Sep 19, 2008

နေပျော်တဲ့ကောင်းကင်






















ခွေခေါက်ထားရတဲ့ မြစ်ကို
ဒီနေ့တော့ မီးပူထုတ်တိုက်ပစ်လိုက်တယ်။
အညောင်းပြေသွားတဲ့ မြစ်ဟာ
လမ်းတွေပေါ် ပြေးဆင်းသွားလေရဲ့.....

အရွက်တွေ စိမ်းလွန်းတဲ့
သစ်ပင်အောက်မှာနေထိုင်ရင်း
အရိပ်ကြောက်နေရှာတဲ့
အိမ်ရှေ့က ပန်းပွင့်တွေ
ငါ သနားမိနေသေးတယ်။

လေရူးတွေ သေတဲ့နေ့မှာ
နေကတော့ ပူတုန်းပါပဲ။

နွေဦးကို မျှော်ဖို့ရာတောင်
ပျံလွှားတွေကို အရင်ဆုံး ရှာရမှာမို့
ငါ လက်လျော့ခဲ့ပါတယ်။

ပင်လယ်တွေကတော့
နေပူမှာ ငွေ့ရည်ဖွဲ့ဖို့
အဝေးဆုံးအရပ်ကနေ ချီတက်လာကြလေတယ်။
တောင်တန်းတွေအပေါ်တောင်
ကျော်လွှားသွားကြဦးမတဲ့
သူတို့ရဲ့ တက်ကြွနေပုံ
(သို့ပေမယ့်)
ငါ ရင်မခုန်တတ်တော့ပါဘူး။

ကောင်းကင်အသေကတော့
တိမ်တွေကိုတောင် သယ်ဆောင် မထားလေဘူး
ဟာလာလင်းလင်းနဲ့
ချစ်ခြင်းမေတ္တာကင်းမဲ့နေပုံ
ငါ အစွမ်းကုန် မုန်းမိရဲ့ ......

အချင်းချင်းစကားများရင်း
ပျံသန်းသွားတဲ့ ငှက်တချို့ဟာ
တေးဆိုရတာ မောလာကြပုံပါပဲ
သူတို့ရင်အုံကိုကြည့်ရင်
ငါ သိတာပေါ့....

ငါကတော့
လမ်းလျှောက်ရဦးမယ်လေ..
လမ်းရှိနေသေးသရွေ့...
တ၀ ပင်ပမ်းခဲ့တဲ့ နေ့တွေကိုတော့
မေ့လျော့ထားချင်ရဲ့...

ဒီလိုနဲ့
တမိုးချုပ်ပြန်လေဦးမယ်။

လရောင်ကတော့
ဟောဟို တောင်ကြားထဲ ပုန်းနေဆဲပါပဲကွယ်။

ATN

7 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကိုအောင်သာငယ် အလုပ်ရှုပ်တာတွေပြီးသွားပြီပေါ့၊
ကလေးတွေက ပတ်ဝန်းကျင်အသစ်နဲ့တော့ စိမ်း
နေမှာပေါ့၊ ဆောင်ဦးပေါက် ရာသီဆိုတော့ ပျံလွှာ
ဌက်တော့ မမျှော်နဲ့အုံး ကိုယ့်ဆရာ၊ ဒါနဲ့ တော်
တန်း လား .. တောတန်း လား အကို၊
လမ်းရှိသရွေ့ ဆက်လျှောက်မယ့် အကိုအနောက်
က ကျနော် တိတ်တိတ်လေး လိုက်ခဲ့မယ်။

Moe Cho Thinn said...

အရမ်းကောင်းတဲ့ ကဗျာပဲ အကိုရေ..။
စောင့်ရကျိုးနပ်ပါပေတယ်။ ကျေနပ်ပြီး ပြန်သွားတယ်။

thorn musem said...

ကိုအောင်သာရေ...ဒီကဗျာလေးကို ကျနော်ကြိုက်တယ်ဗျာ..သိမ်းထားမယ်..။

Nyein Chan Aung said...

ငါကတော့
လမ်းလျှောက်ရဦးမယ်လေ..
လမ်းရှိနေသေးသရွေ့...
တ၀ ပင်ပမ်းခဲ့တဲ့ နေ့တွေကိုတော့
မေ့လျော့ထားချင်ရဲ့...

ဒီလိုနဲ့
တမိုးချုပ်ပြန်လေဦးမယ်။

လရောင်ကတော့
ဟောဟို တောင်ကြားထဲ ပုန်းနေဆဲပါပဲကွယ်။

ကဗျာဖတ်ပြီးတော့ အသက်ရှူကြပ်သွားတယ်။ နိမိတ်ပုံတွေ အရမ်းကောင်းတယ်။

chaos said...

လရောင်က တောင်ကြားမှာပုန်းကွယ်နေပေမယ့်
လဆိုတာ ရှိနေမှန်းတော့ ခံစားမိနေပါတယ်။
တစ်နေ့နေ့တစ်ချိန်ချိန် လသာညပေါင်းများစွာရဲ့ ချိုမြိန်မှုကို ခံစားနိုင်ရဖို့ မျှော်လင့်မိတယ်။

အောင်သာငယ် said...

ညီလေးကိုအောင် - ပျံလွှားတွေကိုပဲ တွေ့ချင်ပါတယ်။ လမ်းကိုတော့ ရင်ဘောင်တန်း အတူလျှောက်ကြတာပေါ့။
ညီမငယ် ချိုသင်း - ကျေနပ်နှစ်ခြိုက်တဲ့အတွက် ၀မ်းသာမိပါရဲ့။
ကိုသစ် - ကြိုက်နှစ်သက်စွာ သိမ်းထားတဲ့အတွက် ကျေးဇူးအထူးပါ။
ညီလေး ငြိမ်းချမ်းအောင် - အသက်ရှူကျပ်ခဲ့လို့ ဒီကဗျာနဲ့ အောက်ဆီဂျင် ယူခဲ့တာလေ။
ညီမ ခေးအော့စ်- မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နေကြရတာပါ။

MaMa said...

ကောင်းတယ်ရှင့်..
ဒီကဗျာလေး..အရမ်းကြိုက်ပါတယ်.....။