Jan 22, 2009

မီးအိမ်ရှင်သို့ အမှတ်တရ

လကွေးပက်လက်
ညပုခက်လည်း

မျက်တောင်စင်းလျက်

အုန်းခင်းထဲမှာ အိပ်ပျော်သတည်း.....


ကျနော် ငယ်စဉ်က အလွတ်ရနေခဲ့တဲ့ ကဗျာတွေထဲက အပိုင်းအစလေးတခုပါ...။ ဆရာဂျမ်း (ဆရာတင်မိုး) ရဲ့ နံမည်ကျော် နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာ စာအုပ်မှာ ပါတဲ့ ကဗျာအပိုဒ်လေး တခုပါ။

ကျနော့် အဖိုးအဖွားတွေက မြစ်ဝကျွန်းပေါ်ကဆိုတော့ ကျနော် ငယ်စဉ်က မြစ် အတွင်းမှာ သင်္ဘောနဲ့ ခရီးတွေ ခဏခဏ သွားခဲ့ဖူးပါတယ်။ တခါတခါ သင်္ဘော ဦးခန်းမှာ နေရာ ရတဲ့ အခါမျိုးမှာ ညဖက် ရောက်ရင် မအိပ်တော့ပဲ လရောင် အောက်မှာ မြင်နေရတဲ့ မြစ်ရဲ့ အလှ အပတွေကို သင်္ဘော ဦးခန်းရဲ့ ပြတင်းဝက ရပ်ကြည့် ခံစားရင်း ကြည်နူးခဲ့ ဖူးပါတယ်။ မြစ်ကမ်း တဖက်တချက်မှာ ပေါက်နေတဲ့ ဓနိတော၊ ခရာတော၊ လမုတော၊ အုန်းတောတွေ ညရဲ့ လရောင်ပြာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေတာကို ကြည့်ရင်း တဖြူးဖြူး တိုက်နေတဲ့ ညလေ အေးအေးမှာ လရောင်ကို ထွေးပွေ့ရတာ အတော် ကြည်နူးစရာ ကောင်းတဲ့ အခိုက်အတန့်ပါပဲ။

အဲလိုမျိုး အခိုက် အတန့်တွေကို မကြာခဏ ကြုံတွေ့ရတဲ့အခါ အထက်မှာ ကျနော် ဖော်ပြခဲ့တဲ့ ဆရာတင်မိုးရဲ့ ကဗျာ ပိုဒ်ကလေးဟာ နှလုံးသားထဲကို အလိုအလျောက် ရောက်သွားတာပါ။ ကြည့်ပါဦး - လပြည့်မဟုတ်လို့ ပုခက် တလုံးလို ကွေးကွေးလေး ဖြစ်နေတဲ့ လကို ညပုခက်လို့ တင်စားထားတာ၊ ဘယ်လောက် လှပလိုက် ပါသလဲ။ ပြီး မျက်တောင်စင်းလို့ တိတ်ဆိတ်ငြိမ်သက် အုန်းခင်းထက်မှာ အိပ်ပျော်သွားတယ်လို့ ဖွဲ့ထားတာ - ဘယ့်လောက် လှပလိုက်ပါသလဲ။

သည်လို နူးညံ့လှပတဲ့ ကဗျာတွေရဲ့ ပိုင်ရှင် ဖန်မီးအိမ်ရဲ့ သခင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သည်နေ့ မှာ သူ ချစ်မက် မြတ်နိုးရာ အမိမြေရဲ့ အဝေးမှာ ထာဝရ အိပ်စက် အနားယူသွားခဲ့ပါပြီ။ မီးအိမ်ရှင်ကို ချစ်ကြတဲ့ သူတွေအားလုံး နှလုံးသားတွေ ကြေကွဲ၊ မျက်ရည်တွေ ၀ဲခဲ့ကြရတယ်။ တချို့ကလည်း ဖန်မီးအိမ်ကလေး ကွဲခဲ့ပြီ...တဲ့...။ မဟုတ်ပါဘူး... မဟုတ်ပါဘူး... သည်ဖန်မီးအိမ်လေး မကွဲခဲ့ပါဘူးဗျာ... သည်ဖန်မီးအိမ် လေးဟာ ကျနော်တို့တွေ အားလုံးရဲ့ နှလုံးသားမှာ ထာဝရ သိမ်းထားခဲ့ပြီးပြီပဲ။ ဘယ်တော့မှ မကွဲနိုင်တော့ပါဘူး...။ ဖန်မီးအိမ်လေးဟာ အနားယူသွားခဲ့တာပါ...။ မီးဇာကုန် ဆီခမ်းသွားတာလည်း မဟုတ်ပါဘူး...။ သူ့ အစွမ်းရှိသမျှထက်ကို အစွမ်းကုန် အလင်းရောင် ပြရင်း တာဝန်ကျေသွားခဲ့တဲ့ တနေ့မှာ ထမ်းပိုးခဲ့သမျှတွေကို ပုံချ... အနားယူသွား ခဲ့ရတာပါ...။

သည် ဖန်မီးအိမ်ရှင်ကို ချစ်ခင်လေးစား သတိရတမ်းတသောအားဖြင့် သူ အိပ်စက် အနားယူသွားခဲ့တဲ့ ၂ နှစ် မြောက်တဲ့နေ့မှာ သူ အလင်းပြခဲ့တဲ့ ဖန်မီးအိမ်လေးကို သူ့ကိုယ်စား ဖော်ပြပေးလိုက်ပါတယ်။ ဆရာတင်မိုး ထာဝရ ငြိမ်းချမ်းပါစေ....။

(အောင်သာငယ်)
ဖန်မီးအိမ်

ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည်မဟုတ်ပါ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊ လရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့ဖြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းမျက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား......။

တင်မိုး

7 comments:

Anonymous said...

ကျနော်တို့ မဖတ်ခဲ့ရဖူးတဲ့ ကဗျာကောင်းတွေ အခုလို ပြန်ဖတ်ခွင့်ရတာ ကျေးဇူးပါဗျာ ။

“သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောက” ဒီစာသားစုလေးအတွက် ကိုယ့်ကိုယ်ထဲ အားတွေစီးဝင်သွားတယ် ။ဆရာကြီးက လူငယ်တွေရဲ့ စိတ်ကိုထိုးဖောက်သိနေသလို လေးစားသွားပြီး။

K. said...

ကဗျာလေးကတော့ တော်တော်လေးမိုက်တယ်နော်

reddevil lover said...
This comment has been removed by the author.
လင်းထက် said...

ကဗျာလေး က အတော်ကောင်းတယ် အကိုရေ သေချာဖတ်သွားတယ်.။

Moe Cho Thinn said...

အကို
ကျေးဇူး ကုဋ္ဋေကုဋ္ဋာ။
စနေနေ့ကျရင်လဲ ဆွမ်းကျွေး ကြွပါအုံးနော်။
အကို့ရဲ့ အမှတ်တရ ဖော်ပြမှုအတွက် မိသားစုက ကျေးဇူးတင်လျက်ပါ။

Anonymous said...

လာရောက်ဖတ်ရှုသွားပါတယ် ခင်ဗျာ ။ ကျေးဇူးတင်ပါတယ် :)

Kaung Kin Ko said...

လကွေးပက်လက်
ညပုခက်လည်း
မျက်တောင်စင်းလျက်
အုန်းခင်းထဲမှာ အိပ်ပျော်သတည်း

ဆရာတင်မိုးကဗျာလေး လှလိုက်တာဗျာ။