အောင်သာငယ်-ဆိုတဲ့ ဘလော့လေး တခု ဖွင့်ပြီးတော့ ကျနော် စာတွေ ကဗျာတွေ ရေးတယ်။ တကယ်တော့ စိတ်ထဲ ရှိတာတွေ ကျနော်ရေးတာပါ။ ခံစားရတာတွေ ကျနော်ရေးတယ်။ အရိုးသားဆုံးပဲ ရေးခဲ့တာပါ။ နောက်တော့ ရေးရင်းနဲ့ ကျနော့်စာတွေကို လာဖတ်သူတွေ ရှိလာတယ်။ ပရိသတ်တချို့ ကျနော် ရလာတယ်။ သည်အခါမှာ အရင်ကလို ကျနော့် စိတ်ထဲ ရှိတာတွေ ရေးလို့မရတော့ဘူး။ စာလာဖတ်တဲ့သူတွေ အကျိုးရှိတာပဲရေးဖို့ ကျနော် စဉ်းစားရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် စာတပုဒ်၊ ကဗျာ တပုဒ် ကြောင့် ဘယ်သူ့ကိုမှ အဆိပ်အတောက် မဖြစ်စေချင်တာကြောင့်ပါ။
ဘလော့ စရေးကာစတုန်းကတော့ ကိုယ့် ခံစားချက်တွေပဲ ကိုယ်ရေးခဲ့တယ်၊ ကိုယ့်ခံစားချက်တွေ ကိုယ်ရေးရင်းနဲ့ ခံစားချက်တူတာလား၊ တိုက်ဆိုင်တာလား... ဘာပဲဖြစ်ဖြစ် ကျနော် ရေးသမျှကို လာရောက်ခံစားတဲ့ ညီအကို မောင်နှမတွေ ရှိလာတယ်။ သည်လိုနဲ့ပဲ ကျနော့် ဘလော့လေး အသက်ဆက်ခဲ့တာပါ။ အဲသည်အတွက် ကျနော့် ဘလော့ကို ဆက်ရေးဖို့ ခွန်အားဖြစ်စေခဲ့တဲ့ ညီအကို မောင်နှမအားလုံးကို ကျေးဇူး အထူး တင်ပါကြောင်း ပြောပါရစေ။
ဘာပဲဖြစ်ဖြစ် ရင်ဘတ်တူခဲ့သူ မောင်နှမတွေကြောင့်ပဲ ကျနော့် ဘလော့က ဆက်လက် ရှင်သန်နေခဲ့တာပါ။
စာရေးတယ်ဆိုတာက စိတ်ကို အသုံးချရတာပါ။ စိတ်ထဲမှာ ရှိတာတွေကို ချရေးရတယ်။ တနည်း ကိုယ် ခံစားရတဲ့ ခံစားချက်တွေကို ဖွင့် ထုတ်ရတယ်ပေါ့။ သို့မဟုတ် စိတ်ထဲမှာ မရှိသေးတာတွေကို ခေါ်ယူရတယ်။ ပြောရရင် ကိုယ်မခံစားရပေမယ့်လည်း ကိုယ် ခံစားရသလို စိတ်သွင်း ခံစားရတယ်။ ပြီးမှ ချရေးရတယ်။ ဒါက ယေဘူယျသဘောပြောတာပါ။
စိတ်ထဲရှိတာတွေ အတိုင်း ချရေးရင် စာတွေပဲ ဖြစ်လာမှာပါ။ ဒါပေသည့် အနပညာမြောက်တဲ့ ကဗျာတပုဒ်၊ ၀တ္ထုတပုဒ်၊ စာတပုဒ် ဖြစ်လာဖို့ကတော့ စိတ်ထဲရှိတာ ချရေးရုံနဲ့ မဖြစ်နိုင်ပါဘူး။ အဲသည်အတွက် ကဗျာရေးသူတိုင်း၊ စာရေးသူတိုင်း၊ ၀တ္ထုရေးသူတိုင်းက နှလုံးသားနဲ့ယှဉ်ပြီး အတတ်ပညာကိုလည်း လိုအပ်ပါတယ်။ အဲသည်အတွက် အားထုတ်ရပါတယ်။
စိတ်ထဲမှာ အခဲမကျေတာတွေ မကျေနပ်တာတွေရှိရင် အဲတာတွေကို ဖွင့်အန်ချလိုက်ရင် စာတွေ ထွက်လာမှာပါ။ အဲဒါတွေကလည်း မကျေနပ်နေတာတွေနဲ့ဆို ဆဲစာတွေပဲ ဖြစ်လာမှာပေါ့။ တကယ်တော့ လူတိုင်း စိတ်ထဲမှာတော့ ရှိနေတာတွေက အများကြီးပဲလေ။ ကြည်တာတွေရော နောက်တာတွေရော။
ဒါပေသည့် အနုပညာ သမားတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အနောက်တွေကို ဖယ်ပြီး အကြည်တွေကိုပဲ ပရိသတ်ကို ပေးခဲ့ကြတာပါ။ အဲသည်လို ပေးဖို့ သူတို့ဟာ သူတို့ရဲ့ နှလုံးသားကိုပဲ အားကိုးခဲ့ရတာပါ။
ဘယ်သူကမှ သူတို့ကို အကြည်ဓါတ်ပေးပါလို့ မတောင်းဆိုခဲ့ပါဘူး။

23 comments:
ဘလော့ဆိုတာကတော့ အကုန်လုံးရေးလို့ရတာပါပဲ။ ကိုယ်ပိုင်ခံစားချက်၊ ဖန်တီးမှု၊ နေ့စဉ်ဖြစ်ပျက်တာ... ရေးတဲ့သူသဘောပဲပေါ့...
အကိုနဲ့ ကျွန်တော် ရင်ဘတ်တော့ မတူလောက်ဘူး။ အကိုက နည်းနည်းပိန်ပုံပဲ. အဲတော့ ရင်ဘတ်သေးမှာပေါ့... ဟားဟား .. စတာပါ။
အကြည့်ဓာတ်ပေးတော့ ဖတ်ရတာ ကောင်းတာပေါ့... တခါတလေပေါက်ကွဲချင်ရင်တော့ အနောက်တွေပေးလည်းရပါတယ်ဗျာ :)
အကြည်တွေပဲ ပေးနိုင်တာ ကောင်းပါတယ်။
ဒါပေမယ့် ကျွန်မကတော့ အနောက်အရင့်တွေကို စုတ်ချက်လှလှနဲ့ခြယ်ထားရင်လည်း သဘောကျပါတယ်။
ဘလော့ဆိုတာ စာရေးသူ ရင်ဘက်နဲ့ တူပါတယ် အကိုရာ...
အကို ဘာရေးရေး ကျွန်တော် လာအားပေးနေမှာပါ
အကြည်ဓါတ်ဆိုတဲ့စကားလေးသဘောကျမိပါတယ်ခင်ဗျာ။ မိမိရဲ့ စိတ်နှလုံး ကြည်လင် သန့်စင်နေရင် မိမိရဲ့ မျက်နှာမှာ ပေါ်တဲ့ အကြည်ဓါတ်က ဘာနဲ့မှ ပြုပြင်ဖန်တီးလို့ မရပါဘူး။ စိတ်နှလုံးကြည်လင်ဖို့ဆိုတာကလည်း ကျနော်တို့လို ပုထုဇဉ်တွေအတွက် လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတစ်လေလည်းနောက်ကျိနေတတ်တာမျိုးပါ။ နှလုံးသားရဲ့ ပုံရိပ်တွေကို ဘလော့မှာထင်ဟပ်စေမိတတ်ပါတယ်။ အကြည်ဓါတ်တွေများများပေးနိုင်ပါစေ အစ်ကိုရေ....
ဘယ်သူက ဘာနဲ့၊ဘာကိုလုပ်နေတယ်..ဆိုတာ
ရင်ဘတ်ချင်းနီးကြသူတွေချင်း သိပါတယ်..အစ်ကိုရေ့..
ဒီတော့ ဆားပဲချက်ချက်၊အနှစ်တွေပဲ အန်ထုတ်ထုတ်
အမြဲလေးနက်ခံစားနေမှာပါပဲ..။
လူတစ်ယောက်ရဲ့စိတ်ခံစားမှုမှာကကိုက အမှုန်လည်းရှိနိုင်
သလိုအကြည်လည်းရှိနိုင်တာပဲ ကိုယ်လိုအပ်သလိုခံစားနိုင်
တာမို့ ဘယ်သူ့ဘယ်သူမှတောင်းဆိုစရာမလိုပါဘူး
mnhy
ကိုအောင်သာငယ်ရေ….
ဒါဆိုရင် ခံစားချက်အမှန်တွေကို အကြည်ရော အနောက်ရော ဖွင့်အန်ချယ်မှုန်းခဲ့ကြတဲ့ အနုပညာရှင်ကြီးတွေဖြစ်တဲ့ လီယိုတော်လ်စတွိုင်းတို့၊ ငယ်ငယ်က မိဘမဲ့ ကလေးဘ၀ကို ခါးသည်းစွာ ခံစားရေးဖွဲ့ခဲ့တဲ့ ချားစ်ဒစ်ကင်းစ်တို့၊ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ ပြင်းထန်တဲ့ အမုန်းတရားနဲ့ ချစ်ခြင်းမေတ္တာကို ရောသမမွှေဖွဲ့နွဲ့ထားတဲ့ ၀ါးသရင်းဟိုက်ကို ရေးတဲ့ အင်မလီဘရွန်တီတို့ကို ကျတော့ ဘယ်လိုသတ်မှတ်ရမလဲ။
တချို့ လူ့ဘ၀ရဲ့ အနိဋ္ဌာရုံတွေ၊ မတရားမှုတွေ၊ ကမောက်ကမအဖြစ်အပျက်တွေကို မြင်တဲ့အခါ မနှစ်သက်တဲ့စိတ်သက်သက်နဲ့ အရင်းအတိုင်းရေးချလိုက်သူတွေလည်း ရှိကြပါတယ်။ မြန်မာဝတ္ထုတိုတွေထဲမှာကို ဆရာမြသန်းတင့်တို့၊ ဂျာနယ်ကျော်မမလေးတို့၊ မိုးမိုး(အင်းလျား) တို့ ရေးတတ်ကြပါတယ်။
ကျနော်ထင်တာကတော့ ရသ စာပေကိုယ်၌က ချစ်၊ ရွှင်၊ သနား၊ တည်၊ ကြား၊ ကြမ်းကြုပ် စသဖြင့် ရသတွေ အမျိုးစုံပါနေတော့…. အနုပညာမြောက်ဖို့သည် အဓိကလို့ မြင်ပါတယ်။
ဒါပေမယ့် စာပေမှာ အကြောင်းအရာတိုင်းဟာ ရသ စာပေချည်းပဲ မဟုတ်ပြန်ဘူး။ ဝေဖန်ရေး၊ သုတ၊ နိုင်ငံရေး၊ နည်းပညာ စသဖြင့် အမျိုးမျိုး ထပ်ကွဲသွားပြန်တယ်။ ရသ စာပေမဟုတ်တဲ့ စာပေအမျိုးအစားကို ရေးတဲ့အခါ အနုပညာမြောက်ဖို့ မလိုပြန်ဘူး။ သူ့နေရာနဲ့သူ ရှိအပ်တဲ့ ရှင်းလင်းအောင် ရေးသားတတ်ရင် ဖြစ်တဲ့ စာပေအမျိုးအစားတွေ ရှိနေပြန်ရော။
သည်တော့ အချုပ်ဆိုရသော ကြည်ခြင်း၊ နောက်ခြင်းသည် ပဓာနမဟုတ်။ မိမိရေးထုတ်လိုက်သော စာတပုဒ် (မည်သည့်စာမျိုးမဆို) သူ့ဦးတည်ချက်ကို ပေါ်လွင်အောင်၊ သူ့ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် ရေးနိုင်လျှင် ကောင်းတယ်လို့ လက်ခံသင့်ပါတယ်။
နောက်ဆက်တွဲ….
တကယ်လို့ အကြည်ဓါတ်ဆိုတာဟာ (Inspiration) ဆိုတဲ့ အင်္ဂလိပ်စကားကို ရည်ညွှန်းပြောလိုတာဆိုရင်တော့ အကြည်ဓါတ်ရဲ့ အဓိပ္ပါယ်ကို လက်သင့်ခံနိုင်ပါတယ်။
နှလုံးသားရဲ့ ပုံရိပ်တွေကို ဘလော့မှာထင်ဟပ်စေမိတတ်ပါတယ်။
ရွာသားပြောတာ ဟုတ်တယ်။
online ပေါ်က reader တွေဟာ အဆိတ်နဲ့ ဆေးနဲ့ ခွဲခြားနိုင်စွမ်းရှိလောက်အောင် ပညာရှိကြမှာပါ။ လျှော့တွက်မိနေလားလို့ ။
အဆိပ်လို့ ပြောတာပါ။
ကိုပေါ - ပြောချင်တာကတော့ inspiration ပါပဲ... ကိုယ်က အပြောမတတ်ဖူး ဖြစ်နေတာပါ...
ကိုအောင်သာငယ်ရေ့
ရေးချလိုက်စမ်းဘာာာာာ
ဆိုပစ်လိုက်စမ်းဘာာာာာ
တီးထည့်လိုက်စမ်းဘာာာာာ
(ဂီတာတို့ အော်ဂင်တို့ပြောပါတယ်)
ဒီလို အားပေးတာ...
တကယ်တော့ ကျမအတွက် ဘလော့ဂ်တွေဖတ်တဲ့ ၀ါသနာကို ရွှေဝါရောင်တော်လှန်ရေးကစခဲ့တာပါ..စ,ဖတ်ဖြစ်ခဲ့တာက ရွက်မွန်ဘလော့ပါ( ကိုအောင်သူငြိမ်းနဲ့ ကိုဇော်မင်းတို့ကို ကျေးဇူးတင်ပါတယ်) ..
နောက်တော့ နာမည်လှလှလေးတွေနဲ့ဘလော့တွေကို ရွေးဖတ်ခဲ့ ပါတယ်..အခုတော့ကိုယ်နှစ်သက်တာတွေရွေးဖတ်ပါတယ်..အားမှအချိန်ရမှဖတ်ဖြစ်သလို မအားပေမဲ့လည်း အချိန်မရ ရအောင်လုပ်ယူပြီးဖတ်ပါတယ် ( ကျမအတွက်ကတော့ အခြေအနေပေးနေလို့ပါ)...
ဘာဖြစ်လို့လဲဆိုတော့ မိဘမောင်နှမနဲ့ကင်းကွာပြီးပြည်ပမှာနေနေရတဲ့အချိန် မှာ အခက်အခဲတွေ သောကတွေအများကြီး ရင်ဆိုင်တွေ့ကြုံရတဲ့ အချိန်မှာ ကျမကိုစိတ်ဓါတ်မကျနိုင်အောင် ထွက်ပေါက်တခုပေးနိုင်တာ အခုအချိန်မှာ ကျမ၇ဲ့ဝါသနာဖြစ်တဲ့ ဘလော့ဖတ်ခြင်းပါဘဲ..ဘလော့တွေဖတ်နေရတဲ့အချိန်မှာ ကျမကိုစိတ်ညစ်စရာတွေပြေပျောက်နေစေတာတော့အမှန်ပါဘဲ..ဒါကြောင့်ကျမလည်ပတ်သွားလာဖြစ်ခဲ့တဲ့, ဖြစ်နေဆဲ, ဖြစ်လိမ့်ဦးမယ့် ဘလော့ဂ်ဂါတွေအားလုံးကို ကိုအောင်သာငယ်ရဲ့  ဒီကွန်မန့်ကနေပြီး တသက်လုံးအမှတ်တရ ကျေးဇူးအထူးတင်ကြောင်းပြောပါရစေ...
ကျမမှာ ကိုယ်ပိုင် တဲ့ ဘလော့ဂ်မရှိ, ကားမရှိ, အိမ်မ၇ှိ ပါဘူး..ဒါပေမဲ့ ဘလော့တွေလည်ပတ်ပြီးစာတွေဖတ်နေနိုင်တဲ့ အခွင့်အရေးလေးရှိနေသေးပါတယ်...( ကိုယ်ပိုင်ဘလော့လုပ်ဖို့ စိတ်ကူးမရှိပါ...ဘာဖြစ်လို့လဲဆိုတော့ ကိုအောင်သာငယ်လို ဆားချက်တယ်လို့ အပြောခံ၇မှာစိုးလို့ပါ...ဆောရီးပါ ကိုအောင်သာငယ်ကြီး) ဘလော့ဖတ်ရင်းနဲ့ မီးဖိုပေါ်က နွှေးထားတဲ့အိုးတွေ တူးသွားတာ,ခလေးကျောင်းကားနောက်ကျသွားတာတွေကတော့ ကျမအတွက်အမှတ်တရပါဘဲ...ဘလော့မှာကွန်မန့်ဘဲဖြစ်ဖြစ်,စီပုံးထဲကစာဘဲဖြစ်ဖြစ်,အကြည်စာဘဲဖြစ်
ဖြစ်,အနောက်စာဘဲဖြစ်ဖြစ် (နောက်နေရင်လဲ စာရေးသူနဲ့အတူတူ မျှဝေခံစားကြတာပေါ့နော်) ကိုယ်တိုင်ကအနုပညာသမားမဟုတ်ပေမဲ့ အနုပညာဖန်တီးသူအားလုံးကို လေးစားချစ်ခင်အားကျမိပါတယ်..။ ကျမချစ်တဲ့မြန်မာဘလော့ကြီးပျောက်ပျက်သွားမှာစိုးမိပါတယ်..... ( mie nge )
နှလုံးသားကို လာထိစေတဲ့ စာတွေ
ကဗျာတွေ ဆို..
ကြည် ကြည် နောက်နောက် ဖတ်မှာပါ
နောက်လဲ အမြဲလာဖတ်မှာသေချာပါတယ်..
ဘယ်သူ့ကိုရှင်းပြချင်လဲ မသိပေမဲ့..
အရမ်း ထိခိုက်မလွယ်ဖို့ အကြံပေးပါရစေ..
ဒီဘလော့ရဲ့ ပရိတ်သတ်က မနည်းလှပါဘူး..
အဆင်ပြေပါစေ
(mama)
ရေးသာရေး......... ရေးချင်တာရေး......ဖတ်တဲ့သူရွေးဖတ်တတ်တယ်။ မပူနဲ့။ :)
ကိုကြီးအောင်သာငယ်ရေ..
စိတ်ထဲရှိသမျှ ချသာရေးလိုက်ပါဗျို့..
ကလူသစ်ပြောသလို ဖတ်သူက ရွေးဖတ်တတ်ပါတယ်..
ခင်မင်စွာဖြင့်
သီဟသစ်
ဆိုပါဆိုပါ
ကပါကပါ
ရေးပါရေးပါ
တီးပါတီးပါ
ဆိုကရေးတီး ဘလော့လို့ ပြောပေါ့အကိုရ။
အကြည်ဓါတ်ကော အနောက်ကော။ မနောက်တနောက်ကော အမူးဓါတ်ကော အပျော့ဓါတ်ကော အမာဓါတ်ကော အချိုဓါတ်ရော အငံဓါတ်ရော အချဉ်ဓါတ်ရော အားလုံး သွန်ပစ်လိုက် အကို။
ရင်ဘတ်ထဲ သိမ်းမထားနဲ့ ။
မအယ်။
စိတ်ညစ်တဲ့ အခါရှိသလို ပျော်တဲ့အခါလည်း ရှိမှာပါပဲ။ စာဖတ်သူတွေအတွက် စဉ်းစားပေးလို့လည်း ကျေးဇူးတင်မိပါသေးတယ်။ ရေးပုံ တွေးပုံ တီးပုံ ဆိုပုံတွေရော ကြိုက်နှစ်သက်လို့ အမြဲလာဖတ်တာပါ။
ကိုအောင်သာငယ်ရေ..
ရင်ဘတ်တစုံ ကော်ပီရှိသေးကြောင်း လာပြောတာပါ...
ရင်ထဲရှိတာ ချရေးပြီး ဘလော့ပေါ်တင်ဖို့ ရွံ့နေတယ်ဆိုရင်တောင် ကိုလူထွေးဆီ မေးလ်နဲ့ ပို့လိုက်...
မျှဝေပြီး ခံစားပေးမယ်...
ခင်မင်လေးစားလျှက်
းဝ)
ရေးသာရေးပါ အစ်ကိုကြီး...။
စာဖတ်သူအတွက် စဉ်းစာပေးတဲ့အကို့ရဲ့  စေတနာကို အသိအမှတ်ပြုပါရစေ...ကြည်ကြည်နောက်နောက် , ပျော့ပျော့မာမာ , ချိုချိုခါးခါး , ဖြူဖြူနက်နက် ,စိုစိုခြောက်ခြောက် အမြဲလာမွှေနှောက် နေမှာပါ...၀င်ရောက်ရွေးချယ်ဖတ်ရှုခွင့်သာပြုပါ ........ကိုအောင်သာငယ်....။
အပေါ်ကကမန့်ရေးနေတုန်း လုပ်စရာပေါ်လာလို့ အခုနောက်ထပ်ရေးလိုက်တာပါ... ( mie nge )
အရှေ့က မောင်နှမတွေပြောသွားတာ တော်တော်ကြီးကို ပြည့်စုံနေပါပြီ အကို...
ဘာမှထပ်ပြောစရာ မကျန်တော့ပါဘူး...
(ကြံဖန်ပြီး အချောင်ခိုသွားခြင်း...)
Post a Comment