Jan 31, 2009

ဝံပုလွေ

လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ဒေါင်းအိုးဝေမှာ ဖတ်ခဲ့ရတဲ့ ကဗျာ တပုဒ်ပါ။ အခု ပြန်ဖတ်မိ တော့လည်း ခံစားချက် တွေက လန်းဆန်း လတ်ဆတ် နေသေးတယ်။ ဒါနဲ့ မဖတ်ခဲ့ ဖူးသေးတဲ့ ညီအကို မောင်နှမတွေ ကို ပြန်ပြီး ဝေငှ လိုက်တာပါ။

ကဗျာကို နားလည် ခံစားဖို့ တချို့အချက် အလက်လေးတွေတော့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ အဲအတွက် တချို့ အချက်အလက်လေးတွေကို ကျနော်ကပဲ ဖော်ပြ ပေးလိုက်ပါတယ်။ သို့သော်လည်း အဲသည် အချက် အလက် လေးတွေက ကဗျာ ရေးသူက ပြောခဲ့တာ မဟုတ်ပါဘူး။ ကျနော်က ရှာဖွေကြည့်မိတာပါ။ တစုံတရာ မှားယွင်း ခဲ့ရင် ကျနော့် ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကဗျာအတွက် အရေးပါတဲ့ အချက် တခု - ၀ံပုလွေတွေဟာ အချင်းချင်း ဘယ်တော့မှ မကိုက်ကြဘူး-လို့ ဖတ်ဖူး ပါတယ်။ ၀ံပုလွေ တွေဟာ တကောင်တည်း မနေဘူး။ အုပ်လိုက် နေတယ်။ ဟုတ် မဟုတ် ကတော့ Discovery လို Channel တွေမှာ ကြည့်ကြည့် ပေါ့လေ။

အဖော်နဲ့ ကွဲသွားတဲ့ ၀ံပုလွေတကောင်ဟာ ဘယ်လိုမျိုး ခံစားရလေမလဲ။ ကိုယ် ကိုယ် တိုင်က ၀ံပုလွေ တကောင် ဖြစ်ခဲ့ပြီး ၀ံပုလွေ အုပ်နဲ့ ကွဲသွားခဲ့ဖူးရင် သိလိမ့်မယ်လို့ ထင်ပါတယ်။

(ရထား) ဆိုတာက ကျနော်တို့ စစ်သုံးစကားပါ... RT ခေါ်တဲ့ Walkie Talkie တွေနဲ့ တယောက်နဲ့ တယောက် ပြောတဲ့ အခါ ပြောတဲ့ စကားကို အားလုံးကြားလား (ရ-ထားလား) လို့ မေးလေ့ရှိပါတယ်။

သော်လဲထ -ဆိုတာကတော့ ထိုင်းနိုင်ငံဖက်က ဈေးတန်းလေး တခုပါ။ မာနယ်ပလော ဌာနချုပ် မကျခင်တုန်းက ပြင်ပ ကမ္ဘာနဲ့ ကျနော်တို့တွေ ထိတွေ့ရတဲ့ တခုတည်းသော ထွက်ပေါက်လေးပါပဲ။

ခုတော့ ကျနော်ကိုယ်တိုင် ကယ်လီဖိုးနီးယားရဲ့ အုံ့မှိုင်းမှိုင်း ကောင်းကင် အောက်မှာ ရောက်နေခဲ့တော့ အဖော်တွေကို လွမ်းတယ်...။

ကျနော်လည်း ၀ံပုလွေတကောင်ပါ။
အရှည်လျားဆုံး အူမိတယ်။

ကိုယောဟန်အောင် ကလည်း ကဗျာနဲ့ ပတ်သက်လို့ လိုအပ်တဲ့ နောက်ခံသမိုင်းကို ခုလို ဖြည့်စွက် ပေးသွား ပါတယ်၊

ကိုအောင်သာငယ်ရေ...
နည်းနည်း နောက်ခံလေးကို ထပ်ဖြည့်စွက်ပါရစေ။ အဲသည်အချိန်က ကိုမိုးသီးဇွန်က အမေရိကန်ကို ခရီးစဉ် တခု အလာမှာ ထိုင်း အာဏာပိုင်တွေက ပြန်လာခွင့်ကို ပိတ်လိုက်ပါတယ်။ အလားတူပါပဲ NCGUB က ဒေါက်တာ စိန်ဝင်းတို့ အပါအ၀င် အချို့ အမတ်တွေလည်း ပိတ်ပင်ခံရပါတယ်။ အဲသည် အချိန်က ခံစားချက်နဲ့ ရေးထားတဲ့ စာပါ။ အဲသည် အချိန်က မဲစရိယန်း၊ မဲဟောင်ဆောင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ကိုမိုးသီးဇွန် ဓါတ်ပုံနဲ့ ဖမ်းဝရမ်း တောင် ထုတ်ထားခံရသေးတယ်။

နောက်တော့ ကမ်ဘောဒီးယား နယ်စပ်ကတဆင့် ပြန်ခိုးဝင်လာခဲ့တယ်။ ထိုင်း အာဏာပိုင် တွေကလည်း နောက်တော့ သူတို့ ၀ရမ်းကို ပြန်လျှောချ သွားခဲ့ပါတယ်။




ဝံပုလွေ


ဒါ
အဖေါ်တွေနဲ့ ကွဲသွားတဲ့
ဝံပုလွေတကောင်ရဲ့ စူးစူးရဲရဲ အော်သံပဲ
ရိုလန်ဟိုက်
တောင်ကြားအတိုင်း
ဒုံးစိုင်းခုန်ပေါက်
သားရဲ တွင်းသို့ အရောက်ပြန်
လမ်းစကိုအနံ့ခံလိုက်
နဂါးနဲ့ ကြုံ
ဂဠုံနဲ့တွေ့
ခြင်္သေ့နဲ့ တိုက်ပ။

မိုင်ပေါင်း ရာထောင်ရှည်က
အဖေါ်တွေကြားအောင်
အရှည်လျားဆုံး အူလိုက်မိတယ်။

ဒေါနရေ
ငါ့ အသံ ကြားလား
ရထား... ဖြစ်လား
သံလွင်... သံလွင်... ရထား... ဖြစ်လား
အသံ ဘယ်လောက်ကြားရသလဲ
ကြားရင် အကြောင်းပြန်ပါကွယ်။

ကာလီဖိုးနီးယား တစ္ဆေလို နေ့ခင်းပ
အထီးကျန်လှချည်ရဲ့ 
သော်လဲထ လှေဆိပ်က ဈေးခင်းလေးလို
ခင်ဖို့ မကောင်းပေဘူး
အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
နေရော ညပါ
တခါးပိတ် ၊ အိပ်မောကျ
တစပြင်ပမာ
တမြန်မနေ့ က ဆောင်းမင်းသမီး နှင်းဟာ
ဖြူလွလွ ပုဝါတစနဲ့  က တယ်။
နယ်ခံတွေကြားမှာ အလွမ်းများများနေတဲ့
အားပေးနေတဲ့ ၀ံပုလွေရဲ့ အသံဟာ
ပစိဖိတ် သမုဒ္ဒရာ ပေါ်မှာ လွင့်ပျံ
ဒို့ ပြန်ချင်လှပါပြီ --- နှင်းရယ်။

ဟိုးအဝေးက လှမ်းလို့ မြင်ရတဲ့
ဝက်ဝံတောင်တန်းကြီး ရဲ့  ပတ်ဖန်ဒါ လမ်းနဘေးက
အရိုးခံပန်းကလေး ဆွေးပြီးကျန်ရစ်လိမ့်။
နီဗားဒါး
သဲကန္တရကြီးခမျာ
ဥတ္တရ ရာသီရဲ့ 
ဟိန်းဟောက်မှုအောက်မှာ
ပူလိုက်အေးလိုက်
ငန်းဖြားရိုက်၊ ခိုက်ခိုက်တုန်နေ
ဝံပုလွေတကောင်ရဲ့ ကာလီဖိုးနားသွား တောလား
ခြိမ်းခြောက်မှုတွေကြားမှာ သွေးခဲလို့ မသွားပေဘူး

အလို
ပျံလွား ငှက် လေးတွေတောင်
တောင်ဝန်ရိုးစွန်းက ပြန်လာကြပြီပဲ
ဆန်တီရေးဂိုးက ဘုရားကျောင်းအိုကြီးထဲမှာ
ဒေသခံတွေက သူတို့ အပြန်ကို
ခေါင်းလောင်းထိုး ကြိုဆိုကြ
တောင်ဖက်က ပြန်လာတဲ့
မိတ်ဆွေတို့ ရယ်။

ငါ့အတွက် စာပါလား
ငါ့ကို ဘာမှာလိုက်ကြသလဲ
သားပျောက်ရှာနေတဲ့ အမေတွေနဲ့
စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ဘယ်လိုရှိပါစ။

ခုချိန်ဆို
ဒေါနမှာ
တောမီးတွေ လောင်စပြုပြီပဲ
ပေါက်လဲနဲ့  ပဒတ်စာတွေလည်း
နေထဲ မီးထဲမှာ ရဲရဲပွင့်
အနာဂတ်ကို မျှော်လင့်ကြရော့မယ်။
ဒါကိုပဲ
သေကောင်ပေါင်းလဲ ငါချစ်ခဲ့။

သားရဲဟောက်သံတွေ ဆူဆူညံ
သွေးသံရဲရဲ
လေးသံမစဲ ၊ မြားသံမစဲ
သဲသဲမဲမဲ ထိုးနက်တိုက်ခိုက်နေကြ
အစွယ်တွေဖွေးဖွေးလှုပ်
ဝံပုလွေတအုပ်လဲ
မီးတောက်ထဲမှာ ၀ုန်းဒိုင်းကြဲချီတက်သွား
တိုက်ပွဲခေါ်သံကြားမိတယ်။

ယူဇနာပေါင်းများစွာက နာနာကျည်းကျည်းနဲ့ 
ကျွဲချို မှုတ်သံ
ငါ့သွေးမှာ ပွက်ပွက်ညံပေါ့
ဒီတခါ
ဒဏ်ရာပလပွ
စာလောင်ငတ်မှုတွေ အန္တနဲ့ 
ခေါင်းမာလှတဲ့ ၀ံပုလွေဟာ
ရီဝေေ၀၀ိုင်ခွက်ကို
မီးလင်းဖိုနံရံမှာ ပေါက်ခွဲ
ဝုန်းကနဲ ခုန်ထ
မီးတောက်ထဲကို ခုန်ချသွားတယ်
ရဲရဲ။

မိုးသီးဇွန်
( ၁၉၉၅ - ခုနစ်ကရေးစပ်ခဲ့တဲ့ကဗျာတပုဒ်ပါ။)

19 comments:

ဆောင်းယွန်းလ said...

အကိုရေ.ကျနော်ကိုမိုးသီးကိုပြောလိုက်ပါ့မယ်..
အသံငါးရထားဖြစ်ပါတယ်လို့..

ဒီကဗျကိုဟိုးအရင်ကတည်းကကြိုက်ခဲ့တာပါ..

Moe Cho Thinn said...

ကဗျာ အရမ်းကောင်းပါတယ်။ သင်းကွဲဖြစ်တဲ့ ၀ံပုလွေတွေ တစစီ တကွဲစီ နေရာ အနှံ့အပြားမှာ တွေ့နေရတယ်။
ကိုမိုးသီး တခါတုန်းက ဆရာနိုင်ဝင်းဆွေအကြောင်း ရေးတဲ့စာလဲ ကောင်းတယ်။ ဒီကဗျာတော့ ခုမှ ဖတ်ဖူးတာပါ။

လင်းထက် said...

ဝံပုလွေ တွေ ကွဲတာထက် အချင်းချင်း ကိုက်နေလို့ ဝံပုလွေ ဇာတ်ပျက် တာတွေ လဲ ရှိပါ့ အကိုရေ...

တစ်ကယ့် ဝံပုလွေ အစစ် တွေ အတွက်တော့ ဌါနေကို မှန်းပြီး အူသံ ပေးနေရတာ တစ်ချိန်တော့ ချုပ်ငြိမ်း နိုင်ကောင်းပါရဲ့..။

ညီအကိုများ said...

အခုမှဖတ်ဖူးတဲ့ကဗျာပါ..
ဝေမျှခံစားခွင့်ပြုတာကျေးဇူးတင်ပါတယ်အစ်ကိုရေ.

မိုးကြယ်

Yaw Han Aung said...

ကိုအောင်သာငယ်ရေ...
နည်းနည်း နောက်ခံလေးကို ထပ်ဖြည့်စွက်ပါရစေ။ အဲသည်အချိန်က ကိုမိုးသီးဇွန်က အမေရိကန်ကို ခရီးစဉ်တခုအလာမှာ ထိုင်းအာဏာပိုင်တွေက ပြန်လာခွင့်ကို ပိတ်လိုက်ပါတယ်။ အလားတူပါပဲ NCGUB က ဒေါက်နာစိန်ဝင်းတို့ အပါအ၀င် အချို့အမတ်တွေလည်း ပိတ်ပင်ခံရပါတယ်။ အဲသည် အချိန်က ခံစားချက်နဲ့ ရေးထားတဲ့စာပါ။ အဲသည် အချိန်က မဲစရိယန်း၊ မဲဟောင်ဆောင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ကိုမိုးသီးဇွန် ဓါတ်ပုံနဲ့ ဖမ်းဝရမ်းတောင် ထုတ်ထားခံရသေးတယ်။

နောက်တော့ ကမ်ဘောဒီးယားနယ်စပ်ကတဆင့် ပြန်ခိုးဝင်လာခဲ့တယ်။ ထိုင်းအာဏာပိုင်တွေကလည်း နောက်တော့ သူတို့ ၀ရမ်းကို ပြန်လျှောချသွားခဲ့ပါတယ်။



နောက်တော့

Anonymous said...

ဒီကဗျာကို ခိုက်မိပါရဲ့ ...ကျနော်လဲ ရှေ့က လူကြီးမင်းများလို ထပ်ဖြည့်စွက်ချင်ပါတယ်။ ဝေါကီ တော်ကီက RT လို့ခေါ်တဲ့ Radio Telegraphy ပါ၊ WT က ဆင်မြူရယ် ဖင်လေ ဘရီဇ် မော့(စ်) ထွင်သွားတဲ့ ဗမာလို အရပ်ပြော ဒါဒါဒစ်ဒစ်..ဒစ်ဒစ်ဒါဒါ ..လို့ပြောကြတဲ့ မော့(စ်) WT - Wireless Telegraphy ပါ၊ ကိုအောင် ပြောတဲ့ ရထား ဖြစ်လား? ဆိုတာ RT အမျိုးအစားပါ၊ ကိုအောင် ပြောချင်တာကို ဒူကဘာ ဥတ္တရတောင်တန်းတွေ ကအထိ ရထား... ဖြစ်တယ်..ရထား ဖြစ်တယ်.. ပျံနေတဲ့ ..ဌက်ရဲ့ ..အသိုက်ကို တွေ့တယ်...ဒါပဲအကြောင်းပြန်! :P

လူလ said...

မင်္ဂလာပါ ကိုအောင်သာငယ်

ဒီကဗျာကို ရိုးမပေါ်မှာ စီးမျောရင်းနဲ့... ညှပ်အိုးထီးနှင့် ၀ါးမြိုချခဲ့ဘူးတယ်။
အခုထိ အသံ ၅ ရထားဖြစ်နေဆဲပါ

ရွှင်လန်းချမ်းမြေ့ပါစေ...

ATN said...

ကိုဆောင်း - ရထား... ရထား...
ညီမမိုးချို - ဖတ်သွားတာ ကျေးဇူးပါ...
လင်းထက် - တနေ့နေ့ပေါ့လေ
မိုးကြယ် - လာဖတ်တာ ကျေဇူးညီရေ့..
ကိုယော - ကျနော်လည်း သိတယ်လေ
ပြောရကောင်းမလား မကောင်းလား စဉ်းစားနေတာ ကိုယော ပြောပြလိုက်တော့လည်း ပိုကောင်းသွားတာပေါ့...
ဒူကဘာ - မာလာတယော... မာလာတယော...
လူလ - ၄-၅ ကြားတယ်ပေါ့.. ရထား... ရထား...

အိုင်လွယ်ပန် said...

ကဗျာလေးက ခံစားလို့ကောင်းလိုက်တာအစ်ကိုရာ

Apprenticeship said...

အင်း ၀ံပုလွေတွေ သွေးစည်းသင့်တယ်။

pandora said...

ကဗျာရော သမိုင်းအတွက်ပါ ကျေးဇူးပါ။ အစ်ကိုတို့ ပြောပြမှ သိရမှာပါ။


ဒါနဲ့စာလုံးပေါင်းလေး ပြင်လိုက်ပါဦး။ "ဒေါက်တာစိန်ဝင်း"။ ကိုယောက typo မတော်တဆ မှားသွားတာဖြစ်မှာပါ။ တော်ကြာ နားလည်မှုတွေ လွဲကုန်မှာစိုးလို့။ :)

Anonymous said...

ကျေးဇူးပါကိုအောင်သားငယ်..အခုမှဖတ်ဖူးတဲ့ကဗျာပါ..
ဒါပေမဲ့စိတ်ကတော့ဟိုးအဝေးကြီးကိုဖြန့်ကျက်ပြီးပြန်သွားလေ
ရဲ့..တစ်နေ့နေ့တစ်ချိန်ချိန်တော့..ဆယ်လမွန်ငါးတို့အပြန်
ဆိုတဲ့သီချင်းလေးကိုဧရာဝတီရဲ့ရေစီးသံနဘေးမှာဆိုနိုင်ကောင်း
ရဲ့.....

မေ့သမီး said...

သိပ်ကောင်းတဲ့ကဗျာပဲ။ သင်းကွဲဝံပုလွေတွေကတော့ နေရာအနှံ့ပါပဲ။

ကိုအောင် said...

ကဗျာကို ဝေမျှပေးတာ ကျေးဇူး အကိုကြီး။

သစ်နက်ဆူး said...

ကိုအောင်ရေ...
သိပ်ကောင်းပြိး သိပ်လေးနက်တဲ့ ကဗျာပါ....
ဝံပုလွေရဲ့ ရင်ကို ခံစားပေးနိုင်ပါတယ်...
မှတ်မှတ်ယယ ၀ရမ်းထုတ်ထားလို့  ပုန်လျှိုးကွယ်စွာပြန်ဝင်လာလို့  ထိုင်းရဲတွေ လိုက်နေချိန်မှာ ကျနော်ချက်တဲ့ ထမင်းဟင်းကို သူနဲ့ လက်ဆုံစားခဲ့ ဘူးတယ်...
ကြက်သားဟင်းနဲ့ ကျွေးပေမယ့်...ငါးခြောက်ဖုတ်လေးဖြစ်ဖြစ် ငါးပိရည်လေးဖြစ်ဖြစ်လုပ်ပေးပါလားဗျာလို့ ပြောရင်း
ငါးပိရည်တို့ စရာနဲ့ ၂ယောက်အတူထမင်းစားခဲ့ တုန်းက
လေးစားစိတ်ကိုယ်ချင်းစာစိတ်နဲ့ ခင်မင်ခဲ့ မိတယ်...
ခုထိလဲ ခင်မိတုန်းပါဘဲ...။
သင်းကွဲနေတဲ့ ဝံပုလွေရဲ့ အားတွေကို လွမ်းတယ်ဗျာ...။

Kaung Kin Ko said...

ကိုမိုးသီးရဲ့ ဘလော့ sidebar မှာတင်ထားတာ ဖတ်ရတယ်ဗျ။ ကဗျာလေး အရမ်းကြိုက်တယ်။ အခုလည်း နောက်ခံသမိုင်းနဲ့ အတူတူ ပြန်ဖတ်သွားပါတယ် အစ်ကို။

M.Y. said...

very nice poem..

Anonymous said...

ဒီကဗျာအရင်ကတည်းကဖတ်ဘူးတယ်၊ အခု ပြန်လည်ဝေမျှပေးတော့ ချယ်ရီမြေရောက် သင်းကွဲဝံပုလွေတစ်ကောင်လည်း စွဲစွဲငင်ငင်အူမိတယ်၊ အသံငါးရထားဖြစ်နေဆဲ...။

ATN said...

အိုင်လွယ်ပန် - ကျေးဇူးပါ ညီရေ့...
Apprenticeship - ဟုတ်ပါ့...
မပန် - ပြန်ပြင် ထားပါတယ်...
ကိုကိုးနိုင် - မျှော်လင့်ချက်တွေတော့ ရှိနေဆဲပါ...
မေ့သမီး၊ ကိုအောင် - ဖတ်သွားတာ ကျေးဇူးပါ...
ကိုသစ် - အဲ အတွေ့အကြုံလေးကို စာရေးပါလား... မှတ်တမ်းလေး ဖြစ်တာပေါ့...
ကောင်းကင်ကို၊ ကိုမောင်ရင် - ကျေးဇူးပါ...
ကမာနီလာ - အာလူး ခရေ အာလူး နီလာ ကောင်းလားး... ရထားလား...