Mar 27, 2009

တက်ဂ်လို့ရေးတဲ့စာ -၆

ဝါသနာများ

ခုတလော ဘာလို့မှန်းမသိ စာရေးရတာ ပျင်းနေတယ်။ ခေါင်းထဲမှာ ရေးဖို့ စဉ်းစားနေမိတာကတော့ အများကြီး။ ဒါပေသည့် ဘာမှလည်း မရေး ဖြစ်ပါဘူး။ သယ်ရင်းတွေ စာလာဖတ်တဲ့သူတွေကို အားနာတာနဲ့။ သည်ကြားထဲက တပုဒ် ၂ ပုဒ်တော့ ဖြစ်ညှစ်ပြီး ရေးလိုက်သေးတယ်။ စာ မရေးပဲ ခဏလောက် နေဦးမလား စဉ်းစားနေတုန်း တူတော်မောင် မောင်မျိုးက Tag လာပြန်ရော။ သတိတရ Tag တဲ့ အတွက် ၀မ်းသာတယ်၊ အန်ကယ်အောင် ဘလော်ဂို စဖီးယားမှာ ရှိနေသေးကြောင်း သတိရတဲ့ မောင်မျိုးကို ကျေးဇူးတင်ပါတယ်။ ဒါပေသည့် ဘာမှ မရေးချင်တုန်း Tag တဲ့ အတွက်တော့ မောင်မျိုး ခေါင်းကို ဒေါင်ကနဲ နေအောင် တချက်လောက် ခေါက်ချင်တယ်...း) မရေး ပေးရင်လည်း - အန်ကယ်က... ဘာလို့လဲ... မသိဘူး... အခုတလော တူမောင့်ကို... စိမ်းကား နေသလိုပဲ... အဟင့်... အဟင့်... အဟင့်... - ဆိုပြီး လုပ်ဦးမယ် ...း)။ ရေးဖို့ကလည်း ပျင်းနေတယ်။ ခုတော့ ဘာပဲ ဖြစ်ဖြစ် တူမောင်မျိုး အတွက် ရေးပေးလိုက်ပါတယ်။

ရေးရမှာက ၀ါသနာဆိုတော့ ရေးစရာတွေက အများကြီးပဲ။ အဲအထဲကမှ အလျဉ်းသင့်ရာ မဖြစ်မြောက်ခဲ့တဲ့ ၀ါသနာတွေကို ရေးလိုက်ပါတယ်။ ကျေနပ်မယ် ထင်ပါရဲ့။

၁။ အင်ဂျင်နီယာ
ငယ်တုန်းက ၀ါသနာတွေထဲမှာ အပြင်းထန်ဆုံးကတော့ အင်ဂျင်နီယာ ဖြစ်ချင်တဲ့ ၀ါသနာပါပဲ။ အဲတော့ တွေ့သမျှ စက်ပစ္စည်းတွေကို ဖြုတ်ကြည့်တော့တာပါပဲ။ ငယ်ငယ် တုန်းကဆို လက်ဆောင် ရတဲ့ သံပတ် အရုပ်တွေ၊ သံပတ် ကားတွေဆို အကုန် ဖြုတ်ကြည့်တာပဲ။ ဘယ်လို တည်ဆောက် ထားသလဲပေါ့လေ... ။ လေ့လာတာ... စူးစမ်းတာပါ...း) လေ့လာ စူးစမ်းပြီးတော့ ဘာ အကျိုးအမြတ် တခုမှလည်း မရပါ ဘူးလေ။ အော... အဲတာတွေက အဲလို လုပ်ထား တာကိုး... ဒါက ဒီလို တပ်ထား တာပါလား... ဟိုဟာကတော့ ဟိုလို ကြောင့် လည်နေတာကိုး... ဆိုတဲ့ အသိတွေတော့ ရသွားပါရဲ့... အဲ နောက်တော့ reverse engineering ကို ပြန်ရောက်တာပေါ့လေ။ သံပတ်ရုပ်တွေကို ဖြုတ်တာကတော့ အရမ်း လွယ်တာပေါ့။ ဖြုတ်ပြီးတော့ ပြန်တပ် တာကတော့ အရမ်း ခက်ခဲပါ့။ သူ့ နဂိုရ်အတိုင်း ပြန် ဖြစ်အောင် မတပ် တတ်တော့ဘူး။ အဲတော့ အရမ်း လွယ်တဲ့ အဆင့်ကို လွယ်လွယ် ကူကူ ဖြတ်ကျော်ခဲ့ပြီး အရမ်း ခက်တဲ့ အဆင့်ကိုကျမှ ခက်ခက်ခဲခဲ ဖြတ်ကျော် နေရတဲ့အခါ စိတ်က မရှည်တော့ဘူး... နောက်ဆုံးတော့ အားလုံးကို အမှိုက်ပုံးထဲ ထည့်ရတော့တာပဲ။ (သည်လိုနဲ့ အင်ဂျင်နီယာတွေ ထဲမှာ မင့် အန်ကယ် တယောက် မပါတော့တာ စိတ်မကောင်း မဖြစ်ပါနဲ့တော့ တူမောင်မျိုးရယ်...း)

၂၊ စန္ဒယားဆရာ
နောက်တခုက အရွယ်လေးရောက်လာတော့ စန္ဒယားချစ်ဆွေတို့၊ စန္ဒယားလှထွတ်တို့လို စန္ဒယားဆရာ ဖြစ်ချင်တယ်။ အတော့ကို စန္ဒယား တီးချင်လာတယ်။ ဗမာ သံစဉ် သီချင်းတွေကို စန္ဒယားနဲ့ တီးချင်တာ။ ... သူ့ မျက်နှာ... ကျနော့် အသည်း... စွဲနေတယ်... သူသာ ကျနော့် ဘ၀ ... သူသာ ကျနော့်ရဲ့ ကမ္ဘာ... blah blah blah အဲလိုမျိုးပေါ့လေ။ အဲလိုမျိုး စန္ဒယားတီးပြီး ဆိုချင်တာမျိုး။ ဒါမဲ့ တကယ့် လက်တွေ့ဘ၀ကျတော့ စန္ဒယား ဆိုတာမျိုးကြီးကလည်း နေရာတကာ အလွယ် တကူ သယ်သွားလို့ မရ၊ အဲခေတ်ကလည်း စန္ဒယားက တနာရီ ၅၀ ပေးပြီး သင်ရတာဆိုတော့ ပိုက်ဆံက မတတ်နိုင်။ အဲသလိုနဲ့ အဲသည် ၀ါသနာ ကလည်း ထင်သလို မပေါက်ခဲ့ပါဘူးလေ။ သည်လိုနဲ့ ဈေးလည်း သိပ်မကြီး အလွယ်တကူလည်း သယ်သွားလို့ ရတဲ့ တူရိယာမျိုး စဉ်းစားတော့ မယ်ဒလင်တို့ တယောတို့ ဂစ်တာတို့ သွားတွေ့တယ်။ မယ်ဒလင်ကျတော့လည်း မတီးချင်ဘူး။ တယောကျတော့လည်း ဘိုးကြီးနဲ့ ထိုးနေရတာကို မကြိုက်ဘူး။ ဒါနဲ့ ဂစ်တာပဲ သင်ဖြစ် သွားတော့ တာပါပဲ။ နောက်ကျမှပဲ စန္ဒယားဆီ ကူးတာပေါ့ ဆိုပြီး သင်လိုက်တာ ခုတော့ ဂစ်တာပဲ တီးဖြစ်နေတော့တယ်။ ခုဆို keyboard တော့လည်း ဟိုနည်းနည်း သည်နည်းနည်း တီးနေတာပါပဲ။ သီချင်းတွေတောင် keyboard နဲ့ တီးနေ သေးတယ်။ ဒါပေသည့် piano နဲ့တော့ မတီးနိုင်သေးဘူးလေ။ စန္ဒယားဆရာကတော့ မဖြစ်တော့ပါဘူးလေ။

၃။ ဂစ်တာဆရာ
သည်လိုနဲ့ စန္ဒယားမတီးနိုင်တော့ တီးနိုင်တာတီးရင်းနဲ့ ဂစ်တာကို အတော်လေး ထဲထဲ ၀င်ဝင် တီးဖြစ် လာတယ်။ နုတ်တွေဘာတွေနဲ့ လေ့လာပြီး တီးဖြစ်လာတာပါပဲ။ ပဲပင်ပေါက် နုတ်ခေါ်တဲ့ နိုင်ငံတကာ ဂီတ သင်္ကေတတွေကအစ လေ့လာပြီး တီးဖြစ်လာပါတယ်။ အဲလိုနဲ့ ဂီတပိုးက အတော်လေးကို ထိုးကြွလာတော့ အဲခေတ်က နံမည်ကျော် ဂစ်တာ ဆရာတွေဖြစ်တဲ့ မဇ္ဈိမလှိုင်းက ကိုဇော်မျိုးထွဋ်တို့၊ New Wave က ကိုရေမွန် (ကိုဟန်ငွေထွန်း) ကိုချိုးတီတို့လို ဂစ်တာ ဆရာကြီးတွေ ဖြစ်ချင်လာတယ်။ သည်လိုနဲ့ ပတ်သက်ရာ သူငယ်ချင်းတွေနဲ့ စတူဒီယို တွေကိုလည်း သွားပေါ့။ အသံသွင်းတာတွေကိုလည်း သွားကြည့်။ နောက်တော့ တရက်သားမှာ လင်းစတူဒီယိုမှာ သားထွေးရဲ့ အချစ်မဲ့တဲ့သဘော အခွေကို အသံသွင်းနေတာ သွားကြည့်ရင်းနဲ့ ကိုဇော်မျိုးထွဋ်ကြီးတီးနေတာကိုသေသေချာချာ အနီးကပ် မြင်ခဲ့ရတော့ ကိုယ့်လက်နဲ့များ ဆီနဲ့ရေပဲ။ သည်ကြားထဲ ဂစ်တာတီးတဲ့အခါ သုံးတဲ့ effects တွေ Amp တွေ နောက်တခြား နားလည်စရာ စက်ပစ္စည်းတွေကလည်း အတော်များတာ တွေ့လိုက်ရတယ်။ ကိုယ့် အနေအထားနဲ့ဆို သည်လို စက်ပစ္စည်းတွေ ကိုင်တွယ်နားလည်နိုင်ဖို့ အခွင့်အရေးကလည်း အတော် နည်းတော့ စိတ်ဓါတ်လည်း ကျသွားတယ် ထင်တာပဲလေ။ ဂစ်တာဆရာ ဖြစ်ချင် စိတ်လည်း သိပ်မရှိတော့ပါဘူး။ အပျင်းပြေပဲ တီးတော့တယ်။ သည်လိုနဲ့ ဂစ်တာ ဆရာ တယောကလ်လည်း မဖြစ်ခဲ့တော့ပါဘူး။

(ကဲ... ဘလော်ဂိုစဖီးယားထဲက အန်ကယ့် ဖေးဗရစ် တူကြီးရေ့ ရေးပေးလိုက်ပြီ.. အဟင့်.. အဟင့်... တော့ ထပ် မလုပ်နဲ့တော့...း)

15 comments:

မောင်မျိုး said...

အဟင့်.. အဟင့်... တော့ ထပ် မလုပ်နဲ့တော့...း) တဲ့ ပြောင်တာလား လှောင်တာလား တူမောင်..အယ်လေ အန်ကယ် ဒါဆို အငယ်တုန်းက ၀ါသနာပါတာတွေ တစ်ခုမှမလုပ်ဖြစ်ခဲ့ဖူးပေါ့ ရည်းစားစာရေးတာတော့ တော်တော်ကိုကောင်းမှာ အောက်က ကဗျာတစ်ပုဒ်နဲ့တင် လေးစားသွားပြီး ။ ““ဘာပဲဖြစ်ဖြစ်
နင့်ကို ချစ်တယ်..”” ထိတယ်ဗျာ ၃ ပေါက် :) မြန်မာပြည်မှာ အဲ့လူုပ်ငန်းမရှိသေးဘူးဗျ ဒီမိုးက ရေစီး ( မိုးရွာလို့ ရေစီးနေတာကိုပြောတာပါ ဟိုဒါတွေ သားတို့မသိဘူး ) ရင် ရွှေပြည်မှာ ဖက်စပ်ကုမ္မဏီဖွင့်ကြရအောင် ဘယ်လိုလဲ :P ရေးပေးတာ ကျေးဇူးအန်ကယ် နောင်များလည်း တက်စ်ပါအုံးမယ် ။

khin oo may said...

ဘလော့ကျန်ခဲ့တယ်။ အာကိုး။
စာလဲရေးချင်တယ။် စာလဲဖတ်ချင်တယ။် သီချင်းလည်း ညည်းချင်မိသေးတယ။် (ထပ်ဖြည့်ပေးသွားသည်) အစွဲအလန်းကလည်း ကြီးသေးသည်။

Anonymous said...

မခင်ဦးမေ နှင့်သဘောတူပါသည်။
ကဗျာဆရာ၏၀ါသနာက ၃ မျိုးမက ရှိနိုင်ပါသည်။

mama

MyowinZaw said...

အစ်ကိုကို အင်ဂျီနီယာနဲ့တော့ပုံဖော်ကြည့်တာ ဘယ်လိုမှမရဘူး စန္ဒာယားဆရာတော့ဖြစ်နိုင်ပါတယ် အစ်ကို keyboard လက်သံ ဘလော့ပေါ် နားထောင်ဘူးတာဘဲ.....

Moe Cho Thinn said...

တို့ အကိုကြီးက စန္ဒယားတီးတာတောင် သူသာ ကျနော့်ဘ၀ လုပ်ချင်သေးတာကိုး။ မမ ပြောတာ ထပ်ဆင့် ထောက်ခံသွားတယ်။ စာရေးတာ ဘယ်သွားထားမလဲ။ ဒီလောက် ကောင်းတာ ဘယ်ချန်ခဲ့လို့ ဖြစ်မှာတုန်း။ :)

လင်းဒီပ said...

ဤတွင်...
အင်ဂျင်နီယာကောင်းတစ်ယောက် စန္ဒယားဆရာကောင်းတစ်ယောက်
ဂစ်တာဆရာကောင်းတစ်ယောက်
ကမ္ဘာကြီးမှ ရသင့်ပါလျှက် ဆုံးရှုံးခဲ့ရလေတော့သည်။...:P

sin dan lar said...

လင်းဒီပ said................
တိန်....................................:))))

ဦးဂင်ကြီး said...

အသက်ဆိုတာဟာ အနုပညာမှာမရှိသင့်ဘူးလေဗျာ ကျနော်တွေ့တာ ခင်ဗျားက ကဗျာဆရာ၊ ဂီတသမားပါဗျာ သူများတီးသလောက်မတီးတတ်လို့ဂီတသမားအဖြစ်ရတော့ဘူဆို ရင်ကမ္ဘာပေါ်မှာ ဂစ်တာသမား နည်းနည်းလေးပဲရှိတော့မှာပေါ့ဗျာ လုပ်ပါရဲဘော်ကြီးရအားပေးနေတယ်ဗျာ...။

ကလူသစ် said...

အဟုတ်ပဲ။ ကိုယ်ဝါသနာပါတာများလုပ်ချင်ရင် ကိုယ့်ထက်တတ်တဲ့သူတွေဆီက ပညာယူမယ်ဆိုတဲ့သဘောနဲ့များ ခဏတဖြုတ်သွားမကြည့်လိုက်နဲ့ တခါထဲ စိတ်ဓာတ်ကျသွားမယ်။ ကလူသစ်လဲ ဂလိုဖြစ်သွားတာပါပဲဗျာ။

mysterysnow said...

စွယ်စုံရမှ အနုပညာရှင်ဖြစ်တာဆိုတော့...

အရာရာတိုင်းကို စူးစမ်းချင်စိတ်ရှိတာ သိချင်တတ်ခဲ့ချင်တာ သိပ်မဆန်းပါဘူး....

ဝါသနာဆိုတာ အခြေအနေ အချိန်အခါကို လိုက်ပြီးပြောင်းလဲတတ်ပါတယ်။

Kay said...

ဂစ်တာတီးဝါသနာပါတာ..ဂစ်တာတီးနေနိုင်တယ်
စန္ဒရားတီးချင်တာ..စန္ဒယား တီးနေနိုင်တယ် ဆိုရင်..ပြည့်စုံပြီပဲ..ကိုအောင်သာငယ်ရဲ့။
အောင်မြင်မှ..အသက်မွေးနိုင်မှ ဆိုတာကတော့..နောက်တပိုင်း ထင်ပါတယ်။
အင်ဂျင်နီယာ ဘွဲ့မရပေမဲ့.. ကိုယ့်ဖာသာ ဖျက်လိုက် ပြင်လိုက် ၀ါသနာနဲ့ ပျော်နိုင်ရင်လဲ.. အတိုင်းအတာတခုထိတော့ ကျေနပ်စရာပါ။

ပုံရိပ် / Pon Yate said...

ကိုအောင်သာငယ်က ဂီတကို တော်တော်ဝါသနာ ပါတယ် ထင်တယ်။ ဟုတ်ပ စာရေးတဲ့ ၀ါသနာလေးလည်း ထည့်ဦးလေ။

pandora said...

မကေပြောသလိုပါပဲ :)

mabaydar said...

အစ်ကိုရေ.. ပထမရည်မှန်းချက်ကတော့ သန်းထွန်းလေးသီချင်းပဲ influence ဖြစ်တာလား.. လူကြီးတွေကြောင့်ပဲလား... တကယ်ဝါသနာပါရင် ရရမရရ.. အဲဒိအလုပ်ကို လုပ်နေရတာကိုက ပျော်နေတာ...
အောက်၂ခုကလဲ အပေါ်ကနဲ့ နည်းနည်းတောင် ဆက်နွယ်မှု မရှိဘူးနော်.. အဟီး.. ဘာပဲပြောပြော အနုပညာဆိုတာ အမြဲတန်းပျိုမြစ်နေပါတယ်.. ဆော်သာဆော်.. အားပေးမယ်.. အဟီး...
လောကမှာလဲ ကိုယ်ဝါသနာပါတာကို အကြောင်းမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့သူ အတော်များသားနော်.. မဗေဒါလဲ ရုပ်ရှင်ဝါသနာပါသလိုလိုတော့ရှိသား.. အားလုံးကတော့.. ထမင်းမ၀မဲ့ ၀ါသနာလို့ပြောကြရဲ့.. ဖြစ်မြောက်လာမယ်တော့ မထင်.. အဟိ...

ကျော်သိင်္ခ said...

ဟုတ်တယ်။ ကိုကြီးအောင်ရေ။ ကျနော်လည်း ဒီလိုပါဘဲ။
ငယ်ငယ်တုန်းက ဖြစ်ချင်တာ ဆရာဝန်၊ စာသင်ဖို့အခွင့်ကြုံလာလို့ သင်လိုက်တာ ကျောင်းဆရာ၊ ဖြစ်သွားရော။

ဒါပေမယ့် အခု လုပ်ဖြစ်နေတဲ့အလုပ်က Volunteer အလုပ်။ ဒါပေမယ့် လုပ်ခဲ့တာမှန်သမျှကို ကျေနပ်တယ်။ သူများကိုလည်း စိတ်ချမ်းသာမှုပေးနိုင်သလို၊ ကိုယ်လည်း စိတ်ချမ်းသာနေလို့ပါဘဲ။

ကိုကြီးအောင်က ကဗျာစပ်တာကောင်းသလို၊ အတီးမှာလည်း ကောင်းသေးတယ် (ဂစ်တာတီးတာကို ပြောတာနော်....တစ်လွဲမတွေးကြပါနဲ့....ဟဲ...ဟဲ)။ ဒါကြောင့် ၀ါသနာပါမယ်၊ စိတ်ချမ်းသာမယ်ဆိုရင်ဆက်သာလုပ်။ ကိုယ်ထင်ရင် ကုတင် ရွှေနန်း လို့ ဆိုထားတယ်မို့လား။