Jul 18, 2009

ဥသြဆွဲနေတဲ့ကဗျာ


















အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

(အောင်သာငယ်)

13 ယောက် ဒီလိုပြောခဲ့တယ်:

Anonymous,  July 18, 2009 4:05 PM  

ဒီကဗျာလေးကိုတော့ အရမ်းကိုနားလည်ခံစားလို့ ရပါတယ် အကိုအောင်သာငယ်...

ဘလော့ဂ်ဂါတွေနဲ့အတူ အာဇာနည်များအားလုံးကို
အလေးပြု ဦးညွှတ်လိုက်ပါတယ်.....

mie nge

myatnoe July 18, 2009 4:34 PM  

အရမ်းအသက်ဝင်တဲ့ ကဗျာပါ..

ဘယ်လိုပဲ သူတို့ အသံတိတ်ထားပေမဲ့ နှလုံးသားမှာ စွဲထင်နေတဲ့ အာဇာနည်နေ့ကို လူတိုင်းရင်ထဲထိ သူတို့ လိုက်မပိတ်နိုင်ပါဘူး။

မမှီလိုက်တဲ့ တူတွေ တူမတွေ အားလုံးကို ဒီနေ့ရဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြ သံ တွေအကြောင်း
အလံတိုင်တဝက်ထူတဲ့ အကြောင်း ပြောဖြစ်သလို

ငယ်ငယ်က ဖေဖေနဲ့အတူ အဲဒီနေ့ရောက်တိုင်း ဗိုလ်ချုပ်သမိုင်းပြတိုက်တို့ ဗိုလ်ချုပ်ပန်းခြံတို့ကို သွားတတ်ကြောင်း ရှင်းပြပေးခဲ့ပါတယ်..။
သူတို့ခေတ်ရောက် တော့ ဘယ်သတင်းမှမကြည့် ပေမဲ့ အဲဒီနေ့ဆိုရင်တော့ ဗိုလ်ချုပ်တို့ကို အလေးသွားပြုတဲ့သူတွေကို အမြဲစောင့်ကြည့်ဖြစ်ပါတယ်။

အာဇာနည်အပေါင်းကို အလေးပြုလိုက်ပါတယ်..။

မယ်ကိုး July 18, 2009 5:03 PM  

အစ်ကို့ ကဗျာလေးနဲ့  ထပ်တူ အလေးပြု ဦးညွတ်သွားပါတယ် ....

ရေတမာ July 18, 2009 8:07 PM  

အာဇာနည်ခေါင်းဆောင်များကို ကဗျာလေးနဲ့အတူ အလေးပြုပါတယ်

လင်းဒီပ July 18, 2009 8:09 PM  

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို လေးမြတ်စွာ အလေးပြုသွားပါတယ်...

ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဥသြတွေဆွဲလို့...။

Myo Win Zaw July 18, 2009 8:38 PM  

ညီတို့ရင်ထဲမှာ ဥသြတွေပြိုင်တူဆွဲရင်း အာဇာနည်တွေအပေါ် သစ္စာစောင့်သိရင်း အလေးပြု ဦးညွှတ်ပါတယ်

ဧရာဝတီသား July 18, 2009 11:31 PM  

လေးစားစွာ ဦးညွတ်ဂါရ၀ပြုသွား ပါတယ်၊
ကျွန်တော် တို့ရင်ထဲမှာ ဥသြတွေ သံပြိုင်ဆွဲလို့။

sin dan lar July 19, 2009 12:04 AM  

sdl: ကဗျာအရမ်းကောင်းတယ်အစ်ကို....။

suburbanian July 19, 2009 12:26 AM  

အာဇာနည်နေ့မှာ ဥသြဆွဲသံ ဆိတ်သုန်းသွားခဲ့ရတာ... ခံစားရတယ်....

kyalkalay July 19, 2009 12:40 AM  

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

ကိုလူထွေး July 19, 2009 12:43 AM  

"အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်..."


ကျနော်လဲ ခေတ္တခဏဝမ်းကူဆွဲခဲ့တယ်...းD

စာကြောင်းတိုင်း အနှစ်ရှိတယ် အကိုရေ...

းဝ)

မငုံ,  July 19, 2009 2:15 AM  

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်များကို လာရောက်အလေးပြုပါတယ်။

Nge Naing July 19, 2009 2:44 AM  

ကဗျာလေး သိပ်ကောင်းပါတယ်။ မြန်မာပြည်မှာတော့ ၈၉ ကစပြီး ဥသြမဆွဲသံ မကြားရတော့ဘူး။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP