Sep 22, 2008

ပထမဆုံးများ (နောက်ဆက်တွဲ)

ကျနော် Tag ထားတာကို အရေးတယူ ပြန်ရေးပေးခဲ့တဲ့ ညီတွေ ညီမတွေ ဖြစ်တဲ့ မျိုးဝင်းဇော်၊ ဆောင်းယွန်းလ၊ ကိုအောင်၊ icn2၊ လင်း၊ သူတို့ ရေးတာလေးတွေ ဖတ်ပြီးသွားတော့ ကျနော့် ပထမဆုံးများမှာ မပါတဲ့ သူတို့ရဲ့ ပထမဆုံးများကို ကျနော်ကလည်း ပြန်ရေးပေးသင့်တယ်လို့ ထင်လို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ရေးလိုက်ပါတယ်။

အဲတော့ ကျနော် Tag ထားတဲ့ ကျန်တဲ့ ညီအကိုမောင်နှမများလည်း အောက်ပါ ပထမဆုံးတွေကိုပါ ထည့်ရေးပေးပါလို့ ပြောပါရစေ။ သို့သော်လည်း ကိုယ်နဲ့ မတိုက်ဆိုင်ရင်တော့ ချန်လှပ်ခဲ့ပေါ့လေ။

ပထမဆုံး ရဖူးသော လက်ဆောင် - ၅ တန်းမှာ ယုယုကြိုင်ဆိုတဲ့ သူငယ်ချင်းမလေးက ပေးတဲ့ အပြာရောင် ဘော့ပင်လေး။ (ခုတော့ အဲသူငယ်ချင်းလည်း ဘယ်ရောက်နေပြီ မသိတော့)

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) - ၁၉၈၈ ခုနှစ် ဇန်န၀ါရီမှာ ၄၅၀ နဲ့ တကျပ်ဖိုးပေါက်တယ်။ သူငယ်ချင်းတွေကို ပြန်ကြွေးရတာက ထီပေါက်တာထက် ပိုကုန်တယ်။)

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - မေခလာ။ တောင်ဥက္ကလာပမြို့နယ် ၁၄ လမ်းဆုံမှာ ရှိသည်။ စားပွဲထိုးတွေက ကောင်မလေးတွေလေ။း)

ပထမဆုံး ၀င်ငွေရှာသော အလုပ် -
ဆေးဆိုးပန်းရိုက်။ (ဆေးဆိုး၊ ဖယောင်းခွာ၊ တုံးထု - အားလုံးလုပ်ရပါသည်) (အင်ဒိုနီးရှား ပါတိတ် အတု။ အင်ဒိုနီးရှားက လာတဲ့ ပါတိတ် ဒီဇိုင်းတွေအတိုင်း ကော်ပီလုပ်ပြီး ပြန်ရိုက်တယ်။ ပြီးတော့ ကော့သောင်းကို ပို့တယ်၊ ကော့သောင်းကနေ ရန်ကုန်ကို ပြန်ဝင်လာတယ်။ ရန်ကုန်ရောက်တော့ ဘူးပါတိတ်ဖြစ်သွားရော။ ထောင်ကျော်တန်တယ် အဲတုန်းက)

ပထမဆုံး ရဖူးသော လစာ -
တထောင့်လေးရာလို့ ထင်တယ်။ သေချာ မမှတ်မိတော့ဘူး။ အဖွားကို ငွေ ၅၀၀ သွားကတော့တယ်၊ အမေ့ကို ငွေ ၅၀၀ အပ်တယ်။ ကျန်တာကို သယ်ရင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ သုံးလိုက်တယ်။

ပထမဆုံး ရင်ခုန်မှု - ပထမဆုံး ရည်းစားဖြစ်မယ့် ကောင်မလေးဆီမှာ အဖြေ လိုက်တောင်းတုန်းက။ (သူငယ်ချင်းတွေ မြှောက်ပေးလို့ ကျောင်းဆင်းတော့ သူ့ အိမ်အပြန်လမ်းမှာ လူတွေကြားထဲ အတင်းလိုက်ပြီး မေးရတာ။ ရင်တွေက တဒိတ်ဒိတ်နဲ့။)
စာ ဖတ်ပြီးပလား အင် - (ဟင် တောင် အသံမထွက်နိုင်။ အလိုလို အာခြောက်လာသည့်ကြားထဲက အတင်းပြောရသည့် စကား)
ဘာစာတုံး - (သူ့ရှေ့က လမ်းကိုသာ ကြည့်ပြီး လူကို လှည့်မကြည့်ပဲ ပြန်ပြောသည်)
မတွေ့ဘူးလား မနေ့က လွယ်အိတ်ထဲမှာ ထည့်ခဲ့တယ်လေ (မုန့်စားဆင်းချိန် လူအလစ်မှာ ထည့်ခဲ့တာပါ)။
တွေ့တယ် -
အဖြေပေးဦးလေ -
မသိဘူး -
အာ ... အဖြေတော့ပေးရမှာပေါ့ -
မသိဘူး ဆို -
(နည်းနည်း အော်စပြုလာပြီ)
အာ -- (ဘာဆက်ပြောရမှန်းလည်း မသိတော့ ဘေးကပဲ လိုက်လျှောက်နေရသည်မှာ အတော်ကြာသည်)
လမ်းထဲ မလိုက်နဲ့နော် အရိုက်ခံရလိမ့်မယ်- (အဖြေတော့ မပေး အရိုက်ခံရမှာတော့ ပူပန်နေပုံရ၏း)
(ကျနော်လည်း တချိုးတည်း နောက်ကြောင်းပြန်လှည့်ခဲ့တယ်။ သယ်ရင်းတွေက နောက်ကလိုက်လာတာ - ဟကောင် အဖြေရပြီပေါ့ - ၀ိုင်းမေးကြတော့ - ရဘူး။ သူ့ လမ်းထဲကကောင်တွေ ၀ိုင်းရိုက်လိမ့်မယ်လို့ ပြောတယ် ဟ။ ဒါနဲ့ ငါ ပြန်လှည့်လာခဲ့တာ။ - အားလုံး ကျနော့်ကို ၀ိုင်းဆဲကြပါသည် - လခွီး အဲလောက် ကြောက်ရလား ငါတို့ ၅ ယောက်တောင် ပါတာပဲဟာ။ - သည်လိုနဲ့ နောက်ရက်တပတ်မှာ ရည်းစားဖြစ်ခဲ့ပါ၏)

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) -
ခိုင်ထူးရဲ့ သီချင်းတပုဒ်ပန်းတဆုပ်။

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - ဂစ်တာကမ္ဘာမှ။

ပထမဆုံး ဂစ်တာသင်ပေးသော ဆရာ - ကိုကျော်ဇောအောင် (စာရေးဆရာ ဗန်းမော်တင်အောင်၏ သားအငယ်ဆုံး)

ပထမဆုံး အကြိမ် ကက်ဆက်ဖြင့် သွင်းသော သီချင်း -
ခိုင်ထူးရဲ့ စိုးစံစားစေ

ပထမဆုံး ဂစ်တာနှင့် တီးသော သီချင်း -
ကိုင်ဇာရဲ့ တဖက်သတ်ကိုကို။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ -
Eagles' Hell Freeze Over

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ( အချစ် ၊ ဒရမ်မာ )ဝတ္ထုစာအုပ် -
Wuthering Height by Emily Brontë

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း -
၃ တန်းတုန်းက လက်သီးထိုးတမ်းကစားရင်း အုပ်လိုက်ကြီး ရန်ဖြစ်ကြသည်။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - စတုတ္ထတန်းမှာ ချင်းတော်လှန်ရေးသမား ကျွမ်းဘိ အကြောင်း။

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၇ တန်း (အကိုကြီးနဲ့ သူငယ်ချင်းတွေ ဆွယ်လို့ ကန်တော်ကြီးမှာ ရေသွားကူးမယ် ဆိုပြီး ကျောင်းပြေးတာ။ ဒါမယ့် ရေမကူးတတ်လို့ အဖွားအိမ်ကိုပဲ သွားခဲ့တယ်။ နောက်နေ့ကျတော့ ၇ ယောက်လုံးကို ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်တင်ဦးက ကြိမ်လုံးနဲ့ ၇ ချက်စီ ဆော်တာခံရတယ်။ ၇ တန်း ကျောင်းသားတွေမို့ ၇ ချက် ရိုက်တယ်လို့ ဆရာမကြီးက ပြောခဲ့တာ ခုထိ အသည်းထဲ စွဲနေတယ်။ ကျောင်းပြေးတော့ ၇ တန်း၊ ကျောင်းပြေးတဲ့သူတွေက ၇ ယောက်၊ အဆော်ခံရတာက ၇ ချက် ဆိုတော့ ဘ၀မှာ ၇ သုံးလုံးကို ဘယ်တော့မှ မမေ့တော့ဘူး။ အဲကတည်းက နောက်ထပ် ကျောင်းမပြေးတော့ဘူး ဆယ်တန်း အောင်တဲ့အထိ။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - အဖွားအိမ်။ (ကျောင်းပြေးပြီး အဖွားအိမ်မှာ နေမကောင်းဘူးလို့ ညာပြောပြီး မဂ္ဂဇင်းတွေ ဖတ်တယ်)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် -
၁၉၈၀။

ပထမဆုံး သောက်ဖူးသော စီးကရက် -
ဒူးယား။ (ဆယ်တန်းမှာ လူကြီးအိုက်တင်ခံပြီး စသောက်တာလေ)

ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာကြီးမြစကြာရဲ့ သူရဲတစ္ဆေအကြောင်း စာအုပ်တွေ။ (နံမည်တွေတော့ မမှတ်မိတော့ဘူး)

ပထမဆုံး ဆရာမရိုက်ခြင်း ခံရသောအမှု -
၇ တန်းကျောင်းသားဘ၀ အင်္ဂလိပ်စာ ပြဌာန်း စာအုပ်ပေါ်မှာ ပုံတွေဆွဲထားလို့ အင်္ဂလိပ်စာ ပြတဲ့ ဆရာမ ဒေါ်စန်းစန်းဝင်းက လက်သီးဆုပ်ခိုင်းပြီး လက်ခေါက်တွေကို ပေတံဇောင်းနဲ့ ရိုက်တာခံခဲ့ရတယ်။ ပထမဆုံးအကြိမ် အရိုက်ခံရဖူးခြင်းပေါ့။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း -
ပြည်လှဖေရဲ့ နတ်ရှင်နောင်

ပထမဆုံး စင်ပေါ်တွင် သီဆိုခဲ့ဖူးသော သီချင်း - ခိုင်ထူးရဲ့ တွေဝေလမ်းခွဲ

ပထမဆုံး ဂစ်တာကို စံနစ်တကျ တီးခတ်တတ်ရန် သင်ပေးခဲ့သူ - ဦးမင်းနိုင်အောင် (မြန်မာ့အသံ)

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - သေ့ဘောဘိုးစခန်း ဆေးရုံ။ ၁၉၈၉ ခုနှစ် အောက်တိုဘာ။ ငှက်ဖျားနဲ့ပထမဆုံးအကြိမ် ဆေးရုံတက်ရခြင်း။ (ဒေါက်တာညာဏ်လင်း ကုပေးသည်)

ပထမဆုံး စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရသော အဖြစ်အပျက် - ၁၉၈၉ ဇွန်လ၊ ထိုင်းမြန်မာနယ်စပ် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ ဖလူး ခံတပ်အတွင်း န၀တ တပ်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရသော ညတိုက်ပွဲ။ (ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ မအိပ်မနေနေခဲ့ရသောည)

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ယောဟန်အောင်

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ကေသွယ်

စာကြွင်း။ ။ နောက်ထပ်ရေးမည့် ညီ ညီမများ၏စာများအလိုက် နောက်ထပ် ပထမဆုံးများလည်း ထပ်ရှိနေနိုင်ပါသည်။ သို့ဖြစ်လျင် ပထမဆုံးများ (နောက်ဆက်တွဲ-၂) လည်း လာကောင်းလာပါမည်။း)

12 comments:

Kaung Kin Ko said...

ပထမဆုံးများ ဒုတိယတွဲကို ဖတ်သွားတယ် အစ်ကို။ ဖလူး ခံတပ် ကိုယ်တွေ့ တိုက်ပွဲလေး အကြောင်း ကြုံရင် ရေးပါဦးအစ်ကို။

Anonymous said...

မမှတ်မိလို့  သူများရေးတာတွေလိုက်ဖတ်ပြီးမှရေးမယ်နော့် ခဏစောင့် အန်ကယ်ရေ့း)

ကိုအောင် said...

ပြန်တော့ ရေးပမယ် အကိုကြီးရေ။ နည်းနည်းတော့စောင့်ပါ။ ဒီနေ့ ဒိန်းမတ်ဘာသာစကား သင်တန်းကျောင်းက နောက်ဆုံး အကြိုစာမေးပွဲ အစမ်း
သဘော စစ်မယ်လုပ်နေလို့။ စိတ်ချ ရေးပမယ်။

wai lin tun said...

မှတ်ပဲမှတ်မိနိုင်လွန်းတယ် ကိုယ့်ဆရာရယ်။ ပထမဆုံးတွေကို နောက်ဆက်တွဲနဲ့တောင် ရေးယူရတယ်နော်။ အရေးတယူမလုပ်လို့ မရေးသေးတာတော့ မဟုတ်ပါဘူးဗျာ။ ကျနော်က အမှတ်သညာနည်းတော့ ပထမဆုံးတွေ နေရာမှားကုန်မှာ စိုးလို့ပါ။ အခုတော့ သူများတွေ ရေးတာ လိုက်ဖတ်လိုက်အုန်းမယ်။
ဘာပဲဖြစ်ဖြစ် ဘလော့ရေးသက် တနှစ်ကျော်အတွင်း ကျနော့်ကို tag တာကတော့ ကိုအောင်သာငယ် ပထမဆုံးပဲ။
ချမ်းမြေ့ပါစေဗျာ

Myo Win Zaw said...

အစ်ကို ပထမတွေထပ်ဖတ်သွားတယ်

မင်းဒင် said...

ကိုအောင်သာငယ် ခင်ဗျာ။
မျက်စေ့လည်ပြီး ရောက်လာတယ်ဗျ။သဘောကျတယ်ဗျာ။
တမင်လာပါအုံးမယ်။ အခေါက်ခေါက်လာပါအုံးမယ်။။
လေးစားလျက်
မင်းဒင်

ဇင်ယော် said...

ဟိုက်ရား...ပထမဆုံးတွေ ထပ်တိုးသွားပြန်ပြီပေါ့။ ရေးမယ်နော် အစ်ကို၊ ခဏလေးတော့ စောင့်။ သိပ်မကောင်းတဲ့  မှတ်ဥာဏ်တွေကို ပြန်ပြီးအလုပ် ပေးလိုက်ဦးမယ်။

ဆောင်းယွန်းလ said...

အကိုရေ..အကို့ရဲ့ပထမဆုံးများနောက်ဆက်တွဲကပိုပြီး
စိတ်ဝင်စားဖို့ကောင်းလာသဗျို့...အဆင်ပြေရင်ထပ်ပြီး
ရေးပါဦးဗျာ..

tututha said...

ကိုအောင်သာငယ်ရဲ့ ပထမဆုံးတွေက တော်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်မှန်းနဲ့ ဖြေကြည့်တာတောင် တော်တော်များများကို မမှတ်မိဘူး။ တော်တော်ဦးနှောက်ကောင်းတဲ့ အတွက် တော်တော် လေးစားမိပါတယ်။
ခင်မင်စွာဖြင့်
ttt

ကလူသစ် said...

ကလူသစ်ကတော့ တော်ပြီ :)

သစ်နက်ဆူး said...

ကိုအောင်....
မှတ်ဥာဏ်ကောင်းလိုက်တာဗျာ...
ကျနော်ဆို အဲဒီလောက်မမှတ်မိပါဘူး....
ကိုအောင်တက်ဂ်ထားတာ ရေးမယ်ဗျ...ခုမရေးသေးလို့ စိတ်တိုမနေနဲ့ ဦး။။။

ATN said...

ကောင်းကင်ကို - ရေးပေးပါ့မယ် ညီရေ့။

တူမောင်မျိုး - ရေးပြီး မဟုတ်လား။

ကိုအောင် - အေးဆေးပေါ့ ညီရေ့။

wai lin - ကိုဝေလင်း အတွက် ပထမဆုံး၊ ကျနော့်အတွက် ပထမဆုံး၊ အမှတ်တရပေါ့ဗျာ။

myo win zaw - နောက် ဖတ်စရာ ရှိသေးဦးမယ်၊

min - လာလည်ပါ၊ တံခါးဖွင့်ထားလျက် ---

ဇင်ယော် - ခုတော့ ရေးပြီးပြီပဲ ဟ။

Saung Yune La (aka) Way - ကိုဆောင်းကတော့ မြှောက်ပေးနေပြီ။

tututha - မှတ်မိသလောက်လေး ပြန်ရေးတာပါဗျာ။

ကလူသစ် - သိနေတယ်လေ။ မိန်းမရိုက်မှာ ကြောက်လို့ ...

thorn museum - ကိုသစ်လည်း အရေးကောင်းပဲဗျ။