Jan 17, 2009

သက်တမ်းရှည်ပဋိပက္ခ

ဒီဆောင်းပါးကတော့ မိုးမခမှာ ဖေါ်ပြထားခဲ့ပြီးသားပါ။ ဆောင်းပါးက ရှည်တော့ အပိုင်းလိုက် ခွဲပြီး ဖော်ပြခဲ့တာပါ။ ခုတော့ အားလုံးကို တစု တစည်းတည်း တထိုင်တည်း ဖတ်နိုင်အောင်လို့ ပြန်တင်ပေး လိုက်တာပါ။ အချက် အလက် တစုံတရာ ချွတ်ချော် တိမ်းပါးမှုများ ရှိခဲ့ရင်ဖြင့် စာရေးသူ ကျနော့် အပြစ်သာ ဖြစ်ပါကြောင်း ကြိုတင် ၀န်ခံအပ်ပါတယ်။

နိဒါန်း

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အာရပ်-အစ္စရေး ပဋိပက္ခဟာ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေခဲ့တဲ့ မီးပုံ တခုပါပဲ။ ယခု လက်ရှိ ခေတ်ကာလမှာလည်း ဒီမီးပုံကြီးဟာ ငြိမ်းမလိုလိုနဲ့ ပြန်လည် ကြီးထွားလာတာကို စိတ် မချမ်းမြေ့စရာ မြင်တွေ့ ကြားသိနေရပါတယ်။ ကိုယ်နဲ့ အဝေးကြီးလို့ ပြောလို့ ရပေမယ့် အနည်းဆုံး အဆင့် ကတော့ တီဗွီ မျက်နှာပြင်ပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို တွေ့မြင်ရတိုင်း ကိုယ့်ကိုလည်း အပူ တွေ လာဟပ်တာပါပဲ။ ကမ္ဘာ့ အဝေးဆုံး ထောင့်ကြားမှာ နေခဲ့ရင်တောင် တီဗွီ ဖွင့်ကြည့်မိရင် အပူတွေ ဟပ် တယ်။ တကယ်တော့လည်း မီးပုံကြီးတခုဟာ အလိုအလျောက် မကြီးထွားလာပါဘူး။ မီးပွားလေးတွေကနေ စလာရတာ ပါပဲ။ ဒီတော့လည်း ဒီမီးပုံကြီးကို မငြိမ်းသတ်နိုင်သေးခင်မှာ ငြိမ်းသတ်ဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ မီးပွားလေးကနေ မီးတောက်ကြီး၊ မီးတောက်ကြီးကနေ မီးပုံကြီးအထိ အဆင့်ဆင့် ရောက်သွားအောင် အစ ပြုခဲ့တဲ့ နဂိုမူလ မီးပွားလေးတွေကို ပြန်ကြည့်မိပါတယ်။

ဒီအခါမှာ အလွန်ရှုပ်ထွေးလှတဲ့ တကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေကို သတိပြုမိပါတယ်။ အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ ခရစ်ယာန်နဲ့ မွတ်ဆလင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်း တရား၊ နိုင်ငံ တွေရဲ့ ကိုယ်ကျိုးစီးပွား အားလုံးဟာ ခွဲခြားလို့ မရနိုင်အောင် စုပြုံရောပြွမ်းနေတာကို တွေ့မြင်မိတဲ့အခါမှာ ဒီ ဆောင်းပါးကို ရေးမိပါတယ်။ ဘာလို့ဆို အမိဗမာပြည်ရဲ့ အရေးကိစ္စတိုင်းကလည်း ဒီလိုပဲ ရောပြွမ်း ရှုပ်ထွေး နေတာကို သတိပြုမိလို့ပါပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရတဲ့ တကမ္ဘာလုံးရဲ့ ပတ်သက် ဆက်စပ်နေတဲ့ အခင်း အကျင်းတွေဟာ သတိမပြုလို့ မရနိုင်အောင် ဖြစ်နေတာကြောင့်ပါပဲ။

အာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ ပါဝင် ပတ်သက်နေတဲ့၊ ပြီးရင် အထက်မှာ ပြောခဲ့သလို အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်းတရား၊ နိုင်ငံတွေရဲ့ ကိုယ်ကျိုး စီးပွား ဒါတွေအားလုံး စုရုံးရှုပ်ထွေးနေတဲ့ ကျနော်တို့ နိုင်ငံ အတွက် အာရပ်-အစ္စရေး ပဋိပက္ခဟာ လေ့လာ စရာ (Case Study) တခု ဖြစ်ခဲ့မယ်ဆိုရင် ဒီဆောင်းပါးအတွက် အားထုတ်ရကျိုး နပ်ပါပြီ။

ပြဿနာ စတော့မယ်

အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ကြည့်မယ်ဆိုရင် ဆွဲယူ ထုတ်နှုတ်စရာတွေက များပြား လွန်းလှပါတယ်။ သို့သော်လည်း လက်ရှိ အနီးကပ်ဆုံး ကျနော်တို့ ရှင်သန်နေကြတဲ့ ကာလကိုပဲ အာရုံ ပြုမယ် ဆိုရင် ဒုတိယ ကမ္ဘာစစ်အပြီး ကာလတွေကနေပဲ အစပြုကြရမှာပါ။

သို့သော်လည်း အခြေခံကျတဲ့ အချက်အလက် တချို့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီတော့ ပထမ ကမ္ဘာစစ် အပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) က အတည် ပြုခဲ့ပြီး စစ်နိုင်ခဲ့တဲ့ မဟာမိတ် နိုင်ငံတွေနဲ့ သူတို့ရဲ့ ပတ်သက်စပ်ဆိုင်ရာ နိုင်ငံတွေက အဆိုပြုခဲ့တဲ့ British Mandate of Palestine ဆိုတဲ့ ပါလက်စတိုင်း ဒေသ အဆိုပြုချက်ကနေ စတင်ရမှာပါပဲ။

ပါလက်စတိုင်းဒေသ အဆိုပြုချက်ဟာ ၁၉၂၂ ခုနှစ်မှာ ပေါ်ပေါက်လာပါခဲ့တယ်။ ဒီအဆိုပြုချက်ရဲ့ ရည်ရွယ်ချက် ထဲမှာလည်း ဂျူး လူမျိုးများ အတွက် နေထိုင်စရာ အိမ်ယာနိုင်ငံတခု ဖြစ်လာရေး ဆိုတာလည်း ပါဝင် ပါတယ်။ ဒီ အဆို ပြုချက်မှာ ပါတဲ့ ပထ၀ီဆိုင်ရာ နယ်နိမိတ် သတ်မှတ်မှုတွေကလည်း သမိုင်းတွင်အောင်ကို အငြင်းပွားမှုတွေ ဖြစ်ခဲ့ တာပါပဲ။


ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ နိုဝင်ဘာ ၂၉ မှာ United Nations Partition Plan for Palestine (United Nations General Assembly Resolution 181) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည် ပြုလိုက်ပါတယ်။


၁၉၄၇ နိုဝင်ဘာ ၂၉ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည် ပြုခဲ့တဲ့ ပါလက်စတိုင်း-အစ္စရေး မြေပုံ။

ပြဿနာ စပြီ

ဒီဆုံးဖြတ်ချက်အရ British Mandate of Palestine ကို ၁၉၄၈ သြဂုတ် ၁ ရက်နေ့မှာ တရားဝင် ရပ်စဲ ရမှာ ဖြစ်ပြီး ဂျူးနဲ့ အာရပ်ဒေသ ၂ ခုအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အာရပ်နိုင်ငံတွေက လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဒီကြားထဲမှာမှ မေလ ၁၄ ရက်မှာ အစ္စရေးက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အာရပ် နိုင်ငံတွေက ဒီ ကြေညာချက်ကို လက်မခံတဲ့အခါ စစ်ပွဲတခု စတင် ဖြစ်ပွားခဲ့ပါတော့တယ်။



















ပထမ အာရပ်-အစ္စရေးစစ်ပွဲ (၁၉၄၈)

ဒီစစ်ပွဲဟာ အာရပ်ပြည်နဲ့ ဂျူးပြည် ၂ ခု အတူတွဲ ရှိရမယ် ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု လိုက်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်(၁၈၁) ကို အာရပ်ကမ္ဘာက ငြင်းပယ်ခဲ့တာကနေ စတင်ခဲ့တာပါပဲ။

ဒီအခါမှာ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ်ဘန်ဂူရီယမ်က အစ္စရေးနိုင်ငံဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း မေလ ၁၄ ရက်မှာ ကြေညာပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို စတင် ၀င်ရောက် တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ အာရပ်-အစ္စရေးပဋိပက္ခ တလျှောက် ဖြစ်ပွားခဲ့သမျှ စစ်ပွဲတွေ အားလုံးရဲ့ ပထမဆုံးသော စစ်ပွဲလည်း ဖြစ်ပါတယ်။ အစ္စရေးကတော့ လွတ်မြောက်ရေး စစ်ပွဲလို့ အမည် ပေးခဲ့ပါတယ်။

အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီ

အစ္စရေးနိုင်ငံက လွတ်လပ်ရေး ကြေညာလိုက်တာနဲ့ အမေရိကန်ပြည်ထောင်စု၊ အီရန်၊ ဆိုဗီယက် ပြည်ထောင်စု အပါအ၀င် အခြားနိုင်ငံ အတော်များများရဲ့ အသိအမှတ်ပြုခြင်းကို ချက်ချင်းဆိုသလို ရရှိခဲ့ ပါတယ်။

ရက် အနည်းငယ် အကြာမှာတော့ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ် နိုင်ငံတွေက တပ်တွေ အလုံး အရင်းနဲ့ အစ္စရေးနိုင်ငံကို ၀င်တိုက်ခဲ့ကြပါတော့တယ်။ ဆော်ဒီအာရေးဘီးယား၊ လစ်ဗျားနဲ့ ယီမင် နိုင်ငံတွေ ကလည်း အပျော်ထမ်း တပ်တွေ ပေးပို့ပြီး ပါဝင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ ကုလသမဂ္ဂရဲ့ ၀င်ရောက်စေ့စပ်မှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ အစ္စရေးက အီဂျစ်၊ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံတွေနဲ့ သီးခြား စစ်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုခဲ့တယ်။ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ ရန်လိုမှုတွေကတော့ မပြီးဆုံးသေးပါဘူး။



စစ်ပွဲရလဒ်အဖြစ် အစ္စရေးဘက်က စစ်သားနဲ့အရပ်သား စုစုပေါင်း ၆၀၀၀ ကျော် သေဆုံးတယ်။ အာရပ်တွေဘက် တသောင်းကျော် သေဆုံးတယ်။

လတ်တလော စစ်ပွဲများ

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနီးကပ်ဆုံး သမိုင်း စာမျက်နှာပေါ်က ၂၀ ရာစုရဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ အငြင်းပွားမှုမှာ “အာရပ်-အစ္စရေး ၆-ရက် စစ်ပွဲ” ကို လူသိအများဆုံး စစ်ပွဲအဖြစ် တွေ့ကြရမှာပါ။ ဒီတော့ အဲဒီ စစ်ပွဲရဲ့ အရင်းအမြစ်တွေကနေ စတင်ကြည့်ရမှာပါ။ အခြေခံ အကျဆုံးကတော့ စူးအက်တူးမြောင်း ပါပဲ။ စူးအက် တူးမြောင်း အရေးအခင်းကပဲ ၆-ရက်စစ်ပွဲကို မွေးဖွားပေးခဲ့ပါတယ်။ ဒီတူးမြောင်းမှာ အားလုံးရဲ့ အကျိုး စီးပွားတွေ ပါဝင်နေတယ်။ ဒီတော့လည်း ပဋိပက္ခတခုဟာ အလွယ်တကူ ဖြေရှင်းလို့ မရနိုင်တာ ဘာမှ မထူးဆန်း တော့ပါဘူး။

စူးအက်တူးမြောင်း

ပြသနာတွေ အားလုံးရဲ့ အစဟာ စူးအက်တူးမြောင်းလို့ ပြောရင် မလွန်ဘူးလို့ ထင်ပါတယ်။ စူးအက် တူးမြောင်းဟာ အာဖရိကတိုက်ကို ကွေ့ပတ်ပြီး သွားစရာ မလိုဘဲ ဥရောပနဲ့ အာရှကို တိုက်ရိုက် ကူးသန်း နိုင်အောင် ဆက်သွယ်ပေးထားတဲ့ တူးမြောင်းဖြစ်ပါတယ်။



ပင်လယ် ၂ခုကို ဆက်သွယ်ထားတဲ့ စူးအက်တူးမြောင်း (မြေပုံ - wikimedia.org)

အာရှနဲ့ အာဖရိကကြားမှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ လက်ခွဲတခုဖြစ်တဲ့ ပင်လယ်နီနဲ့ ဥရောပတိုက်၊ အာရှ တိုက်နဲ့ အာဖရိကတိုက်ကို ပိုင်းခြားထားတဲ့ မြေထဲပင်လယ်တို့ အကြားက ကုန်းမြေကို ဖြတ်သန်းပြီး ဖောက်လုပ် ထားတာလည်း ဖြစ်ပါတယ်။ ၁၈၅၉ နဲ့ ၁၈၆၉ နှစ်များအကြားမှာ ပြင်သစ် ကော်ပိုရေးရှင်း တခုဖြစ်တဲ့ Universal Suez Ship Canal Company က တူးဖော် ဆောက်လုပ်ခဲ့ပြီး ရှယ်ယာအများစုကို ပိုင်ဆိုင် ခဲ့တဲ့အပြင် စူးအက်တူးမြောင်း အရေးအခင်းကို ဖြစ်ပွားတဲ့ ၁၉၅၆ ခုနှစ် အထိ တူးမြောင်းကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယ အာရပ်-အစ္စရေးစစ်ပွဲ (စူးအက်ဇ်တူးမြောင်းအရေးအခင်း - ၁၉၅၆)

ဒီအရေးအခင်းဟာ အီဂျစ်နိုင်ငံက စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းရာကနေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲကို ဖြစ်ပွားစေတဲ့ အကြောင်း ၂ချက်ရှိပါတယ်။

အာရပ်-အစ္စရေးပဋိပက္ခများကို ဖြေရှင်းရာမှာ အီဂျစ်က ဦးစီး ဦးဆောင်ပြု ဖြေရှင်းပေးဖို့ သဘော တူညီ ချက် တခု ရှိခဲ့တယ်။ အပြန်အလှန်အားဖြင့် အီဂျစ်နိုင်ငံမှာ ရေကာတာတခု တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နိုင်ငံတို့က ဒေါ်လာ သန်း ၂၇၀ ထုတ်ချေးခဲ့တယ်။

သို့သော်လည်း စစ်လက်နက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို မှီခိုနေရတဲ့ အဖြစ်ကနေ အီဂျစ် နိုင်ငံကို လွတ်မြောက် သွားစေခဲ့တဲ့ လျှို့ဝှက် စစ်ရေး သဘောတူညီချက် တခုကို အီဂျစ်နဲ့ ချက်ကို ဆလိုဗက် နှစ်နိုင်ငံ အကြား ၁၉၅၅မှာ ပြုလုပ်ခဲ့ပါတယ်။

ချက်ကိုဆလိုဗက်ကီးယားနဲ့ အီဂျစ် သဘောတူညီချက် ရခဲ့တာကလည်း အရှေ့ အလယ်ပိုင်း ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုး စေချင်တဲ့ ဆိုဗွီယက် ပြည်ထောင်စုက အရှေ့ အုပ်စုလို့ ခေါ်တဲ့ ၀ါဆော စာချုပ်အဖွဲ့ဝင် အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံတွေကို မီးစိမ်းပြခဲ့တာ ကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း တင့်ကားတွေ၊ တိုက် လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေကအစ ခေတ်မှီ လက်နက်ကြီးငယ် မျိုးစုံ အထိ ချက်ကိုဆလိုဗက်ကီးယားက အီဂျစ်ကို အကြွေးနဲ့ ရောင်းချ ပေးခဲ့ ပါတယ်။ အာရပ်တွေ မမြင်ခဲ့ဖူးတဲ့ ခေတ်မီလက်နက်တွေကို အီဂျစ်မှာ အစုလိုက် အပုံလိုက် ရောက်သွားတဲ့အခါ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံ ကလည်း လက်ပိုက်ကြည့် မနေတော့ပါဘူး။

ဒါ့အပြင် နောက်တချက်ကတော့ မေလ ၁၆ ရက်နေ့မှာ တရုပ် ပြည်သူ့သမတနိုင်ငံကို အီဂျစ်အစိုးရက တရားဝင် အသိ အမှတ် ပြုလိုက်တာကလည်း ထိုင်ဝမ်နိုင်ငံကို ကျောထောက် နောက်ခံ ပေးတဲ့ အမေရိကန် ပြည်ထောင်စုကို အကြီးအကျယ် ဒေါသူပုန် ထစေခဲ့တာ ဖြစ်ပါတယ်။

လက်တုံ့ပြန်တဲ့အနေနဲ့ နဂိုက သဘောတူညီထားတဲ့ ရေကာတာ တည်ဆောက်ရေး ရန်ပုံငွေကို ဇူလိုင် ၁၉ ရက်နေ့မှာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝ ဖျက်သိမ်း ပစ်ခဲ့ ပါတယ်။

တပတ်အကြာမှာတော့ အီဂျစ်က စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းကြောင်း ကြေညာခဲ့ပါတော့တယ်။

အီဂျစ်ရဲ့ ကြေညာချက်အပြီးမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေး နိုင်ငံ များက အီဂျစ်ကို ၀င်တိုက်ကြပါတယ်။ တူးမြောင်းကို ထိန်းချုပ် နိုင်ဖို့နဲ့ တူးမြောင်း အရေးအခင်းကို လက်ဦးမှု ရယူပြီး ဖြေရှင်း နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ကာ ဆိုင်းနိုင်း ကျွန်းဆွယ်ကို သိမ်းယူထားခဲ့ပြီး ဗြိတိန်၊ ပြင်သစ်တို့က လေကြောင်း စိုးမိုးမှုနဲ့ ထောက်ပံ့ရေးကို တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ အီဂျစ်နဲ့ အစ္စရေး နှစ်နိုင်ငံလုံးက ဆုတ်ခွာပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီ အရေး အခင်းကို ပြီးဆုံးသွားအောင် ကနေဒါ နိုင်ငံက အဆိုပြုခဲ့တဲ့ ပထမဆုံးသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ် ပေါ်ပေါက်လာခဲ့တယ်။ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ စူးအက်တူးမြောင်းကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေက ထိန်းချုပ် လိုက်ပြီး စစ်ပွဲ ပြီးစီးသွားခဲ့ပါတယ်။

တတိယ အာရပ်-အစ္စရေး စစ်ပွဲ ( ၆ ရက် စစ်ပွဲ - ၁၉၆၇)

၁၉၆၄ ခုနှစ်မှာ အစ္စရေးက ဂျော်ဒန်မြစ်ရေကို သူရဲ့ နိုင်ငံတော် ရေပေးဝေရေး အစီအစဉ် အတွက် စတင် ထုတ်ယူ သုံးစွဲခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေက စုပေါင်းပြီး Headwater Diversion Plan ခေါ်တဲ့ ရေလွှဲယူရေး စီမံကိန်း တခုကို အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အပြည့် အ၀ အကောင် အထည် ပေါ်ခဲ့ရင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်မှာရှိတဲ့ Banias စမ်းချောင်းက ရေတွေ အစ္စရေးနိုင်ငံနဲ့ အစ္စရေးရဲ့ ဂါလိလဲ (Galilee) ပင်လယ်ကို မရောက်ခင်မှာ လမ်းလွှဲယူပြီး ဂျော်ဒန်နဲ့ဆီးရီးယားရဲ့ Mukhaiba ရေကာတာထဲ ထည့်မှာ ဖြစ်သလို၊ ဂျော်ဒန်မြစ်ထဲ စီးဝင်နေတဲ့ မြစ်ခွဲတခုဖြစ်တဲ့ Hasbani မြစ်ရဲ့ ရေတွေကို လက်ဘနွန်မှာရှိတဲ့ Litani မြစ်ထဲကို လွှဲယူမှာ လည်း ဖြစ်ပါတယ်။ ရလဒ်အဖြစ် အစ္စရေးရဲ့ နိုင်ငံတော် ရေပေး ဝေရေး အစီအစဉ် အတွက် ရယူနိုင်မယ့် ရေပမာဏဟာ ၃၅% ကို ကျသွားမှာ ဖြစ်သလို တနိုင်ငံလုံးရဲ့ ရေပေးဝေနိုင်မှု ပမာဏဟာလည်း ၁၁% အထိ ထိုးကျသွားမှာ ဖြစ်ပါတယ်။

ဒါကို လက်မခံနိုင်တဲ့ အစ္စရေးနိုင်ငံဟာ အစ္စရေး ကာကွယ်ရေးတပ် (Israel Defense Forces – IDF) တွေကို ပို့လွှတ်ပြီး ၁၉၆၅ ခုနှစ် မတ်လ၊ မေလနဲ့ သြဂုတ်လတွေထဲမှာ ရေလွှဲယူရေး လုပ်ငန်းတွေ တည်ဆောက် အကောင် အထည် ဖော်နေတဲ့ ဒေသတွေ အားလုံးကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးလိုက်ပါတယ်။ ဒီ အဖြစ် အပျက် တွေဟာ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို ဦးတည်သွားစေတဲ့ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။



၆ ရက် စစ်ပွဲ - ၁၉၆၇တွင် ကျဆုံးခဲ့သူတဦး (ဓာတ်ပုံ- TopFoto)

၁၉၆၇ ခုနှစ် မေလမှာတော့ အီဂျစ် သမတ နတ်ဆာက စူးအက်တူးမြောင်း ဒေသ အပါအ၀င် ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရှိနေတဲ့ ၁၉၅၇ ခုနှစ် ကတည်းက တပ်စွဲထားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေကို ရုတ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ ဆော်ဒီအာရေးဘီးယား အကြားက Tiran ရေလက်ကြားကိုပါ ပိတ်ခဲ့ပါတယ်။ အစ္စရေးအလံ တင်လာသမျှ သင်္ဘောတွေအားလုံးကို ပိတ်ဆို့ခဲ့ပါတယ်။ Tiran ရေလက်ကြားဟာ ဂျော်ဒန်ရဲ့ တခုတည်းသော ဆိပ်ကမ်း ဖြစ်တဲ့ Aqaba နဲ့ အစ္စရေးရဲ့ အိန္ဒိယ သမုဒ္ဒရာဘက်ခြမ်းမှာ ရှိတဲ့ တခုတည်းသော ဆိပ်ကမ်းဖြစ်တဲ့ Eilat တို့ကို ၀င်ထွက်ရာ ရေလမ်းကြောင်းဖြစ်ပါတယ်။ အစ္စရေး နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှာပဲ ကုလသမဂ္ဂ တပ်တွေကို ရုပ်သိမ်း ခိုင်းပြီး အီဂျစ်တပ်မတော်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကပဲ ဇွန်လ (၅) ရက်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို မွေးဖွား ပေးခဲ့ တာပါပဲ။ သည်စစ်ပွဲမှာတော့ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံတွေအပြင် အီရတ်၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တျူနီးရှား၊ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေကပါ တပ်တွေရော လက်နက် အင်အား တွေရော ထည့်ဝင် ပူးပေါင်းပြီး အစ္စရေး နိုင်ငံကို ၀ိုင်းပြီး တိုက်ခိုက် ခဲ့ကြတာပါ။

အဲသည်အချိန်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဦးသန့်က ကုလသမဂ္ဂအဖွဲ့ကြီးမှာ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အချိန်ပါ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သူကိုယ်တိုင် သွားရောက်ပြီး ပဋိပက္ခ အဆုံး သတ် နိုင်ဖို့အတွက် အဆိုပြုချက် ၃ ခုကို အကြံပြု ခဲ့တာပါ။ အီဂျစ်က သဘောတူသော်လည်း အစ္စရေးက ပယ်ချ ခဲ့တဲ့အတွက် ဆုံးဖြတ်ချက် မကျနိုင်ခဲ့ပါဘူး။

သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ပဲ ဇွန်လ (၁၀)ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ (၆) ရက်ကြာ စစ်ပွဲ ပြီးဆုံးခဲ့ ပါတယ်။ သို့သော်လည်း ဒီအဖြစ်အပျက်ဟာ ယွန်ကစ်ပူးစစ်ပွဲ-လို့ ခေါ်တဲ့ နောက် (၆)နှစ် အကြာမှာ ဖြစ်မဲ့ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲရဲ့ အစလည်း ဖြစ်ခဲ့ပါတော့တယ်။

စစ်ပွဲ အပြီးမှာတော့ အစ္စရေးဟာ အီဂျစ်ရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာ ကမ်းမြှောင်ဒေသ၊ ဆီးရီးယားရဲ့ ဂိုလန် ကုန်းမြင့်၊ ဂျော်ဒန်ရဲ့ ဂျော်ဒန်မြစ် အနောက် ကမ်းပါးဖြစ်တဲ့ West Bank ၊ အရှေ့ ဂျေရုဆလင် စတဲ့ ဒေသ တွေကို ထိန်းချုပ် နိုင်စွမ်း ရှိသွားတာပါပဲ။ ပြီးတော့ geopolitics ခေါ်တဲ့ ပထ၀ီ နိုင်ငံရေးမှာ ကြီးမားတဲ့ ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေခဲ့တော့တာပါပဲ။ အစ္စရေး နိုင်ငံဟာ ၃ ဆ ပိုပြီး ကြီးသွားခဲ့ပြီး အာရပ် လူဦးရေ တသန်း ကျော်ဟာ အစ္စရေး နိုင်ငံ ထိန်းသိမ်းထားရာ ဒေသတွေမှာ ရောက်နေခဲ့ပါတော့တယ်။

ဒီစစ်ပွဲက နိုင်ငံရေး အရ အရေးပါတဲ့ အချက်အလက်အချို့ကိုလည်း သက်သေပြခဲ့ပါတယ်။ အစ္စရေး နိုင်ငံဟာ ဒေသ တခုလုံးမှာ အင်အား ချိန်ခွင်လျှာ ညီမျှနေအောင် အချိန်မရွေး ပြုနိုင်စွမ်း ရှိနေတဲ့အပြင် အချိန်မရွေး တိုက်ခိုက်ဖို့လည်း အဆင်သင့် ဖြစ်နေတယ် ဆိုတဲ့ အချက်ပါပဲ။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့

အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွေကို ပြောရင် PLO – Palestine Liberation Organization က အရေးကြီးတဲ့ နေရာမှာ ပါနေပါတယ်။ PLO ဟာ ၁၉၆၄ ခုနှစ် မေလအတွင်း ဂျေရု ဆလင် မြို့မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း အမျိုးသား ခေါင်းဆောင် ၄၄၂ ဦးရဲ့ အစည်းအဝေးအပြီး မေလ ၂၈ ရက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ကြေညာစာတမ်းနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်ပါတယ်။ ဇီယွန်ဝါဒ တည်ရှိမှုနဲ့ လှုပ်ရှားမှုကို ပိတ်ပင် တားဆီးရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက် လုပ်ရပ်တွေနဲ့အတူ အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ် နိုင်ငံတကာ စာမျက်နှာတွေမှာ ထင်ရှားလာတော့တာပါပဲ။ ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲ မတိုင်မီ ကာလ တွေ ကတော့ အစ္စရေး စစ်တပ်နဲ့ အီဂျစ် စစ်တပ်၊ အစ္စရေး စစ်တပ်နဲ့ PLO တိုက်ခိုက် နေခဲ့ကြတဲ့ ကန့်သတ် စစ်ပွဲ တွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေပါပဲ။


အဖွဲ့ခေါင်းဆောင် ယာဆာအာရာဖတ်

စတုတ္ထ အာရပ်-အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ - ၁၉၇၃)

ဒီစစ်ပွဲကတော့ ယွန်ကစ်ပူး (Yom Kippur War) စစ်ပွဲလို့လည်း နံမည် ကြီးပါတယ်။ ယွန်ကစ်ပူး ဆိုတာ အရေးကြီးတဲ့ ဂျူးဘာသာရေး ပွဲတော်ရက်ဖြစ်ပြီး ၂၅-နာရီကြာ ဥပုသ်စောင့်ခြင်းနဲ့၊ ဆုတောင်း ၀တ်ပြုခြင်း တွေကို ပြုလုပ်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူအများစုဟာ ဘုရားကျောင်းနဲ့ ၀တ်ပြု ဆုတောင်းရာ နေရာ ဒေသ တွေမှာ ရောက်ရှိ နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနေ့မှာ အလစ်အငိုက် ယူပြီး အီဂျစ်နဲ့ ဆီးရီးယား နိုင်ငံ တွေက ဦးဆောင်တဲ့ အာရပ် နိုင်ငံတွေရဲ့ တပ်တွေက အာရပ်-အစ္စရေး (၆) ရက် စစ်ပွဲမှာ သိမ်းပိုက် ခံထားခဲ့ ရတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ကုန်းမြင့်တွေမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲရေး မျဉ်းကြောင်းကို တိတ်တဆိတ် ကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက် ကနေ ၂၆ ရက်နေ့ အထိ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

နိုင်ငံကြီးတို့၏ အဆင်း ဘီးတပ်ပေးမှု

ဒီစစ်ပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းတွေအနက် အဓိကကျတဲ့ အကြောင်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုင်ပါ တယ်၊ ခေတ်သစ် စစ်ပွဲတွေမှာ တခါမှ အသုံးမချခဲ့ဘူးသေးတဲ့ သူတို့ရဲ့လက်နက်တွေကို လက်တွေ့ စစ်မြေပြင်မှာ အမေရိကန် လက်နက် တွေနဲ့ ယှဉ်ပြိုင် အစမ်းသပ်ခံဖို့ မော်စကိုက ခေါင်းဆောင်များက စဉ်းစားရာ ကနေ စတင်လာတာ ဖြစ်တယ် စသဖြင့် ထောက်လှမ်းရေး သတင်း ရပ်ကွက်တွေက သုံးသပ်ကြ ပါတယ်။

ဒီလိုနဲ့ ၁၉၇၂ ခုနှစ်မှာ အီဂျစ်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကနေ မစ်ဂ်-၂၁ ဂျက်တိုက်လေယာဉ်တွေ၊ အက်စ်အေ-၂၊ -၃၊ -၄၊ -၆၊ -၇၊ စတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ တီ-၅၅ နဲ့ -၆၂ တင့်ကားတွေကို လက်ခံ ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အီဂျစ် သမတ အန်ဝါဆဒတ်က အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စစ်ခင်းမှာ ဖြစ်ကြောင်း၊ အီဂျစ် စစ်သည်တော် တသန်း အထိ အသက်တွေ စွန့်လွှတ် တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောခဲ့ ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာတော့ အာရပ်နိုင်ငံများက ပစ်ခတ်တိုက်ခိုက်မှုများနဲ့ အတူ စတုတ္ထမြောက် အာရပ်-အစ္စရေး စစ်ပွဲ စတင်ခဲ့ပါတော့တယ်။ စစ်ပွဲစတင်ပြီး နောက် ၃ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အီဂျစ်နဲ့ ဆီးရီးယားကို ဆိုဗီယက်ပြည်ထောင်စုက ရေကြောင်း၊ လေကြောင်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ မျိုးစုံ ပေးပို့ခဲ့ပါတယ်။ စစ်ပွဲမှာ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ် နိုင်ငံတွေ တိုက်ရိုက် ပါဝင်ကြပါတယ်။ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရိုကို၊ ဆော်ဒီအာရေးဘီးယားနဲ့ ကူဝိတ်တို့်က စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးခဲ့ကြသလို၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ကတောင် လေယာဉ်မှူးတွေ၊ ဆေးကုသရေး အဖွဲ့တွေ လွှတ်ပေးပြီး ကူညီခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဘက်ကိုတော့ အမေရိကန် ပြည်ထောင်စုက စစ်ရေး အကူအညီတွေ အစွမ်းကုန် ဖြည့်ဆည်း ပေးခဲ့ တော့တာပါပဲ။

သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့ အရောက်မှာတော့ ဆိုင်းနိုင်း ကျွန်းဆွယ်ထဲမှာ အီဂျစ်ရဲ့ အမှတ် (၃) တပ်တော်ဟာ အစ္စရေး စစ်တပ်ရဲ့ ၀ိုင်းပတ် ချေမှုန်းမှုကို လည်စင်းခံရဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေ အထားကို ရောက်သွားတဲ့ အခါမှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု အကြား အထပ်ထပ် စေ့စပ် ညှိနှိုင်းမှု နောက်မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် (၃၃၈) နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

နောက် ၂ ရက်အကြာမှာ ဆုံးဖြတ်ချက် အမှတ် (၃၃၉) ကို ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်ပွဲလည်း ပြီးဆုံး ခဲ့ပါတယ်။



၁၉၄၆ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ပါလက်စတိုင်းနယ်မြေ ဆုံးရှုံးမှု။
အစိမ်းရောင်မှာ ပါလက်စတိုင်းနယ်မြေဖြစ်ပြီး၊ အဖြူရောင်မှာ အစ္စရေးနယ်မြေဖြစ်သည်။

လက်ဘနွန် ပဋိပက္ခ (၁၉၇၈)

ဒီပြသနာရဲ့ အစကတော့ PLO ကနေ ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဖာတာ (Fatah) အဖွဲ့က အဖွဲ့ဝင် ၁၁ ယောက်ဟာ ၁၉၇၈ မတ်လ ၁၁ ရက်မှာ အမေရိကန် ကမ္ဘာလှည့် ခရီးသည် တယောက်ကို သတ်ဖြတ် ခဲ့ပါတယ်၊ အဲဒီနောက် သူတို့ဟာ အစ္စရေးနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Haifa မြို့အနီးက ကမ်းရိုးတမ်း လမ်းပေါ်မှာ ခရီးသည်တင် ကားတစီးကို စီးနင်းခဲ့တယ်၊ အစ္စရေး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Tel Aviv ကို နောက်ထပ် ခရီးသည်တင် ကားတစီးနဲ့ မောင်းချ လာခဲ့တဲ့ လမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ အစ္စရေး နိုင်ငံသား ၃၆ ယောက် သေကြေခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေကို နောက်ထပ် မဖြစ်အောင် လုပ်ဆောင်တဲ့ အနေနဲ့ Litani စစ်ဆင်ရေးလို့ အမည် ပေးပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆင်နွှဲခဲ့တဲ့ စစ်ပွဲတခုပဲဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ကတော့ လက်ဘနွန် တောင်ပိုင်းဒေသကို ခြေကုပ်ယူပြီး အစ္စရေး နိုင်ငံထဲကို ၀င်ရောက် တိုက်ခိုက်နေတဲ့ PLO အပါ အ၀င် တခြား ပါးလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ်ရဲ့ မြောက်ဖက်ခြမ်းကို ရောက်သည် အထိ တိုက်ထုတ်ဖို့ပါပဲ။ လက်ဘနွန် နိုင်ငံထဲကို မတ်လ ၁၄ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီ စစ်ဆင်ရေးဟာ စစ်ရေးအရ အောင်မြင်ခဲ့ပြီး PLO နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ် မြောက်ဖက်ခြမ်း ရောက်အောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ လက်ဘနွန် အစိုးရရဲ့ ကန့်ကွက်မှုကြောင့် ကုလ သမဂ္ဂ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ် က မတ်လ ၂၃ ရက်နေ့ကနေ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ တပ်စွဲ လိုက်ပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ကို တစိပ်တပိုင်း တပ်ရုတ်သိမ်းစေခဲ့ပါတယ်။

ပထမ လက်ဘနွန်စစ်ပွဲ (၁၉၈၂)

ပထမလက်ဘနွန်စစ်ပွဲလို့ အစ္စရေးနိုင်ငံက ခေါ်ဆိုလေ့ရှိတဲ့ ဒီစစ်ပွဲဟာ ဇွန်လ ၆ ရက်နေ့မှာ အစ္စရေး ကာကွယ်ရေး တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်ရာကနေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက ဒီစစ်ဆင်ရေးကို Operation Peace of the Galillee လို့ အမည်ပေးပါတယ်။

ဒီစစ်ပွဲရဲ့ အကြောင်းခံကတော့ ဇွန်လ ၃ ရက်နေ့မှာ သေနတ်သမား ၃ ယောက်က အစ္စရေးသံအမတ် Shlomo Argov ကို လန်ဒန်မြို့ပေါ်မှာ ဦးခေါင်းကို ပစ်ခတ်ပြီး လုပ်ကြံခဲ့မှုဖြစ်ပါတယ်။ လုပ်ကြံသူ ၃ ဦးလုံးကို ဖမ်းဆီး ရမိပြီး Abu Nidal Organization (ANO) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရှိရပါတယ်။ Abu Nidal ဟာ တော်လှန်ရေးကောင်စီလို့ ခေါ်တဲ့ Fatah အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပါလက်စတိုင်း နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို လက်တုန့်ပြန်တဲ့အနေနဲ့ PLO တပ်ဖွဲ့တွေ တည်ရှိနေတဲ့ လက်ဘနွန်တောင်ပိုင်းဒေသကို အစ္စရေး နယ်စပ်ကနေ ကီလိုမီတာ ၄၀ အကွာ အထိ ရှင်းလင်းမယ်လို့ တရားဝင် ထုတ်ဖော်ပြောပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်ပဲ စက်တင်ဘာလထဲမှာတော့ လက်ဘနွန်မှာ ရှိနေတဲ့ တိုက်ခိုက်ရေး အင်အား ၆၅၀၀ အထိ ရှိတဲ့ PLO တပ်တွေဟာ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ ဆူဒန်၊ တောင်ယီမင်၊ မြောက်ယီမင်၊ ဂရိ၊ တူနီးရှား စတဲ့ နိုင်ငံတွေကို တရားဝင် ဆုတ်ခွာခဲ့ရပါတော့တယ်။ Multinational Force in Lebanon (MNF) ခေါ်တဲ့ နိုင်ငံစုံ တပ်တွေ ဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိသျှ တပ်တွေက PLO ဆုတ်ခွာမှုကို ကြီးကြပ် ကွပ်ကဲခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် မေလမှာတော့ အစ္စရေးတပ် အချို့ လက်ဘနွန်တောင်ပိုင်းကနေ စတင် ဆုတ်ခွာ ပေးခဲ့ပြီး စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ သို့သော်လည်း ၁၉၈၅ ခုနှစ် ဇွန်လ အထိ အစ္စရေးတပ်များ လက်ဘနွန် တပ်မတော်နဲ့အတူ လက်ဘနွန်တောင်ပိုင်းမှာ ရှိနေခဲ့ပါတယ်။

ဟစ်ဇဘိုလာ

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ လက်ဘနွန်တောင်ပိုင်းကို ၀င်ရောက် သိမ်းပိုက်ချိန်ကနေ စတင် ပေါ်ပေါက် လာပြီး ယနေ့အချိန်အထိ အစ္စရေးတပ်တွေကို ပျောက်ကျားစစ် ဆင်နွှဲနေခဲ့တဲ့ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ ကိုလည်း အာရပ်-အစ္စရေး ပဋိပက္ခထဲမှာ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ ဟစ်ဇဘိုလာဟာ လက်ဘနွန် တောင်ပိုင်းဒေသမှာ ယနေ့အချိန်ထိ ထိန်းချုပ်ထားနိုင်နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရှီယာ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။


ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင် ၂ဦး (ဓာတ်ပုံ-AP)

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကတော့ ဟစ်ဇဘိုလာကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားပါတယ်။ ၁၉၈၂ လက်ဘနွန် စစ်ပွဲ အချိန်ကနေ စတင်ပြီး ယနေ့ထက်ထိ အသေခံ ဗုံးခွဲမှုများ၊ ပြန်ပေးဆွဲမှုများ၊ ချောင်းမြောင်း ပစ်ခတ်မှုများ၊ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုများနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ တပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်နေခဲ့ပါတယ်။

တခု အံ့သြစရာ ကောင်းတာကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ World Trade Center ကို Al Qaeda က တိုက်ခိုက်မှုကို ဟစ်ဇဘိုလာတွေက အရပ်သားများကို တိုက်ခိုက်မှုအဖြစ် ရှုံ့ချခဲ့တာပဲ ဖြစ်ပါ တယ်။ ပင်တဂွန် စစ်ဌာနချုပ်အပေါ် တိုက်ခိုက်မှုကိုတော့ ထောက်ခံခြင်းလည်း မပြု၊ ရှုံ့ချခြင်းလည်း မရှိဘဲ ဟစ်ဇဘိုလာက နှုတ်ပိတ်နေခဲ့ပါတယ်။

ပထမ အင်တီဖာဒါ လှုပ်ရှားမှု (၁၉၈၇)

Intifada ဒါမှမဟုတ် war of stones လို့ ခေါ်တဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ကျောက်တုံး ကျောက်ခဲ တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တဲ့ ပါလက်စတိုင်း ပြည်သူ လူထုရဲ့ အစ္စရေး အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဟာ Jabalia ဒုက္ခသည် စခန်းကနေ စတင် ပေါ်ပေါက်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအတွင်းမှာ ပါလက်စတိုင်းပြည်သူ ၁၀၀၀ လောက်ကို ပါလက်စတိုင်းတွေကပဲ သစ္စာဖောက်တယ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့ ပါတယ်။ တကယ့် တကယ် ကတော့ သတ်ဖြတ် ခံရသူတွေရဲ့ အနည်းစုကိုသာ အစ္စရေး အာဏာပိုင် တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သက်သေပြနိုင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ အစ္စရေး တပ်တွေ လက်ချက်နဲ့ ပါလက်စတိုင်း ပြည်သူတွေ ၁၂၀၀ လောက် သေကြေခဲ့ပြီး ပါလက်စတိုင်း လူထု လက်ချက်နဲ့ အစ္စရေးစစ်သား ၁၆၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။ ပါလက်စတိုင်းပြည်သူ ၁၂၀,၀၀၀ ကျော် လည်း အဖမ်း အဆီး ခံခဲ့ရပါတယ်။< ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀) ဒီစစ်ပွဲကတော့ အီရတ်နိုင်ငံက သူ့လိုပဲ အာရပ်နိုင်ငံတခုဖြစ်တဲ့ ကူဝိတ်ကို ကျူးကျော် သိမ်းပိုက်ရာကနေ ဖြစ်ခဲ့ ပါတယ်။ ၁၉၉၀ သြဂုတ် ၂ ရက်နေ့ကနေ ၁၉၉၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲမှာလည်း အစ္စရေးနိုင်ငံဟာ ပါဝင် ပတ်သက်ခဲ့ရပြန်ပါတယ်။ သြဂုတ်လမှာ ကူဝိတ်နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက် အဖြစ် ကုလ သမဂ္ဂရဲ့ အတည် ပြုချက်နဲ့အတူ နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့ တွေက ကူဝိတ်ကို ကျူးကျော်ထားတဲ့ အီရတ် တပ်တွေကို တိုက်ထုတ် ရာကနေ ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့ ပါတယ်။ ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်က အစ္စရေးနိုင်ငံကို စစ်ထဲပါဝင်လာအောင် စကဒ်ဒုံးကျည်တွေ ပစ်ခတ်ပြီး ရန်စ ခဲ့ပါတယ်။ အီရတ်ရဲ့ တွက်ကိန်းမှာတော့ ညွန့်ပေါင်းတပ်ဖွဲ့ထဲမှာ အစ္စရေးနိုင်ငံ ပါဝင်လာခဲ့ရင် အမေရိကန်နဲ့ ညွန့်ပေါင်း အဖြစ် တွဲနေတဲ့ အာရပ်နိုင်ငံတွေ ထွက်သွားလိမ့်မယ်လို့ ယူဆခဲ့တာပါပဲ၊ ဒါ့အပြင် ဘာသာရေး စစ်ပွဲ အသွင် ဆောင်အောင်လည်း အားထုတ်ခဲ့တာပါပဲ။ ဒီလိုနဲ့ အစ္စရေးနိုင်ငံပေါ် စကဒ်ဒုံးကျည် စုစုပေါင်း ၃၉ လုံး ပစ်ခတ်ပြီး ရန်စခဲ့ပါတယ်။ ဘယ်တုန်းကမှ နားရွက် တံတွေး ဆွတ်တာကို ငြိမ် မခံခဲ့တဲ့ အစ္စရေး နိုင်ငံက ဒီတခါတော့ ငြိမ်ခံခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဖိအား ပေးမှုကြောင့်သာ ငြိမ်ခံနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ကလည်း အစ္စရေးကို စစ်ရေး အရ ၀င်ရောက် မစွက်ဖက်အောင် သံတမန် နည်းအရ အစွမ်းကုန် ဖိအား ပေးခဲ့တဲ့ အပြင် Patriot ခေါ်တဲ့ ဒုံးခွင်းဒုံး Anti-Missile System တွေ ပေးပို့ပြီး စကဒ် ဒုံးကျည်တွေ ရန်က ကာကွယ် နိုင်အောင် ဖြည့်ဆည်း ပေးခဲ့ ပါတယ်။ အကယ်၍သာ အစ္စရေး လေတပ်က အီရတ်ကို လာရောက် ဗုံးကြဲခဲ့ရင် ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံ တွေကို ဖြတ်ကျော်လာရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဒီနိုင်ငံတွေ ကလည်း စစ်ပွဲထဲကို အီရတ် ဘက်ကနေ ပါဝင် တိုက်ခိုက် လာနိုင်ခြေ ရှိတာကြောင့် ပိုမို ရှုပ်ထွေးမှု ဖြစ်လာစေမှာပါပဲ။ သူ့ကို ထိလာရင် အမြဲတမ်း လက်တုန့်ပြန်လေ့ရှိတဲ့ အစ္စရေးနိုင်ငံကိုတော့ ဒီစစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုက နားချနိုင်ခဲ့ပါတယ်။


မိုင်းနင်းမိသော ကလေးငယ်တဦး

အော်စလို သဘောတူညီချက် (၁၉၉၃)

အမေရိကန်သမတ ကလင်တန် ရှေ့မှောက်မှာ ဆိုဗီယက် ပြည်ထောင်စုက အဲန်ဒရီကော့ဇီယက်ဗ်၊ အမေရိကန် ပြည်ထောင်စုက ၀ါရဲန်ခရစ္စတိုဖာတို့ကို သက်သေထားပြီး အစ္စရေး ၀န်ကြီးချုပ် ယစ်ဇက်ရာဘင်နဲ့ PLO ရဲ့ ခေါင်းဆောင် ယာဆာရာရာဖတ်တို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သြဂုတ်လ ၂၀ ရက်နေ့က တရားဝင် လက်မှတ် ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ West bank ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသ တွေ ကနေ အစ္စရေး ကာကွယ်ရေး တပ်တွေကို ဆုတ်ခွာပေးမှာ ဖြစ်ပြီး Palestinian Authority ခေါ်တဲ့ ပါလက်စတိုင်း အစိုးရကို ဖွဲ့စည်းပြီး ဒီဒေသတွေကို အုပ်ချုပ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ပါလက်စတိုင်း အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပါတယ်။


ဒုတိယ အင်တီဖာဒါ လှုပ်ရှားမှု (၂၀၀၀)

၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းပြည်သူလူထုရဲ့ ဒုတိယ အကြိမ် မြောက် လူထု အုံကြွမှုပဲ ဖြစ်ပါ တယ်။ ယနေ့ထက်ထိ ဒီအုံကြွမှုရဲ့ အကျိုးဆက်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဂျူဒစ်ဇဲမ်နဲ့ အစ္စလာမ် ဘာသာတွေမှာ ဘာသာရေးအရ အရေးပါတဲ့ ဂျေရုဆလင် မြို့ဟောင်းမှာရှိတဲ့ Temple Mount ဆိုတဲ့ ဘုရား ကျောင်းကို စက်တင်ဘာလ ၂၈ ရက်မှာ အစ္စရေး အတိုက်အခံ ခေါင်းဆောင် အေရီယယ်လ် ရှရွန် နဲ့ လီကွတ်ပါတီက ကိုယ်စားလှယ်တချို့ သွားရောက် လည်ပတ်ခဲ့တဲ့ အပေါ် အာရပ် ကမ္ဘာက မခံမရပ်နိုင် ဖြစ်ရာ ကနေ အုံကြွမှုတွေ ဖြစ်လာတဲ့ ဖြစ်စဉ်အပြင် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် ကနေ ၂၅ ရက်ထိ ကျင်းပ ခဲ့တဲ့ အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ဒေးဗစ်စခန်း ထိပ်သီး ဆွေးနွေးပွဲကနေ PLO ရဲ့ခေါင်းဆောင် ယာဆာ ရာဖတ် ကျောခိုင်း ထွက်လာတဲ့ ဖြစ်စဉ်ကလည်း ဒီ အဖြစ်အပျက်ကြီးကို ဖြစ်ပွား စေခဲ့တာ ဖြစ်ပါတယ်။

ဒီအုံကြွမှုမှာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူလူထု ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပါလက် စတိုင်း ပြည်သူ လူထု ၅၀၀၀ နီးပါးလည်း အသက် ဆုံးရှုံးခဲ့ရပါတယ်။



ဒုတိယ လက်ဘနွန်စစ်ပွဲ (၂၀၀၆)

ဒီစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဘက် နှစ်ဖက်ကတော့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့နဲ့ ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ အစ္စရေး နယ်စပ်မြို့တွေမှာရှိတဲ့ စစ်စခန်းတွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက ဒုံးကျည် တွေနဲ့ တိုက်ခိုက်မှု ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ပျောက်ကျား တပ် တွေနဲ့ အစ္စရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက စတင် တိုက်ခိုက်ခဲ့ပါတယ်။

မကြာခင်မှာပဲ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံအတွင်းက စစ်ရေးအရ အချက် အချာ ကျတဲ့ တံတားတွေ အဆောက်အဦးတွေကို အမြောက်နဲ့ပစ် ဗုံးကြဲပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် မှာတော့ - ဆီးရီးယားနဲ့ အီရန်နိုင်ငံတွေက ကျောထောက် နောက်ခံ ပြုပေး ထားပြီး လက်ဘနွန် နိုင်ငံက ဧည့်ခံ ပေးထားတဲ့ အကြမ်းဖက် သမားတွေကို အစ္စရေး နိုင်ငံက တိုက် ထုတ်မှာ ဖြစ်ပါတယ်၊ လက်ဘနွန် အစိုးရ ကိုတော့ တိုက်နေတာတော့ မဟုတ်ပါဘူး- လို့ အစ္စရေး အစိုးရက တရားဝင် ကြေငြာချက် ထုတ်ခဲ့ပါတယ်။ - အကြမ်းဖက် သမားတွေကို လက်ခံထားတဲ့ လက်ဘနွန် အစိုးရသာ အရာရာ ကိစ္စအားလုံး အတွက် တာဝန် ရှိပါ တယ် - လို့လည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ ပါသေးတယ်။

စစ်ပွဲအတွင်း အပြစ်မဲ့ ပြည်သူလူထု များစွာ သေကြေခဲ့ရပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က သြဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၇၀၁) ထွက်ရှိလာပါတယ်။ နောက်တနေ့မှာ လက်ဘနွန်အစိုးရနဲ့ ဟစ်ဇ်ဘိုလာက ဆုံးဖြတ်ချက်ကို လက်ခံ ခဲ့ပြီး အစ္စရေးက ၁၃ ရက်နေ့မှာ လက်ခံခဲ့ပြီးတဲ့အခါ သြဂုတ်လ ၁၄ ၇က်နေ့မှာ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ ပါတယ်။ ဒီလိုနဲ့ စစ်ပွဲလည်း ပြီးဆုံးခဲ့ပါတယ်။


ဟားမတ်ဇ်


ဟားမတ်ဇ်ရဲ့ အဓိပ္ပာယ်ကတော့ အစ္စလာမ်ခုခံရေးလှုပ်ရှားမှု (Islamic Resistance Movement) လို့ ဆိုပါ တယ်။ ဟားမတ်ဇ်တွေဟာ ပါလက်စတိုင်း-ဆွန်နီ မွတ်ဆလင် ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပါလက် စတိုင်း အစိုးရ အဖွဲ့မှာ နေရာ အများဆုံး ရရှိ ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဟားမတ်ဇ်ဟာ ၁၉၈၇ ခုနှစ် ပထမ အင်တီ ဖာဒါး လှုပ်ရှားမှုမှာ စတင် ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲမှုတွေ အရပ်သားတွေကို ပစ်မှတ် ထား တိုက်ခိုက် ခဲ့မှုတွေကြောင့် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

ဟားမတ်ဇ်ရဲ့ ကြေညာချက်ကတော့ အစ္စရေးနိုင်ငံကို သိမ်းယူပြီး အစ္စရေးလို့ အမည်ရနေတဲ့ ဒေသမှာ ပါလက် စတိုင်း အစ္စလာမ်နိုင်ငံနဲ့ အစားထိုးရေးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂါဇာပဋိပက္ခ (၂၀၀၈-၂၀၀၉)

၂၀၀၈ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ ၆ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Operation Cast Lead လို့ ခေါ်တဲ့ စစ်ဆင်ရေးနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ တွေက ဟားမတ်ဇ် တပ်ဖွဲ့တွေရှိရာ ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲ ထားစဉ် ကာလတွေ အတွင်းမှာ အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မြို့တွေကို ဟားမတ်ဇ် တပ်တွေက ဒုံးကျည် တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နောင်ကို ဒီလို တိုက်ခိုက်မှုမျိုးတွေ နောက်ထပ် မဖြစ်အောင် ကာကွယ် ဖို့အတွက် ရည်ရွယ်တာလို့လည်း အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

စစ်ဆင်ရေးစတင်ပြီး ၄ မိနစ်အတွင်းမှာ အစ္စရေးလေတပ်က ဟားမတ်ဇ် အခြေခံစခန်းတွေ၊ လေ့ကျင့်ရေး ဌာနတွေ၊ ကွပ်ကဲရေးရုံးတွေ အပါအ၀င် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်တွေ့မှာ ကလေးငယ်ပေါင်း ၄၀၀ ခန့်၊ အမျိုးသမီး တရာကျော် အပါအ၀င် အရပ်သား ၁၃၀၀ ကျော် သေဆုံးခဲ့ရတာပါပဲ။

ဗုံးကြဲတိုက်ခိုက်မှုများ အပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေး ကာကွယ်ရေး တပ်မတော်ရဲ့ မြေပြင် စစ်ဆင်ရေးက ဂါဇာဒေသကို ၃ ပိုင်းပိုင်းပြီး ထိန်းချုပ်ထားပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကမ္ဘာ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၁၈၆၀)ကို ထုတ်ပြန်ပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ အစ္စရေး တပ်တွေ ဂါဇာဒေသကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပါတယ်။ သို့သော်လည်း နှစ်ဖက်လုံးက ချက်ချင်း မလိုက်နာပါဘူး။ ၃ ပတ်အကြာမှာမှ အပစ်အခတ် ရပ်စဲရေးကြေညာကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လူပေါင်းများစွာ သေကြေခဲ့ပြီးကြောင်းနဲ့ အများစုဟာ အပြစ်မဲ့ အရပ်သားတွေသာ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောသွားခဲ့ပါပြီ။


ကုလသမဂ္ဂ၏ စာသင်ကျောင်းများလည်း အတိုက်ခိုက်ခံခဲ့ရပြီး အများအပြား သေဆုံးခဲ့သည်။

နိဂုံး

စစ်ပွဲတခုမှာ အသေအပျောက်ဆိုတာကတော့ ရှိကြစမြဲပါပဲ။ သို့သော်လည်း တိုက်ခိုက် နေကြတဲ့ နှစ်ဖက်က စစ်သည် တွေ အစား စစ်ပွဲ ခင်းကျင်းရာ ဒေသမှာ နေထိုင်နေတဲ့ အပြစ်မဲ့တဲ့ ကလေးတွေ သေကြေနေကြ တာက တော့ ကြေကွဲစရာကောင်းတဲ့ အဖြစ် အပျက်ပါပဲ။

အာရပ်-အစ္စရေးစစ်ပွဲကနေတဆင့် ဆက်စပ်စဉ်းစားမိတဲ့အခါ ကျနော်တို့ တိုင်းပြည်မှာလည်း အပြစ်မဲ့တဲ့ ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက် သေကြေခဲ့ကြပြီလည်း ဆိုတာ စဉ်းစားမိပါတယ်။ ဒီလို အဖြစ်အပျက်တွေကို ရပ်တန်းကရပ်အောင် ဘယ်လို လုပ်ဆောင်နိုင်ကြမလဲ။

အာရပ်-အစ္စရေး ပဋိပက္ခလို အားလုံး ဆက်စပ် ပတ်သက် ယှက်နွယ် ရှုပ်ထွေးနေတဲ့ ဖြစ်စဉ်တွေကို လေ့လာ သုံးသပ်ကြည့်ပြီးတဲ့အခါ ကျနော်တို့ နိုင်ငံအတွက် သင်ခန်းစာယူစရာ တခုခု ရှိမှာ သေချာပါတယ်။ ။

29 comments:

Anonymous said...

သေတာကြေတာတွေ ကို ကျော်ဖတ်သွားတယ်။
mm

sin dan lar said...

ဖတ်သွားပါတယ်...။ ခုမှ သေချာသိတော့တယ်...၊ basic မရှိလို့ပါ။

khin oo may said...

ရှပ်ြီ့ပီး ဖတ်သွားတယ်။ ခွှုင့်လွတ်ပါနော်.။ နားလည်သူများပြောပါလေ.။

khin oo may said...

ခက်တယ်..ဆရာကြီးတွေ ကလည်းမလာကြသေးဘူး.။ သူတို့ဖတ်ပြီးမှ တစ်ခါပြန်လာဖတ်မယ်။ ဆွေးနွေးချက်များကို...။

khin oo may said...

အားနာလိုက်တာ..။

ကောင်းကင်ကို said...

ဖတ်သွားတယ်ဗျ။ အဲဒီ့ အရှေ့ အလယ်ပိုင်းက မီးလည်း တော်တော်နဲ့ တော့ ငြိမ်းမယ် မထင်ဘူးဗျ။ငြိမ်းလည်း ခဏပဲ ဖြစ်ဖို့ များတယ်။ Imagine သီချင်းကို သတိရလိုက်တာ။

မင်းနန္ဒ said...

ဒီလောက်ရှုပ်ထွေးလှတဲ့ အကြာရှည်ဆုံး စစ်ပွဲနဲ့ ရန်ငြိုးရန်စတွေကို နောက်ခံသမိုင်းနဲ့တကွ အလွယ်တကူ ဖတ်ရနားလည်လွယ်အောင် တင်ပြထားတာအတော်ကောင်းပါတယ်။
မြန်မာဘလော့ လောကမှာ အရေးပါတဲ့ (World, local) သမိုင်းနဲ့ဖြစ်စဉ်တွေကို သေချာလေ့လာတင်ပြပေးနေသူ ရှားရှားပါးပါး (ကိုမောင်ရင်..ကိုအောင်သာငယ်.စသည်) ဘလော့ဂါများအဖြစ် ဂုဏ်ယူပါတယ်။ ဒီထက်မကလဲ ပေါ်ထွန်းလာပါစေ ဆုတောင်းပါတယ်။

စစ်ပွဲအပေါ် မှတ်ချက်အနေနဲ့တော့ အထူးတလည်မပေးလိုတော့ပါ။ တကမ္ဘာလုံးက နိင်ငံခေါင်းဆောင်တွေ ၀ိုင်းဝန်းဖြေရှင်းကြသော်လည်း အဖြေမပေါ်နိုင်ကြတာဟာ.. လူမျိုးရေး.. ဘာသာရေး . အစရှိတဲ့ .. သိပ်ကိုထိလွယ်ရှလွယ် မူရင်းဗီဇ မွေးရာပါ ဇာတိမာန် နဲ့ ယုံကြည်မှုတွေက မြစ်ဖျားခံနေတာ ဖြစ်တဲ့အတွက်.. ဒီမီးဟာ ဒီလိုပဲ တငွေ့ငွေ့ဆက်တောက်လောင်နေမှာပါပဲ။

.. အဲလို မွေးရာပါ ဇာတိဗီဇ နဲ့ ယုံကြည့်မှုအပြင် နောက်တစ်ခု အရေးပါတာက အစုအဖွဲ့ ပေါ်မှီတွယ်တဲ့ အတ္တစိတ်ဓါတ်ပါပဲ။ အဲဒီစိတ်ဓါတ်မျိုး ရဲ့သက်ရောက်မှု အကျိုးဆက်ကို အထင်ရှားဆုံးအနေနဲ့ကျွန်တော်တို့ နိုင်ငံတွင်းမှာလဲ မြင်နိုင်ပါတယ်။ မှားခြင်း၊မှန်ခြင်း၊ တရားခြင်း၊ မတရားခြင်းတို့ကို ဆုံးဖြတ်ရမှာ.. ကိုယ်ကျိုးစီးပွားအပြင်.. ထို အစုအဖွဲ့ပေါ်ကာကွယ်လိုစိတ်၊မှီတွယ်နေတဲ့ အတ္တစိတ်များကြောင့်.. တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုမှ reconcile လုပ်မရတဲ့ အခြေအနေကြောင့် ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုအခြေအနေဖြစ်နေရတယ်လို့ပြောချင်ပါတယ်။
လေးစားစွာ..

mama said...

I think this is based on radical belief, dignity and existence as human being in this World, moreover, no one knows who are standing behind of these happening for long fighting...
anyway, thanks for the maps...it is very clear to understand.

ပီကေ said...

လက်စားချေတယ်ဆိုတာ ဘယ်တော့မှ မဆုံးနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒီမီးဟာလည်း ဘယ်တော့မှ မငြိမ်းနိုင်တဲ့ မီးပဲ ဖြစ်နေဦးမှာပါ။ ခြေထိုးသူ၊ မြှောက်ပင့်သူတွေ ရှိနေတယ် ဆိုပေမယ့်လည်း ကာယကံရှင်တွေရဲ့ လူမျိုးကြီးဝါဒ နဲ့ အာဃာတတရားတွေ မခန်းသရွေ့ ခံပေဦးတော့ မြေဇာပင်တွေ .....

K said...

အင်း..တကမ္ဘာစာ အမှားတွေပါပဲ။

khin oo may said...

ဆွေးနွေးချက်တွေပြန်လာဖတ်သွားတယ်။

ဒူကဘာ said...

အပြင်းဆုံးမီလျှံများ ရဲ့ သမိုင်းကို လာခံစားပါတယ်။

လူသစ် said...

ဟိုးအရင်ကတော့ အဲ့ဒီဒေသဖြစ်စဉ်တွေကို ဖတ်ဖူးတယ်။ သမိုင်းစဉ်အဆက်ပေါ့။ ရူးချင်သလိုလိုဖြစ်သွားတာနဲ့ ရပ်ထားလိုက်ရတယ်ဗျ။ ဖြစ်ပွားခဲ့တဲ့စစ်တွေတင်မကပဲ နောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလဲ ဖတ်ချင်ပါသေးတယ်ဗျို့။

ကမာနီလာ said...

ဒီလောက်ရှုတ်ထွေးနက်နဲလှတဲ့ ပါလက်စတိုင်း-အစ္စရေး ပဋိပကအကြောင်းကို စိတ်ရှည်ရှည်နဲ့ သဘောပေါက်နားလည်လွယ်အောင် ရေးပြနိုင်တာကိုချီးကျူးလေးစားမိတယ်၊ ဒီစစ်ပွဲတွေကြည့်ပြီး မှတ်သားစရာနည်းနာများ နဲ့ ဆောင်ရန်ဆောင်ရန်တွေကိုပါ သုံးသပ်ဆင်ခြင်မိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ။

အိုင်လွယ်ပန် said...

တကယ့်ကိုနားလည်လွယ်အောင်ရှင်းပြပေးတဲ့အတွက်
ကျေးဇူးပါအစ်ကိုရေ

Anonymous said...

18 Jan 09, 05:39
Nanda: ငြီးငွေ့ဖွယ်ကောင်းလွန်းလှတဲ့ ကြာရှည်ဆုံး ဒီစစ်ပွဲနောက်ခံအကြောင်းတွေကို ရှင်းရှင်းလွယ်လွယ်လေးရေးပြထားတာမျိုးဖတ်ချင်လို့ရှာနေတာ ကျေးဇူးပဲဗျာ
18 Jan 09, 05:40
Nanda: မိုးမခမှာ စောင့်ဖတ်ရတာ စိတ်မရှည်လို့ တလုံးတစည်းထဲ ထိုင်ဖတ်လို့ ရောက်လာပါတယ်

Anonymous said...

18 Jan 09, 11:32
သားထူး: အာရပ်-အစ္စရေး အကြောင်းပြည့်ပြည့်စုံစုံ ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်ချစ်ကိုရေ

Anonymous said...

တော်တော်လေးကိုပြည့်စုံပါ၏
ကျေးဇူးတင်ပါ၏

သို့သော် ဥာဏ်မမှီ၍ မဆွေးနွေးတတ်ပါ

မြတ်နိုး

မီယာ said...

အေးအေးဆေးဆေး ထပ်ဖတ်ပါဦးမယ်။ သေသေချာချာ ရှင်းလင်းရေးပြထားလို့ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အကြောင်းတွေ ဖတ်ရမှာ ခက်တယ်ထင်လို့... အခုတော့ အသက်လေး ရလာပြီဆိုတော့ ကြိုးစားဖတ် ရမယ် (ကိုယ့်ကိုကိုယ် ဆုံးမခြင်းပါ)

သက်ဝေ said...

ဖတ်ကြည့်သွားပါတယ် အကို...
ဒါပေမယ့်... အင်း... ဒါပေမယ့် ပေါ့လေ...
အဆင့်မမှီလို့  လို့ ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်မိပါတယ်...

nyimuyar said...

thanks for your post, it is very useful and lots of historical information.

မောင်မျိုး said...

ခုမှပဲ သေချာသိတော့တယ် အန်ကယ်ရေ့ ကျေးဇူးဗျာ စစ်ဆိုတာနဲ့ အရင်ဆုံးခံလိုက်ရတာကတော့ အပြစ်မဲ့ပြည်သူတွေပါပဲ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် ၊ လူဆိုတာ အတ္တ မကင်းခြင်းနဲ့ လောဘ တွေကြားမှာ သားကောင်ဖြစ်သွားရတဲ့ သူတွေအတွက်စိတ်မကောင်းဖြစ်မိတယ်။

Welcome said...

အသွင်မတူတဲ့ လူမျိုး ၂ ခုရဲ့ အတူပေါင်းဖက် နေထိုင်မှုကြောင့် ဖြစ်ပေါ်လာနေတဲ့ ပဋိပက္ခတွေကို သိရှိသွားပါတယ်။
ဖော်ပြပေးမှုတွေအတွက် ကျေးဇူးတင်ရှိတယ်

TZA said...

ဒီလိုအကြောင်းအရာတွေကို အရမ်းစိတ်ဝင်စားပါတယ်၊ အသေအချာ ရေးထားတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ် ကိုအောင်သာငယ်။

ခင်မင်းဇော် said...

ဂျူးတွေရဲ့ စိတ်ဓါတ်ကိုတော့ သိပ်သဘောကျတယ်။
သူတို့ လူမျိုးတွေရဲ့ နောက်ခံသမိုင်းတွေကလဲ အံ့မခန်းတွေပဲနော်။
လူမျိုးစုလိုက် စည်းလုံးညီညွတ်မှုက အားကျအတုယူစရာပဲ။
၆ ရက် ကြာစစ်ပွဲကို ဖတ်တုန်းကဆို ဂျူးဖြစ်ချင်စိတ်တောင် ဖြစ်ခဲ့ဘူးတယ်။

Anonymous said...

19 Jan 09, 09:46
YoungGun: ဗဟုသုတတွေလည်း တထောကြီးကိုရသွားတယ် ရင်လည်းမောတယ်ဗျာ

Anonymous said...

19 Jan 09, 14:16
ဒေါင်းမင်း: သက်တမ်းရှည်ပဋိပက္ခ ကိုအခုလိုတစုထဲဖက်ရတာတကယ်အနှစ်ပဲ
19 Jan 09, 14:16
ဒေါင်းမင်း: ကျေးဇူးကိုအောင်သာရေ

ဇင်ယော် said...

အမုန်းကြောင့်ဖြစ်တဲ့ စစ်ပွဲတွေထဲမှာ အပြင်းထန်ဆုံး စစ်ပွဲတွေအကြောင်းကို သေသေချာချာ ရှင်းလင်းရေးပြပေးထားတာ အရမ်းကို ကောင်းပါတယ် အစ်ကိုရေ။ တကယ့်ကို ဗဟုသုတ ပေးတဲ့ပို့ စ်လေးပါ။ ( အဟီး မပြောမဆိုနဲ့  အရင်ကူးသွားပါပြီဗျာ ) အဲဒီ စစ်မီးလျှံတွေကြားမှာ အရှုံးဆုံးသူက နှစ်ဘက်လုံးက ပြည်သူတွေပါဗျာ။ သေတဲ့သူကသေ၊ ဒုက္ခိတဘ၀ရောက်တဲ့သူကရောက်၊ ပျောက်တဲ့သူကပျောက်နဲ့  သူတို့ ဘ၀တွေအတွက် အမုန်းမီးတွေ အမြန်ဆုံးငြှိမ်းသတ်နိုင်ကြပါစေ။

Thynzar said...

အစ္စရေး-ပါလတ်စတိုင်း အရေးအခင်းကို အခုအရမ်းစိတ်ဝင်စားနေတုန်းရှာကြည့်တော့အကို့ဆောင်းပါးကသိပ်ကောင်းပါတယ်။ ထင်တာတစ်ခုကိုပြောပါရစေ၊ မှားရငိလည်းအမှန်ကိုပြောပေးပါ .ခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက မြန်မာနိုင်ငံကြီးကို ပါလတ်စတိုင်းခွဲခြမ်းရေးလိုဖြစ်အောင် လုပ်နေတာလားဟင်.အဖြစ်တွေကတူနေလို့ပါ