Oct 2, 2008

ကားယဉ်ကျေးမှု

ကားယဉ်ကျေးမှုအကြောင်းလေး ရေးမယ် ရေးမယ်နဲ့ အရှိန်ယူနေတာ ခုတော့ ရေးဖြစ်ပါပြီဗျား။
တခြားတော့ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ကိုယ်ကိုယ်တိုင်က ကားမောင်း နေရတာဆိုတော့ ကားနဲ့ ပတ်သက်လာတာလေးတွေ တွေ့ရင် ကောက်ပြီး ဖတ်မိတတ်ပါတယ်။ ပြီးတော့ အဲဒါလေးကိုလည်း ပြန်ပြီး ဝေမျှချင်တယ်။ ဒါပါပဲ။

ပြီးခဲ့တဲ့ တပါတ်ကပဲ အလုပ် အသစ်ရလို့ ဖရီးဝေးမှာ ကားမောင်းသွားရတဲ့အခါ အန္တရာယ်များတဲ့ အကြောင်းတွေကိုလည်း ခဏခဏ စဉ်းစားမိပါတယ်။ အလုပ်ရှိရာကို တနာရီခွဲ မောင်းရတဲ့ ဖရီးဝေးကလည်း Rush Hour မှာ အကျပ်ဆုံးပါပဲ။ ကိုယ့်ရှေ့က ကား ဘရိတ်နင်းရင် ကိုယ်ကလည်း လိုက်နင်း၊ သူ ရပ်ရင် ကိုယ်ကလည်း လိုက်ရပ်နဲ့ အဲလို မောင်းနေရတာ တခါတခါတော့ လမ်းချောင်သွားတဲ့အချိန်မှာ ကားတွေအားလုံး မိုင်ကုန်မောင်းကြပါတော့တယ်။ ကျနော်လည်း ဘယ်နေလိမ့်မလဲ - ချောင်တုန်း ဖဲ့ထားမှဟဲ့ - ဆိုတဲ့ပြီး လီဗာကို ဖိကျိတ်တာပေါ့ Speed Limit တွေတောင် ကျော်ပြီး ၇၀-၈၀ တွေဖြစ်လို့။ အဲလို မောင်းကောင်းနေတုန်း ကိုယ့်ရှေ့က ကားက ရုတ်တရက်ကြီး ဘရိတ်ထအုပ်တော့ အောင်မလေး .... ကိုယ့်ကားကြီးလည်း တကျွိကျွိတွေ မြည်ကုန်အောင် ဘရိတ်အုပ်ရတော့တာပါပဲ။ ကံကောင်းလို့ သူ့ကားကို ၀င်မအောင်းတာ။ သူ့မှာလည်း အပြစ်မရှိပါဘူး။ သူ့ရှေ့က ကားက ရုတ်တရက် ဘရိတ် ထအုပ်တာကိုး။ တကယ်တော့ သူ့ရှေ့က ကားမှာကလည်း အပြစ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ အရှေ့က ကားတွေ အားလုံးက ရုတ်တရက်ကြီး ဘရိတ်ထအုပ်ကြတာကိုး။ အမှန်ကတော့ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူးဗျာ။ ကျနော် ထင်တာတော့ နိုင်ငံတော် သမတ မှာပဲ အပြစ် ရှိမယ် ထင်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး။ ဒါမှမဟုတ် ကျနော်တို့ ဗမာပြည်မှာလို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှာ အပြစ်ရှိနေတာ ဖြစ်မယ်။ ထားပါတော့။

ပြောချင်တာက ဒီလိုပါ - တကမ္ဘာလုံးမှာ အဲလို ခရီးသွားလာရင်း ဖြစ်တတ်ကြတဲ့ အန္တရာယ်တွေကနေ ကင်းဝေးအောင် ပညာရှင်တွေ၊ သုတေသီတွေက အကောင်းဆုံး စိတ်အချရဆုံး အန္တရာယ်အနည်းနိုင်ဆုံး ခရီးလမ်းဖြစ်အောင် လမ်းတွေနဲ့ ပတ်သက်လို့ ဘာတွေ ပြောင်းလဲရမလဲ၊ ဘာတွေ ပြုပြင်ရမလဲ၊ ဘာတွေ တီထွင်ရမလဲဆိုတာ လေ့လာပြီး သုတေသနပြုကြပါတယ်။ အဲလိုနဲ့ Car Culture ဆိုတာ ပေါ်ထွက်လာတာပါပဲ။ အဲလို ကားယဉ်ကျေးမှု (ကျနော်ကတော့ တိုက်ရိုက် ဘာသာပြန်လိုက်ပါတယ်။ ဆီလျော်မှု မရှိရင်တော့ Car Culture လို့ပဲ ကိုယ့်ဘာသာကိုယ် ပြင်ဖတ်ကြပါ) ကို လေ့လာ သုံးသပ်ပြီးတဲ့အခါ စိတ်ကူးစိတ်သန်း အမြောက်အများ ပေါ်ထွက် လာပါတယ်။ ဖရီးဝေးအတွက် ဘယ်လို၊ လိုကယ်အတွက် ဘယ်လို စသည်ဖြင့် ပေါ့လေ။ အဲထဲကမှ တကယ်စမ်းသပ်အသုံးပြုပြီး ကောင်းမွန်တဲ့ စနစ်တွေဆိုရင် အားလုံးက လိုက်ပြီး ကျင့်သုံးကြတာပါပဲ။

လမ်းတွေအနက် လိုကယ်ထဲမှာ ဆိုရင် ယာဉ်တိုက်မှုအဖြစ်ဆုံးနဲ့ လူသေတဲ့ ယာဉ်တိုက်မှုတွေ အဖြစ်ဆုံးနေရာက လမ်းလေးခွဆုံတဲ့ နေရာတွေပဲဖြစ်တယ်ဆိုတာ သုတေသန ပြုချက်များ အရ သိရှိလာရပါတယ်။ ဒီလိုနဲ့ လမ်းလေးခွဆုံတွေကို စိတ်အချရဆုံးဖြစ်အောင် ယာဉ်တိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ တွေးဆချက်တွေ ရှိလာပါတယ်။ သုတေသနပြုချက်တွေ၊ စမ်းသပ်ချက်တွေလည်း အများကြီး လုပ်ခဲ့ကြပြီးတဲ့နောက်မှာ လမ်းလေးခွဆုံအတွက် အကောင်းဆုံးဖြစ်တဲ့ roundabout ကို စိတ်ကူးရခဲ့ပြီး လမ်းတွေပေါ်မှာ ဆောက်လုပ်ခဲ့ကြပါတယ်။



အဲဒီ အ၀ိုင်းတွေရဲ့ အကျိုးကျေးဇူးတွေကို ပြန်ကြည့်ကြပါစို့၊ ၂၀၀၁ က စပြီး Indiana ပြည်နယ်ရဲ့ မြို့တော် Indianapolis မှာ roundabouts ၅၀ ကို ဆောက်လုပ်ခဲ့ပါတယ်။ roundabouts တွေဟာ လမ်းလေးခွဆုံ မီးပွိုင့်စနစ်ကို အစားထိုးခဲ့ပါတယ်။ အဲဒီ roundabouts တွေဟာ ကားတွေအားလုံးကို ဦးတည်ရာ တခုထဲ မောင်းစေ ပါတယ်။ ဒီနည်းနဲ့ Head-on Collision လို့ခေါ်တဲ့ ကားတွေ ခေါင်းချင်းဆိုင်တိုက်မိခြင်းကို လုံးဝ ရှောင်ရှား နိုင်ခဲ့ပါတယ်။ ပြီးတော့ roundabouts တွေမှာ Stop Sign မရှိတဲ့အတွက် မီးပွိုင့်မှာ ကားတွေ ရပ်ထားရပြီး စောင့်ရတဲ့ အချိန်တွေအတွက် ကုန်ကျတဲ့ ဓါတ်ဆီတွေကို ချွေတာနိုင်ခဲ့သလို အဲလို ရပ်ထားတုန်း ကားတွေကနေ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ကာဗွန်မိုနောက်ဆိုဒ်ထွက်နှုန်းကိုလည်း လျော့ကျ စေတဲ့အတွက် ကမ္ဘာကြီးအတွက်လည်း ကျန်းမာရေးအရ အထောက်အကူပြုပါတယ်။

၇ နှစ်အတွင်း လေ့လာ သုတေသနပြုချက်တွေအရ roundabouts တည်ဆောက်ပြီးသွားတဲ့နောက်မှာ ယာဉ်တိုက်မှုနှုန်း ၇၈% ကျဆင်းသွားပါတယ်။ ပြီးတော့ Indianapolis တခုတည်းမှာ တနှစ်ကို ဓါတ်ဆီ ဂါလံပေါင်း ၂၄,၀၀၀ သက်သာ သွားပါတယ်။ ဒီလိုနဲ့ Climate-Protection Award ရခဲ့တဲ့ Indianapolis မြို့တော်ဝန် Jim Brainard က အမေရိကန် မြို့တော်ဝန်များ ကွန်ဖရင့်မှာ roundabouts တွေ နောက်ဆို ခေတ်စားလာမှာပါလို့ ပြောကြားခဲ့ပါသေးတယ်။ ခုချိန်မှာတော့ အမေရိကားမှာ ပြည်နယ် ၂၅ ခုအတွင်း roundabouts ပေါင်း ၁၀၀၀ လောက် တည်ဆောက် ခဲ့ပြီးပါပြီ။

သို့သော်လည်း ပြင်သစ်က roundabouts ပေါင်း ၃၀,၀၀၀ ကျော်ကို သူ့ တနိုင်ငံလုံးမှာ တည်ဆောက်ပြီး သွားပါပြီ။ တကမ္ဘာလုံးမှာ ရှိသမျှ roundabouts တွေရဲ့ ၃ ပုံ တပုံက သူ့နိုင်ငံမှာ ရှိနေတာပါ။ roundabouts တွေက Stop Sign ကို မလိုတဲ့အတွက် ကားတွေ ရပ်ထားစရာ မလိုတော့တာမို့ ဟိုက်ဒရိုကာဗွန်ထွက်နှုန်းကို ၄၂% လျှော့ချနိုင်ခဲ့ပါတယ်။

ကျိန်းသေတာတခုကတော့ roundabouts တွေဟာ လမ်းလေးခွဆုံ ယာဉ်တိုက်မှုတွေကို လျော့ကျ သွားစေတယ်။ လမ်းလေးခွမှာ စောင့်ဆိုင်းနေရစဉ်ကလို ကားကို ရပ်ထားစရာမလိုတဲ့အတွက် ကား အင်ဂျင်တွေကနေ ထွက်တဲ့ ဟိုက်ဒရိုကာဗွန်ထွက်နှုန်းကို သိသိသာသာကြီး လျော့ကျစေနိုင်တာကြောင့် ကမ္ဘာကြီးအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေပါတယ်။ ပြီးတော့ လမ်းလေးခွမှာလို စောင့်ဆိုင်း နေစရာမလိုတဲ့အတွက် လောင်စာဆီကိုလည်း ချွေတာရာကျနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အဲလိုမျိုးနိုင်ငံတကာက အစိုးရတွေက လမ်းလေးခွဆုံ စနစ်ကို roundabouts အ၀ိုင်း စနစ်နဲ့ အစားထိုးပြီး သူတို့ ပြည်သူ လူထု အတွက် စိတ်ချလုံခြုံမှုကို ဖြည့်ဆည်းပေးနေချိန်မှာ ကျနော်တို့ အမိဗမာပြည်မှာ ဘာတွေ ရရှိနေလဲလို့ ကျနော် သွားတွေး မိပါတယ်။ တခုသေချာတာကတော့ ကျနော်တို့ ရန်ကုန်မြို့မှာရှိနေတဲ့ တာမွေအ၀ိုင်းကို ၁၉၈၈ အလွန်မှာ အဘတို့က ဖျက်ပစ်လိုက်တာပါပဲ။ ဘာလို့ ဖျက်ပစ်လိုက်တာလဲ ဆိုတာကတော့ စာရှုသူများ တွေးယူကြပါကုန်။ (ကားတိုက်စေချင်လို့ ဖြစ်မှာပေါ့နော်)

18 comments:

Andy Myint said...

Sydneyမှာလည်း မြို့လည်ခေါင်မှာက လွဲလို့ ဆင်ခြေဖုန်းတွေမှာ အ၀ိုင်းတွေကို ဦးစားပေး ဆောက်ထားတယ်။ ဟုတ်တယ် အ၀ိုင်းတွေက မီးပွိုင့်တွေထက် ကောင်းတာတွေ ရှိတယ်။

ရွှေဉာဏ်တော် စူးရောက်တဲ့သူတွေ အကြောင်းကတော့ ပြောမနေနဲ့ သူတိုလုပ်ရင် သောက်တလွဲတွေချည်းပဲ။

Anonymous said...

အမိပြည်ကြီးက မော်တော်ပီကယ်တွေ အောက်ဆိုဒ် ကောင်းအောင်လုပ်ပေးနေတာဖြစ်မှာပေါ့
အန်ကယ်ရဲ့း) ဗဟုသုတပို့ စ်လေးအတွက်ကျေးဇူးး

Myo Win Zaw said...

တာမွေအ၀ိုင်းတင်မကဘူး မြောက်ဥက္ကလာအ၀ိုင်းလည်း ဖျက်ပစ်တယ် တာမွေအ၀ိုင်းဖျက်တုန်းကဆို အ၀ိုင်းအောက်က ရေဆိုးထုတ်စနစ်ပါမြေဖို့ပစ်လိုက်တာ

ကလူသစ် said...

မြောက်ဥက္ကလာကအ၀ိုင်းကတော့ ကားမတိုက်၊ တိုက်အောင်လုပ်ထားသလိုပဲ။ မောင်းရတာ မျက်စိကိုလည်ရော။ ဒါပေမဲ့ စလုံးမှာ အ၀ိုင်းသိတ်မရှိဘူးဗျ။ ဟိုတနေ့ကတောင် သတင်းစာထဲတွေ့လိုက်ရသေး။ စိတ်မ၀င်စားလို့ မဖတ်လိုက်ဘူး။

သစ်နက်ဆူး said...

ကိုအောင်ရေ....
ဘာမျ မပြောနိုင်တော့ဘူး...ရီချင်တာဘဲသိတယ်...
ရေးတတ်တယ်ဗျာ..။

Moe Cho Thinn said...

တခြားကားတွေ ဘရိတ်အုပ်တာလဲ နိုင်ငံတော် သမ္မတကြီးရဲ့ အပြစ်ပဲဆိုတာကိုတော့ သိပ်ကြိုက်သွားပြီ အကိုရေ။ နောက်ဆုံးစာကြောင်းလေးလဲ ကြိုက်ပါ့ရှင်။ ရေးတတ်လိုက်တာ။

Anonymous said...

ဗဟုသုတ တခုရသွားတယ်.. အရင်ကအ၀ိုင်းတွေဘာလို့ထားမှန်းမသိဘူး...
ကျေးဇူးတင်တယ်အကို

ATN said...

andy myint - သောက်တလွဲတွေနဲ့ ပြည်သူတွေ နစ်နာမှာ စိုးပါသည်။

တူမောင်မျိုး - အင်း တွေးကြည့်ပေါ့ကွယ်။

myo win zaw - မြောက်ဥက္ကလာပ အ၀ိုင်းကို ဖျက်တာ မသိလိုက်ဘူး။

ကလူသစ် - ကလူသစ်က အင်ဂျင်နီယာဆိုတော့ ပိုသိမှာပေါ့ဗျ။ ဘယ်အ၀ိုင်းတွေ ဖျက်ပစ်တာလဲ ပြောပြဦး။

thorn museum - ရီရတာ ကောင်းတဲ့ လက္ခဏာပဲ ကို သစ်ရေ့။

moe cho thin - အင်း ... စာရေးဆရာမက အကို့ကို မြှောက်ပေးနေပြီပေါ့ ....

ရှင်မင်းညို - ဗဟုသုတတွေကတော့ လေ့လာမဆုံးလေ။

wai lin tun said...

အေးဗျ။ စိတ်ဓါတ်ပိုင်းအရ ကြည့်ရင်လည်း မီးပွိုင့်တွေက နီရင်ရပ်၊ စိမ်းရင်မောင်း ဆိုတဲ့ နာခံရတဲ့သဘောရှိပြီး၊ အ၀ိုင်းတွေမှာကတော့ ကိုယ့်ဖာသာ ချင့်ချိန် ဆုံးဖြတ် ရွေးချယ်မောင်းနှင်ခွင့်နဲ့ ကားတစီးနဲ့တစီး အပြန်အလှန် ဂရုပြု လေးစားစိတ်ထားကြတာကို ပေါ်လွင်စေတယ် ပြောရမှာပဲ။
ဘယ်အလေ့အကျင့်မျိုးက မြန်မာပြည်ကြီးနဲ့ ပိုသင့်တော်သလဲ ကျနော်တို့အဘတွေ ရွေးတတ်ပါတယ်ဗျာ မပူပါနဲ့။ ဟဲဟဲ..

pandora said...

အမယ်.. ကိုဝေလင်း တွေးပုံက အတော်ဖောက်ထွက်ပါပေတယ်။ အင်း ဒါကြောင့်လည်း....

စူး said...

နောက်ဆုံး တလွှဲ အကြောင်း မပြောကြေးလေ..
သူတို့က ဦးနှောက်နဲ့ လုပ်တာမဟုတ်ဘူး
ယတြာနဲ့ အလုပ်လုပ်တာလေ..

ဇင်ယော် said...

အစ်ကိုရေ ကားတွေတိုက်မှ အောက်ဆိုက် ကောင်းကောင်း ရမှာမို့  ဒါလေးတစ်ခုတော့ နားလည် ပေးစေချင်ပါတယ်။ မီးပွိုင့်ပျက်နေရင်တောင် အပြင်မထွက်တဲ့ သူတွေ တိုက်ပလားဟေ.ဆိုရင်တော့ ချက်ချင်းရောက်တယ်ဗျ။ ပြီးရင်တော့ ထုံးစံအတိုင်း ညှိကြလေသတည်း။

Nu Thwe said...

ဒီတစ်ပုဒ်ပဲ သေချာ ဖတ်ရပါသေးတယ်။ နောက်မှ လာပါဦးမယ်။ စာမူခ ပေးသွားပါတယ်။ ကျွန်မ ရေးဖူးတာလေးနဲ့ အတွေးချင်း ဆင်လို့ လင့်ခ်လည်း သွားပါတယ်။ ကျေးဇူးပါ။

Nu Thwe said...

http://nuthwe.blogspot.com/2008/08/blog-post_24.html ကို ဒီပို့စ်နဲ့ လင့်ခ်ဖို့ ကြိုးစားတာ မအောင်မြင်ပါ။ အတော် လျှော်တဲ့ ကိုယ်ပါပဲ။ လာရှုပ်သလို ဖြစ်သွားရင် တောင်းပန်ပါ၏။

ATN said...

ကိုဝေလင်း - အဘတို့က သိလို့ အဲလို လုပ်နေတာပေါ့ဗျာ

ပန်ဒိုရာ - အင်း ဒါကြောင့်လည်း ----

myatnoe - ဟဲ့ သူတို့က ယတြာကို ဦးနှောက်နဲ့ လုပ်နေတာပါနော်။

ဇင်ယော် - တို့ဇင်ယော်ကြီးလည်း ညှိခဲ့ရပုံရတယ်း)

nu thwe - စာမူခအတွက် ကျေးဇူးပါဗျာ။ လာရှုပ်သလို မဖြစ်ပါ။ ကျနော့်ပို့စ်ကတော့ TIME magazine, September 15, 2008. CAR CULTURE: You Want A Revolution By Tim Padgett ကို ဖတ်ပြီးတော့ ရေးတာပါ။

mama said...

ပက်ပက် စက်စက် တိုက်လောက်အောင်ရော
ကျမတို့ ဆီမှာ ကားတွေကများလို့လား...
စကားစပ်မိလို့ ပြောရအုံးမယ်..
ကျမတို့၇ုံး အတွက် သွင်းခဲ့ တဲ့ ကား ၂ စီး
လင့်ခရူဇာတွေ..
သီလ၀ါဆိပ်ကမ်းမှာ ၂ နှစ်ရှိပြီ တဲ့..
ဘာကြောင့်မှန်းတော့ အတိအကျမသိရဘူး..
ပါမစ် က နောက်ကျလို့ ဆိုလား ...
ခုလောက်ဆို သံချေးလိုက်ကုန်ရောပေါ့...
အဲဒါ UN Agency တစ်ခုအတွက်နော်..။
မြန်မာတွေ..ကား ၀ယ်ဘို့ အသာထား
စကားတောင်ကျယ်ကျယ် ပြောခွင့်ရှိလို့လား..။

ATN said...

MaMa - ကလည်း စိတ်ကြီးပဲ။ အသာလုပ်ပါလေ။ ခု မမ ပြောနေတာလေးတွေကို စာလေးတပုဒ်လောက် ချရေးလိုက်ကြည့်ပါလား။ အတော့ကို ဖတ်လို့ ကောင်းမှာပါ။

ခင်မင်စွာ

Thet Oo said...

ကားအကြောင်းရေးတော့မယ်ထင်တာ.. လမ်းအကြောင်းရောက်သွားတာကိုး။ ဘာပဲဖြစ်ဖြစ် ဗဟုသုတတော့ ရပါတယ်။