Apr 4, 2009

ကိုယ်တွေ့-၂

ရီဝေတဲ့ အတွေးထဲ ဖြတ်ကူးလို့ရယ်
ရှေ့ဆက်မယ့် ခရီးကို အဖော်ပြုလို့ရယ်
ကြင်နာခဲ့ရသူ တယောက်တည်းနေဆဲ
ကုန်လွန်ခဲ့နှစ်တွေ ရေတွက်ရင်လေ
နွေရက်များ အခါခါလေ...

ပဒေသာ ချောင်းစပ်ဘေးက စပါးရိတ်သိမ်းပြီးသော ရိုးပြတ်ကွင်းထဲမှာ ရှင်းလင်းထားသည့် မြေပြင်ညီညီလေး တ၀ိုက်မှာ ခင်မောင်တိုး၏ နွေရက်များအခါခါ သီချင်းသံက တိုးတိုးတိတ်တိတ် လွင့်ပျံ့နေသည်။ ဘေ့စ် ဂစ်တာကို စိုးလင်းအောင်က မတီးချင် တီးချင် တီးနေပုံရသည်။ သီချင်းက အေးသည် မဟုတ်လား။ ခင်ဇော် ကတော့ သီချင်းကို စိတ်ပါ လက်ပါ ဆက်ဆို နေသည်။ မျိုးမြင့်ကတော့ သူ့ လိဒ်ဂစ်တာကို တီးရင်း လက်စွမ်း ပြနေသည်။ သူကတော့ ရစ်သမ် ဂစ်တာကို စည်းချက်ညီညီ တီးခတ်ပေး နေမိသည်။ ကျန်သည့် သူငယ်ချင်း များကလည်း တေးသွားကို လိုက်ညည်းသူက ညည်း၊ ဒူးကို လက်နှစ်ဖက်ဖြင့် ပိုက်ပြီး နားထောင်သူက နားထောင်၊ သိန်းညိုကြီး ကတော့ ဘွန်ဂို ၂ လုံးတွဲလေးကို သီချင်းနှင့် လိုက်ဖက်အောင် တီးပေးနေသည်။

ကျောင်းတွေ ပိတ်ထားသော သည်လို နွေညမျိုးမှာ သူတို့ သူငယ်ချင်းတစု နေ့တိုင်းလို ညဥ့်နက် သန်းကောင် တိုင်အောင် သည်နေရာလေးမှာ စုပြီး ဂစ်တာတီးလေ့ရှိသည်။ များသော အားဖြင့်တော့ ကိုယ့်ဂစ်တာ ကိုယ် သယ်လာပြီး တီးလေ့ ရှိသော်လည်း တခါတရံ သူငယ်ချင်းတွေဆီမှလည်း ငှားယူကာ တီးတတ်ကြသေးသည်။

ညနေစာ စားပြီးသည်နှင့် စက်ဘီးဆွဲကာ သူတို့ ညီအကို နှစ်ယောက် သူငယ်ချင်း တွေနှင့် ဆုံနေကြ မေခလာ လဘက်ရည် ဆိုင်ကို ထွက်လာကြလေ့ ရှိသည်။ လဘက်ရည် မှာသောက်ရင်း ရောက်လာမည့် သူငယ်ချင်း တွေကို စောင့်ဆိုင်းကာ နေလေ့ရှိသည်။ ညဥ့်နည်းနည်း စောင်းလာ လျင်တော့ လူလည်း စုံသလောက် ရှိပြီဆို ဆည်းဈာရိပ်လို့ သူတို့ ဘာသာ အမည် ပေးထားသည့် သည်လယ်ကွင်းပြင်ထဲက မြေညီ တလင်းလေးမှာ စုပြီး ဂစ်တာတီးကြလေ့ရှိသည်။ ဂစ်တာတွေ အဆင်သင့် မပါလာလျင်လည်း နီးစပ်ရာ သူငယ်ချင်း တွေဆီက သွားဆွဲလာ၊ နင်းလာသော စက်ဘီးများကို အနီးအနားမှာ ထောင်ထားပြီး ဆည်းဈာရိပ်၏ တညတာ တီးဝိုင်းကလေးကို စတင်လေ့ရှိသည်။ စကာစကတော့ သူတို့ ၄-၅-၁၀ ယောက်သာ ဖြစ်သော်လည်း ညဥ့်နက် လာလေလေ လူက ပိုစုံလာလေလေ ဖြစ်လာသည်။ ဖြတ်သွား ဖြတ်လာ လူငယ်များကလည်း ဂစ်တာသံကြားရာ လယ်ကွင်းလေးထဲ ဆင်းချလာကာ အနားမှာ ထိုင်ကာ နားထောင်ကြလေ့ ရှိကြသည်လေ။ သည်လိုနဲ့ ညစဉ် လူ ၂၀-၂၅ လောက်ထိ ရှိသော သူတို့၏ ဂစ်တာ ၀ိုင်းလေးက သည်ရပ်ကွက် တ၀ိုက်မှာ လူတိုင်းသိသည့် ၀ိုင်းလေးတ၀ိုင်း ဖြစ်လာသည်။

တနေ့သားတော့ သည်ကွင်းပြင်လေး အစပ်ရှိ (၁၁) ရပ်ကွက်မှ ကာလသားခေါင်း ဖြစ်သော အကိုကြီး တယောက်က ပြောလာလေသည်။ - ငါ နေ့တိုင်း နားထောင် နေတာကွ။ မင်းတို့ တီးတာ အတော် ကောင်းတာပဲ။ လက်လည်း ညီကြတယ်။ တော်တော်လေးလည်း တထပ်တည်း ကျအောင် တီးနိုင်ကြတာပဲ။ ကက်ဆက်ခွေထဲက အတိုင်းလောက် နီးနီးပဲ။ ဒါကြောင့်လည်း မင်းတို့ ၀ိုင်းမှာ ညတိုင်း ချာတိတ်တွေ လာစု နားထောင် နေကြတာကိုးကွ - ပြောတော့ သူတို့လည်း အတ်ေလေး ဘ၀င်မြင့်သွားကြလေသည်။ - အား... အကိုကြီး ကလည်း လာမြှောက်ပေးနေပြန်ပြီ။ ကျနော်တို့ လဘက်ရည် တိုက်ပါ့မယ်။ ဧကန်တ အကိုကြီးကို အမက ဒီညနေ လဘက်ရည်ဖိုး မပေးလိုက်ဘူး မဟုတ်လား... - သည် အကိုကြီးနဲ့ အိမ်ချင်း ကပ်လျက် နေသော ထွန်းလှအောင်က လှမ်းနောက်လိုက်သည်။ - အောင်မာ - ဗိုလ်ကြက် (ထွန်းလှအောင် ဆံပင်က ထောင်နေ သဖြင့် သူ့ကို ခင်မင်သူ တွေက ကြက်ဖလို့ ခေါ်ကြရင်း သူ့နံမည် ဗိုလ်ကြက် ဖြစ်လာလေသည်) ငါ နာရင်း ရိုက်ထည့်တော့မယ်... ဒီနေ့ပဲ လခထုတ်လာတာ ဟ...ခုဟာက မင်းတို့တွေကို မြေတောင် မြှောက်ပေးမလို့ ပြောနေတာ...- ပြန်ပြောလေသည်။ - ဟာ... အကိုကြီးက ကျနော်တို့ကို အခွေ ထုတ်ပေးမလို့လား... - စိုးလင်းအောင်က အားရ၀မ်းသာ မေးလေသည်။ - အာ... အဲလောက်တော့ ငါ့မှာ ဘယ် ငွေရှိမလဲဟ... ။ ခုဟာက မင်းတို့တွေ ထဲမှာ instrument တွေကို သေချာတီးနိုင်တဲ့ သူတွေ အားလုံး လိုလို ရှိနေတာကို ငါ တွေ့တယ်လေ။ အဲတော့ စတိတ်ရှိုးတခု ဖြစ်အောင် ငါ ၀ိုင်းလုပ်ပေးမယ်လေ။ မင်းတို့က တီးကြပေါ့။ ရပ်ကွက်နဲ့ မြို့နယ်ကို ငါ ညှိပေးမယ်။ မြို့နယ်ကောင်စီက ခွင့်ပြုရင် ထိုင်ခုံတွေ အကျအန ထည့်ပြီး လက်မှတ်တွေ ဘာတွေ ရောင်းပြီး စနစ်တကျ လုပ်မယ်လေ။ အဲတာ မင်းတို့ တကယ် တီးရဲသလား... - မေးလာတော့သည်။

- ဟား... လုပ်လိုက်လေ အကိုကြီးရာ... အဲလိုမျိုးစင်ပေါ်တက်ရလို့ကတော့ အသေအချာကို တီးပြမယ်...- စိုးလင်းအောင်က စပြောတော့ - ဟုတ်တယ်... ဟုတ်တယ်... အကိုကြီး... - ဘာညာနဲ့ အားလုံး ဆူညံ သွားကြလေသည်။ ထိုညက ဂစ်တာ မတီး ဖြစ်တော့ပဲ စတိတ်ရှိုး ကိစ္စများကို ပြောဆိုဆွေးနွေးပြီး လူစု ခွဲခဲ့ကြ လေသည်။

သည်လိုနဲ့ စတိတ်ရှိုးအတွက် လိုအပ်သည်များကို သည်အကိုကြီးက လုပ်ဆောင်နေသည့် အချိန်မှာ သူတို့ သူငယ်ချင်း တစုကလည်း အဆိုကောင်းသော သူငယ်ချင်းတွေကို စုပြီး သီချင်းတွေ ရွေးကြ၊ နုတ်တွေ ထုတ်ကြ၊ သီချင်း တိုက်ကြနှင့် အလုပ်တွေ ရှုပ်ကုန်ကြတော့သည်။ သည်ကြားထဲ Hollow Guitar နဲ့သာ တီးလာခဲ့ ကြသည့် အတွက် လက်တွေ့ Electric Guitar တွေနဲ့ မစိမ်းနေ အောင်လည်း Studio တခုမှာ သွားပြီး လက်တွေ့ တ၀ိုင်းလုံးသွားပြီး လေ့ကျင့်လိုက်ကြသေးသည်။

ကျယ်ကျယ် ၀န်းဝန်းရှိသော မျိုးမြင့်တို့ အိမ်မှာ နေ့တိုင်းလို သီချင်းတိုက်ဖြစ်နေသည်။ ဆိုမည့်သူတွေ ကိုလည်း အသေအချာရွေးချယ် ထားခဲ့ပြီး သီချင်းများကိုလည်း သေချာစွာ ရွေးချယ်ထားဖြစ်ခဲ့ကြသည်။ သည်လိုနဲ့ အားလုံး အဆင်သင့် ဖြစ်လာသည့် အချိန်မှာ မြို့နယ်ကလည်း permit ကျလာလေသည်။ သည်လိုနဲ့ ကာလသားခေါင်း အကိုကြီး ဦးဆောင်ပြီး သူတို့ တသိုက် လက်မှတ်ရောင်း ထွက်ကြ လေတော့သည်။ သည်ရပ်ကွက် ၀န်းကျင်မှာ ပထမဆုံး အကြိမ် လုပ်သော စတိတ်ရှိုး ဖြစ်ပေမင့်၊ တကယ့် အဆိုတော်တွေ တယောက်တလေမျှ မပါပေမင့် အားလုံးက ၀ိုင်းဝန်း အားပေးကြသဖြင့် မယုံနိုင်စရာ ကောင်းအောင်ပင် လက်မှတ်အားလုံး ရောင်းလိုက်ကြရလေသည်။ အားလုံးလည်း စိတ်ဓါတ်တွေ တက်ကြွ နေကြ လေတော့သည်။

သည်လိုနဲ့ စတိတ်ရှိုး စမည့်နေ့ မတိုင်မီနေ့တွင် သူတို့ အားလုံး နောက်ဆုံးပိတ် အချောသပ် သီချင်း တိုက်ရင်း တနေ့လုံး အလုပ် ရှုပ်နေကြလေသည်။ နောက်ဆုံးပိတ် သီချင်းတိုက်ရာတွင် Keyboard ကလွဲ၍ Drums တွေ Electric Guitar တွေ အားလုံးပါလေသည်။ Drums ကို သူ့ အကိုကြီးကတီးသည်၊ Lead Guitar ကို သူ့ ဆရာဖြစ်သော ကိုကျော်ဇောလှ၊ Second Guitar ကိုတော့ မျိုးမြင့်၊ Rythm Guitar ကို သူ၊ Bass Guitar ကို စိုးလင်းအောင် ကိုယ်စီ တီးကြသည်။ ညရောက်သည့်တိုင်လည်း သီချင်းက အချောသပ် တိုက်နေဆဲ။ သည်လိုနဲ့ မိန်းကလေးအဆိုရှင်များ အားလုံးကို မိုး မချုပ်မီ အပြီးသပ် သီချင်း တိုက်ပေးလိုက် နိုင်သော်လည်း ယောက်ျားလေးတွေ ကျန်နေသေးသည်။ သူတို့ အတီးသမားတွေလည်း မိုးချုပ်လာတော့ ညစာစားရင်း ခဏနားကြသည်။ ပြီးတော့ သီချင်း ဆက်တိုက်လိုက်ကြသည်မှာ အားလုံးပြီးတော့ ည ၂ နာရီ ထိုးတော့မည်။

- ကိုကြီးရေ ပြန်မှဖြစ်မယ်။ အိပ်ရဦးမှာ မနက်ကျရင် မထနိုင်ပဲ ဖြစ်နေဦးမယ်... - သူက ပြောရင်း သူငယ်ချင်းတွေ အားလုံးကို နှုတ်ဆက်ကာ စက်ဘီးကို ဆွဲ ထွက်လာခဲ့သည်။ သူ့ အကိုကြီးက စက်ဘီး ကယ်ရီယာ နောက်ကနေ ထိုင်လိုက်လာရင်း ဂစ်တာကို ကိုင်လာခဲ့သည်။ မိနစ် ၂၀ဆယ်ခန့် နင်းပြီးသည့် အခါ မတော့ အိမ်တံခါးဝသို့ ရောက်ပါပြီ။ တံခါးဂျက်ကို လက်လျှို ဖွင့်လိုက်ရင်း သူက စက်ဘီးကို မကာ အိမ်ထဲ သွင်းလိုက်သည်။ စက်ဘီးကို ချလိုက်ပြီးချိန်မှာ အမှောင်ထဲမှာ ထိုင်နေသော သဏ္ဍာန် တခုကို သူ သတိထား လိုက်မိသည်။ အနားကပ်ကြည့်လိုက်တော့ အမေ.... ။ အိမ်ရှေ့က ကွပ်ပြစ် ထောင့်စွန်းမှာ ဒူးနှစ်ဖက်ကို လက်နဲ့ ပိုက်ရင်း အမှောင်ထဲမှာ ထိုင်နေသည့် အမေ။ - ဟာ... အမေ... ဘာထိုင်လုပ်နေတာလဲ... - သူ မေးမိသည့်အခါ။ - သားတို့ကို စောင့်နေတာ... - အမေပြောတော့ - ဘာလို့ စောင့်နေလဲ အမေရယ်... သီချင်းတိုက်နေတာ အမေလည်း သိသားနဲ့။ ဒီနေ့က နောက်ဆုံး သီချင်း တိုက်တာမို့လို့ ကြာသွားတာ။ သားတို့ အချိန်တန်တော့ ပြန်လာမှာပဲဟာ... - သူပြောမိတော့ - အေးလေ... အချိန်တန်ရင် ပြန်ရောက်လာမှာလို့တော့ မျှော်လင့်ရတာပေါ့...။ ဒါပေမယ့် ၁၂နာရီ ကျော်လာတော့ အမေ စိတ်ပူတယ်...။ ဘာများဖြစ်လဲ...။ မတော်တဆ ကားတွေ ဘာတွေများ အတိုက်ခံရသလား...။ ခု ည တနာရီ ၂ နာရီ ထိ သားတို့ ရောက်မလာတော့ ပိုပြီး ပူလာရတာပဲ...။ အမေ့မှာလေ နှလုံးသားကို ပြုတ်တူကြီးနဲ့ အညှစ် ခံထားရသလိုပဲ...။ သားတို့ မျက်နှာတွေကို အမေ ပြန်မမြင်ရမချင်း နှလုံးသားကို အောက်ကနေ မီးနဲ့ မြှိုက်ခံထားရသလိုပဲ တလှပ်လှပ် တငွေ့ငွေ့နဲ့ တနွေးနွေး အမေ ခံစားနေရတယ်... - အမေက ပြောပြနေတော့ သူ စိတ်မကောင်း ဖြစ်သွားမိသည်။ - အမေရယ် အဲလောက် စိတ်ပူစရာ မလိုပါဘူး... ခုလည်း သားတို့ ပြန်ရောက် နေပြီပဲဟာ... - သူပြောတော့ - အေးလေ... ခုတော့ သားတို့ ပြန်ရောက်လာတာကိုး...။ ဒါပေမယ့် အမေ့ ခံစားချက်ကို သားတို့ ခုတော့ ဘယ်နားလည်နိုင်မလဲ။ သားတို့ ကိုယ်တိုင် မိဘနေရာကို ရောက်ပြီး သားတွေ သမီးတွေ ရတဲ့အခါကျမှ သိကြမှာပါ... မင်းတို့ ကိုယ်တိုင် အဖေတွေ အမေတွေ ဖြစ်တဲ့အခါ ကိုယ်တွေ့တွေကို ကြုံတဲ့အခါ သိကြ မပေါ့ကွယ်... - ပြောပြီး အမေက ကွပ်ပြစ်မှ ထကာ အိမ်ခန်းထဲ ၀င်သွားလေသည်။

ဘာပဲဖြစ်ဖြစ် ညဥ့်နက်လာတော့ အိပ်ချင်နေပြီ။ အမေ့စကားတွေကိုလည်း သိပ် အလေးအနက် သူ မစဉ်းစားမိပါ။ အိပ်ယာထဲဝင်ရင်း ခေါင်းအုံးပေါ် သူ့ခေါင်းကို တင်လိုက်သည်နှင့် သူ အိပ်မော ကျသွား လေသည်။ အိပ်မက်ထဲမှာတော့ မီးဆလိုက်ရောင်စုံတွေဖြင့် လှပနေသော စင်မြင့်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော် ပါးပါးကြီး ဂစ်တာတီးနေသော သူ့ကိုယ်သူ ပြုံးပြုံးကြီး ပြန်တွေ့လိုက်သေးသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ခုတလော သတင်းတွေထဲမှာ ပြန်ပေးဆွဲသည့် သတင်းတွေကို မြင်နေ တွေ့နေ ဖတ်နေရသည်။ တော်ကြာ ဘယ်နေရာမှာ ဘယ်သူ့ကို ပြန်ပေးဆွဲသွားပြန်ပြီ။ ပြီးတော့ ဘာတွေ မဖွယ်မရာ လုပ်ပြီး သတ်လိုက်ပြန်ပြီ။ စသည်ဖြင့် သတင်းတွေက ထိတ်လန့်စရာတွေချည်း။ ကြည့်လိုက်တော့ ပြန်ပေးဆွဲခံရသူ အများစုက ၁၂ နှစ်အောက် ကလေးတွေချည်း ဖြစ်နေသည်။

သည်လိုနဲ့ ပြန်ပေးသတင်းတွေကို ရုပ်မြင်သံကြားမှာဖြစ်ဖြစ် အွန်လိုင်းမှာ ဖြစ်ဖြစ် မြင်ရ တွေ့ရ ဖတ်ရသည့် အခါ မှတ်ချက် ချဖြစ်သည်က - ကလေးတွေမို့လို့ ပြန်ပေးဆွဲခံရတာကိုး - ။ ဒါပေသည့် အဲသည် မှတ်ချက်က တနေ့တော့ တစစီဖြစ်သွားသည်။ - ၁၇ နှစ်သား တယောက် ကျောင်းကနေ အိမ်အပြန်မှာ ပြန်ပေး ဆွဲခံရသည်- တဲ့...။ ပြီးတော့ မဖွယ်မရာအလုပ်ခံရပြီး အသတ်ခံလိုက်ရသည်။ သည်နိုင်ငံက ၁၇ နှစ်သား ဆိုသည်က ကျားကိုးစီး စား မကုန်နိုင်လောက်အောင် အရပ်မြင့်မြင့် အကောင် အကြီးကြီးတွေ။ သည် ၁၇ နှစ်သားကို ကျောင်းကနေ အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲသွားပြီး မဖွယ်မရာတွေလုပ် သတ်ပစ်လိုက်သည် ဆိုတော့။ ၁၂ နှစ်သာ ရှိသေးသော ငါ့ သားလေးသာဆိုရင် ဘယ်လို လုပ်မလဲလို့ ကိုယ့်ဘာသာကိုယ် မေးနေမိသည်။

တခါတခါလည်း သားကလေးတွေ မွေးထားတာကို ကိုယ့်ဘာသာ ကိုယ် စိတ်ချ ဂုဏ်ယူ နေမိသေးသည်။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဆူးတွေဆိုတော့ ဘာပူစရာလိုသလဲ။ ခုတော့ ပူရတော့မှာပါလား။ ခုတော့ ကျားကျား မမ ကလေးတွေအားလုံး စိတ်မချရတော့ပါ။ သည်တော့ ကိုယ့်သားကို ကိုယ် စိတ်မချတော့။ အမြဲတမ်းလည်း ပြောဖြစ်နေသည် - သား ဘယ်သွားသွား ပတ်ဝန်းကျင်ကို သတိထား။ သူစိမ်းတွေကို စကား မပြောနဲ့...။ တယောက်ထဲ မနေနဲ့။ လူတွေကြားထဲမှာနေ... ။ တခုခု ဖြစ်ရင် ကယ်ကြပါလို့ အကျယ်ကြီး အော်ပြီး လွတ်အောင်ပြေး... - စသည်ဖြင့် သင်ပေးနေမိသည်။ - စိတ်ချပါ ပါပါးရဲ့..သား ဘာမှ မဖြစ်ပါဘူး..- ပြောနေသော သားကြီးကို စိတ်တော့ ချမိနေသေးသည်။

သည်လိုနဲ့ ကျောင်းတွေ လွှတ်လေ့ရှိသော နေ့လည် ၂ နာရီကျော် အချိန်တွေမှာ လမ်းတွေမှာ ကျောင်းသူ ကျောင်းသားတွေနဲ့ သည် ကျောင်းသူ ကျောင်းသား တွေကို လာကြို ကြသော မိဘ ဆွေမျိုး သားချင်းများ၊ ကျောင်းသူ ကျောင်းသားတွေ လမ်းဖြတ် ကူးသည့်အခါ လုံခြုံ စိတ်ချ ရအောင် ကူညီပေးကြသော Crossing Guards တွေနဲ့ ပြည့်နှက် ဆူညံ ရှုပ်ထွေးနေလေ့ ရှိလေသည်။ ဒါကို နေ့စဉ်တွေ့နေရတော့ သားကြီး အတွက်တော့ အိမ်အပြန် လမ်းကို စိတ်ချနေမိသည်။ သူ့သားကြီး တက်သော အလယ်တန်းကျောင်းကလည်း အိမ်နဲ့ block ၂ ခုသာ ခြားသည် မဟုတ်လား။ သည်တော့ ယေဘူယျအားဖြင့် နေ့လည် ၂း၃၀ ကျော်ကျော်ဆို သားကြီးက အိမ်ကို ပြန်ရောက်လေ့ ရှိလေသည်။

သည်နေ့တော့ ၃ နာရီကျော်လည်း သားကြီး ပြန်မရောက်လာသေး။ သည့်တိုင်အောင် သူ စိတ် မပူ မိသေး။ သို့သော်လည်း ၃း၃၀ ကျော်လာသည့်အခါ သူ စိတ်ပူစ ပြုလာသည်။ ဘာကြောင့် နောက်ကျနေတာလဲ။ သည်လိုနဲ့ သားကြီးနဲ့ အတူ ပြန်လာလေ့ရှိသော Steve ကို သွားမေးသည်။ သည်နေ့တော့ သားကြီးနဲ့ သူ မတွေ့ဟု Steve ကပြောလေသည်။ အိမ်နဲ့ ကျောင်း အပြန်လမ်းမှာ သားကြီး ပျောက်နေလေပြီ။ ဘယ်ကို ရောက်သွားလဲ။ သူ့ရင်မှာ ပူလောင်နေလေပြီ။ အမှန်တော့ ၃နာရီ မတိုင်ခင် ရောက်လာရမှာ။

ဘာတွေဖြစ်ကုန်ပြီလဲ။ သားကြီးကို ဘာတွေဖြစ်ကုန်ပြီလဲ။ What happened to my beloved son? သူ့ ရင်တွေ အလွန်တရာ ပူ နေလေပြီ။ ရဲကို အကြောင်းကြားရတော့မလား။ ရဲကို အကြောင်းကြားလိုက်ရင်လည်း နောက်ဆုံး ပြန်ရတာကတော့ အလောင်းပဲ။ သည်လို တွေးမိတော့ သူ့ နှလုံးသားတွေ တဆတ်ဆတ် တုန် သွားသည်။ သည် အတွေးအတွက် ရေခဲ အိုင်တခုထဲ သူ့ကို ပစ်ချတာ ခံလိုက်ရသလို သူ့တကိုယ်လုံး အေးခဲသွားလေသည်။

မဟုတ်သေးဘူး... မဟုတ်သေးပါဘူး... မင်း ကိုယ့်ဘာသာကိုယ်.. ခေါင်းအေးအေး ထားစဉ်းစားစမ်း...။ သူ့ကိုယ်သူ သူပြန် ပြောနေရသည်။ ခုက ဘာမှဖြစ်သေးတာမဟုတ်ဘူး။ သေချာစဉ်းစားဦး။ သူငယ်ချင်းတွေ အိမ်တွေကို သူ လျှောက်သွားမိသည်။ သားကြီး ရှိလား...။ ဘယ်အိမ်မှာမှ မရှိ။ သက်တူ ရွယ်တူ တွေ အိမ်တွေမှာ ကလေးတွေ အားလုံးက အိမ်ပြန်ရောက်နေကြပြီ။ - ဘယ်မလဲ သားကြီး... - ခုထိ အိမ်ကို ပြန် မရောက်သေး။ သည်လိုလိုက် စုံစမ်းရင်း ၄ နာရီထိုးကာနီးလောက်မှာ အိမ်ကို သူုပြန်ရောက်လာသည်။ သူ့ နှလုံးသားတွေက ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေ သည်။ သူ အသက်ရှုမ၀တော့... ။

သူ့ ဘ၀မှာ အခြောက်ခြားဆုံး အချိန်အဖြစ် သူခံစားနေရဆဲမှာပင် တံခါးခေါက်သံကို သူ ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်တော့ သူ့ သားကြီး... ။ - မင်း ဘယ်လျှောက်သွားနေတာလဲ... ငါ့မှာ ဘယ်လောက် စိတ်ပူ နေရသလဲ... မင်း သိရဲ့လား... - သူ့ စကားသံက တုန်ခါ နေသည်ကို သူ ကိုယ်တိုင် သိသည်။ - ဘယ်မှ မသွားပါဘူး ပါပါးရဲ့... Music Class မှာပဲလေ.. - အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် သူ့ကို ပြန်ပြောနေသည့် သားကြီးကို စကား တခွန်းမှ မပြောနိုင်ပဲ သူ ကြည့်နေမိသည်။

အခုတော့ အမေ့ကို သူ ပြင်းပြင်းထန်ထန် သတိရနေမိသည်။

အမေ... အမေ ပြောခဲ့တဲ့ ကိုယ်တွေ့ပါ အမေ... လို့ အသံမဲ့ သူပြောနေမိလေသည်။

အမေကတော့ ကြားနိုင်မည် မထင်တော့...



22 comments:

MyowinZaw said...

မိဘ မိဘ အမိအဖ မိဘ ဖြစ်သွားပြီကိုး အမေတွေ အဖေတွေအားလုံးဒီလိုပါဘဲ အစ်ကိုရေ ငယ်တုန်းကတော့ နောက်ကျလို့ဆူရင်မကြိုက်ခြင်ဘူး ကြီးလာတော့ စာနာတတ်လာပါပြီ အစ်ကိုက မိဘ ဖြစ်လာတော့ စာနာရုံတင်မကဘူး စိုးရိမ်စိတ်တွေပါပါ လာတယ်ထင်တယ်

sin dan lar said...

ကောင်းလိုက်တာ အစ်ကိုကြီးရေ...။ အသက်နည်းနည်းရလာတော့ မိဘရဲ့ အပူကို နည်းနည်း နားလည်လာတယ်..။
ကိုယ်တိုင် မိဘဖြစ်မှပဲ ကိုယ်တွေ့ ခံစားနိုင်မယ်ထင်တယ်..။

mama said...

မိဘနေရာရောက်မှ ခံစား လို့ရတဲ့ သောက တွေက အများကြီးပဲ ဖြစှ်ာပါ.. ဖတ်လို့ အရမ်းကောင်းပါတယ်
ဒါနဲ့.. ကလေးတွေ အတွက် security awareness လုပ်ထားပေးလေ.. မြန်မာပြည်မှာတော့ ထုံးစံ သိပ်မရှိပေမဲ့.. နိုင်ငံရပ်ရှားမှာ လိုအပ်မှာပါ.. အိမ်းတွင်း အိမ်ပြင် ကျောင်း လမ်း မီး.. တခြား သဘာဝ ဘေး အန္တရယ် စတာတွေ.. အသက်အရွယ် အလိုက် မကြာခဏ ပြောထားပေးရင်.. စိတ်ပူရ နဲနဲ သက်သာရမယ် ထင်တယ်

ချမ်းမြေ့ပါစေ

ကလူသစ် said...

မိဘနဲ့သားသမီး.........သားသမီးကနေ မိဘဘ၀ဖြစ်လာတဲ့သူတွေ ကြုံကြရတာပါပဲဗျာ။

Rita said...

ကောင်းတဲ့ ပို့စ် တစ်ခုပါ။

အဲလို အကျိုးအကြောင်းကို ထင်ဟပ်ပြရင် ထပ်တူ မခံစားနိုင်သည့်တိုင် ကိုယ်ချင်းစာလို့တော့ ရတာပေါ့ အစ်ကို။

ဖုန်းမြင့် said...

ခံစားမိပါသည် ....။

အိန္ဒြာ said...

အကိုရေ.......

အမေတွေက..သူတို့နှလုံးသား..ကိုပုံတူထုပြီး...
သားသမီးတွေရင်ထဲမှာ..ထည့်ပေး...ထားခဲ့တာ...

အကို့သားကြီး...ကို....
ပြောပြထားလိုက်ပေါ့..အကို...

သူတို့..သားသမီး..တွေရဲ့ အိမ်ပြန်လာတဲ့..
ခြေသံဟာ...
မိဘတွေအတွက်
ဘာနဲ့မှ လဲမရနိုင်လောက်အောင်...
တန်ဖိုးကြီးလွန်းတဲ့ အရာဆိုတာကိုလေ...

Kay said...

ဗုဒ္ဓအလိုအရဆို- အပူမီးတခုပေါ့လေ။
မိဘဆိုတာကတော့..သားသမီး ဘယ်အရွယ်ရောက်နေနေ ပူနေရတတ်တာပါပဲ။

Kay said...

ဗုဒ္ဓအလိုအရဆို- အပူမီးတခုပေါ့လေ။
မိဘဆိုတာကတော့..သားသမီး ဘယ်အရွယ်ရောက်နေနေ ပူနေရတတ်တာပါပဲ။

Nyein Chan Aung said...

မိဘတစ်ယောက်နေရာကနေ ခဏ၀င်ပြီး ကိုယ်ချင်းစာကြည့်သွားပါတယ် အစ်ကို။

မေ့သမီး said...

ညီမလည်း မြို့ပြန်ရောက်ရင် သူငယ်ချင်းတွေနဲ့ညဘက်မှ အိမ်ပြန်တယ်။ အမေကစိတ်ပူတတ်တယ်။ ပြန်တဲ့လမ်းကလည်းမှောင်တာကိုး။ ဆိုင်ကယ်ရှေ့က ဖြတ်ရိုက်လိုက်မလား ဘာညာပေါ့။ မိဘနေရာမရောက်သေးပေမယ့် မိဘချင်းကိုယ်ချင်းစာမိပါတယ်။

Maydarwii said...

ကိုအောင်သာငယ်ရေ ..
ကျမကတော့ မိဘနေရာ မရောက်သေးပေမဲ့ အသက်ကြီးလာတော့ မိဘတွေကို ကိုယ်ချင်းစာတတ်လာတယ်။ ငယ်ငယ်က စိတ်ကောက်တဲ့အခါ ထမင်းမစားဘဲ ဆန္ဒပြမိရင် အဖေက အရမ်းစိတ်မကောင်းဖြစ်တာ။ မိဘတွေ စိတ်ပူမယ့် အလုပ်တွေလည်း ခဏခဏ လုပ်ခဲ့မိတယ်။

အကို့ရဲ့ စာဖတ်ရင်း အဖေနဲ့ အမေကို သတိရလို့ မျက်ရည်ဝဲ မိပါတယ်။ မိဘတွေရဲ့ မေတ္တာနဲ့ ဂုဏ်ကျေးဇူးကို ပေါ်လွင်စေတဲ့ စာကောင်းတပုဒ်ပါပဲ .... ။

ဒူကဘာ said...

မိဘမေတ္တာ အရောင် လှပ်ကနဲ လှစ်ဟ ပြလိုက်သလို ထပ်တူပြုတဲ့ ခံစားမှုတွေ ရသွားပါတယ်။ ကောင်းကောင်း ဆိုးဆိုး လောကဆိုတာ ဆီဆုံ နွားတွေလိုပဲပေါ့၊ သိပ်ကောင်းတဲ့ ပြယုဒ်၊ အဆင်ပြေပါစေ....
ဒူကဘာ

Moe Cho Thinn said...

အကိုရေ ကလေးကို ဖုန်းတခု ၀ယ်ပေးထားပါလား။ ဒါဆို သူ Music class သွားတယ်၊ နောက်ကျမယ် ဆိုရင် ကိုယ်သိနိုင်တာပေါ့။ ဒီအရွယ်လေးတွေက အမြဲ မျက်ခြေမပြတ် ကြည့်နေမှ ဖြစ်မှာ။ ကိုယ့်ကလေးက အေးချမ်းပေမဲ့ ပတ်ဝန်းကျင်ဆိုတာက မသိနိုင်ဘူးလေ။ ချိုသင်းလဲ အဝေးမှာ ရှိတဲ့ တူ၊ တူမလေးတွေတောင် ဒီကနေ လှမ်းပူနေတာ။ ကိုယ်က ချစ်တာကိုး။

pandora said...

နှလုံးသားနဲ့ ထင်ဟပ်ထားတဲ့ ကိုယ်တွေ့ကို စာနာခံစားသွားပါတယ်။
ကိုယ်တိုင်လည်း သားသမီးမရှိသေးလို့ အသေအချာ မသိသေးပေမယ့် မောင်နှမတွေ အတွက်တောင် အတော်ကို ပူပန်ရပါသေးတယ်။

Phyo Maw said...

ထိုင်စောင့်နေတတ်တဲ့ အမေ့ကိုတွေ့တိုင်း စိတ်မချလို့လား ဘာဖြစ်မှာမို့လို့လည်း လို့ လွယ်လွယ်ပြောမိတာကို ပြန်တွေးမိတယ်။

khin oo may said...

ဘာပဲဖြစ်ဖြစ်ဗျာ... ပန်းတောက်ရနံ့လေးတွေကို လွန်းဆွတ်နေခဲ့ရတာကတော့ ၂၁ နှစ် ရှိနေပြီ...
သင်္ကြန်ကို လွမ်းတယ်ဗျာ..

စိတ်မကောင်းလိုက်တာ.. တချိန်ချိန်ပြန်ဆု့ပါစေလို့ဆုတောင်းပေးတယ်။

khin oo may said...

atn က အပြောကောင်းလို့လွမ်းအောင် ဖန်ပေးတာလားဟင်။

tg.nwai said...

ဟုတ်ပါတယ် ကိုအောင်သာငယ်ရေ..ကျမတို့ ငယ်ငယ်တုန်းကတော့ လူကြီးတွေက အကုန်လိုက်ပူနေတာပဲလို့ ထင်နေတာ..အခု မိဘဖြစ်တော့မှ.. ပူရတာ တော်တော်မောနေပြီ..။ ကိုယ်ချင်းစာတယ်ဆိုတာထက် တကယ်တမ်း ကိုယ်အဲဒီနေရာရောက်မှ တကယ်သိတော့တာပါပဲနော်။

ဆောင်း said...

အမေ့အကြောင်းစဉ်းစားပြီးခါရှိသေး ဒီပို့ စ်ဖတ်ရတာ ပို ပြီး အမေ့ကို လွမ်းလာတယ်

ကောင်းကင်ကို said...

အမေ့ကို သတိရသွားတယ်ဗျာ။

ကျော်သိင်္ခ said...

ကိုကြီးအောင်ရေ၊

ဒီတစ်ခေါက် ကျနော် ပြန်မထွက်လာခင်၊ ကျနော့်အမေကို ပြောမိခဲ့တဲ့စကားတွေ လွန်သွားသလားမသိဘူး။ ကိုကြီးအောင် ရေးတဲစာကို ဖတ်ရင်း ကျနော့်အမေကို ကျနော် ပြောခဲ့တဲ့စကား တစ်ချို့အတွက် ၀မ်းနည်းနေမိတယ်။

"မိဘတွေက သားသမီးတွေကို ငါ့အတွက်၊ ငါ့အတွက်ဆိုရင် ငါ့နားမှာထား၊ သူတို့အတွက်၊ သူတို့အတွက် လို့တွေးထားရင် သွားပါစေ၊ လွှတ်လိုက်ပါ၊ ကျနော် ကတော့ သံယောဇဉှ်ဆိုတာ ဘယ်သူ့အပေါ်မှာမှ မ ရှိဘူး၊ သေရင်လည်းခွဲရမှာဘဲ၊ ရှင်ခွဲနဲ့သေခွဲချည်းဘဲ၊ ဒါ ချစ်လို့ပြောတာလည်း မဟုတ်ဘူး၊ မုန်းလို့ပြောတာလည်း မဟုတ်ဘူး၊ ဥပက္ခာ သဘောနဲ့ပြောတာ"

ကိုကြီးအောင်၊ ကျနော် ကျနော့်အမေကို အဲဒီလို ပြောခဲ့မိတယ်။ အခုတော့ ကိုကြီးအောင် ရေးထားတဲ့ post ကို ဖတ်လိုက်ရမှ ကျနော် ပြောခဲ့မိတာအတွက် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ကျနော်က အစ်ကို၊ အစ်မ ၁၁ ယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးလေ။