Oct 14, 2008
မိသားစုကန်တော့ပွဲ
မနေ့က အလုပ်ထဲမှာလည်း တနေ့လုံး ခေါင်းကိုက်နေတာရယ် အိမ်ပြန်ရောက်တော့လည်း ညာဖက် ဇက်ကြော တဖက်တည်း တက်နေတာရယ်နဲ့ ကွန်ပြူတာ တောင် မဖွင့်နိုင်ပါဘူး အိပ်ယာထဲမှာ လှဲနေရတာ။ ဇက်ကြောမှာ သံချောင်း တချောင်း ထိုးထည့်ထားသလိုပဲ ကိုက်နေတာ။ ဒါနဲ့ပဲ ရေးလက်စ ဖြစ်နေတဲ့ သူပုန် တယောက်ရဲ့ ဒိုင်ယာရီ (၈) ကို ဆက်ရေး ဖို့ဟာ မရေးနိုင်ဘူး ဖြစ်သွားတယ်။ ဒီနေ့တော့ အလုပ်လည်း နားတာနဲ့ ကွန်ပြူတာလေး ဖွင့်ပြီး Google Reader က ယူထားတဲ့ Feed တွေ ဖတ်မိတော့ တူမောင်မျိုး က သူ့ရဲ့ သီတင်းကျွတ် ဆိုတဲ့ပို့စ်မှာ ကျနော့်ကို အကန်တော့ခံတဲ့ စာရင်းထဲ ထည့်ထား တာတွေလို့ သူ့အိမ်လေးဆီ လိုက်သွားပြီး ဆုသွားပေးရပါသေးတယ်။ နောက်တော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်ဘလော့ ကိုယ်ကြည့်မိတော့ ညီမငယ် ခေါင်ခေါင် ကလည်း ဆီပုံးထဲမှာ လာကန်တော့ သွားတာ တွေ့လိုက်ရလို့ သူ့ကိုလည်း ဆုပေးလိုက်ရပါသေးတယ်။
သြော်- ကလေးတွေ ကိုယ့်လာကန်တော့မှ ကိုယ်က ကန်တော့ခံရတဲ့ အသက်အရွယ်တန်း ထဲကို ရောက်နေမှန်း ကိုယ့်ဘာသာ ခုမှပဲ သတိရတော့တယ်။ အဲဒါနဲ့တဆက်တည်း ရင်ထဲ မှာလည်း ခံစားချက်တွေ တနင့်တပိုး ဖြစ်လာတာနဲ့ ခေါင်းကိုက် ဇက်ကြော တက်နေတာကို ခဏ မသိချင်ယောင်ဆောင်ရင်း ဒီပို့စ်လေးကို ရေးမိပါတယ်။
----------
ကျနော်တို့ အမိဗမာပြည်မှာ သီတင်းကျွတ်ဆိုရင် ကလေးတွေ အားလုံးက ပျော်ကြတယ်။ အဖိုးအဖွား အမိအဘက အစ ဦးလေး ဒေါ်ကြီးတွေပါ မကျန် ရပ်ကွက်ထဲက သက်ကြီး ရွယ်အိုတွေ အဆုံး အားလုံးကို သွား ကန်တော့ကြ၊ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေမှ ခွင့်လွှတ်ဖို့ရာ တောင်းပန်လေ့ ရှိကြ ပါတယ်။ လူကြီးတွေ အားလုံးကလည်း ဆုတွေ မျိုးစုံ ပေးပေါ့လေ။ အတော့ကို ချစ်စရာ ကောင်းတဲ့ မြန်မာ့ လူမှု အလေ့အထလေးပါ။ လူကြီးတွေကို ကန်တော့ ပြီးပြီဆိုရင် လူကြီးတွေက မုန့်ဖိုး ပြန်ပေးကြလေ့ရှိတယ်၊ မုန့်တွေလည်း စားရလေ့ရှိတယ်။ အဲတော့ သီတင်းကျွတ်ပြီဆို ကလေးတွေကတော့ ပျော်နေကြတာပါပဲ။
ကျနော် လူမှန်း သိကတည်းက အဲလိုပျော်ခဲ့ရတဲ့ အပျော်ဟာ ၁၉၈၇ ခုနှစ် သီတင်းကျွတ်မှာ နောက်ဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ နောက်နှစ်ဖြစ်တဲ့ ၁၉၈၈ ခုနှစ်ကစပြီး ခုသီတင်းကျွတ်ထိ နှစ်ပေါင်း ၂၀ တိုင်တိုင် ကျနော့် မိဘ ၂ ပါးနဲ့ အဖိုးအဖွားတွေ ဦးကြီးတွေ ဒေါ်ကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင် ကန်တော့ခွင့် မရခဲ့တော့လို့ပါပဲ။ ၁၉၈၈ က စပြီး နှစ်တိုင်းနှစ်တိုင်းမှာ အဝေးကနေပဲ မှန်းပြီး ကန်တော့ခဲ့ရတာ ခုသီတင်းကျွတ်ထိ ပါပဲ။ ဘယ်တော့များမှ မျက်နှာချင်းဆိုင် ကန်တော့ခွင့် ရမလဲ ဆိုတာလည်း မသိသေး ပါဘူးလေ။ ဒါမဲ့လည်း ဒီလိုပါပဲလေ အဲလိုမျိုးဘ၀ဟာ ကျနော် တယောက်တည်းမှ မဟုတ်တာပဲ။ ကျနော့်လို ဘ၀တူ ညီတွေ အကိုတွေ အမတွေ ညီမတွေလည်း အများကြီးရှိနေတာပါပဲ။
ဒီလိုနဲ့ အမိ ဗမာပြည်မှာ နောက်ဆုံး ပျော်ရွှင်ခဲ့တဲ့ သီတင်းကျွတ် တခုအပြီး နောက် နှစ်ပေါင်း ၂၀ ကြာတဲ့ အခါကျတော့ ကျနော်ကို့ ကန်တော့တဲ့ ကလေးတွေတောင် ရှိနေပြီကော။
တခါတခါမှာ ဘ၀ဆိုတာ အိပ်မက်တခုလေလား။ အနှစ် ၂၀ ဆိုတာကရော လက်ဖြောက် တချက် တီးလိုက်သလိုပဲလား။ အဲလိုလည်း မဟုတ်ဘူး ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ အနှစ် ၂၀ က ကျနော်တို့ နှလုံးသားတွေကို အမှုန့်ဖြစ်အောင် အတင်း ဖြစ်ညှစ်ချနေတယ်။ အမှုန့် မဖြစ်သွားပေမယ့် နာကျင်မှုကို ခံစားကြရတယ်။ ဒါမယ့် အသံ မထွက်ဘူး။ ထွက်စရာ အသံတွေ ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်လေ။ ၁၉၈၈ ရဲ့ ရှစ်လေးလုံး လမ်းမတွေပေါ်မှာ ကျနော်တို့ အစွမ်းကုန် အော်ဟစ် ပစ်ခဲ့ကြပြီးပြီမို့လား။
အဲ အနှစ် ၂၀ အတွင်းမှာ ကျနော့် အဖိုးတွေ အဖွားတွေ အားလုံး ဆုံးပါးသွားတယ်။ ဦးလေးတချို့ အဒေါ်တချို့ ဆုံးပါးသွားတယ်။ ကျနော့် ဖခင်ကတော့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။ အမေကတော့ ဒီနှစ် တန်ခူးလမှာပဲ ဆုံးပါးခဲ့တာပါ။ ခု စာကို ရိုက်နေရင်းနဲ့ တောင် အမေ့ကို သတိတရ ဖြစ်လာတာ ကျနော့် လက်တွေ တုန်ယင်ပြီး စာတွေကို မျက်ရည်တွေ ကြားမှာ မှုန်မှုန်ဝါးဝါးပဲ မြင်ရတော့တယ်။ ကျနော့်ကို ပြန်တွေ့ဖို့ အမေ အနှစ် ၂၀ စောင့်ခဲ့ဖူးတယ်လေ။
---------------
ခုတော့ ငယ်ငယ်တုန်းက အမြဲလို ကြားနေကြဖြစ်တဲ့ မြန်မာ့အသံ ရေဒီယိုက သီချင်းတပုဒ်နဲ့ အဖေနဲ့ အမေကို ကျနော် ကန်တော့ လိုက်ပါတယ်။ သီချင်းကလေးကတော့ အမည်က မိသားစု ကန်တော့ပွဲ လို့ပဲ မှတ်မိပါတယ်။ တေးရေးသူနဲ့ တေးဆိုသူ အမည်တွေကိုတော့ မမှတ်မိတော့ပါဘူး။ စာသားတွေလည်း မှတ်မိသလောက်လေး ရေးထားတာပါ။ အနည်းငယ် လွဲကောင်းလွဲနိုင်ပါတယ်။ အဖေနဲ့ အမေကို သတိရတဲ့ အခါတိုင်း ကျနော် တယောက်တည်း အသံ မထွက်ပဲနဲ့ စိတ်ထဲမှာ ဆိုဆိုငြည်းမိတတ်တဲ့ သီချင်းလေးပါ။
မိသားစုကန်တော့ပွဲ
လူလားမြောက်တဲ့ အရွယ်ကတည်းကလေ.... လောကဓံကို.... ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ.... နိမ့်ချည်တခါ... သာချည်တလှည့်ရယ်နဲ့.... သမုဒယနယ်မှာ.... ကျင်လည် ကျက်စားကာ.... မအားလပ်နိုင်ရှာပေ.... လောကဓမ္မတာ.... သောကအဖြာဖြာ.... ကြုံတွေ့ရပေ.... ချစ်သော ဖေဖေ ..... ချစ်သော မေမေ ..... မတွေ့တာ ကြာလေလေ.... ပို၍သတိရလေလေ .... ရင်၌လွယ်ဖွား.... သားသမီးများက... အတိုးချ ကန်တော့ပါရစေ.....
မြင့်မိုရ်တောင်ဦး.... ကျေးဇူးဂုဏ်တွေ.... ဆပ်လို့ မကုန်ပေ.... သီတာရေ တပေါက်ကလေး.... ကျရုံမျှနဲ့.... မိဘတို့ဝမ်း ..... ငြိမ်းစတမ်းပေ..... ဖုဝါးလက်နှစ်လုံး ..... ပုခုံး လက်နှစ်သစ် ..... ၀ါးဖတ်တော် ကစီနှစ်နဲ့ .... လူဖြစ်အောင်ကျွေး..... မှက်၊ ခြင်၊ ယင် ဘေးမသန်းရအောင် ... ပင်ပမ်းကြီးစွာ.... မွေးမြူရပေ .... သည်ကျေးဇူး ဂုဏ်တွေ .... သည်ကျေးဇူး ဂုဏ်တွေ .... ရည်မျှော်မှန်းလို့... သား ကန်တော့ပါတယ်လေ. ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ......
ငယ်စဉ်တောင်ကျေး.... ကလေး ဘ၀က ..... တေးဆိုလို့ ချော့မြှူပုံတွေ.... မှတ်မိနေသေးပေ.... ခိုဖြူ ခိုပြာ ခိုဝါနက်ကယ် .... အဖမ်းခက်လို့ ..... ဆိုတဲ့ အသံတွေ .... မိတ္ထီလာ ကန်တော်အောက်က .... ဖားကလေးတွေ .... ကောက်ကာ ပေးဖို့ ... မှာလိုက်တဲ့... အသံလေးတွေ... သမီးဖြင့် .... ကြားယောင်မိတယ်လေ......
သြော......ကဠလတ်ရေကြည်... သန္ဓေတည်ကတည်းက ... ပူ၊ ငံ၊ စပ်၊ ခါး .... ရှောင်ရှားကာလေ .... မကောင်းမြစ်တား .... ကောင်းရာ ညွှန်လတ် .... ရင်းနှီး ပေးဝေးစေ ..... အတတ်ကိုလည်း သင်စေ... ထိမ်းမြားခြင်း ၀တ် ငါး အင် .... ကျေပွန်ပါပေ...... မကောင်းသော မေတ္တာမျိုးနဲ့ ..... သားသမီးဆိုးတွေကိုလည်း.... ပစ်ရိုး ထုံးစံ မရှိခဲ့ပေ ..... တို့ ဘုရား သော်မှ .... နို့ တလုံးဖိုး ကြေ ... အနန္တဂိုဏ်းဝင် ....ကျေးဇူးရှင် မိဘ နှစ်ပါးကို..... သားလေ.... ကန်တော့ပါတယ်လေ......
တအူတုံဆင်း... တို့ မောင်နှမ အရင်းတွေ ... ချစ်ခြင်းမေတ္တာ ကရုဏာ ထားလို့လေ..... ကျေးဇူးရှင် မိဘ နှစ်ပါးရဲ့ .... သြ၀ါဒ စကားတွေ.... မကြားရတာ ကြာခဲ့ပြီလေ ..... ချစ်သော ဖေဖေ ..... ချစ်သော မေမေ ...... သားတို့ သမီးတို့.... လက်ဆယ်ဖြာ ယှက်ကာမိုးလို့ ..... ရှိခိုးလို့ ကန်တော့ပါရစေ..... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ..... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ .......
ဗမာပြည်သား မိတ်ဆွေများ ညီအကို မောင်နှမများ အားလုံး မိဘ ညီအကိုမောင်နှမ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ ကင်းဝေးကွာခြားရသော ဒုက္ခမှ လွတ်ကင်းနိုင်ကြပါစေသတည်း။
(အောင်သာငယ်)
Subscribe to:
Post Comments (Atom)
18 comments:
ပို့စ်လေး ဖတ်ပြီး စိတ်မကောင်းဘူး အကိုရေ..။
အကို့လိုပါပဲ။
ဒီသီတင်းကျွတ်မှာ အကန်တော့ချင်ဆုံး မိဘ နှစ်ပါး မရှိတော့တာ စိတ်ထဲကပဲ သူတို့ကျေးဇူး ရည်စူး ကန်တော့လိုက်ပါတယ်။
ကိုယ့်တိုင်းပြည်ကို ကျေးဇူးပြုဖူး၊ ပြုဆဲ ပုဂ္ဂိုလ်တွေကိုလဲ ကိုယ်တိုင် ကိုယ်ကျ ကန်တော့ခွင့်ရချင်ပါသေးတယ်။
အခုတော့ စိတ်ထဲကပဲ ရိုကျိုး စွာနဲ့ ကန်တော့ လိုက်ရပါတယ်။ ဘယ်တော့များမှ.. ဒီအခွင့်အရေး ကြုံပါ့မလဲ..
အန်ကယ်ရေ့ ဇတ်ကြောတက်တာပျောက်ပြီလား သတင်းကျွတ်မှာ မိသားစုနဲ့ ပျော်ပါစေနော် ။ ဒီပို့ စ်လေးဖတ်ပြီး စိတ်မကောင်းဘူးဗျာ အချိန်တွေက ကုန်မြန်လိုက်တာ အနီရောင်/အနက်ရောင် ထူထူနဲ့ စာသားတွေဖတ်ပြီး ရင်ထဲမကောင်းဘူး ။
ဟော- သီချင်းဆိုပြန်ပြီ။ ဒီတပုဒ် တော့..ရ သလိုလို နဲ့ သိပ်မရ ဘူး။း) ဟင်္သတ ထွန်းရင် ထင်တယ်။
မိသားစု တိုင်း ပျော်ပျော် ရွှင် ရွှင် အပူအပင် ကင်းကင်း ပြန်လည် တွေ့ဆုံ လည်ပတ် နိုင် မဲ့ ..အထွန်းပ ဆုံး သီတင်းကျွတ် တခု ကို အမြန်ဆုံး ရောက်ပါစေ။
ကြုံလို့.. တခါတည်း ကန်တော့သွားပါတယ်။း) တရက် တမနက် ကြီး လည်း..ကန်တော့ ရတယ် ဆိုလို့ပါ။ ဆုမပေး တတ် ရင်လည်း.. ရပါတယ်။
အစ်ကို့ ပို့စ်လေးဖတ်ပြီး အမေ့ကိုလွမ်းလို့ ....။ ထိတယ် အစ်ကိုရေ
ကိုယ်ချင်းစာစိတ်နဲ့ ထပ်တူထပ်မျှခံစားသွားတယ်
ရင်ကို တိုက်ရိုက် ထိတယ်...
ခုဖတ်နေရင်းနဲ့ ... အမြင်အာရုဏ်တွေ
ေ၀၀ါးနေတယ်...
အခြေအနေ အမျိုးမျိုး ကြောင့်
ကန်တော့ခွင့် မရှိနိုင်တော့တဲ့ သူတွေ..
ကန်တော့ခွင့် မရှိနိုင်သေးသူတွေ ရဲ့
နှလုံးသားကို သိမ်းကြုံးယူနိုင်တဲ့ အရေးအသားလေးပါ..
....
တစ်ခုပဲ .... ဆရာလုပ် တာတော့မဟုတ်ပါ ..
သီတာရေ တပေါက်ကလေး.... ကျရုံမျှနဲ့.... မိဘတို့ဝမ်း ..... မငြိမ်းချမ်းပေ....
မဟုတ်ပါဘူး.....ငြိမ်းစတမ်းပေ လို့ ထင်ပါတယ်....
ငှက် ခြင် ယင် မဟုတ်ပါဘူး..
မှက် ခြင် ယင် ပါ... (မှက် ဆို တာ သွေးစုပ် တတ်တဲ့ ယင်ကောင်ကြီး တစ်မျိုးပါ) ....
.......................
ကိုအောင်ရေ....
မိသားစု ကန်တော့ပွဲကို လာဖတ်ပြီး ရင်နဲ့ ခံစားသွားတယ်ဗျာ....
ကျနော်ကတော့ မိဘတွေကို အဝေးကဘဲ ကန်တော့ရပါတယ်....။
လူကိုယ်တိုင်သွားတွေ့ နိုင်တုန်းကလည်း
ကန်တော့ခွင့်မရပါဘူး။
ကျနော်တို့ က ဘာသာရေးစည်းခြားနေတာကိုး...။
ကျနော့် ကလေးတွေဆို ကျနော်ပိုသနားစိတ်ဖြစ်မိပါတယ်...
သီတင်းကျွတ်ရင် အဘိုးအဘွား တွေကို လိုက်ကန်တော့ကြတော့...တစ်ဘက်မိဘဘဲရှိတာကိုး( ဒါတောင် အဘိုးက ဆုံးသွားလို့ သူတို့ အဘွား ဘဲကန်တော့ရတာလေ) ဇနီးရဲ့ အမေပါ...
သမီးငယ်က ကျနော့်ကိုမေးတာဗျ....သမီးတို့ အဖေ့
မိဘတွေကိုကန်တော့ချင်တာ..
သမီးတို့ က အမျိုးမရှိဘူးလားတဲ့ ...။
ဒါပါဘဲ ကိုအောင်ရေ....
ကိုအောင်တို့ မိသားစုလေး ချမ်းမြေံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။
အစ်ကိုရေ မနေ့က ဒီကလူကြီးတွေကိုပဲသွားကန်တော့ဖြစ်တယ်။ ကန်တော့ရင်းခေါင်းပြန်မော့တော့ မျက်ရည်တွေက ဝေလာပြန်ရော။ နီနေတဲ့မျက်နှာနဲ့ ရှက်ရှက်နဲ့ပြန်ခဲ့ရတယ်။ တောကနေ ရန်ကုန်ခဏရောက်နေတဲ့အမေ့ကို ဖုံးထဲကပဲကန်တော့ဖြစ်တယ်။ အဖေ့ဆီကို ဖုံးဆက်လို့မရသေးဘူး။ သီချင်းလေးကိုကြားရင် တကယ့်ကို ငိုချင်လာမိတယ်။ မိသားစုတွေ စုစုဝေးဝေးဆိုသိပ်ကောင်းမှာနော်....
ဘလော့သက်ကြီးပူဇော်ပွဲကန်တော့ခံ ဘကြီးအောင်ကို လာရောက်ကန်တော့သွားပါတယ်။
ဘကြီးအောင် tag ထားတာရေးပါ့မယ်။ တစ်ချို့ပထမဆုံးတွေတော့ ပို့စ်တွေထဲမှာ ပါပြီးပါပြီ။
မေတ္တာဖြင့်
အစ်ကိုရေ အစ်ကို့အဖေကို ကိုယ်ထိလက်ရောက် ကတော့ရမယ့်အချိန် အမြန်ရောက်ဖို့ ဆုတောင်းပါတယ် အစ်ကို့အမေအတွက်လည်း ထပ်တူ ၀မ်းနည်းကြောင်းပြောပါရစေ
လာကန်တော့ သွားတယ် အစ်ကို။
နောက်နှစ်ကျရင်တော့ တစ်ယောက်တည်းမဟုတ်ပဲ နှစ်ယောက် လာကန်တော့ နိုင်အောင် ဆုပေးဦး အစ်ကို။
ကိုအောင်သာငယ်.. ဖတ်ရတာ စိတ်မကောင်းပါဘူး... ကျွန်တော်တို့လည်း အကြောင်းကြောင်းကြောင့် သီတင်းကျွတ်မှာ မိသားစု မဆုံဖြစ်တာ ရှစ်နှစ် ရှိနေပြီ... အကြောင်းအရင်းကတော့ တစ်ခုထဲပါပဲလေ...
သီတင်းကျွတ်.. ပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင်.. ဆီမီးတွေကမြိုင်.. ကျနော်တို့အမိမြေမှာတော့ ပွင့်လင်းရာသီရောက်ခဲ့ပြီ..
သီတင်းကျွတ်လမှာ ရွှင်လန်းချမ်းမြေ့ပါစေ အစ်ကို..။
မိုးချိုသင်း - တို့တွေအားလုံးက ရင်ဘတ်တူတာကိုး ညီမရေ။ တနေ့နေ့ပေါ့ကွယ်။
တူမောင်မျိုး - ဘ၀ဆိုတာ ဒီလိုပါပဲလေ။
မကေ - ကျနော်လည်း ဟင်္သာတထွန်းရင်လို့ ထင်ရဲ့။
အခုလို ကန်တော့ရသော အကျိုးကြောင့် ဘ၀တသက်တာလုံး ကိုယ်ရောစိတ်ပါ ချမ်းသာ သုခရပါစေ။
ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းပါစေ။
အနာရောဂါဘယများအားလုံးမှ ကင်းဝေးပါစေ။
စိန်ရွှေရတနာ သားသမီးရတနာ စတဲ့ ရတနာများ ပေါများကြွယ်ဝပါစေ။
စိတ်သွား ကိုယ်ပါ လိုရာဆန္ဒအားလုံး ပြည့်စုံပါစေ-ဗျား။
တူးတူးသာ၊ ရှင်မင်းညို- ရင်ဘတ်ချင်းတူတော့လည်း ထိရှတဲ့အနာလေးတွေလည်း တူတတ်တယ်ထင်ပါ့။
မမ - ကျေးဇူးတင်ပါတယ်။ အမှားတွေ ထောက်ပြပေးတဲ့အတွက် ခု ပြင်လိုက်ပါပြီ။
သစ်နက်ဆူး - ကိုသစ်ရေ ဘ၀တွေကလည်း အမျိုးစုံပါပဲနော်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါဗျာ။
ရွာသားလေး-၀ိုင်တီယူ - ခံစားချက်တွေက အတူတူပါပဲ ညီရေ့။
တောင်ငူသား - တူမောင်ရေ့ ခုလို ကန်တော့ရသော အကျိုးအားကြောင့် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ ရောက်လေရာမှာ ဘေးမသီရန်မခတဲ့ကိုယ် ဖြစ်ပါစေ။ စည်းစိမ်ချမ်းသာ အရာရာ ပြည့်စုံကြွယ်ဝတဲ့သူ ဖြစ်ပါစေ-လို့ အဘအောင် ဆုတောင်းပေးလိုက်တယ်နော။
ကိုမျိုးဝင်းဇော် - ဆုတောင်းပေးတဲံအတွက် ကျေးဇူးပါ ညီရေ့။
ကောင်းကင်ကို - ညီရေ့ အခုလို လာကန်တော့တဲ့အတွက် ကိုယ့်ညီ ကြိုးစားဆောင်ရွက်နေသော အရာမှန်သမျှ အပြည့်အ၀ အောင်မြင်ပါစေ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေ။ ဘ၀တလျှောက်လုံး စိတ်ဆန္ဒရှိသမျှ လိုတရပါစေ။ ဘ၀လက်တွဲဖော် အချောအလှလေးနဲ့ နှစ်ကိုယ်တူတိုင်းပြည်တခု အမြန်ထူထောင်နိုင်ပါစေ။ နောင်နှစ်ခါမှာလည်း နှစ်ယောက်အတူ လက်တွဲပြီး လာကန်တော့ နိုင်ပါစေ-ဗျား။
ပီတိ - အားလုံးက ဘ၀တူတွေချည်းပါပဲ ညီရေ့...
ငြိမ်းချမ်းအောင် - ဆုတောင်းပေးတဲ့အတွက် ကျေးဇူးညီရေ့....
အင်း.... အစ်ကို့လို အနှစ် နှစ်ဆယ်လောက် မဝေးခဲ့ရဖူးပေမယ့် ကျွန်တော်တို့လည်း ဘာလို လိုနဲ့ မိဘနှစ်ပါးရဲ့ ခြေဖမိုးကို ဦးတိုက်ပြီး မကန်တော့ရတာ အသက် ၁၇ နှစ်ကတည်းက အခုထိဆိုတော့ ၇ နှစ်ကျော် ၈ နှစ်ထဲတော့ ရောက်နေပြီ အစ်ကိုရေ....။
black dream - ဘ၀တွေကတော့ နေရာတွေသာကွဲသွား လူတွေသာ ကွဲသွား အားလုံးက အတူတူချည်း ညီရေ့...
ခေါင်းတွေကိုက်နေတာ သွေးတိုးတာဖြစ်နေအုန်းမယ်။
စမ်းကြည့်လိုက်ပါအုန်း အစ်ကို။
Post a Comment