပါဘူး။ အေး ငါလည်း ကန်ချင်နေတာ-ဆိုပဲ။ ဟန်ကျလိုက်လေ။ ဒါနဲ့ ဟိုဖက် အသင်းက ကောင်တွေကို တခါသွားပြီး သံတမန် စကား ပြောရပြန်သေးတယ်။ ငါ သည်ဖက် အသင်းမှာ ကန်မလို့၊ ဒါကြောင့် မင်းတို့ လူမရှာရအောင် သည်ကောင့်ကို မင်းတို့ အသင်းထဲ ထည့်ပါ-ပေါ့။ သူတို့ကလည်း မငြင်းတော့ အတော် အဆင်ပြေသွားပါတယ်။ ဒါနဲ့ မိုးရွာတဲ့ တနေ့မှာတော့ ဘောပွဲကြီး စပါတယ်။ စကန်ကတည်းက ညမှောင်သွားတဲ့အထိ ခြေထောက်နဲ့ ဘောလုံး တချက်မှ မထိပဲ ဘောလုံးနောက်ကို ပြေးပြေးလိုက်ရင်း ဟောဟဲဆိုက်နေတဲ့ ကျနော့်ကို သူငယ်ချင်းတွေက ငြိုငြင်ပါတော့တယ်။ သည်လိုနဲ့ နောက် တပွဲမှာတော့ ဘောလုံးနောက်ကို ပြေးလိုက်စရာ မလိုတဲ့ ဂိုးသမား ဖြစ်သွားပါလေရဲ့။ အဲသည် နောက်တပွဲမှာလည်း သောက်သောက်လဲ ဂိုးလိုက်တာ ဟိုဖက်ကကောင်တွေ ကန်လိုက်သမျှ တလုံးမှ ကျနော် မမိရပါလားဗျာ။ အင်း-သည်လိုနဲ့ ဘောလုံးလောကကြီးကိုလည်း ၂ပွဲထဲနဲ့ မျက်နှာလွှဲခဲ့ရပြန်သပေါ့လေ။
သည့်နောက်မှာတော့ အားကစားဆိုလို့ ချက်စ်ထိုးတာရယ် အပျင်းပြေ ဂဏန်းပေါင်း တာရယ်က လွဲလို့ ခုန်ပျံပြေးလွှား အားကစားတွေနဲ့ ကျနော်နဲ့ ရှင်ခန်း ပြတ်ခဲ့ရပါကြောင်း။

14 comments:
အကိုတို့တော့..အသက်ကြီးမှ..အားရင်ကစားတာ
ဆိုလို့..ဖဲ ပဲရိုက်တော့တယ်
ဒါဆိုအကြံ ပေးမယ်နော် အလှဖန်တီးရှင်သင်တန်းတက်ပါလား?
ခင်မင်စွာဖြင့် အကြံပေးသွားသည်
အကိုရေးသွားတဲ့ထဲမှာ ကိုယ့်လိုဘဲ အတော်အေးတဲ့
သူငယ်ချင်းတယောက်ရှိတယ် ...ဆိုတာ တွေ့လိုက်တယ်...အဲဒါဆို အကိုကြီးက ရေခဲတုံး စာဂျပိုး ပေါ့လေ...ဒါကြောင့်မို့ အဲလိုစာတွေဖတ်ခဲ့လို့
ညီမတို့ အခုလို အကိုရဲ့  စာတွေ အများကြီး ဖတ်ရတာပေါ့နော်...အဲသည် အကို့ရဲ့  သူငယ်ချင်းတယောက်ရော ဘာဖြစ်သွားလဲ ....
ငယ်ငယ်လေး ၄ တန်းတုန်းကတော့ ကျောင်းမှာ အတန်းပိုင်ဆရာက ချက်စ်ထိုးတာကို အသင်းလိုက်
( ကျန်စစ်သား..ဘုရင့်နောင် .....) ဖွဲ့ ထားပေးပြီး
သင်ပေးခဲ့ ပြိုင်ခဲ့ဖူးလို့ အဲတုန်းကတော့ ကစားတတ်ဖူးတယ်...အခုတော့ မေ့ကုန်ပြီ (အဲတုန်းကဆရာနာမည်ကလည်း ဦးနေ၀င်းဆိုတော့ မှတ်မိနေတယ် ) အလည်တန်း..အထက်တန်းမကစားဖြစ်တော့ တာကြောင့်ဖြစ်မယ်..ဂဏန်းပေါင်းတာတော့ အခုဒီရောက်မှ သူငယ်ချင်းတွေသင်ပေးလို့ တွမ်တီဝမ်း
တခုတော့ ဆော့တတ်တယ်...ငယ်ငယ်တုန်းက ကစားတတ်တဲ့ထဲမှာ ဂျင် ကို မိန်းမထိုးရော ယောက်ကျားထိုးရော ပေါက်တတ်တယ်...
အကို့ရဲ့  ငယ်ဘ၀ လေးဖတ်ပြီး ညီမတော့ ပြန်မရတော့တဲ့ ငယ်ငယ်တုန်းက အချိန်တွေကို သတိရမိပြီ....
mie nge
ကိုအောင်သာငယ် အားမငယ်နဲ့ ကိုဧရာ အဖော်ရှိတယ်။ အခု သားကြီး ရေချမ်း ကျောင်းဘောလုံးအသင်းမှာ ဂိုးဖမ်း လုပ်နေလို့ မအေက လက်အိတ်ရယ်၊ ကျောမှာ သူ့နံမည်နဲ့ နံပါတ်က 17 ဆိုတာပါတဲ့ အင်္ကျီတထည်ရယ် ရင်းနှီးမြှုပ်နှံပေးထားတယ်။
အင်္ကျီတံဆိပ်နှိပ်တဲ့ ဆီမှာ ဘာနံပါတ်ယူမှာလဲ ဆိုတော့ 17 တဲ့။ သူ့မွေးနေ့မို့ ယူသလား မှတ်တယ်...အင်္ဂလန်က ဂိုးဖမ်းတော်တဲ့သူ ဘယ်သူဆိုလား အဲ့လူနံပါတ်က 17 မို့ တဲ့။
ကျောင်းက ချွေးသံတွေနဲ့ ပြန်လာရင် ကြားရပါတယ်။ မေမေ သားတို့က ၃ ဂိုး... ဟိုဘက်က ၁၁ ဂိုး ဆိုတာမျိုးး)
မိန်းခလေး ပေမယ့် အကိုထက်တော့ သာတယ်၊ ဂျင်ပေါက်တာ ယောက်က်ျားလေးလိုလဲ ပေါက်တတ်တယ်၊ လက်ပေါ်တင်ပြီးတော့လဲ ပေါက်တတ်တယ်၊ အထွက်စို့ အ၀င်စို့ ဆိုပြီး ဂျင်ဝိုင်းထဲမျာ ၀င်ရှုပ်ဖူးတယ်၊ အဲဒီကိုယ့်ရဲ့ ဂျင်ကြောင့် ကိုယ့်အဖေနဲ့ ကိုယ့်ဦးလေး ရန်ဖြစ်ကြတာ မှတ်မိသေးတယ်၊
သနားစရာကောင်းလိုက်တဲ့ အာကိုကြီး.....
အကြီးတွေက "ပါလေရာငပိချက်" လုပ်ခံရတာမဟုတ်ပဲ ရွယ်တူချင်းတောင် အင်တင်တင်လုပ်ခံရရှာတယ် ခွိခွိ..။
လောက်စာလုံးခေါင်ဖိုဖြို၊ စိန်ပြေး၊ ဘောလုံးကန်၊ ဘောလုံးပေါက်၊ ခွက်ပေါက်၊ ရုပ်ရှင်ဖွက်၊ တူတူပုန်း၊ သြဇာစေ့တောက်၊ သြဇာစေ့ စုံ-မဖွက်၊ ပတ်-ဒီထိုး၊ ထုတ်စည်းတိုး၊ အရုပ်ပစ်၊ သားရေကွင်းပစ်၊ ကျောက်ရုပ်-ကျောက်ဖျက်၊ ထမင်းချက်တမ်း ဟင်းချက်တမ်း၊ အရုပ်မနဲ့ ကစား၊ သေနတ်ပစ်တမ်း၊ သားရေကြိုးခုန်၊ ဖန်ခုန်၊ ဇာတ်ကတမ်း၊
ပြန်စဉ်းစားကြည့်မှ ကိုယ့်ကိုယ်ကိုယ် တော်တော် လက်လက်ထ ခဲ့မှန်း သတိထားမိတယ်..။
အနော်တို့ ငယ်ငယ်က မိန်းကလေးတွေက သေနတ်ပစ်တမ်းမှာပါသလို ကောင်လေးတွေကလည်း သြဇာစေ့ တောက်တတ်တယ်။ ၁၀ တန်းဖြေပြီးတဲ့ထိပဲ.. ဟီး....။
(အနော်လည်း ငယ်ငယ်က ဆော့တဲ့နေရာမှာ တော်တဲ့ထဲ မပါဘူး.. )
အားကစား မထူးချွန်တော့လဲ
ကဗျာလှလှတွေဖတ်ရဖို့ ဖြစ်လာတော့တာပေါ့..း)
လူတိုင်းက အကုန်လုံး နေရာတကာ ဘယ်တော် ပါ့မလဲ နော်
စွန်လွှတ်တဲ့ အကြောင်းလေး ပါလာလို့
ဒီအချိန် မြန်မာပြည်မှာ စွန်လွှတ်တဲ့ ရာသီ ပဲ. နော်
(mama)
ကလေးဘ၀တွေက တယောက်နဲ့ တယောက်မတူကြပါဘူး။
သူတို့ ကြီးပြင်းရတဲ့အခြေအနေ နဲ့ပတ်ဝန်းကျင် ကိုလိုက်လို့ပေါ့။
ဘောလုံးကန်သာတော်ခဲ့ရင် ခုနေ အောင်သာဒီးညိုဆိုပြီး နာမည်ကြီးနေမှာ ရုပ်ချင်းက ဆင်ဆင်ရယ်လေ။ :)
မအယ်
ဒီပို့စ် ဖတ်ရတာ အခန်းဆက်ရှိနေသေးသလိုပဲ
မထူးချွန်တဲ့အကြောင်းတွေပြီး၇င် ထူးချွန်တာတွေ ဖတ်ရမယ် ထင်ရဲ့..း)
(mama)
ဂဏန်းပေါင်းတဲ့ ကစားနည်းက ဘာပါလိမ့်လို့
တွေးနေမိတာ အပေါ်က ကွန်မန့်တွေဖတ်ကြည့်တော့မှ သဘောပေါက်တော့တယ်.. တုံးချက်..း(
(mama)
စွန်လွှတ်တာနဲ့ ဘောကန်တာကလွဲလို့ ကျန်တာ ကျနော်နဲ့ တူသဗျာ။ ဟေး ဟေး။
ဟေး အကိုကြီး
ရှုံးတိုင်းသာ ကျောခိုင်းရရင်တော့ ချိုသင်းလဲ ဘာမှ ကစားလိုက်ရမှာ မဟုတ်တော့ဘူး။ ဆော့သူများ အနှောင့်အယှက်မဖြစ်ရင် တော်ပါပြီ။ နည်းနည်းလေးတော့ ၀င် ဆော့ပါရစေ..
ပုံ
ဗြောင်းဆန်အောင် ဆော့ခဲ့သူတဦး
ကို တော်တာတွေ..သိပ်မကြွားနဲ့လေ.. တော်ကြာ..ခု..ရတနာပုံ အသင်းက.. နည်းပြ လာငှားနေအုံးမယ်။ :D
အားကစားတော်တော် လုပ်တာပါလားးးးးးးးးးးအဟိ။
ဒါ့ကြောင့်ပေါ့ဗျာ... ဘယ်သူနဲ့မှ မတူတဲ့ ကဗျာလှလှလေးတွေ ဖန်တီးတတ်တယ်။
Post a Comment