Jul 19, 2009

ရေနောက်ရာ မြက်ခြောက်ရာ

ရေနောက်ရာ မြက်ခြောက်ရာ
(ရေးသူ -ကျော်သက်ထွေး)

“သေချင်းဆိုး မိုးကလည်း ရေသွန်သလို ရွာချနေတော့တာပဲ။ တိတ်တယ်ကို မရှိ တော့ဘူး။ မီးကလည်းမတောက်နိုင်ဘူး”

မဗိုက်တယောက် စက္ကူဟောင်းတချပ်နဲ့ မီးသွေးဖိုကို တဖြတ်ဖြတ် ယပ်ခပ်ရင်း မိုးကို ကျိန်ဆဲနေသည်။ သူ့ ဘေး ဖျာစုတ် တချပ်ပေါ်၌ သူ့ သား သီဟ တယောက် မီးသွေးခဲ တတုံးနှင့် ဟိုခြစ် သည်ခြစ် လုပ်နေ၏။ မဗိုက်တို့ သားအမိ ဘ၀က ကြမ်းတမ်း ဆင်းရဲ လွန်းသည်-ဟုပင် ပြောရပါမည်။ မဗိုက် ဒီခလေး မရခင်အဖြစ်ကလည်း ရယ်ရခက် ငိုရခက်မျိုး။

မဗိုက်က မော်လမြိုင်သူ၊ မဗိုက် ၁၆ နှစ်အရွယ်မှာ မိဘနှပါးစလုံး ရှေ့ ဆင့်နောက်ဆင့် ဆုံးပါး သွားတော့ အဖွားက ခေါ်ထားရရှာသည်။ မိဘ မောင်ဖွား သားချင်းတွေကလည်း အိုးခွဲ အိမ်ခွဲတွေ ဖြစ်ကုန်ပြီလေ၊ အစ်ကိုတွေ အမတွေ မော်လမြိုင်မှာ ရှိကြသေး၏။ ငယ်ငယ် ရွယ်ရွယ်နှင့် လုပ်ကိုင် စားသောက်ဖို့ကလည်း မသိ၊ ပညာ ကလည်း ရေးတတ် ဖတ်တတ်ရုံ၊ တနေ့ တော့ မဲဆောက်က ပြန်လာတဲ့ အိမ်နားက အမတွေကို ကြည့်ပြီး မဗိုက် အံ့သြနေသည်။ ၀တ်တာ စားတာကလည်း အပျံစားတွေ ပိုက်ဆံ ဆိုတာလည်း အထပ်လိုက် အထပ်လိုက် သုံးလိုက်ကြတာ တကယ့် လူချမ်းသာတွေလိုပဲ။ သူတို့ မိဘတွေက သူလို ကိုယ်လို လုပ်ကိုင် စားသောက်ကြတဲ့ ကျပ်ကျပ် တည်းတည်း ချို့ချို့တဲ့တဲ့တွေ ဘာကြောင့် သူတို့ တွေ ဒီလောက် သုံးနိုင်စွဲနိုင်လဲပေါ့။

တညနေ အဲဒီ့ အမတယောက်ကို မ၀ံ့မရဲ နှုတ်ဆက်ပြီး မဲဆောက်အကြောင်း တီးခေါက် မေးမြန်း ကြည့်ပြီး တညလုံး မဗိုက် အိပ်မပျော်တော့ဘူး။ မျက်စေ့ထဲမှာ မီးရောင်စုံ တထိန်ထိန် ၀တ်ကောင်းစားလှ ဘောင်းဘီတွေ စကပ်တွေ ကားတွေ လူတွေကို အိမ်ခေါင်မိုးမှာ တွေ့နေ ရသလို တွေ့ နေရတော့၏။

တမနက် လမ်းထိပ်မှာ ဟိုနေ့ က အမတွေကို တွေ့ တော့ မဲဆောက်ကို ဘယ်လိုလာရလဲ မေးကြည့် ထားလိုက်သည်။ လွယ်မှ လွယ်လို့ အတွေးနဲ့ မဗိုက် ကျေနပ် ပီတိ ဖြစ်နေရှာသည်။

ဒါနဲ့ပဲ ဒီမဲဆောက်ကို အရောက် လှမ်းဖို့ မဗိုက် ကြံသည်။ စိတ်ကတော့ အိပ်မက်တွေကို ခရီးဆောင် တပတ်ရစ် အိတ်မှာ သိုလှောင်ပြီး တပွေ့ပွေ့။ အဖွား မသိအောင်လည်း အမေ အမွေ ထားခဲ့သည့် နားကပ်လေး တရံကို ထုခွဲဖို့ ဈေး သွားမေး ထားပြီးပြီ။ တရက် မဗိုက် ဖားအံ မြ၀တီကား အတက်အဆင်းအကြောင်း သွားစုံစမ်းတာ အိမ်ပြန် နောက်ကျရမလားဆိုပြီး အဖွားက ရစရာမရှိအောင် ဆူသည်။

“နင့်ကိုယ်နင် ဘာထင်နေလဲ၊ အချိန် မတော် ဟိုသွား ဒီသွား ကောင်းမယ်များ ထင်နေသလား။ ကောင်မ ဖာဖြစ်သွားမယ် ဘာမှတ်လဲ” တဲ့။

တညလုံး အဖွားနဲ့  စကားများကြသည်။ အဖွားကို စိတ်က နာနာကျည်းကျည်း ဖြစ်မိသည်။ အရုဏ် တက်တော့ မဗိုက် ဖားအံ ကားပေါ် ရောက်နေပြီ။ စိတ်က လှုပ်ရှားနေပေမယ့် စိတ်နှလုံး ဒုံးဒုံး ချထားလိုက်ပြီကို။ ကံကောင်းတယ်ပဲ ပြောရမလား။ ကားထွက်ခါနီးတော့ အသိ ကောင်မလေး နှစ်ယောက် တက်လာသည်။

“နှုတ်ဆက်ခဲ့တယ် မော်လမြိုင်။ ကန်တော့ခဲ့ပါတယ် ကျေးဇူးရှင်အဖွား”

မဲဆောက်ကို ရောက်လာတဲ့အထိ ချောမှချော ပြေမှပြေ။ အသိ မိန်းခလေးတွေက မဲဆောက် ရောက်ဖူး ကြသူတွေ။

“နင်တို့  ဘယ်သွားကြမှာလဲ” လို့  မေးမိတော့
“တို့ အကိုတွေ အမတွေဆီ သွားမှာ။ သူတို့ က ဈေးထဲမှာ လာကြိုကြမှာ” တဲ့။
သူတို့အကိုတွေ အမတွေက အပ်ချုပ်စက်ရုံမှာ အလုပ် လုပ်နေကြ တာတဲ့။
“ငါလုပ်လို့ မရဘူးလား” လို့ မေးတော့ နေထိုင်ခွင့်တို့ အလုပ်လုပ်ခွင့်တို့ ရှိမှတဲ့။
“နောက်ပြီး နင်က အပ်ချုပ်တာလည်း တတ်မှမတတ်ပဲ”
“ကျေးဇူးတင်ပါတယ်ဟယ်။ တကယ်လို့ များ အလုပ်လေး ဘာလေးရှိရင် ငါ့ကိုပြောပါ” ပေါ့
“ဒီလိုလုပ်။ ငါတို့ တွေ ဈေးထဲသွားကြမှာ နင်လိုက်ခဲ့။ တို့ အကိုတွေက အဆက်အသွယ် တချို့ ရှိတယ်။ တို့ အကိုကို စုံစမ်းခိုင်းမယ်”

ဈေးထဲမှာ လျှောက်သွားနေတုန်း မိန်းခလေး တယောက် အလိုရှိသည် ဆိုတဲ့ ဆိုင်းဘုတ် လေးတွေကို စာလုံး ပေါင်းဖတ်ပြီး အသိကောင်မလေးတွေကို အားကိုးတကြီး ငေးကြည့် နေမိသည်။

ချိန်းထားတဲ့ ဆိုင်တဆိုင် ရောက်တော့ သူ့အကိုတွေနဲ့တွေ့၊ ကောင်မလေးတွေက အကျိုး အကြောင်း ၀ိုင်း ပြောပေး ကြတော့ အဆင်ပြေတယ် ပြောရမှာပဲလေ။ သူတို့ မိတ်ဆွေ တယောက်၏ ထိုင်း သူဌေး တယောက် စားသောက်ဆိုင်မှာ စားပွဲထိုး အိမ်ဖော် အလုပ် ရခဲ့သည်။

ကိုယ့်ရပ်ရွာသားတွေရဲ့ ကူညီခဲ့တာတွေကို ဆပ်လို့ရယ် ဘယ်မကုန် ကျေးဇူးဂုဏ် အသေင်္ချေ အဖြစ် မှတ်ယူ ခဲ့သည်။ အဲဒီနေ့ က ကောင်မလေးတယောက်က သူ့ အကိုကို မေးနေတာတွေ မဗိုက် အငေးသား နားထောင် မိရင်း အိမ်ပြန်ရ ကောင်းမလား စဉ်းစားမိပြန်သည်။
“အကိုလေး ဟို ခင်မျိုးဝေ အကိုနဲ့ တွေ့သေးလား”
“တော်ပါဟာ ဒီကောင်မတွေအကြောင်း။ ထိုင်းသူဌေးမယားငယ် လုပ်သွားပြီ။ မိဘဆွေမျိုး မျက်နှာတောင် မထောက်ဘူး။ သူဌေးလိုလို ခွေးလိုလို အစားတွေ”
“အောင်မလေးတော်။ ဒါနဲ့  နီနီခင်ရော”
“အဲဒီ့ကောင်မက ပိုဆိုးသေးတယ် ထိုင်းပုလိပ် တိတ်တိတ်ပုန်းမယားငယ်”
“ ရှင် အလိုလေး ဘုရားရေ”

-------------------------------------------------

မဗိုက်လုပ်ရသည့်ဆိုင်ကလည်း ပင်ပန်းလွန်းလှသည်။ မနက် ၃ နာရီထ ဆေးရကြောရ၊ ချက်ရပြုတ်ရ လျှော်ရဖွတ်ရ၊ သိမ်းရဆည်းရနဲ့ ည ၁၂ နာရီထိုးမှပဲ ရေချိုး အိပ်ရာဝင်ရသည်။ ထိုင်းစကား မပေါက်တော့ ခိုင်းတာလည်း ကောင်းကောင်း နားမလည် သူဌေးမ ဆူတာချည်း နေ့ တဓူဝ ခံနေရသည်။ မဗိုက်အရင် ၂ နှစ် လောက်က လုပ်နေသည့် ကရင် အမကြီး တယောက် စကားပြန်ပေး စကားသင်ပေး ဖေးဖေးမမ စောင့်ရှောက် ပေလို့သာ၊ ကရင် အမကြီးက သဘောသကာရ ကောင်းရှာသည်။ ထိုင်းရောက်ရင် ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုသွား ဘယ်လိုထိုင်က အစ ည အိပ်ရာဝင်တိုင်း သင်ပေးရှာသည်။

ငါ့ရည်ရွယ်ချက် တနေ့ ပြည့်ရမယ် ဆိုတဲ့ စိတ်နဲ့  မောင်းတင်ခဲ့ပေမယ့်။ ၂ လခန့် ရှိခဲ့ပြီ။ မဖြစ်စလောက် မ၀ရေစာ ထိုင်းထမင်းကို စားနေရပေမယ့် တကြိမ်တခါမှ ထိုင်းပိုက်ဆံကို ကိုင်မသုံးရ၊ လခမရ။ လခက တလ တထောင်။ အမ ကရင်မကို တောင်းခိုင်းတော့ “ငါသွားတောင်းရင် ငါပါ အလုပ်ထုတ်ခံရမှာပေါ့” တဲ့၊ “ငါစလုပ်တုန်းက ၈ လ လောက် မရခဲ့ဘူး” တဲ့။ ဒါနဲ့ နောက်နေ့ မနက် သူဌေးမ ဆင်းလာတော့ လခပေးပါလို့ သွားတောင်းသည်။ မကရင်ကို စကားပြန်ခိုင်းသည်။
“လက်မှတ်မရှိပဲ အလုပ်ခိုင်းထားတာ”တဲ့၊ သနားလို့ ကျွေးထားတယ်ဆိုတဲ့အပေါက်။
“ရဲကို ခေါ်ဖမ်းလို့ ရတယ်” ဆိုပြီး ငေါက်သည်။ ခနနေတော့ မကရင်မက ဈေးကို အချိုမှုန့် သွားဝယ်ခိုင်းသည်။ ငွေ ၅၀ ဆယ် ပေးလိုက်၏။ ဆိုင်နဲ့ ဈေးနဲ့က ကျောချင်းကပ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆိုင်နဲ့ ဝေးနိုင်သမျှ ဝေးအောင် ပြေးခဲ့မိသည်။

ပြေးမဲ့သာပြေးခဲ့ရသော်လည်း ဘယ်ရောက်၍့ ဘယ်ပေါက်မှန်းမသိ။ လမ်းဘေး ကုက္ကိုပင်အောက် ၀င်ထိုင် လိုက်စဉ် အဖွားအိုတဦး အထုပ်တထုပ်ချ၍ ထိုင်နေသည်ကို ကုက္ကိုပင်နောက်ဖက်၌ တွေ့ ရသည်။ အဖွားအိုက သူ့ကို ဂရုမပြုအား မျက်လုံးလေးမှေးစက်၍ အမောဖြေနေပုံရသည်။ တအောင့်နေမှ မျက်လုံးဖွင့်၍
“ညည်းက ဘယ်က ပြေးလာတာလဲ”
“ရှင် ကျမ ပြေးလာတယ်၊အဖွား ဘယ်လိုလုပ်သိလဲ”
“ငါဒီမဲဆောက်မှာနေလာတာ ၁၀ နှစ်ကျော်ပါပြီဟယ်၊ ညည်းလိုမိန်းခလေးတွေ ခနခန တွေ့ ဖူးတယ်”
“ရှင်... ”

ဇာတ်လမ်းချုံ့ လိုက်တော့ မဗိုက် ထိုအဖွားနောက် လိုက်ပါခဲ့သည်။ အဖွားက စီးပွားပျက် သူဌေးတဦးပိုင် ခြံပျက်ကြီး တခြံထဲရှိ တိုက်ပျက်တလုံးတွင် နေသည်။ ဒီခြံကြီးထဲတွင် တိုက် ပျက် ၆ လုံးရှိသည်။ ပိုင်ရှင်သူဌေးက ဘန်ကောက်မှာ နေသည်။ ထို ခြံစောင့်များ အဖြစ် အဖွား၏ အကိုဖြစ်သူနှင့် တူများက ထိန်းသိမ်း နေထိုင်ကြ၏။ အဖွား နေထိုင်သည့် ဧည့်စာရင်း မတိုင်ရသော်လည်း တောမောဆိုသူတွေ နေ့နေ့ ညည ဖမ်းတတ် ဆီးတတ် ကြမ်းတတ် ရမ်းတတ်သော တိုက်ပျက် တလုံးတွင် အဖွားနှင့် ကြုံရာ ကျဘမ်း လုပ်ကိုင် စားသောက်ရင်း ဘ၀ကို ခရီးဆက်ခဲ့ ရပြန်သည်။

၃ လလောက် ရှိတော့ အဖွားက
“တို့ အိမ်ပြောင်းမှဖြစ်မယ်။ ဒီတိုက်ပျက်မှာက မီးမရှိတံခါးမရှိ၊ ညည်းက အပျိုရွယ်လေး တခုခုဖြစ်သွားရင် မကောင်းပါဘူးအေ...”
“ဘယ်ပြောင်းမှာလဲအဖွား”
“ဒီနားပါပဲ အေ... ဒီ့ထက်နည်းနည်း စိတ်ချလုံခြုံတဲ့နေရာပေါ့။ ဟိုနားပါ ကျွန်းတောစု...”

------------------------------------------

တနေ့မနက်ခင်း ရပ်ကွက်ထဲမှာ သာရေးနာရေး ဘာရေးညာရေးမှာ မပါမပြီးတဲ့ ဘိုးတော် မြင့်သန်းနဲ့ ဒေါင်ချာ မောင်စိုင်းတို့ နှစ်ယောက် ကျွန်တော့်အိမ် ရောက်လာသည်။
“ဆရာ ညနေကျရင် လိုက်ခဲ့ပါအုန်း”
“ဘာ အရေးပေါ်ပြန်ပြီလဲ ဘိုးတော်”
မောင်စိုင်းက
“ဒီလိုပါဆရာ လွန်ခဲ့တဲ့ ၆ လလောက်က အဖွားသိန်း ခေါ်ပြီး စောင့်ရှောက်ထားတဲ့ ကောင်မလေးလေ၊ မိခင်အေး ဆိုတာ အဲဒါ ကျွန်းစုထဲက ငကြွက်နဲ့  ယူမလို့ ။ ရပ်ကွက်က လူကြီး လေးငါးခြောက်ယောက် ဖိတ်ပေးပါဆိုလို့... ”
“ကောင်းပြီ ကောင်းပြီ။ ညနေ ကျွန်တော့်ဝင်ခေါ် ဟုတ်လား။ ကျွန်တော် အလုပ်လေး နည်းနည်းရှိလို့...”

လူကြီးစုံရာရှေ့ မှာတောင်းရမ်း ပေါင်းသင်းပွဲလုပ်ခဲ့ပြီးတာ တလပြည့်လုပြည့်ခင် တညနေမှာ ဘိုးတော်မြင့်သန်းနဲ့ ဒေါင်ချာစိုင်းတို့ နှစ်ယောက် ရောက်လာပြန်ပါသည်။

“ဘာကိစ္စပေါ်ပြန်ပြီလဲ ဘိုးတော်...”
“ဆရာလိုက်မှဖြစ်မယ်ဆရာ ပြသနာရှုပ်နေလို့ ”
“ဘာပြသနာလဲ ဆိုပါအုန်း”
“ဟိုရောက်တော့ဆရာတွေ့ မှာပါ။ လာ လာဆရာ သွားရအောင်”

မဗိုက်တို့တဲကို ရောက်တော့ လူကြီး သုံးလေးယောက်၊ သူ့ယောက်ျား၊ မိန်းမ တယောက်နဲ့ ခလေး ၃ယောက်ကို တဲပေါ်မှာတွေ့ ရသည်။

“ကျွန်မ ဘာမှ မသိခဲ့ပါဘူးရှင်၊ သူက လူပျိုဆိုပြီး ယူချင်တယ် ချစ်လို့ပါလို့ ပြောလို့ ကျွန်မ အဖွား ခွင့်ပြုချက် တောင်းပြီး လူကြီးတွေ ရှေ့မှောက်မှာ သူ့ ကို ယူခဲ့တာပါ”

“လင်ခိုးမရဲ့ ဒီမှာတွေ့ လား။ ကလေး ၃ ယောက်။ ဟဲ့... ငကြွက် ပြောလိုက်လေ။ နင် ၀န်ခံလိုက်။ နင် မပြောရင် ပွဲက ပြီးမှာ မဟုတ်ဘူး အကောင်ရဲ့...”

သူ့ ယောက်ျားကတော့ တုံဏိဘာဝေ။

ဆန်မလော့တစီးပေါ်မှာ သူ့ယောက်ျား၊ ခပ်စွာစွာမိန်းမနဲ့ ခလေး၃ ယောက်ကို မျက်ရည်နဲ့ ငေးရီရင်း
“ကျွန်မ မှားပါပြီဆရာ...”ဆိုတဲ့ အလွမ်းဇာတ်ကို မဗိုက် ပြည်ဖုံးကား ချလိုက်သည်။

တိုက်ပျက်ကို ဗိုက်မဖျက်ပဲ ပြန်ရောက်သွားပြန်သည်။

အဲဒီနောက်ပိုင်း လမ်းထဲမှာ အ၀တ် လိုက်လျှော်တဲ့အိမ်တွေမှာ၊ ကန်စွန်းရွက်ချိုးတဲ့ လယ်ကွင်း တွေထဲမှာ ဗိုက် တကားကားနဲ့  မဗိုက်ကို တွေ့ရပါတော့သည်။ မိခင်အေး အမည် ပျောက် မဗိုက် အမည် ပေါက်။ နေ့ ချင်းညချင်း မဗိုက် အမည်တွင်သွားပါသည် ။

“မဗိုက်မွေးပြီဆရာရေ့၊ ယောက်ျားလေး”

လမ်းထဲတွင် မဗိုက်ကို သူ့ ခလေး ပိုက်လျက်၊ ခါးတစ်ခွင်ချီလိုက်၊ လက်ဆွဲ မုန့် သွားဝယ်လိုက် တွေ့ ခဲ့ရသည်မှာ ရာသီ အလီလီ အိုယွင်းခဲ့ချေပြီ။

--------------------------------

လွန်ခဲ့တဲ့ ရက် ၂၀ လောက်က မဗိုက် ကျွန်တော့်အိမ် ရောက်လာသည်။
“ပြော မဗိုက်။ ယောက်ျား ယူမယ်ဆိုရင်လဲ သေချာ မေးမြန်း စုံစမ်းပြီးမှ ယူ။ နင့် အရှုပ်ထဲ ငါတို့ကို ဆွဲမထည့်နဲ့ ”
“တော်ပါ ဆရာရယ်၊ ကျွန်မ တခါပဲ အမှားခံပါ့မယ်။ ခုလာတဲ့ ကိစ္စက သီဟကို ကျောင်း ထားချင်တယ် ဆရာ”
“အော် ဒါများ ကောင်းတာပေါ့ဟ၊ ခု သီဟက အသက်ဘယ်လောက်ရှိပြီလဲ”
“ ၃ နှစ်ပြည့်ပြီးပြီ ဆရာ၊ အဲဒါ...”
“အေး၊ ဘယ်ကျောင်းထားချင်တာလဲ...”
“ဟိုဆရာ့ မိန်းမ ဖွင့်ထားတဲ့ မူကြိုကျောင်းလေ...”
“အေးကောင်းတာပေါ့ နီးနီးနားနား ညည်းဘာလိုလဲ...”
“ဆရာ့မိန်းမကိုပြောပေးပါလား ကျောင်းဝတ်စုံအဟောင်းလေးတွေ ရှာပေးပါလို့ ...”
“ကျောင်းဝတ်စုံအတွက် မပူနဲ့ တို့ရှာပေးမယ်၊ လွယ်အိပ်လေး ဘာလေးရောပေါ့ဟာ၊ ဟုတ်ပြီလား...”
“ကျေးဇူးတင်ပါတယ် ဆရာရယ်...”
“နေစမ်းပါဦး ကျောင်းဝင်ကြေး ဘာညာ ညည်းမှာပေးဖို့ ရှိလား“
“ ရှိပါတယ်ဆရာ အမိုးတို့ ဆီမှာ လခကြိုထုတ်လိုက်မယ်”
“အေးအေး ကောင်းတယ်၊ နင်မတတ်ပေမယ့် နင့်သား ပညာတတ် တယောက်ဖြစ်တော့ နင် လင်ကောင်း သားကောင်း ရတာပေါ့ ဟုတ်လား”

ဒီလိုနဲ့  မဗိုက်သား ကျောင်းတက်နေပါပြီ၊ ကျောင်းပျော်တဲ့အကြောင်းလည်း မဗိုက် ပြုံးပြုံးရွှင်ရွှင် အိမ် ၀င်ဝင် ပြောပြ ပါသည်။ ကျွန်တော့်မိန်းမကလည်း
“ဟိုကောင် သီဟအတွက် သားငယ် မသုံးတော့တဲ့ ကျောပိုးအိပ်လေး ပေးအုန်းမှပဲ...” ဟုပြောသည်။

ဒီရက်ထဲ မိုးက အဆက်မပြတ်ရွာသွန်းနေသည်။ မဗိုက်တို့သားအမိ အိမ်ဘက် ရောက် မလာ သည်မှာပင် သုံး လေး ရက်ရှိပြီ။ မိုးထဲလေထဲ တညနေမှာ မဗိုက်တို့ သားအမိ အိမ် ရောက် လာသည်။
“ဟဲ့ မဗိုက် ဘယ်ပျောက်နေလဲ၊ ယောက်ျားရှာထွက်နေတာလား”

မဗိုက် မျက်နှာက မကြည်လင်၊ ညှိုးညှိုးယော်ယော်၊ နွမ်းနွမ်းဖတ်ဖတ်၊

“မဗိုက် နေမကောင်းဘူးလား။ နင့်သား နေမကောင်းလို့ လား။ ကျောင်း ထားရတာ အဆင် မပြေလို့လား။ ဘာ အခက်အခဲ ရှိလဲ ပွင့်ပွင့်လင်းလင်း ပြောနော် မဗိုက်၊ လိုတာ ရှိရင် လည်းပြော ဆရာ့ မိန်းမကို ပြောပေးမယ်။ အေး နင့်သားဖို့ တောင် သားငယ် ကျောင်း လွယ်အိပ် အဟောင်းလေး ပေးဦးမလို့ တဲ့”

မဗိုက် ငုံ့ လျှိုးနေသည့်မျက်နှာကို မော့လိုက်၏။
“ဆရာ သီဟကို ကျောင်းထွက်ခိုင်းမလို့ ”
“ဘာ... ဘာပြောတယ် မဗိုက်၊ ညည်းသား ကျောင်းတက်တာ ၁၀ရက်တောင် မပြည့်သေးဘူး ဘာ ရောဂါ တက်ပြန်ရတာလဲ၊ ကျောင်းဆိုတာ တက်ချင်တိုင်းတက် ထွက်ချင်တိုင်းထွက်လို့ မရဘူး”
“သိပါတယ်ဆရာ။ ဒီလိုပါ။ ကျွန်မလဲ ဘယ်မှာ သီဟကို ကျောင်းထွက်စေချင်ပါ့မလဲ၊ ဒါပေမယ့်... အဟီးဟီး...”

မဗိုက် ချုံးပွဲချ ငိုပါတော့သည်။

“ကဲ ဆရာ့ကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ မဗိုက်ရာ၊ ညည်းဟာက... ”
“ဆရာတို့ကို အများကြီး ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်မမှာက သီဟ ကျောင်း စတက်တဲ့ နေ့ကစပြီး သူ ကျောင်း သွားဖို့  မျက်နှာသစ် သနပ်ခါး လူးပေး၊ မုန့် ထည့် ကျောင်းပို့ ရတာပေါ့နော်။ သူ့ ကျောင်းပို့ ပြီး အမိုးတို့ အိမ်မှာ အလုပ် သွားဆင်းတယ်။ အမိုးတို့ က ကျွန်မတို့ သားအမိ အပေါ် အင်မတန် ကောင်းတဲ့သူတွေပါ။ ဆရာ သိပါတယ်။ ခလေး ကျောင်း စရိတ်တောင် ကြိုထုတ်ပေးကြသူတွေပါ။ ဒါပေမယ့် အမိုးတို့က စက်ရုံအနီးမှာ ထမင်းကျော် ခေါက်ဆွဲကျော် ရောင်းတာ မဟုတ်လား။ ကျွန်မ ရောက်သွားတဲ့ အချိန်တိုင်း အမိုးတို့ ဆိုင်က သိမ်း နေပြီလေ။ ကျွန်မ ဘယ်မှာ စိတ်ကောင်းမလဲ”
“ဒါများဟာ... ညည်းကလဲ... အမိုး ကျွန်မအလုပ်ဆင်းတာ နောက်ကျတယ်။ သီဟကို ကျောင်းပို့ဖို့ လုပ်ကိုင် ပေးနေရ လို့ပါ။ ကျွန်မ နောက်ကျ အလုပ်ပြီးမှ ပြန်ပေးပါ့မယ်လို့ ပြောဆိုရှင်းပြရင်ကော”
“မဟုတ်သေးဘူးဆရာ။ အမိုးတို့ဆီက ပြန်ရင် ခုကျွန်မ ထိုင်းအိမ် တအိမ်မှာ အ၀တ်လျှော် သန့်ရှင်းရေး သွား လုပ်တယ်။ သီဟ ကျောင်းမှာ ပွဲတွေ ဘာတွေရှိရင် အ၀တ်အစားသစ်လေး တနှစ်စာမုန့်ဖိုး အပို အလျှံလေး ရအောင် သွားလုပ်တာ။ အဲဒီ ထိုင်းအိမ်ကို သွားရင်လဲ နောက်ကျ။ အလုပ်က လုပ်တုန်း သီဟ ကျောင်းကြိုဖို့ ဖြစ်လာရော။ ခု ကျွန်မက ထိုင်းစကားလဲ အထိုက်အလျောက် နားလည်လာတော့ သူတို့ ပြောတာတွေ အနည်း အပါး နားလည်နေပါပြီ။ သူတို့က အလုပ် မလုပ်ရသေးဘူး။ ခေါက်ပိုင်ကဘန်း၊ ခေါက်ပိုင်ကဘန်း ပြောနေပြီ။ ပိုက်ဆံ ကျ လိုချင်တယ်ပေါ့။ ခု ဖူးနီကစပြီး အလုပ်မဆင်းနဲ့တော့တဲ့။ အဟီး... ဆရာမကို ပြောပေး ပါလား ဆရာ.... ”
“မဗိုက် ညည်းသားကို ဆရာ့မိန်းမရဲ့ မိဘမဲ့ ကလေးဂေဟာမှာ ထားပြီး ကျောင်းတက် ခိုင်းပါလား။ ဒါဆို ညည်းလည်း တာဝန်နည်းသွားတာပေါ့”
“မဖြစ်ပါဘူး ဆရာရယ်။ ကျွန်မတို့ ဘ၀က မြေနိမ့်မှာ။ သီဟကလည်း သူ့ အမေကို ခွဲမှာမဟုတ်ဘူး”

-------------------------------------------

အရိုက်ကြမ်းလှသည့်ကျွန်တော့်ငယ်ဆရာကြီး ဆရာတာ၏ ဆုံးမစကားများ ဖြစ်သော ပညာရွှေအိုး လူမခိုး-တို့ ။ ပညာရဲရင့် ပွဲလယ်တင့်-တို့ ။ ပညာရှာ ပမာ သူဖုန်းစား-တို့ ။ ပညာလို အိုသည်မရှိ ဆိုသော ပညာ အဆို အမိန့်များကို ပြန်လည် ကြားယောင် နေမိသည်။

စံပယ်ဖြူမဂ္ဂဇင်း၌ စာရေးဆရာ သူရိန်ထက်လင်း ရေးသားဖွင့်ဆိုခဲ့သည့် ဗဟုဝါဒ၊ အကြွင်းမဲ့ ၀ါဒနှင့် ပညာရေး ဆောင်းပါးမှ ကောက်နှုတ်ချက် တခုကိုလည်း ကျွန်တော် စဉ်းစား ချဉ်းကပ်ကြည့်နေမိပါသည်။

နိုင်ငံတနိုင်ငံ လူ့ အဖွဲ့ အစည်းတရပ်၏ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူမှုရေး ညီမျှမှု တည်းဟူသော လူမှု အရည်အသွေးများသည် ယင်းနိုင်ငံ၊ ယင်း လူ့ အဖွဲ့ အစည်း၏ ပညာ အရည်အသွေးဖြင့်သာ တောက်ပြောင်ရမည် ဖြစ်ပေသည် - တဲ့။

ကျော်သက်ထွေး
(၁၉-၆-၀၉)

5 comments:

Anonymous said...

အင်း....ဖတ်ပြီးမောသွားတယ်လို့ဘဲ ပြောပါရစေ...

mie nge

အိုင်လွယ်ပန် said...

အင်း

ဘဝတွေ ...

လှံစိုက်နေတုန်းအခိုက် ...

ကောင်းသောနေ့ပါအစ်ကိုရေ ....

kiki said...

ကျောင်း​နေ​ပျော်၍ စာ​တော် ရမည် ဆို​ပေမဲ့ 
ကျောင်း​တောင် ​နေဖို့  အ​ခြေ အ​နေ မ​ပေးတဲ့ သူ​တွေ ဒီ​ခေတ်ကြီးထဲ အများကြီး ဆို​တော့ ...
ရင်​လေးစရာ​တွေချည်းပါလား ​နော် ၊၊

မေ့သမီး said...

ဖတ်ရတာရင်ထဲဆို့သွားတာပါပဲ။ ဒီလိုအဖြစ်မျိုးတွေလည်း အများကြီးရှိမှာ။

ko luu htwe said...

နာမည်မှာ "ထွေး" ပါရင်ကို လေးစားထိုက်တဲ့သူလို့ စိတ်ထဲက အလိုလို သိနေတာ...

စာဖတ်လိုက်တော့ ပိုအတည်ပြုလို့ရသွားတယ်...

းP