Jan 27, 2009

အလုပ်သစ်လျှောက်ထားခြင်း

အိုဗားမားလည်း သမတဖြစ်ပါပြီ။ လူတွေအားလုံးလည်း ပျော်နေကြသည်။ ဘာ့ ကြောင့်မှန်း တော့ မသိပါ။ တချို့ ပြောတာ အကြားအရတော့ သူက လူဖြူ မဟုတ်လို့ ဆိုလား။ လူဖြူ မဟုတ်သူ သမတ ဖြစ်တာနဲ့ လူ အားလုံး ပျော်နေကြရ သည်လား။ စဉ်းစားစရာ ကောင်းလှ သည့် အချက်ပါပေ။ လူဖြူ ဟုတ်သူ သမတဖြစ်လျှင် လူအားလုံး မပျော်ကြ ဟု အဓိပ္ပါယ် ပြန်ကောက်နိုင်လေ မည်လား။ သို့သော်လည်း စဉ်းစားစရာ ရှိသည်က အိုဗားမား သမတ ဖြစ်သည့်အတွက် လူတွေ အားလုံး ပျော်နေကြသည် ဆိုတော့ လူဖြူတွေပါ ပျော်နေကြ လေသည်ပေါ့။ ကောင်း၏... ကောင်း၏...။

အိုဗားမား၏အစိုးရသစ်လည်း အလုပ်စ၀င်နေပေပြီ။ အလုပ်အကိုင်နေရာသစ် ၄ သန်း ကျော် ဖန်တီးပေးမည်ဟု ပြောသံကြားရသည်။ ဟေလာရီ ကလင်တန်ပင် နိုင်ငံခြား ရေး ၀န်ကြီး အလုပ် ရရှိသွားချေပြီ။ အောင်သာငယ်နှင့် သူငယ်ချင်း ၈ ယောက်မှာ မူကား အလုပ် မရသေးပါ။ အိုဗားမားနှင့် တွေ့မှ သည်အကြောင်း ပြောပြရချေ ဦးမည်။ ၀န်ကြီးရာထူး တောင်းရန် မဟုတ်ပါ။ အလုပ်ရှာရ ခက်ခဲ နေကြောင်း အသိ ပေးရန်သာ ဖြစ်ပါသည်။ ထို့အပြင်တ၀လည်း ဂွာတာနာမို နှိပ်စက်ရေး အကျဉ်းစခန်းကို ဖျက်သိမ်းကြောင်း၊ တရားဝင် လူသတ်သည့် ကိုယ်ဝန် ဖျက်ချသည့် ရန်ပုံငွေ အစီစဉ်ကို ဖျက်သိမ်းကြောင်း ဥပဒေတွေ ထုတ်သည် ဟုလည်း ကြားရပါသည်။ သာဓု... သာဓု... သာဓု...

- အတိုက်အခံတွေရဲ့ အသံတွေကို တိတ်အောင် လုပ်ထားပြီး အဂတိ လိုက်စားမှုတွေ၊ လိမ်ညာမှု တွေနဲ့ အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ ဘက်မှာ ရှိနေကြတယ် ဆိုတာ သိရမယ် - လို့ အိုဗားမား ပြောနေသည် ကိုလည်း နားထောင် လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တကယ်လုပ်တာ မလုပ်တာ အသာ ထားဦး အကြားနဲ့တင် အားရှိပါသည်။

အိုဗားမား အစိုးရသစ်အကြောင်း ပြောမိတော့မှ ဟို အစိုးရ အကြောင်းကို သတိရမိ သွားသည်။ သူတို့လည်း ဒီမိုကရေစီ နည်းကျကျ ရွေးချယ် တင်မြှောက်ကြပြီး အစိုးရ အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်း လိုက်သည်ဟု ကြားရသည်။ CNN မှတော့ မဟုတ်ပါ။ အင်တာနက်ပေါ်ရှိ ဘလော့များမှ တဆင့် ဖတ်ရခြင်းပါ။ သို့သော်လည်း အိုဗားမား အစိုးရသစ်လို အလုပ်အကိုင် နေရာသစ် ၄ သန်းကျော် ဖန်တီးပေးဖို့ ခမျာများ အခက် အခဲ ရှိပုံ ပေါ်နေသည်။ ၀န်ကြီးနေရာ ၃ ခုသာ ဖန်တီး ပေးနိုင်သည်ဟု ဖတ်ရှုရ လေသည်။ သနားစဖွယ် ကောင်းလေစွ။

ဟို အစိုးရဆီမှာတော့ အောင်သာငယ်တို့ သူငယ်ချင်းတွေ အလုပ်မရသေးကြောင်း သွားပြော လို့ အကျိုး ထူးမည် မထင်။ သူတို့တောင် အစိုးရ အလုပ်ကလွဲ၍ အခြား အလုပ် မရှိလို့ ငတ်နေသဖြင့် တနေ့ ထမင်း ၃ နပ်ပဲ စားနိုင်ရှာသည် ဆိုလား သတင်း သဲ့သဲ့ ကြားရသည်။ ဟုတ် မဟုတ်တော့ မသိပါ။ အင်တာနက်ပေါ်မှာက ပြောချင်တာ ပြောလို့ ရနေကြသည် မဟုတ်လား။ သို့သော်လည်း အိုဗားမား ပြောသလို - ဘာလုပ်မည်၊ ညာလုပ်မည်၊ ဘာတွေ ညာတွေ စီစဉ်မည် - အစ ရှိသည်ဖြင့် ဟို အစိုးရ ထံမှ ပြောသံ ဆိုသံ မကြားရပါ။ ထို့ပြင်တ၀လည်း အိုဗားမားပြောသလို - အာဏာကို ဖက်တွယ်ထားတဲ့သူတွေ ခင်ဗျားတို့ကို ဘာ... ဘာ... ညာ... ညာ... လုပ်မယ် - အစ ရှိသည်လည်း ဟို အစိုးရက ပြောသည်ကို မကြားရ ပြန်ချေ။ - အာဏာကို ဖက်တွယ် ထားတဲ့သူတွေ ခင်ဗျားတို့ အာဏာကို ဖက်တွယ် ထားသမျှ၊ ကျုပ်တို့ အိမ်ပြန်လို့ မရဘူး။ ကျုပ်တို့ အိမ်ပြန်လို့ မရသမျှ ကျုပ်တို့ မိသားစုတွေ နိုင်ငံရပ်ခြားမှာ ကောင်းစား နေကြတော့မှာပဲ - အစ ရှိသည်ဖြင့် ပြောသံများ ကိုလည်း မကြားကြရပါပေ။ (မကြားရတဲ့ အကြောင်းလေး ပြောတာပါ၊ မကြားရတဲ့ အတူတူ ဘာမှ မကြားရတာက အားလုံး အတွက် ပိုကောင်းလေသလားလို့ပါ...း)

ဟို အစိုးရက ပြောသည်ကို ဘာမျှ မကြားရသော်လည်း ဟိုအစိုးရ၏ ဟိုလူနဲ့ ဟို အုပ်စု၏ ဟိုလူတို့... တယောက်နဲ့ တယောက် အပြန်အလှန် ဆဲရေးနေ... အဲ... အဲ.. ပြောဆိုနေ... သည်ကိုတော့ ဟိုမှာ သည်မှာ ကြားရ... အဲလေ... ဖတ်ရပါသည်။ စိတ်ဝင်စားဖွယ် ကောင်း လေစွ...။ အလုပ် ပြုတ်နေတုန်း အလုပ် မရှိသဖြင့် အားလျား နေသော အောင်သာငယ်တို့ သူငယ်ချင်း တစု အတွက်တော့ ဖတ်စရာများ ရချေပြီ။ ဗဟုသုတလည်း ရချေသည်။ ဝေါဟာရ အသစ်များလည်း တွေ့ကြရချေသည် ။ ဖတ်ရှုရသူ အားလုံး အတွက် အကျိုးအမြတ်ကား ကြီးမား များပြားလှချေသည် တကား။ အားလုံး ကိုယ်စား... ကျေးဇူးပါ...။ မောင်မင်းကြီးသားများ... ကျန်းမာ ချမ်းသာ ကြပါစေ... မေတ္တာ ပို့ရမည် မဟုတ်တုံလော...။

သို့သော်လည်း သူတပါး အကြောင်း လေဖောင်း ရုံမျှဖြင့် လူ မပီသသေး...။ သမုဒ္ဒရာ ၀မ်းတမိုင်အတွက် အသက် မသေနိုင်မချင်း ရှာဖွေကာ သွတ်သွင်း နေရဦးမည့် တလုပ်သော ထမင်း အတွက် ဟင်းတခွက် ချက်... အဲလေ... အလုပ် တခု... ရှာရပေ ဦးမည် တကား။ အလုပ် ရှာရသည်မှာကလည်း စီးပွား ပျက်ကပ် ဆိုက်နေသည့် အမှောင် တိုက်ကြီးထဲ မီးသွေးခဲ ရှာရသလို ဖြစ်နေ ချေသည်။ နီးစပ်ရာ သူငယ်ချင်းများကို အားကိုး မရနိုင်တော့သည့် သည်လို အချိန်မှာ အဝေးရောက် စင်ပြိုင် အစိုးရ... အဲ... အဲ... အဝေးမှ ညီအကို မောင်နှမ သူငယ်ချင်းများကိုသာ အားကိုး ရချေ တော့မည်။

သည်လိုနဲ့ အနီးဆုံးမှ ညီမအရင်း ခေါက်ခေါက်ကြီး ဖြစ်သော မိုးချိုသင်း ထံမှ လဘက် တထုပ် တောင်းစား ပြီးသည့်အခါ အဝေးဆုံးမှ သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး များထံ အလုပ် တောင်းစား... အဲ... အဲ.. အလုပ် တောင်းရန် စိတ်ကူး ပေါက်ခဲ့ပြီး သကာလ အရင်းနှီးဆုံး ညီအကိုတော် ရဲဘော်ကြီး ဦးဂင်ကြီး ထံ ချဉ်းကပ် ကြည့်ရာ - ကျနော်လည်း မနေ့ကပဲ Lay Off ထိသွားပြီ - ဆိုသည့် သူ့အသံက သေနတ်မှန်သလို နောက်လန် ကျသွားစေ ပါတော့သည်။ - ခုမှပဲ သတိရတော့တယ်... သည်နိုင်ငံထဲ ရှာနေလို့တော့ မဖြစ်ချေဘူး။ အားလုံးက အလုပ်ပြုတ် နေတာ ဆိုတော့ နိုင်ငံရပ်ခြားမှာ သွားရှာမှ... ဟ... - သူငယ်ချင်းတွေကို ပြောမိတော့ - ဟကောင်... ငကြောင်ရဲ့... ဒီနေရာကရော... နိုင်ငံရပ်ခြား... မဟုတ်လို့လား... လခွီး... - လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရတော့မှ - အေးလေ... ဟုတ်သား... - ဆိုပြီး ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံကြီးကို ခဏထားပြီး ကမ္ဘာ့ အင်အား မကြီးသော နိုင်ငံတွေဖက် လှည့်စဉ်းစားမိ လေသည်။

အနီးဆုံးက လင်းထက် ကို သွားသတိရသည်။ သည်ကောင်တော့ ဟိုး နှစ်သစ်ကူး ကတောင် ၂ သန်းကျော် အကုန်ခံပြီး ဂျာမဏီမှာ ပါတီ ပေးထားသည် ကြားရသည်။ သည်လိုနဲ့ ဂျီတော့ ဖွင့်ပြီး ရှာလိုက်သည့် ခဏ ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနဲ့ အနီလုံး တလုံး တွေ့လိုက်ရ သည်။ - busy ချင်ယောင် ဆောင်ပြီး ကောင်မလေးတွေနဲ့ ဒင်း... လေဖြီးနေတာ... - ဟေ့ရောင်... - ဆိုတော့ - အကိုကြီး... နေကောင်းလား... ကျနော် မအားသေးဘူး... - ဆိုပဲ - အေး... အေး... ရတယ်... မင့်မိန်းမကို ငါ ခု ဖုန်းခေါ်ပြီး ပြောလိုက်မယ်... လင်းထက် မအား သေးဘူး ပြောတယ်လို့... - ဆိုမှ - ဟီး... ဟီး... - တဲ့ ။ သည်လိုနဲ့ အလုပ် အကြောင်း ပြောတော့ - ဟို... ဟိုလေ... ဂျာမဏီမှာ ပါတီပေးတဲ့ ၂ သန်းက... Credit Card နဲ့ သုံးထားတာ အကိုရ... ခု အနော်လည်း အလုပ် ပြုတ်လို့... ငုတ်တုတ်ထိုင်နေတာ... ကွန်ပြူတာ ရှေ့မှာ... - တဲ့... - တိန်... သေလို့ ရပြီ... - ဒါပဲ ပြောဖြစ်တော့သည်။

သည်လိုနဲ့ ဥရောပတကြောမှ ကိုသက်ဦး၊ ကိုအောင်၊ သစ်နက်ဆူး စတဲ့ ဘော်ဘော် အားလုံး သတင်းတွေ ကြားရတာ ရင်မော ရသည်။ အာရှတိုက် ပြန်လှည့်လိုက်ဦးမှ စဉ်းစားရင်း ကိုရီးယား၊ ဂျပန် ဘော်ဘော်တွေ အသံ နားထောင် လိုက်သည်။ ကမာနီလာ ဆို - အလုပ် မရှိလို့ ဂျပန်မှာ ဆူရှီတောင် ၀ယ်မစားနိုင်တော့ဘူး... - ဟု ညည်း လိုက်သည့် ဖြစ်ခြင်း၊ ခိုတွေတောင် နံမည် ပြောင်းသွားသည် ကမာနီလာ ဆိုပဲ။ သည်လိုနဲ့ ဂျပန်ကနေ သြစတြေးလျဖက် သွားကြည့်တော့ မကေ ကလည်း သူ့ဘိုးတော် တယောက်တည်း အလုပ် ရှိတော့သည်... သူ အလုပ် မရှိတော့လို့... ခုဆို တနှစ်ကို ဒေါ်လာ ၃ သိန်းကျော် ၀င်ငွေလျော့သွားကြောင်း ညည်းနေလေသည်။ အဲမှာတော့ အလုပ် မလွယ်ပြီ။ လက်စနဲ့ စလုံးကို ပြန်လှည့်လာကာ မပန် တယောက် ကတော့ အဆင်ပြေ မှာပါလို့ ယုံကြည်နေတုန်း - Bonus တွေ မရတော့ဘူး... လခလည်း လျှော့လိုက်ပြီး... ဟီး... ဟီး... - ဆိုလို့ ရီနေတာလား ထင်တာ။ ဘယ်... ငိုနေတာဗျာ...။ ဒါနဲ့ ကိုယ်ကပဲ သူ့ကို မုန့်ဝယ် ကျွေးခဲ့ရသည်။ အဲတော့မှ အငို တိတ်သွားတာဗျား... ကောင်းရော...။ ဒါနဲ့ စလုံးကနေ မ ဖက် ကူးခဲ့ပြီး ပထမံ မောင်ဖုန်း ကတော့ ပထမံဆြာ ဆိုတော့ အဆောင် ကောင်းတွေ ဘာတွေနဲ့ အစီအရင် ပြုပြီး အလုပ် ကောင်း လောက်ပါတယ်လို့ တွေးမိရင်း ကေအယ်လ်ဘက် ခြေချခဲ့သည်။ - အလုပ်ရှိဖို့ နေနေ သာသာ အကိုရာ... သည်မှာ... အော်ပရာစီနေလို့... တော်ရာ ဆီတွေမှာ... အိမ်တွင်း ပုန်း ကုလားမ လုပ်နေရတယ်... - လို့ စိတ် မသက်သာ စဖွယ် ကြားရပါ တော့သဗျား။

နောက်ဆုံးမတော့ ဒုံရင်းက ဒုံရင်း လာရာလမ်းဖက် ပြန်ရင်း ယ ပလက်ကိုပဲ ခြေပြန် နင်းရပါ တော့မည်။ ဟုတ်ပေပြီ... သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး ကိုဂျက်လီ ၀န်ကြီးချုပ် ဖြစ်နေတာပဲ... ခုမှ သတိရသည်။ ဟိုး တလောကပဲ ကိုယ့်ကို အသိ ပေးသွားသည်။ ဖုန်း ကောက်ဆက်ရင်း အလုပ်ပေးဖို့ ပြောမိသည်။ ၀န်ကြီးချုပ် ကား အတွက် ဒရိုင်ဘာ ရာထူးတော့ လွတ်သည် ဆိုပဲ။ - ဒါဆို လုပ်မယ်ဗျာ- ပြောတော့ - ဒရိုင်ဘာက ၀န်ကြီးချုပ်ကို ကိုယ့်ကားနဲ့ကိုယ် မောင်းပို့ရမည်- ဟု ဆိုလေသည်။ - ကျနော့်ကားက မီနီဗန်ကြီးဗျ... ၀န်ကြီးချုပ်နဲ့ မလိုက်ဘူး... - ဆိုတော့ - Hummer H2 အသစ် တစီး ၀ယ်ခဲ့... - ဟု မိန့်မှာလေသည်။ - အာ... အလုပ် မရှိလို့ အလုပ်သစ် ရှာပါတယ်ဆိုမှ... ဘယ်လိုလုပ် ကား အသစ် ၀ယ်နိုင်မှာလဲ... - ပြောမိသည့်အခါ - အလုပ် မရှိပေမယ့်... Credit Card တော့... ရှိတယ် ဟုတ်လား... အကြွေးဝယ်ခဲ့ ပြီးတာပဲ... ဒါလေးများ... ခက်ခက် ခဲခဲ လုပ်လို့ - ဟု သြ၀ါဒ ပေးလေသည်။ - ဟုတ်သားပဲ... ၀န်ကြီးချုပ်တို့များ... ပညာ ရှိလိုက်တာ... ဒါကြောင့်လည်း... ၀န်ကြီးချုပ် ဖြစ်ပေတာကိုး... -လို့ စဉ်းစားမိကြောင်းပါ။

သို့သော်လည်း ကိုယ့်ကား ကိုယ်စိုက် လှေထိုးလိုက်... အဲလေ... ဒရိုင်ဘာ လုပ်လိုက် မိလို့ကတော့ မဟေသီက ဓါးနဲ့ ထိုးမှာ မြင်ယောင်သေး။ စဉ်းစားရင်းတောင် ကျောချမ်းသည်။ ၀န်ကြီးချုပ် ဒရိုင်ဘာတော့ မလုပ်တော့ပြီ။ နေဦး ၀န်ကြီးချုပ်ထက် တာဝန် ပိုကြီးတာ တယောက် ရှိသေးတယ်။ ညီမ အရင်း ခေါက်ခေါက်ကြီး မတူး က အဲမှာ နာယက မဟုတ်လား။ အဘတို့လိုပဲ ကိုယ့်ဆွေမျိုးချင်း အလုပ် ရှာပေးမှာပါ။ သူ့ကို ချဉ်းကပ်ရမှာ။ ဟုတ်ပြီ... ကိုယ်ကလည်း ငယ်ငယ်တုန်းက လမ်းထိပ်မှာ ပေသီးတွေ ဗျောက်အိုးတွေ ဖောက်ခဲ့ဖူးတယ်၊ နောက်ပြီး သူငယ်ချင်းတွေ ရန်ဖြစ်ရင် ဟိုဖက် သည်ဖက်က အကြောင်းတွေ လျှောက်စုံစမ်းပြီး ကြားထဲကနေ ပွဲပိုဆူအောင် ရန်တိုက်ပေးခဲ့ဖူးတာ ဆိုတော့ သည်အရည်အချင်းနဲ့ဆို ဗမာပြည်က ဆီတိုင်ကီ... အဲ.. မှားလို့... CID လိုမျိုး... ၊ အမေရိကားက ဆီတွေအိုင်... အာ... မဟုတ်သေးပါဘူး... ဆီအိုင်တွေ ... အဲ.. CIA လိုမျိုး ကိုယ်နဲ့ သင့်တော်တယ်လေ။ ညွှန်မှူးချုပ်ကြီးချုပ်ပေါ့။ ဒါမှ မဟုတ် ၀န်ကြီး ရာထူး တောင်းရင် ကောင်းမလား...။ ကာကွယ်ရေး ၀န်ကြီးဆို ကိုယ်နဲ့ သင့်တော်မယ် ထင်တယ်လေ။ ဘာလို့ဆို ကိုယ်က ငယ်ငယ်တုန်းက လေသေနတ်နဲ့ ညောင်ပင်ကြီးကို ပစ်ခဲ့ဖူးတယ်လေ... ။
တချက် ထဲပါ... ဒါပေမယ့်... မထိဘူး... .... ။

ဒါနဲ့ နာယကကြီးကို ကိုယ့်ကို သင့်တော်ရာ ၀န်ကြီး တနေရာ ခန့်ထားဖို့ အလုပ်လျှောက် လိုက်တယ်။ E-mail ပို့တယ်၊ text message ရိုက်တယ်၊ fax ထိုးတယ်၊ Voice Mail လည်း ထားခဲ့တယ်။ Ground Mail လည်း ပို့တယ်။ ခိုတကောင်ကို ဖမ်းပြီးတော့လည်း ခြေထောက်မှာ စာတစောင် ချည်ပြီး လွှတ်ပေးလိုက်သေးတယ်။ ခိုက အနီး အနားက စေတီ တဆူဘက် ပျံသွားတာတော့ တွေ့လိုက်ပါရဲ့။ ဒါနဲ့ ပိုပြီး သေခြာသွားအောင် ချင်းမိုင်က Doi Suthep တောင်ပေါ်ကို တက်ပြီး Red Indian တွေလို မီးခိုးနဲ့လည်း အချက်ပြခဲ့ ပါသေးတယ်... ....

လျှောက်လွှာကို လက်ခံရရှိပြီဆိုရင်တော့ နာယကြီးရေ့... သိတယ်မဟုတ်လား... ဟဲ... ဟဲ...

(ဘာရယ် မဟုတ်ပါဘူးဗျာ... သူငယ်ချင်းတွေလည်း အလုပ်တွေ ပြုတ်နေကြတော့ စိတ်ညစ် နေကြမှာ စိုးတာနဲ့ ပျော်ရွှင် ရီမောရအောင် စာလေး တစောင် ရေးပေးတာပါ...။ ခဏတာ ဖြစ်ဖြစ် ရီမောဖြစ်ရင် ရေးရကျိုး နပ်ပါတယ်...။ နံမည် ပါတဲ့ သူငယ်ချင်းတွေရော နံမည် မပါတဲ့ သူငယ်ချင်းတွေရော စိတ်မဆိုးကြဘူးလို့ ယုံကြည်ပါတယ်...)

35 comments:

ဒေါင်းမင်း said...

ဟုတ်ပဟုတ်ပ..မှန်ပ..ဟိုအစိုးရ၇ဘယ်ချိန်မှကောင်းမလဲမသိဘူး

pandora said...

ရယ်စရာကောင်းတဲ့ ငိုချင်းရှည်မှာ ဆွဲထည့်ထားလို့ ၀မ်းသာဝမ်းနည်း စပ်ဖြဲဖြဲ ဖြစ်ရပါတယ်။
ရာဘာစေးခြစ်ဖို့တို့ ငါးဖမ်းဖို့ စပါးစိုက်ဖို့ ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင်ပေါင်းများစွာက စောင့်မျှော်နေတယ် ဆိုပဲလေ။ ပြန်ဖို့လေးဘာလေး စိတ်ကူးဦး။ ယုတ်စွအဆုံး အင်းစိန်ဘက်မှာ တော့ ထမင်းအလကား ကျွေးတဲ့နေရာ ရှိတယ်ဆိုလား။

:P said...

ရေးရကျိုးနပ်ပါတယ် ..ရယ်သွားတယ်...။
မပန်ပြောတဲ့ အလုပ်နဲ့ နေရာကိုဖတ်ပြီးလည်း
ထပ်ပြုံးသွားပါတယ်...။

မေ့သမီး said...

မပန်ပြောတဲ့နေရာကို ညီမတို့ကျောင်းကအစ်ကိုက ပဲဟင်းစားပြီး ချီးပုံးထမ်းတဲ့နေရာတဲ့။ အဲဒီအလုပ်ကအဆင်မပြေပါဘူး။ အစ်ကိုအဆင်ပြေပါစေ။

မီယာ said...

ဖတ်ရတာ စုံသွားတာပဲ..အကိုက နောက်တာလား တကယ်ပြောတာလား... ဒီမှာလည်း အလုပ် ရှာရခက်တဲ့သူတွေ တနေ့ထက်တနေ့ များလာတယ်။

ကိုအောင် said...

အကိုရေ အကိုရေးထားတာကို တက်ဂ် တစ်ခုလို သဘောထားပြီး ကျနော်လည်း ရေးထားတယ်။
ပျော်စရာပေါ့ အကို။

Yaw Han Aung said...

အလုပ်တွေ့ရင် လက်တို့ပါ။

MANORHARY said...

လောလောဆယ်မိဘလုပ်စာထိုင်စားရတာတော့ပျင်းစရာ
နည်းနည်းကောင်းတာကလွဲရင်လူတော့သက်သာသာ..
ကွန်ပျူတာရှေ့ထိုင်လိုက်။လုံးချင်းရေးသလိုလုပ်လိုက်
ဟိုဟာဒီဟာရေးလိုက်နဲ့ အင်း....ပြန်ချင်တာပဲသိပါ
တယ်။ဟိုမှာကအလုပ်များများလုပ်မှအဆင်ပြေတာကိုးး..
ဒီမှာကျ..

Anonymous said...

27 Jan 09, 10:48
mie nge: So funny for yr last post , thanks !

ATN said...

27 Jan 09, 11:01
နှင်း: အစ်ကိုရေ ဒီဘက်မှာလဲ ခပ်လှုပ်လှုပ်ရယ်... ရင်တထိတ်ထိတ်နဲ့..

Anonymous said...

27 Jan 09, 13:09
မေ့သမီး: အစ်ကိုရေ အလုပ်သစ်အမြန်ရပါစေ။ စိတ်ညစ်ရတာတွေကို ပိုစ့်ထဲမှာ ဟာသလုပ်နိုင်တဲ့အစ်ကို့ကို လေးစားပါတယ်။

Anonymous said...

27 Jan 09, 13:52
မိုးမောင်(happycloud): သဘောကျသွားပါတယ်.. ကိုအောင်သာ :)

Anonymous said...

27 Jan 09, 11:05
စိုးသင့်ဆွေ: အကိုအောင်သာငယ်ရေ.. အလုပ်အမြန်ဆုံးအဆင်ပြေပါစေ

Anonymous said...

27 Jan 09, 14:14
tututha: အဟမ်း စဉ်းစားပေးရမှာပေါ့ :)

Anonymous said...

27 Jan 09, 16:58
tiny: ကျမကတော့ အလုပ်ကို မရှာသေးဘဲ အရှုပ်တွေချည့် ကွန်ပြူတာတစ်လုံးနဲ့ လုပ်နေတုန်း...ဆိုတော့ အလုပ်ပြုတ်တဲ့ အရသာကို မမြည်းရသေးဘူး။

လင်းထက် said...

အကိုကြီး နယူးရီးယားမှာ ၂ သန်းသုံးလိုက်တာ အကိုကြီးတစ်ယောက်ပဲ သိတာနော် အခု အကိုကြီး ဖွလိုက်လို့ အိမ်ကမိန်းမသိပြီး နှင်ချရင်တော့ အကိုကြီးဆီပဲ လာနေမှာ ဒီတော့ ဆီတွေအိုင် မှာ အလုပ်ရအောင်သာ ဖိဖိစီးစီး လုပ်ထားပေတော့ ငှီး ငှီး ငှီး

ဆောင်းယွန်းလ said...

အစိုးမရတဲ့အစိုးရမှာကလည်းဝန်ကြီးနေရာလစ်လပ်မှုတစ်ခါမှမရှိဖူးဘူးဆိုတော့ ဆိုးတာပေါ့အကိုရာ...
ကမ္ဘာလုံးဆိုင်ရာစိးပွားကပ်ကြီးထဲတဝဲဝဲလည်နေကြရ
တာပျော်စရာကြီး...ဟီး...

Anonymous said...

ဟား ဟား..ရေးတတ်လိုက်တာ။

ပုံရိပ် / Pon Yate said...

ရယ်၍ ပြန်သွားပါသည်။

mama said...

ဟာသဥဏ် နဲ့..အရေးညက်ညက် ကြောင့်..
ရင်မော နေရမှန်း သိပေမဲ့..
ပြုံး ရ..တယ်....
အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့..
အလုပ် မရှိဘူး ဆိုတဲ့..အနေအထား ဟာ.
ဘယ်လောက် ခက်ခဲ မလဲ ဆိုတာ်..
ရီစရာတွေ ဖတ်နေရင်း..ခံစား လို့ ရပါတယ်....
အစစ အရာရာ..အမြန်ဆုံး အဆင်ပြေစေဘို့....
ဆုတောင်းပေးလိုက်ပါတယ်..

Moe Cho Thinn said...

မသက်မသာ သတင်းတွေကြားမှာ ဒီလို ဟာသလေး လုပ်ပြီးရီနိုင်တယ်ဆိုတော့ စိတ်ချမ်းသာရတာပေါ့။
အကို အဆင်ပြေ ပျော်ရွှင်ပါစေနော်။

Kaung Kin Ko said...

အစ်ကိုက သရော်စာရေးတော့လည်း မိုက်တာပဲ။ အမောပြေသွားတယ်ဗျာ။

Kaung Kin Ko said...

သရော်စာ ဆိုတာ ပထမပိုင်းကိုပြောတာဗျ။ အောက်ပိုင်းက စိတ်ကို ရွှင်လန်း စေမယ့် အပျော်စာ။ :-)

Anonymous said...

အိမ်မှာလဲ လာစားလို့ရပါတယ်။ လက်ရာကို သည်းခံစားနိုင်ရင်ပေါ့နော်။
mm

Anonymous said...

မိုက်တယ်ဗျာ

May Moe said...

အောင်မလေး နယူးရီးရားမှာ ၂ သန်း သုံးလိုက်တယ် ဘုရား ဘုရား ကိုလင်းထက် မိန်းမဖုန်း No. လေးသိပါရစေ :P

mgphonemyint said...

အကိုရေ..ကျနော်လဲ ..ဒီမှာ အိမ်တွင်းပုန်းလုပ်ရတာ အဆင် မပြေတော့ဘူး..အကို ဖွလိုက်တာနဲ့.. ရဲတွေသိကုန်ပြီ...အဲ့ဒါ အကို့ဆီမှာ လာပုန်းမလို့ ၁ နေရာ လောက်လေးလုပ်ပေးနော်..သိပ်မကြာပါဘူး..မသကာ မပျော်ရင် နောက်ဘဝ အထိလေးပဲပေါ့...

လူဆိုး...

သက်ဝေ said...

ရယ်ရမှာလား...
သက်ပြင်းပဲချရမှာလား...
ဘာလုပ်ရမှန်းမသိပဲ အူကြောင်ကြောင်ဖြစ်ပြီး ပြန်သွားပါကြောင်း...

ညီအကိုများ said...

ရယ်သွားတယ် အစ်ကိုရေ...
အတွေးလေးသဘောကျကြောင်းပါ..

မိုးကြယ်

Thet Oo said...

ပြင်သစ်မှာတော့ တနိုင်ငံလုံး ဆန္ဒပြကုန်ပြီ။ အလုပ်မရှိလို့တဲ့...

ATN said...

ဒေါင်းမင်း - စောင့်ကြည့်ရမှာပေါ့ဗျာ
မပန် - AirForce One နဲ့ လိုက်ပို့မယ် ဆိုရင်တော့ ပြန်ချင်ပါတယ်...း)
ဆင်ဒဏ်လား - များများရယ် များများပြုံးနိုင်ပါစေ...
မေ့သမီး - ကျေးဇူးပါ ညီမရေ့...
မီယာ - အတည်နဲ့ နောက်နေတာပါ...း)
ကိုအောင် - ကိုယ့်ညီရေးတာလည်း ကောင်းပါ့...
ကိုယော - လက်တို့ဖို့တောင် တန်းစီနေရသဗျ...း)
မနော် - အားကျတယ်ဗျို့...း)
မီးငယ် - ဖတ်သွားတာ ကျေးဇူး...
နှင်း - အစစ အဆင်ပြေပါစေညီမရေ့...
မိုးမောင် - ကျေးဇူးပါ ညီရေ့...
စိုးသင့်ဆွေ - ကျေးဇူးပါ ညီမရေ့...
မတူး - အားကိုးပါရစေ...း)
ငှက်ကလေး - အလုပ် မလုပ်ရသေးလေ ကောင်းလေပါပဲ...
လင်းထက် - ၂ သန်းပဲ သုံးမိတာပဲဟာ ...း)
ကိုဆောင်း - အလုပ်မရှိတော့ ပျော်စရာ မကောင်းဘူး...
ကေ၊ ပုံရိပ် - များများ ရယ်ပါ...
မမ ၊ ညီမချိုသင်း- ဆုတောင်းအတွက် ကျေးဇူးပါ...
ကောင်းကင်ကို - အမောပြေတယ်ဆိုလို့ ၀မ်းသာပါတယ် ညီရေ့...
mm - လမ်းကြုံရင်တော့ အိမ်မှာ လာစားမှာပဲ...း)
ကိုနေ - ကျေးဇူးပါ ညီရေ့...
မေမိုး - ယန်း ၂ သန်းပါကွယ် ...း)
ကိုဖုန်း - လာလေကွာ ကိုယ့်ညီအတွက် တံခါးဖွင့်ထားတယ်...
သက်ဝေ - ရယ်ရင်း သက်ပြင်းချလိုက်ပေါ့ကွယ်...း)
မိုးကြယ် - ကျေးဇူးပါ ညီရေ့...
ကိုသက်ဦး - ဆန္ဒပြတဲ့အထဲမှာ ၀န်ကြီးချုပ် မပါဘူး မဟုတ်လား...း)

Anonymous said...

29 Jan 09, 22:49
မောင်ကျည်ပွေ့: သြော်...ဂလိုမျိုးလဲရေးတတ်တယ်နော်။ များများရေးပါဗျာ။ အကြောင်းအရာကော အရေးအသားပါ ဖတ်စ်ကလပ်ပဲဗျ :lol:

ဇင်ယော် said...

အစ်ကိုရေ စိတ်ကူးပေါက်လို့  Hummer H2 ၀ယ်ရင် ကျနော့်အတွက်ပါ အကြွေးနဲ့  တစ်စီးလောက် ဆွဲခဲ့ပါဗျို.။ အလုပ်ရရင် အကြွေးပြန်ဆပ်မယ်ဗျာ အခုတော့ ခဏလောက် စိုက်ထားပေးပါဦး :P

Anonymous said...

31 Jan 09, 04:54
ခင်လွန်း: အလုပ်သစ်လျှောက်ထားခြင်းကို ကူးသွားတယ်။ ကမ့်ထဲကလူတွေ ပေးဖတ်ဖို့ ဝေရမယ်လေ

ATN said...

ကိုကျည်ပွေ့ - ဖတ်သွားတာ ကျေးဇူးဗျာ
ဇင်ယော်ကြီး - ဘာလဲ နင်လည်း ၀န်ကြီးချုပ် ရာထူးရထားပြီပေါ့လေ..
ကိုခင်လွန်း - လာဖတ်သွားတာ ကျေးဇူးပါဗျာ