Oct 11, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၆)

နောက်ထပ်တက်လာမယ့် ထိုးစစ်ကို စောင့်ရင်းနဲ့ မနက် ၅ နာရီ ကျော်မှာ ကျနော်တို့ အိပ်ခွင့်ရခဲ့ပါတယ်။ ကျနော်နဲ့ နိုင်နိုင် တာဝန်ယူရတဲ့ အိုဗာဟက်က လူ၂ ယောက်စာ ဆိုတော့ အကြီးကြီး မဟုတ်ပေမယ့်လည်း ခြေဆန့်ပြီး အိပ်လောက်အောင်တော့ ကျယ်ဝန်းပါသေးတယ်။ ဒါနဲ့ ကျနော့် အဲမ်-၁၆ပေါ်မှာ ကျောပိုးအိတ်ကို တင်လိုက်ပြီး ကျောပိုးအိပ်ပေါ်ကို ခေါင်းချလိုက်တာနဲ့ ပြီးခဲ့တဲ့ ၂ ရက် လုံးမှာ ခရီးပမ်းလာတာရော အိပ်ရေးပျက်တာရော ပေါင်းပြီး တခါတည်းကို တန်းပြီး အိပ်ပျော်သွားတော့တာပါပဲ။ နောက်ပြန်လန့်နိုးလာလို့ လက်ထဲက နာရီကို ကြည့်မိတော့ မနက်၉ နာရီ ကျော်နေပါပြီ။

အဲတော့မှပဲ ညက သေသေချာချာ မမြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျနော့်ရှေ့တည့်တည့် သေနတ်ပစ်ပေါက်ကနေ ၀င်လာနေတဲ့ မနက်ခင်း နေ့အလင်းရောင်အောက်မှာ အသေးစိပ် မြင်ရပါတော့တယ်။ ရှေ့မြင်ကွင်း တခုလုံးမှာကတော့ ခြုံဖုတ်တချို့တလေကလွဲရင် သစ်ပင်ကြီးကြီးမားမား မရှိတဲ့ ကွင်းပြင်ကြီးပဲ ဖြစ်ပါတယ်။ အဲ ကွင်းပြင်ကြီး အဆုံးမှာတော့ သောင်ရင်းမြစ်ကို လှမ်းတွေ့နေရပါတယ်။ အဲကွင်းပြင်ကြီးကို သံဆူးကြိုး ၃ ထပ်နဲ့ ကာခြားထားတာကိုလည်း တွေ့နေရပါသေးတယ်။ သောင်ရင်းမြစ်အနားက စပြီးကာထားတဲ့ ပထမဆုံး သံဆူးကြိုးပြီးတော့ ကိုက် ၅၀ ကျော်လောက်မှာ ဒုတိယ သံဆူးကြိုး။ နောက်ဆုံး သံဆူးကြိုးကတော့ ကျနော်တို့တွေရဲ့ အိုဗာဟက်တွေ အနားလေးမှာပါပဲ။ ညက ကျနော်တို့ ပစ်ခတ်ခဲ့တဲ့ ခြုံဖုတ်တွေကတော့ ဒုတိယ သံဆူးကြိုးဝိုင်းထဲမှာ ဖြစ်ပါတယ်။ နေ့ခင်းဖက်မှာ ကြည့်တော့လည်း အဲနေရာမှာ ဘာမှ မတွေ့ရပါဘူး။ တကယ်ကတော့ ကျနော်တို့ နေရာယူထားတဲ့ ဘန်ကာတွေက ကုန်းပေါ်မှာ ရှိနေတာပါ။ အရှေ့က ကွင်းဟာ ကျနော်တို့ထက် နိမ့်ပါတယ်။ ကျနော်တို့က ဆယ်ပေလောက် မြင့်နေပါတယ်။ ဒါကြောင့်မို့လည်း ညက န၀တတပ်တွေ ပြန်ပစ်တဲ့ မီးတန်းတွေက အပေါ်ကို ထောင်ပြီး ထွက်နေတာကို မြင်နေရတာကိုးလို့လည်ဲးံအခုမှပဲ သဘောပေါက်သွားပါတယ်။ ညကတော့ ဒီကောင်တွေ ရမ်းသမ်း ထောင်ပစ်နေတာလို့ ထင်နေတာဖြစ်ပါတယ်။ အမှန်ကတော့ သူတို့လည်း ညက ကျနော်တို့ ပစ်တဲ့အချိန်မှာ ကျနော်တို့ သေနတ်တွေက ထွက်တဲ့ မီးပွင့်တွေ မီးတန်းတွေ ရှိရာကို ပြန်ပြီး ပစ်ကြတာကိုး။

ခုမှပဲ ကိုယ့်အိုဗာဟက်ကို ကိုယ် သေချာ ပြန်ကြည့်မိပါတယ်။ ရှေ့က သေနတ်ပစ်ပေါက်က တကယ်တော့ အမြင့် တတောင်လောက်ရှိပြီး အရှည် ၄ ပေလောက်ရှိပါတယ်။ ပစ်ပေါက်ရဲ့ အလယ်မှာ သစ်ပိုင်းကြီးတခုကို ဖြတ်ပြီးထည့်ခုထားတာပါ။ အဲတော့ သေနတ်ပစ်ပေါက် ၂ ခုလို ဖြစ်နေတာပါပဲ။ အိုဗာဟက်က ၅ ပေ ပတ်လည်လောက်ရှိမှာပါ။ အမြင့်ကတော့ အထဲမှာ ကျနော်တို့ ဆောင့်ကြောင့်ထိုင်သာရုံပဲ မြင့်ပါတယ်။ စိတ်ထင် ၄ ပေ လောက်ပဲ မြင့်မှာပါ။ ဘယ်ညာ နံရံ နှစ်ဖက်မှာတော့ ကြမ်းပြင်ကနေ တတောင်လောက် အကွာမှာ မြေကြီးကို တူးပြီး အခန်းအသေးလေး ၂ ခုလို လုပ်ထားတဲ့ နေရာလေး၂ ခုမှာ မီးချစ်တွေရယ်။ လက်လုပ် ဗုံးတချို့ရယ်၊ နာနတ်သီးလို့ ခေါ်တဲ့ အဲမ်-၃၈ လက်ပစ်ဗုံး ၄ လုံးစီကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အိုဗာဟက်ရဲ့ အမိုးမှာတော့ အစိမ်းရောင် စစ်သုံး ၀ါးတားပရုဖ်တထည်ကို ကပ်ထားတာ တွေ့လိုက်ပါသေးတယ်။ အမိုးပေါ်က တစက်ချင်းကျနေတဲ့ မိုးရေတွေကို ကာထားတာပါ။ ဒါမဲ့ အဲမိုးရေတွေက ၀ါတာပရုဖ်ရဲ့ နောက်တဖက်စွန်းကနေ အိုဗာဟက် ကြမ်းပြင်ပေါ်ကို ပြန်ကျပြီးတော့ ကြမ်းပြင်က ဗွက်ထနေတာပါ။ ညကတော့ ကိုယ့်ဇောနဲ့ကိုယ်မို့လို့ ဗွက်ထနေမှန်းတောင် မသိခဲ့ပါဘူး။ ခုတော့ ပြောက်ကျားပုံဖျက်စစ်ဘောင်းဘီမှာ ရွှံ့တွေချည်းပါပဲ။

ကျနော့်ဘေးမှာ ဂျီ-၃ကြီးပေါ်ကို ကျောပိုးအိပ်တင်ပြီး အိပ်နေတဲ့ နိုင်နိုင်ကတော့ တရှူးရှူးနဲ့ မြွေတကောင် လိုပါပဲ။ သူ့စကားကသာ ထစ်တာ အသက်ရှူတာကျတော့ ဖြောင့်လို့ကိုး-လို့ မဆီမဆိုင် ကျနော် တွေးမိပြီး ကိုယ့်ဘာသာကိုယ် ပြုံးမိပါသေးတယ်။ ဒါမဲ့ သူလက်ထဲမှာတော့ အိပ်ခ်ျကေ-၃၃ ကို ဖက်ထားသဗျ။ သူ့ မိန်းမများ မှတ်နေသလား မသိ။

အဲနောက်တော့ ကျနော့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို ထပ်ကြည့်မိတော့ နောက်ထပ် အဲမ်-၁၆ တလက်၊ အဲမ်-၁၆ ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ မမ ကျည် ၁၂၀ ပါတဲ့ ကျည်တွဲအိတ် ၂ တွဲ၊ နောက် အိပ်ခ်ျကေ ကျည်ဘောက် ၈ ဘောက်ရယ်ကို ထပ်ထားတာ တွေ့ရပါတယ်။ ကျနော့်မှာက ကျနော့် အဲမ်-၁၆ အတွက် အပိုကျည်ဘောက် ၃ ဘောက်ပဲရှိတာ။ ခုတော့ အားလုံး ကျည်ဘောက် ၉ ဘောက်။ နိုင်နိုင့်အတွက်လည်း အိပ်ခ်ျကေ ကျည်ဘောက် ၉ ဘောက်။ ပျော်စရာကြီး။ လက်ပစ်ဗုံးတွေကလည်း ကျနော့်ဆီမှာ ၂ လုံး၊ နိုင်နိုင့်ဆီမှာ ၂ လုံး၊ နံရံမှာ ၈ လုံး။ အားလုံး ၁၂ လုံး။ အား- ဒါဆို တော်တော် လုံလောက်နေပြီပဲ။

နောက်တော့ အိပ်နေတဲ့ နိုင်နိုင့်ကို သူ မနိုးအောင် ကျော်ခွပြီး အိုဗာဟက် ၀င်ပေါက်ဆီ ကျနော် ထွက်ခဲ့ပါတယ်။ ညတုန်းကသာ လူကလည်း စိတ်လှုပ်ရှားနေတော့ အိုဗာဟက်ထဲ ဘယ်လို ၀င်ခဲ့မှန်းတောင် မသိဘူး။ ပြန်ထွက်တော့မှ လျှောက်မြောင်းနဲ့ ဆက်ထားတဲ့ အိုဗာဟက်ထဲဝင်တဲ့လမ်းက ရှည်မှန်းသိတော့တယ်။ လေးဘက်ထောက်ပြီး ပြန်ထွက်ရတာပါ။ ၀င်လာတုန်းက လေးဘက်ထောက်ပြီး ၀င်လာခဲ့ရတာကိုတောင် မမှတ်မိတော့ဘူး။ အဲလမ်းကလည်း တည့်တည့်ကြီး ဖောက်ထားတာ မဟုတ်ပါဘူး မျဉ်းဖြောင့်တကြောင်းရဲ့ အလယ်မှာ ဂငယ်ကို တပ်ထားသလိုမျိုး အလယ်ခေါင်မှာ ကွေ့ပြီး ဖောက်ထားတာပါ။ (နောက်မှ သိတာက လက်နက် ကြီးတွေ ကျရင် လက်နက်ကြီး အစတွေ တိုက်ရိုက်မထိနိုင်အောင် လုပ်ထားတာပါ)

လမ်းအဆုံးရောက်တော့ လျှောက်မြောင်းထဲကို ရောက်သွားပါတယ်။ အိုဗာဟက်နဲ့ လျှောက်မြောင်း ဆက်တဲ့နေရာမှာလည်း အမိုးတခုရှိပါတယ်။ သစ်လုံးတွေနဲ့ မိုးပြီး သဲအိတ်တွေနဲ့ အားဖြည့်ထားတာပါ။ အဲ ဆက်တဲ့နေရာမှာလည်း အိုဗာဟက်က ထွက်ထွက်ချင်း တွေ့နေရတဲ့ မျက်နှာချင်းဆိုင် လျှောက်မြောင်းနံရံမှာ ဖောက်ပြီးတော့ ၄ ဂါလံ ရေပုံးကြီး ၂ ပုံးကို ထည့်ထားပါတယ်။ လျှောက်မြောင်းကတော့ လူတရပ်လောက် မြင့်ပါတယ်။ အကျယ်ကတော့ လူ၂ ယောက် ယှဉ် လျှောက်သွားလို့ ရရုံလောက်ပါပဲ။

လျှောက်မြောင်းထဲရောက်တော့ ဘယ်ဆက်သွားရမှန်း မသိသေးဘူး။ နောက်တော့ အရှေ့ဖက်ကို ဆက်သွားမိတယ်။ အဲတာက ကျနော်တို့နဲ့ ကပ်လျက် အိုဗာဟက်ပါ။ အ၀မှာ ကရင်ရဲဘော် ၂ ယောက်ကို တွေ့တော့ မှ အေကေ စက်လတ်ရှိတဲ့ အိုဗာဟက်မှန်း သတိရသွားပါတယ်။ (နောက် ၃ ရက်လောက်နေတော့ အဲအိုဗာဟက်ကို ၅၇ မမ နောက်ပွင့်လား၊ ၈၄ မမ လောင်ချာလားမသိ တိုက်ရိုက် ထိတာခံရပြီး အိုဗာဟက် တခုလုံး ပွင့်ထွက်သွားပါတယ်။ ကရင်ရဲဘော် ၂ ယောက်လုံး ကျသွားပါတယ်) ဒါနဲ့ နောက်ပြန်လှည့် မိတော့ နောက်အိုဗာဟက်တခုအ၀မှာ အဲမ်-၁၆ တလက်ကို ထောင်ကိုင်ရင်း ထိုင်နေတဲ့ ရဲဘော်ကိုကိုလေးကို သွားတွေ့ရပါတယ်။

ညက တို့ဂွင်ထဲမှာ ခွေးတွေ ၃၀ လောက် ကျသွားတယ်လို့ ပြောတယ်ကွ-တဲ့ သူက ကျနော့်ကို မြင်တာနဲ့ လှမ်းပြောပါတယ်။ - ဟုတ်လား။ မင့် ဘယ်သူပြောတာလဲ-လို့ ကျနော်ကမေးတော့ - ဟိုး ကွန်ကရစ် အိုဗာဟက်ကြီးမှာ ကိုထွန်းထွန်း ရှိတယ်လေ။ သူ့စက်ထဲ ၀င်လာတာ- ကိုကိုလေးက ပြောရင်း - ညက မင်းတို့ ခွေးတွေ မတွေ့လိုက်ဖူးလား။

သူမေးတာကို ကျနော် မဖြေပဲ လျှောက်မြောင်းအတိုင်း ဆက်လျှောက်လာခဲ့ပါတယ်။ အဲတော့မှပဲ နောက် အိုဗာဟက်တခုအ၀မှာ ထိုင်နေတဲ့ ဆရာစိုးမြင့်နဲ့ ကျနော်တို့ တပ်ရင်း (၂၀၄) ခွဲ(၃)က ဆေးမှူး ၀င်းတင့်ဟန်ကို သွားတွေ့ပါတော့တယ်။ လူတွေအားလုံးက ကျနော့်လိုပဲ ဖြစ်မယ်ထင်ရဲ့။ ညက ဘာမသိ ညာမသိနဲ့ အိုဗာဟက်တွေထဲ ၀င်ခဲ့ရ၊ တိုက်ပွဲဖြစ်၊ အိပ်၊ နောက်နေ့မနက်ကျတော့ နိုးလာ။ ပတ်ဝန်းကျင်ကို ထွက်ကြည့်။ ဒါမဲ့ ကျနော် တယောက်တည်း လျှောက်သွားနေတာ ဖြစ်မယ်။ အားလုံးက ကိုယ့်နေရာမှာကိုယ် နေနေကြတာပါ။ အမှန်က ကိုယ့်နေရာမှာပဲ ကိုယ်နေရမှာပါ။ အမိန့် မရမချင်း ဘယ်မှ မသွားရပါဘူး။ ကျနော်ကသာ အမိန့် မနာခံချင်တဲ့ကောင် ဆိုတော့ လျှောက်သွားနေတာ။

သူတို့ အိုဗာဟက်ပြီးတော့ နောက်တခုက ကွန်ကရစ် အိုဗာဟက်ကြီး။ လှလှပပကြီး။ အဲ ဘန်ကာကြီးထဲမှာတော့ ကျနော်တို့ရဲ့ တပ်မှူးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ ရဲဘော် စိုးအောင်။ ရုပ်ရှင်တွေထဲကလို လေးထောင့်စပ်စပ်နဲ့ တကယ့် ဘန်ကာကြီး။ ဒါမဲ့ သူက လျှောက်မြောင်းနဲ့ တိုက်ရိုက်ဆက်နေတာပါ။ အိုဗာဟက် အ၀င်လမ်းကလည်း ၄ ပေ လောက်သာ။ တိုတိုလေး။ နောက်တော့လည်း လျှောက်မြောင်းနဲ့ အိုဗာဟက် အ၀င်လမ်းမှာ ဘာ အကာအကွယ် ဘာအတားအဆီးမှလည်း မရှိ။ လက်နက် ကြီးတွေ ကျရင် ဘယ်လိုလုပ်မလဲ။ ကျနော်က သွားတွေးမိနေပါတယ်။ (ကျနော် တွေးမိတဲ့အတိုင်းပဲ ၃ ရက်မြောက်တဲ့နေ့မှာ သူတို့ ၂ ယောက်လုံးကို ၈၁ မမ မော်တာကျည်စတွေ မှန်ပါတယ်)

ဘန်ကာကြီးထဲ ကျနော် ၀င်သွားတော့ စခန်း ဥက္ကဌ ကိုစအောင်လွင်ကိုပါ တွေ့လိုက်ရသေးတယ်။ ဥက္ကဌကတော့ ဘာမျှမပြော ကိုထွန်းထွန်းကတော့ - ဟ မင့်နေရာမှာ ဘယ်သူ ထားခဲ့လဲ-တဲ့ ကျနော့်ကို မေးပါတယ်။ - နိုင်နိုင် ရှိတယ်လေ။ - အမှန်ကတော့ နိုင်နိုင်က အိပ်ကောင်းနေတုန်းပါ။ နောက်တော့ - လျှောက်သွားမနေနဲ့ ကိုယ့်နေရာမှာ ကိုယ်နေ-ဆိုတဲ့ သူ့ အမိန့်နဲ့ ကျနော်လည်း ကျနော့် အိုဗာဟက် ရှိရာကို ပြန်ခဲ့ရတာပါပဲ၊

အပြန်လမ်းမှာတော့ အားလုံးက ကျနော့်ကို နှုတ်ဆက်ကြတာပေါ့လေ။ ဒီလိုနဲ့ ကိုယ့် အိုဗာဟက် ကိုယ် ပြန်ရောက်တော့ နိုင်နိုင့်ကို ကျနော်က နှိုးရတော့တယ်။ - ထဦးဟ၊အားလုံးနိုးနေကြပြီ-ဆိုတော့ သူလည်း ငုတ်တုပ်ထထိုင်ပါတယ်။ -ဘာဖြစ်တာလည်းဟ-တဲ့ ။ ပထမဆုံးအကြိမ် မထစ်မငေါ့သောစကား နိုင်နိုင့်ဆီမှ ကြားရခြင်းပါ။

ဘာမှ မဖြစ်ဘူး။ အားလုံးနိုးနေလို့ နင့်ကိုလည်း ငါနှိုးတာ။ ထဦးဟ။ ပတ်ဝန်းကျင်ကိုလည်း ကြည့်ဦး-

နိုင်နိုင်က အဲကျမှ နိုးထလေသည်။

(ဆက်လက်ဖော်ပြပါမည်)

7 comments:

ဇင်ယော် said...

အစ်ကိုကြီး ဖတ်ကောင်းကောင်းနဲ့ အားပေးနေတာ။ ဆက်ရန်တွေ မျှော်နေမယ်ဗျို.။

MaMa said...

သူပုန်တစ်ယောက်ရဲ့ ဒိုင်ယာရီ ကို သွားဖတ်ဖို့ မိတ်ဆွေဘလော့ဂ်ဂါ လေးတစ်ယောက်က ညွန်ခဲ့ဖူးတယ်...
တစ်ကယ် ဖတ်ဖြစ်တော့ ..
ဘာကြောင့်ညွှန်ရ သလဲ ဆိုတာ ပိုနားလည် လာတယ်
သမိုင်းဆို တာ ... ရှုထောင့်ပေါင်းစုံ က ပုံဖေါ်နိုင်ရင်
အမှန်တရားနဲ့ ပိုမိုနီးစပ် နိုင်တယ်လို့ ယုံကြည်မိပါတယ်..
သူပုန်တစ်ယောက်ရဲ့ ဒိုင်ယာရီ ဟာ ခံစားချက်တွေ ရောစပ် နေတဲ့ သမိုင်းဝင် မှတ်တမ်းတစ်ခု ဖြစ်တဲ့ အတွက် လေးစား ဂုဏ်ပြုလိုက်ပါတယ်...
ဒိုင်ယာရီကို ဆက်ရေးဘို့ နဲ့ အခွင့်သာတဲ့ အခါ မျိုးဆက်သစ်လူငယ်လေးတွေ အလွှာမရွေး ဖတ်နိုင်အောင် အတွက် စာအုပ်အဖြစ် ပေါ်ထွက်လာနိုင်ပါစေလို့လဲ ဆန္ဒပြု ပါရစေ...

ဖုန်း မြင်. said...

ဟုတ်တယ် အကိုကြီးရေ..
သူပုန်တစ်ယောက်ရဲ့ ဒိုင်ယာရီက စာအုပ်ထုတ်သင့်တယ်...။

ကျနော်ထီထိုးထားတယ်ဗျာ..
ပေါက်ရင်ထုတ်ပေးမယ် ...း)

thorn musem said...

ကိုအောင်ရေ....
ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲမှာ တော်တော်ကို
လေးစားမိပါတယ်ဗျာ....တစ်ကယ်ပါ
နောက်ဆက်ရန်တွေကိုလဲ စောင့်မျှော်နေပါမယ်...။
ကိုအောင်တက်ဂ်ထားတဲ့ အချစ်ကိုလဲ စားပွဲထိုးလေးပြီးရင် ရေးမှာပါ...။
ချမ်းမြေ့ပါစေ

လင်းထက် said...
This comment has been removed by the author.
လင်းထက် said...

အကိုကြီးရေ ဒိုင်ယာရီ (၇) ကို မျှော်နေမယ်ဗျ..။

မျက်ဝန်းနက် said...

အစ်ကိုကြီးရေ ဘာပြောရမလဲ ကောင်းလွန်းနေတာတော့ သေချာတယ်ဗျ အဟား
ဒါမျိုးကဖတ်ရခဲတယ်မဟုတ်လား ဒိုင်ယာရီအမှတ်တရ တွေကျွန်တော်တို့မသိလိုက်မသိမှီခဲ့တာတွေ ပြီးတော့ တစ်ကယ့်ထဲထဲဝင်ဝင်မသိနိုင်တာတွေ ဖတ်ရတော့
တစ်ကယ့်ကိုကျေးဇူးတင်တယ် နောက်အပိုင်းတွေလည်းမျှော်နေမယ်