Mar 7, 2009

လေလွင့်နေတဲ့ကဗျာ


















နေက
ပူလွန်းလှပေသည်။
လေ မတိုက်ခတ်ပါ။
မရပ်မနား
ပျံလွှားငှက်များ
ပျံသန်းသွားလာနေကြသည်။
အလွမ်း မြိုချထားရသော ကောင်းကင်က ပြာနေဆဲ။
တိမ်တွေ ကင်းစင်နေသောကြောင့်လည်း ဖြစ်လောက်ပါသည်။
လမ်းလျှောက်ရင်း ရေငတ်နေရသည်။
လမ်းစတော့ မပျောက်သေးပါ။
တချိန်ချိန်မှာ ပျောက်သွားလေမည်လား။
မစဉ်းစားနိုင်အားပါပေ။
ပင်လယ်အသေထဲမှာ
လွင့်မျောနေရရှာသူများအဖို့
ရေရှားသည့် ဝေဒနာက
လှလှပပ
ဆိုးရွားနေကြပါသည်။
ခန္ဓာကိုယ်က
ရေကို ခဏခဏ
လိုအပ်နေရသောကြောင့်သာ မဟုတ်လား။
လူအားလုံးကိုယ်စား
ခန္ဓာကိုယ်များကို မုန်းမိပေသည်။
ရေကိုတော့ ချစ်ပါသည်။
ဘာကြောင့်မှန်းတော့ မသိရ။
ထည့်ရာခွက်ကိုလိုက်၍
ထိုက်လျောက်အဆင်ပြေစွာ နေတတ်ခဲ့သော
သဘောသဘာဝကြောင့်လည်း ဖြစ်နိုင်သည်။
ကိုယ်တိုင် ရေမဖြစ်ချင်သူတယောက်ပါ။
ကျောက်တုံး တလုံးသာ ဖြစ်ချင်သူ။
နှင်းဆီဖြူတပွင့်တော့ ဖြစ်ချင်သည်။
မြတ်နိုး ကြင်နာစွာ
ချစ်သူ နမ်းပါစေ။
အချိန်ကာလ ၀င်ရောက် မစွက်ဖက်ရ။
လေပြည်ချစ်မက်ရာ
မှိုင်းပြာပြာ တောင်ကုန်းတခုလည်း ဖြစ်ချင်သည်။
လွင်ပြင်တခုကို မြတ်နိုးမည်။
အရှေ့အရပ်ဆီမှ
တိုက်ခတ်လာသော လေအေးစီးကြောင်း တခုလည်း ဖြစ်လိုသည်။
ရိုးမကို ဖြတ်ကျော်မည်။
ငွေ့ရည်ဖွဲ့၍
သွေ့ခြောက်နေခဲ့သည်ဆိုသော ကန္တာရများအတွက်
မိုးရေ တစက်တပေါက်လောက်တော့
ဝေမျှချင်စိတ် ပေါက်သေးသည်။
သာဓုခေါ်ပေးရန် မလိုပါ။
မုဒိတာပွားဖို့သာ လိုအပ်ပါသည်။
မနာလိုသူများ ၀င်မလာပါစေနှင့်။
ဘုရားသခင့် စာမျက်နှာ
စိုးရိမ်ဖွယ်ရာ ပျက်လိမ့်...။
ထိုအခါ
နေရောင်ခြည် ကွယ်လိမ့်မည်လား။
စိုးရိမ်သောက များပါသည်။
ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ပဲ အသက်ရှင်နေပါသည်။

နှင်းရေ ...
မင်းကို ...
ငါ ...
လွမ်းနေပါတယ် ... ... ...

ATN

22 comments:

mama said...

သူငယ်တန်း ဖတ်စာလေး လိုပဲ
ဒါပေမဲ့ ..
အပြာရောင်ကောင်းကင်လေး..
လွမ်းစရာကောင်းတယ်

sin dan lar said...

လေလွင့်နေတဲ့ကဗျာကို စိတ်လေနေတဲ့လူ လာဖတ်သွားပါတယ်။

MANORHARY said...

လေလွှင့်နေတဲ့စိတ်နဲ့ရေးထားမှန်းသိသာသလိုပဲ
နောက်ဆုံးကျတော့မှ စိတ်ကစုစည်းလို့ရသွားတာ

Mhu Darye said...

၁. ဖတ်လို့ ကောင်းတယ်
၂. ရေးသားတင်ပြပုံ ချစ်စဖွယ်
၃. ခေါင်းစဉ်လေးနဲ့ လိုက်မှလိုက်
၎. အဓိပ္ပာယ် အပြည့်
နောက်ဆုံးးး
နှင်းရေ ...
မင်းကို ...
ငါ ...
လွမ်းနေပါတယ် ... ... ...။

အမရာ said...

အိုး..နောက်ဆုံးမှပဲသိတော့တယ်....
အကိုကလွမ်းကောင်းနေတာကိုး....
ကဗျာလေးကောင်းတယ်အကိုရေ....

လင်းဒီပ said...

ဖတ်လိုက်တဲ့လူပါ ရောပြီး လေလွင့်သွားတယ်....:P

mirror said...

လမ်းလျှောက်ရင်း ရေငတ်နေရသည်။
လမ်းစတော့ မပျောက်သေးပါ။
တချိန်ချိန်မှာ ပျောက်သွားလေမည်လား။

ကြိုက်တယ်..အစ်ကို။တအားလွှတ်ကြိုက်မိတော့တယ်။
အဲ့နေရာလေး သုံးချင်တယ်။ညီမဂျီတော့ခ်မှာပါ..။
ဖြစ်မလား။ဖြစ်ရင်တော့ အဲ့ဒိမှာပဲ နာမည်ထည့်နည်းလေးပါ လာသင်ပေးပါဦး..း)

ညီမ
mirror

Craton said...

နောက်ဆုံးတော့လည်း ဒီဘူတာပဲ.. (ဟိ.. တားတားလေး နောက်တာဦးငယ်..)
:P

မေ့သမီး said...

လွမ်းနေတဲ့ကဗျာပဲ။ လေလွင့်နေတာမှမဟုတ်ဘဲ။ သြော် လွမ်းလို့လေလွင့်သွားတာလား။ :P

YoungGun said...

ကိုယ်ပါ လိုက်လွင့်သွားတယ် အစ်ကိုရာ။ တကယ်ပဲ..။ဖတ်စက မွန်းသလိုကြပ်သလို.. အလယ်ပိုဒ်လောက်ကျတော့ ကြည်နူးရ ကြေကွဲရ..နောက်တော့ ဆက်လွင့်မျော.. ဒီကဗျာ..ဒီဒဏ်ရာကို လှုပ်နိုးသွားတယ်ဗျာ။

အိန္ဒြာ said...

အစ်ကို...

ကဗျာက ကဗျာဆန်ဆန်လေး..ဆန်းသစ်နေပါတယ်..။

ပင်လယ်အသေထဲမှာ
လွင့်မျောနေရရှာသူများအဖို့
ရေရှားသည့် ဝေဒနာက
လှလှပပ
ဆိုးရွားနေကြပါသည်။

တွေးရင်တွေးသလိုနက်လို့ရတဲ့
အကြောင်းအရာတွေကိုပေးနိုင်တာကိုက
ကဗျာကောင်းတစ်ပုဒ်ရဲ့ ဂုဏ်မဟုတ်လား..အစ်ကို

လေးလေးနက်နက်ခံစားသွားပါတယ်..

Kay said...

လူအားလုံးကိုယ်စား
ခန္ဓာကိုယ်များကို မုန်းမိပေသည်။

သဘောကျတယ်။
နေအုံး ကဗျာဆရာတွေကို လိုက်မေးနေတာ။
ပျော်ရင် ကဗျာတွေကို မေ့နေကြပြီ..မပျော်မှ (လွမ်းမှ) ကဗျာ တွေစပ်ဖို့ သတိရ တတ်ကြသလား .. စိတ်ဝင်စားစရာပဲ။ ကဗျာတွေလည်း သနားစရာပဲ။း)

khin oo may said...

ဝတ်ထုထက် ကဗျာ နဲ့စာ ကိုပိုကြိုက်တယ်။ ပိုအားရတယ်။

အိုင်လွယ်ပန် said...

တစ်မျိုးလေးနဲ့ကောင်းတယ်ဗျ

ကိုအောင်(ပျူနိုင်ငံ) said...

အကိုကြီးကဗျာက အရမ်းကောင်းပါတယ်။

Moe Cho Thinn said...

ဟုတ်တယ် အကိုရေ
လွင့်လွင့်မျောမျော နေတော့မလို့ပဲ..
အချစ်ချည်တိုင်လေး ရှိလို့သာပဲ။ :)

aeinkhin said...

မမ ခံစားသလိုပဲ သူငယ်တန်းဖတ်စာလေးနဲ့တူလို့ ဖတ်သူကို ကလေးပြန်ဖြစ်အောင် ပြုစားနိုင်တယ်ပြောရမယ်။

နောက် အိန္ဒိယဘက်က နံမည်ကြီးကဗျာရှည်ကြီး တစ်ပုတ် “မိုးတိမ်တမန်” ပုံစံမျိုးနဲ့သွားဆင်တယ်။

ဒါပေမယ့် အဲလောက်ကြီးတော့ အဖွဲ့အနွဲ့မများဘူး၊ အဲဒီတပုတ်ကတော့ မင်္ဂလာဆောင်ပြီးစ နတ်သား တစ်ပါးကို တာဝန်ပျက်ကွက်မှုနဲ့ နယ်နှင်ဒဏ်ပေး ထားလို့ သူ့ချစ်သူကို တချိန်လုံးမှန်းပြီး ရာသီတွေ.. မြစ်ချောင်းတွေနဲ့ ထပ်တူပြုဖွဲ့ထားတာပါ။

(အဲဒီ ကဗျာဆရာ ဘယ်သူလဲလို့တော့ မမေးကြနဲ့ နော်။ မေ့သွားပီ၊ စာအုပ်ကလည်း ပြည်တွင်းမှာ ကျန်နေခဲ့တယ်။ မပြောပြနိုင်ဘူး)

အဲဒီဟန်မျိုးလေးကို တွေ့ရတာ ဒီတပုတ်ပဲ ရှိသေးတယ်။

မမသီရိ said...

aeinkhin ရေ.. အဲဒီကဗျာက ကဗျာ ဆရာကြီး ရာဘင်ဒြာန်သ်တဂိုး ရဲ့ နာမည်ကျော် ကဗျာတစ်ပုဒ် ပါ.. ဘာသာပြန်သူ က ဆရာ မောင်မျက်ရှင် စာအုပ်အမည်က စေတမန်မိုးတိမ် တဲ့

မောင်မျိုး said...

ဒီကဗျာလေးက ဆန်းတယ် တစ်မျိုးလေးနဲ့ ကဗျာလေးကိုဖတ်နေရင်း ရုပ်လုံးဖော်ကြည့်သွားတယ် အဆုံးသတ်လေးက လွမ်းတယ် တူမောင်လည်း လွမ်းတယ် အန်ကယ်း)

mainnmainn said...

ရေကိုတော့ ချစ်ပါသည်။
ဘာကြောင့်မှန်းတော့ မသိရ။
ထည့်ရာခွက်ကိုလိုက်၍
ထိုက်လျောက်အဆင်ပြေစွာ နေတတ်ခဲ့သော
သဘောသဘာဝကြောင့်လည်း ဖြစ်နိုင်သည်။
ကိုယ်တိုင် ရေမဖြစ်ချင်သူတယောက်ပါ။

ကောင်းတယ်အကို..
အကိုဘာရေးရေးအားပေးနေပါတယ်

ကိုရင်နော်ခင်လေးငယ် said...

အကိုအောင်သာကြီး....

ကလေးဖတ်စာလိုလေး အသံထွက်ဖတ်မိတော့..
ကဗျာထဲက စာသားလေးတွေက ပိုပြီးအသက်ဝင် လှုပ်ရှားလာတယ်...

(((သာဓုခေါ်ပေးရန် မလိုပါ။
မုဒိတာပွားဖို့သာ လိုအပ်ပါသည်။)))

ဟုတ်တယ်အကို... အဲ့ဒီစိတ်လေးတွေ ထားနိုင်စေချင်မိတယ်

with love...

နန်းညီ said...

သာဓုခေါ်ပေးရန် မလိုပါ။
မုဒိတာပွားဖို့သာ လိုအပ်ပါသည်။
မနာလိုသူများ ၀င်မလာပါစေနှင့်။

အဲ့ဟာလေးကြိုက်မိး) ..