Oct 12, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၇)

နိုင်နိုင် နိုးလာချိန်မှာပဲ ညက ကျနော်တို့ အဖွဲ့ကို နေရာချပေးခဲ့တဲ့ ကရင်တပ်ကြပ်ကြီးတယောက်က ထမင်းထုပ်နဲ့ အရံကျည်တွေကို နောက်တန်းမှာ သွားထုတ်ယူဖို့ လာပြောပါတယ်။ သည်လိုနဲ့ နိုင်နိုင်၊ ရဲဘော်ကိုကိုလေး၊ ဆေးမှူးဝင်းတင့်ဟန်၊ ရဲဘော်သန်းစိန်၊ ရဲဘော်အဘီးနဲ့ ကျနော်တို့ ၆ ယောက် လျှောက်မြောင်းအတိုင်း နောက်တန်းဖက်ကို ထွက်လာခဲ့ကြပါတယ်။ အီကွစ်မန့်တွေကိုတော့ အိုဗာဟက်တွေထဲမှာပဲ ထားခဲ့ကြပြီး ကိုယ့်သေနတ်ကိုယ် လွယ်လာကြတာပါ။ သွားရင်းလာရင်း လမ်းမှာလည်း ကျနော့်တို့ဆီမှာ ရှိနေတဲ့ သေနတ် အမျိုးအစားနဲ့ အရေအတွက်တွေကို တယောက်နဲ့ တယောက် မေးရင်း စာရင်း လုပ်ရပါသေးတယ်။

နိုင်နိုင်နဲ့ကျနော်က တတွဲ။ ရဲဘော်ကိုကိုလေးနဲ့ ရဲဘော်သန်းစိန်က တတွဲ။ ဆရာစိုးမြင့်နဲ့ ဆေးမှူး ၀င်းတင့်ဟန်က တတွဲ။ တပ်ကြပ်ကြီး စောအေးမင်းနဲ့ ရဲဘော်အဘီးက တတွဲ။ ကိုထွန်းထွန်းနဲ့ ရဲဘော်စိုးအောင်က တတွဲ။ နောက် ကျနော် နံမည်မသိတဲ့ တပ်ရင်း(၂၀၅)က ရဲဘော် ၂ ယောက်က တတွဲ။ အားလုံး အိုဗာဟက် ၆ လုံးမှာ နေနေကြတာပါ။ စခန်းဥက္ကဌ ကိုစအောင်လွင်ကတော့ ကိုထွန်းထွန်းတို့ ဆီမှာပါ။ သူ့မှာတော့ သေနတ် မရှိပါဘူး။

အိုဗာဟက်တိုင်းမှာ ကျနော်တို့ နေရာဝင်မယူခင်ကတည်းကကို သေနတ် ၂ လက်စီ ရှိနေပါတယ်။ အရေးပေါ် အခြေအနေ အတွက် အရံထားပေးထားတာ ဖြစ်ပါတယ်။ (ဥပမာ- နိုင်နိုင့် ဂျီ-၃ကြီး ဂျမ်းဖြစ်သွားသလိုမျိုး ဖြစ်ခဲ့ရင် နောက်ထပ် သေနတ်တလက် အဆင်သင့် ရနေနိုင်အောင် စီစဉ်ထားတာပါ) အဲတော့ ကျနော်တို့မှာ ပါလာတဲ့ သေနတ် ၁၂ လက်နဲ့ ပေါင်းရင် ကျနော်တို့ ကိုင်ထားတဲ့ သေနတ်တွေက အားလုံးပေါင်း ၂၄ လက် ရှိပါတယ်။

ကျနော့်ဆီမှာက အဲမ်-၁၆ နှစ်လက်၊ နိုင်နိုင့်ဆီမှာက ဂျမ်း ဖြစ်သွားတဲ့ ဂျီ-၃ နဲ့ အိပ်ခ်ျကေ-၃၃။ ရဲဘော် ကိုကိုလေး ဆီမှာ ကလည်း ကျနော့်လိုပဲ အဲမ်-၁၆ နှစ်လက်၊ ရဲဘော် သန်းစိန် ဆီမှာတော့ နိုင်နိုင့်လိုပဲ ဂျီ-၃ တလက် (ဒါမဲ့ အဲ သေနတ်ကြီးက ကောင်းမှကောင်းပဲ ဖလူးက ပြန်လာတဲ့ အထိ အော်တို စိတ်ကြိုက် ဆွဲလို့ ရတယ်ဗျ) နဲ့ အေကေ- ၄၇ တလက်။ ဆရာစိုးမြင့် ဆီမှာက အဲမ်-၂ ကာဘိုင် တလက်နဲ့ အေကေ-၄၇ တလက်၊ ဆေးမှူး ၀င်းတင့်ဟန် ဆီမှာက အဲမ်-၁၆ နှစ်လက်၊ တပ်ကြပ်ကြီး စောအေးမင်း ဆီမှာက အေကေ- ၄၇ နှစ်လက်၊ ရဲဘော် အဘီး ဆီမှာက ဂျီ-၄ တလက်နဲ့ အိပ်ခ်ျကေ-၃၃ တလက်။ ကိုထွန်းထွန်းနဲ့ ရဲဘော် စိုးအောင်တို့ ဆီမှာကတော့ အဲမ်-၁၆ နှစ်လက်၊ အဲမ်-၂ ကာဘိုင် တလက်နဲ့ အိပ်ခ်ျကေ-၃၃ တလက်။ နောက် (၂၀၅) ရဲဘော် ၂ ယောက် ဆီမှာက အေကေ-၄၇ နှစ်လက်နဲ့ အိပ်ခ်ျကေ-၃၃ နှစ်လက် - ဆိုတော့ အားလုံး စာရင်းချုပ်လိုက်တော့ ကျနော်တို့ အဖွဲ့မှာ အဲမ်-၁၆ က အများဆုံး ဖြစ်နေပါတယ်။ ဂျီ-၃နဲ့ဂျီ-၄ က သုံးလက်။

အဲမ်-၁၆ ချည်းပဲ ရှစ်လက်ရှိနေတယ်။














အိပ်ခ်ျကေ-၃၃ က ငါးလက်။















ကာဘိုင်က နှစ်လက်။














အေကေ-၄၇ ကတော့ ခြောက်လက်ပါ။










အဲမ်-၁၆နဲ့ အိပ်ခ်ျကေ-၃၃ ကတော့ ၅.၅၆ မမ ကျည် သုံးတာချင်း တူနေတော့ ၅.၅၆ မမ အရံကျည် ထုတ်ယူဖို့ သေနတ် အလက်ပေါင်းက ၁၃ လက် ရှိတယ်။ ဂျီ-၃နဲ့ဂျီ-၄ အတွက်ကတော့ အရံကျည် မလိုပါဘူး။ ဒီမှာ ရန်သူ့ဆီက သိမ်းရထားတဲ့ ဂျီ-၂၊ ဂျီ-၃၊ ဂျီ-၄ က အောလပုံ။ တချို့ဆို သံချေးတွေတောင် တက်နေပြီ။ ဂျီတွေ အတွက်ကတော့ ကျည်ရော ကျည်ဘောက် တွေရော အပုံလိုက်ဆိုတော့ ထည့်တောင် တွက်စရာ မလိုတော့ပါဘူး။ အေကေ-၄၇ တွေကတော့ ၇.၆၂ မမ ကျည်တွေ သုံးတာဆိုတော့ အဲကျည်တွေ ထုတ်ရမယ့် သေနတ်က ခြောက်လက်။ နောက် ပွိုင့် ၃၀ (၀.၃၀ လက်မ) ကျည်သုံးတဲ့ ကာဘိုင်က နှစ်လက်။ စာရင်း ချုပ်တော့ အရံကျည် ထုတ်ရမှာ သေနတ်အားလုံး ၂၁ လက်

တကယ်ကတော့ လူတိုင်းက အေကေ- ၄၇ ကို ကိုင်ချင် ကြတာပါ။ အဲ သေနတ်က နိုင်ငံတကာက တော်လှန်ရေး သမား မှန်သမျှ ကိုင်ခဲ့တဲ့ သေနတ်လည်း မဟုတ်လား။ ပြီးတော့ ရာသီ ဥတု ဒဏ် မျိုးစုံကိုလည်း ခံနိုင်၊ ရေ၊ မြေ၊ သဲ စတဲ့ အကြမ်း ပတမ်း အခြေအနေ မျိုးစုံ ဒဏ်ကိုလည်း ခံနိုင်၊ ဖြုတ်ရ တပ်ရလည်း လွယ်ကူ၊ တိုက်လို့ ချွတ်လို့ ကလည်း ကောင်း၊ ကိုင်ရတာ ကလည်း စေးစေး ပိုင်ပိုင် ရှိ၊ လူကိုယ်မှာ လွယ်ထား လိုက်ရင်လည်း တကယ့်ကို တော်လှန်ရေး သမား တိုက်ခိုက်ရေး သမား တယောက်ရဲ့ ကျက်သရေ ရှိ၊ ပြီးတော့ တော်လှန်ရေးရဲ့ သင်္ကေတ တခုကလည်း ဖြစ်နေတယ်လေ။ ကျနော်လည်း အဲသေနတ်ကို ကိုင်ချင်တာပဲ။ ကြိုက်လည်း ကြိုက်တယ်။ သင်တန်း တက်တုန်းကတောင် Target Shooting မှာ ကျည် ၅ တောင့်လုံးကို အဲသေနတ်နဲ့ Bull's Eye ထဲ ၀င်အောင် ပစ်ခဲ့ဖူးတယ်။ (ကြုံတုန်း ကြွားရတာ) ဒါမဲ့ ခုတော့ ကိုင်နေရတာက အဲမ်-၁၆ ပါ။ ဘာပဲဖြစ်ဖြစ် သေနတ် ကိုင်ခွင့် ရတာကိုကပဲ အခွင့်အရေးတခု မဟုတ်လား။ ရှစ်လေးလုံး အချိန်တွေတုန်း ကတော့ ကိုင်ချင် တာတောင် မကိုင်ခဲ့ရဖူး မဟုတ်လား။

နောက်တော့ ကျနော်တို့ ၆ ယောက် လျှောက်လာခဲ့တဲ့ လျှောက်မြောင်းက တဖြည်းဖြည်းချင်း နိမ့်လာပါတယ်။ နောက်ဆုံးမှာ လျှောက်မြောင်းနဲ့ လမ်းနဲ့ အတူ ဖြစ်နေတဲ့ နေရာ တခုကို ရောက်သွားပါတယ်။ အဲနောက်တော့ တွေ့သမျှ အိုဗာဟက်တွေ လူတွေကို လျှောက်မေးရင်း အရံကျည် ထုတ်ရမယ့် နေရာကို ရောက်သွား ပါတော့တယ်။ အမှန်က အဲနေရာက စိန်ပြောင်းတွေ ပစ်တဲ့နေရာမှာပါပဲ။ အဲမှာ ကွန်ကရစ်နဲ့ ဆောက်လုပ် ထားတဲ့ ၀င်လမ်း ထွက်လမ်းတွေရယ်၊ မော်တာ (စိန်ပြောင်း) ၃ လက်ကို တပ်ဆင်ထားတဲ့ ကွန်ကရစ် အ၀ိုင်း ၃ ခုရယ်-ကို တွေ့နေရပါတယ်။



















အလယ်ခေါင်မှာတော့ ၈၁ မမ မော်တာကို ဆင်ထားပြီး



















ဘေးဘယ်ညာ နှစ်ဖက်မှာတော့ ၆၀ မမ မော်တာ ၂ လုံးကို ထိုင်ထားတာ မြင်ရပါတယ်။

နောက်တော့ အဲမော်တာ အ၀ိုင်းတွေရဲ့ ဘေးက အောက်ကို နိမ့်ဆင်းသွားတဲ့ လမ်းအတိုင်းဝင်သွားပြီးတော့ ကွန်ကရစ်လမ်းတခုအတိုင်း ဆင်းသွားရပါတယ်။ ထောင့်တခုကို ချိုးပြီးတဲ့အခါမှာတော့ ရုပ်ရှင်တွေထဲက အတိုင်းပါပဲ ရင်သပ်ရှုမောဖွယ် လက်နက် အပုံကြီးကို ကျနော့် တသက်မှာ ပထမဆုံးအကြိမ် တွေ့ရခဲ့ဖူးတာပါပဲ။ နေရာကတော့ မြေအောက်မှာဆိုတော့ေပြေါ်က ဘယ်လောက် အနက်မှာ ရှိနေလဲတော့ ကျနော်လည်း မသိပါဘူး။

ကျနော် မြင်နေရတာကတော့ အားလုံးကို သူ့စင်တွေနဲ့သူ နေသားတကျ စနစ်တကျ သပ်သပ်ရပ်ရပ်ကြီးကို သိမ်းသိုထားတဲ့ စစ်လက်နက် ပစ္စည်းတွေပါပဲ။ ဥပမာ- လက်ပစ်ဗုံးတွေကို အမျိုးစုံအောင်တွေ့ဖူးပေမယ့် သူ့ နဂိုရ် ထည့်ထားတဲ့ ဗူးတွေကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ကျနော်တို့ ကိုင်နေတဲ့ သံပုရာသီးခေါ်တဲ့ အဲမ်-၉၇ လက်ပစ်ဗုံး အသေးလေး ဆိုရင် သူ့ ဗူးလေးထဲမှာ လှလှပပလေး အိပ်ပျော်လို့ လူ မသတ်တတ်တဲ့ ပစ္စည်းလေး တခုလိုလို။ မသိရင် ချစ်စရာလေး။ အာရ်ပီဂျီခေါ်တဲ့ Rocket Propell Grenade တွေကလည်း သူတို့ရဲ့ ရှည်ရှည်မျောမျော အိမ်တွေထဲမှာ အိပ်ပျော်လို့။ မသိရင် ဘယ်တော့မှ မပေါက်ကွဲတတ်တဲ့ ငှက်ပျောဖူးတွေ လိုမျိုး။ ကျနော်ကတော့ ကျနော် မြင်နေရတာကို ပြောတာပါ။

နောက်တော့ ကျနော် တွေးနေတဲ့ ချစ်စရာ အိပ်မက်ကလေးက ပျောက်သွားပြီး လက်တွေ့ဘ၀ထဲ ကျနော် ပြန်ရောက်သွားပါတယ်။ ၅.၅၆ မမ သေနတ်တွေအတွက် တလက်ကို ကျည် ၁၈၀ ပါတဲ့ မယ်လိုဒီယမ် ကျည်အိတ်တတွဲစီ။ ကျည်ဘောက် အသစ် ၂ ချပ်စီ ရတယ်။ ၇.၆၂ မမ သေနတ်တွေအတွက် ကျည် ၁၂၀ စာ ဆယ်တောင့်တွဲ ကျည်ကပ်တွေ ရပါတယ်။ တလက်ကို ကျည် ၁၂၀ စီ ရပါတယ်။ ကျည်ဘောက်ကတော့ တချပ်စီပဲရတယ်။ ၀.၃၀ (ပွိုင့် ၃၀) သေနတ်တွေအတွက်ကတော့ ကျည် ၂၀ စာ အကပ်လေး ၃ ခုစီပဲ ရပါတယ် ကျည်ဘောက်တော့ မရပါဘူး။

အားလုံး အရံကျည်တွေ ထုတ်ပြီးသွားတော့ ကျနော့်အတွက် ကျည် ၁၈၀ စီပါတဲ့ ကျည်အိတ်တွဲက ၂ တွဲ ၊ ကျည်ဘောက် အသစ် ၄ ဘောက် ရပါတယ်။ ကျည် အိတ်တွဲ ၂ ခုကို ဘယ်ညာ ၁ ခုစီ လွယ်ပြီးသွားတော့ (လူက လှုပ်ချင်ပေမယ့်လည်း လမ်းလျှောက်လို့ ရရုံပဲ သွားနိုင်ပါတော့တယ်။) လှုပ်မရတော့ပါဘူး။

အဲလိုနဲ့ လှုပ်မရတဲ့ ကိုယ်ကြီးကို သယ်ပြီး ထမင်းထုပ် ယူရမယ့်နေရာကိုလည်း သွားရပါသေးတယ်။ ဒါမယ့် တခု ကံကောင်းတာက ကျနော်တို့ အခြေအနေကို သိသွားလို့ ဖြစ်မှာပါ။ အဲ နောက်တန်းက ကျနော်တို့ကို ထမင်းထုပ် လာပို့ပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့ အရံကျည်တွေ သယ်ပြီး လှုပ်လီလှုပ်လဲ့နဲ့ ကိုယ့် အိုဗာဟက် ရှိရာ ဆီကို ကျနော်တို့ ပြန်လာခဲ့ကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလူသစ်ပြောလို့ ကမန်းကတမ်း - ဆက်လက်ဖော်ပြပါမည် - ထည့်လိုက်ရပါတယ်။ ကျေးဇူး ကလူသစ်ရေ့။

5 comments:

Nyo Htet Nyo said...

ဖတ်လို့ အရမ်းကောင်းပါတယ်ခင်ဗျာ။ မှတ်သားစရာတွေချည်းပါပဲ။ စောင့်မျှော်ဖတ်ရှုလျက်ပါ

mama said...

သေနတ်ဆိုတာ လိုအပ်ရင် ကိုင်ကောင်းတဲ့
အရာဆိုတာ ပိုသေချာသွားပြီ..

သာမန်လူငယ်လေးတစ်ယောက်ရဲ့
ဘ၀နဲ့ သေနတ်ကြားက ခံစားချက်တွေက
ဖတ်သူ့ရင်ကို တစ်ကယ်ပဲ စွဲမက်စေပါတယ်.....။

လင်းထက် said...

အကိုရေ အကို တို့လှုပ်ရှား သွားလာ နေတဲ့ ပုံတွေ ကို မျက်စိထဲ မြင်လာအောင် ကို အရေးအသား က ဆွဲဆောင် နေပါတယ် ..
ထပ်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကို စောင့်ဖတ်နေတယ် နော်...။

Unknown said...

ကိုအောင်သာငယ်
အကိုရဲ့ ပိုစ့်ကိုဖတ်ကြည့်ပြီးတော့ ၈၈ အရေးတော်ပုန်
ကာလတုန်းက အေဘီလည်းမရောက်ခဲ့ ဘီဒီဂျီအက်(ဖ်)
လည်းမရောက်ခဲ့တဲ့ ကျွန်တော်တို့ဘ၀တွေကို နှမြော
လိုက်တာဗျာ
အကိုရေ အဲဒါတွေကို စာအုပ်တစ်အုပ် ပြန်ထုတ်ပါလားခင်ဗျား ဒါမှာမဟုတ် pdf ဖိုင်ဖွင့်ပြီး
တစ်စုတစ်စည်းထဲဖြစ်အောင်ပြန်တင်ပေးပါလား

ခင်မင်စွာဖြင့်
သားထူး

Unknown said...

ဆက်မယ်ဆိုတော့လည်း စောင့်ရတာပေါ့ အစ်ကိုရာ။ AK တော့မပစ်ဖူးသေးဘူး :)