Jul 5, 2009

It’s about the man next to you.

ခုရက်တွေထဲမှာ ဘာရယ်လို့တော့မဟုတ် အလုပ်ကလည်း အားနေ၊ အွန်လိုင်းကလည်း တက်ရ ခက်နေတော့ အားအားရှိ ရုပ်ရှင်တွေပဲ အတော်ကြည့်ဖြစ်နေပါတယ်။ အိမ်မှာရှိတဲ့ ကားဟောင်းတွေပါ။ အမျိုးအစားတွေ ကတော့ အစုံပါပဲ။ အများစုကတော့ Drama တွေပါ။ Comedy တွေ Suspense တွေ Action တွေလည်း ပါတာပေါ့လေ။ Drama တွေကို ကြည့်ရင်း Saving the Private Ryan ကို ကြည့်လိုက်တာကနေ စလိုက်တာ စစ်ကားတွေပဲ ကြည့်ဖြစ်သွားတော့တယ်။ Behind the Enemy Line, We Were Soldiers, Enemy at the Gate, Thin Red Line, Wind Talker, Jar Head, Flag of Our Father စသည်ဖြင့်ပေါ့လေ။

တချို့ကတော့ စစ်ကားတွေ မကြည့်ကြပါဘူး။ အနိဌာရုံတွေကိုး။ သွေးရဲရဲ သံရဲရဲတွေ များတာကိုး။ ဒါပေသည့် စစ်ကားတိုင်း တော့လည်း မဟုတ်ပါဘူး။ အများစု ကတော့ တကယ့် အဖြစ်အပျက်နဲ့ တူအောင် ရိုက်ပြတာ ဆိုတော့ graphic တော့ ဖြစ်တာပေါ့လေ။ ထားပါတော့။ ပြောချင်တာက သည်လိုပါ။ စစ်ကားတွေမှာလည်း Drama တွေလို နင့်နင့်သည်းသည်း ခံစားရတာလေးတွေ ရှိတတ်ပါတယ်။ ပြီးတော့ ပရိသတ်ကို message တခုခုလည်း ပေးသွား တတ်ပါသေးတယ်။ တချို့ စစ်ကားတွေဆိုရင် တကယ်တမ်းကြတော့ စစ်ဆန့်ကျင်ရေး ကားတွေပါ။ ဥပမာ ဗီယက်နမ် စစ်ကားတွေလိုမျိုးပေါ့လေ။ နောက် Killing Fields တို့လို မျိုးပေါ့။

ခုရက်ထဲ ကြည့်မိနေတဲ့ စစ်ကားတွေထဲမှာ ၂၀၀၁ က ထွက်ခဲ့တဲ့ Black Hawk Down ကို ပြန်ကြည့်ရင်း စစ်မြေပြင် တခုရဲ့ လက်ဦးမှု (initiative) ဆုံးရှုံးသွားတဲ့အခါ ဘာမဆို ဖြစ်လာနိုင်တဲ့ မသေချာမှုတွေ၊ တယောက်နဲ့ တယောက် ကျောချင်း ကပ်ကြရတဲ့ စစ်သားတွေရဲ့ ဘ၀၊ အချိန်မရွေး သေချင်းတရားနဲ့ ရင်ဆိုင်နိုင်ရတဲ့ စက္ကန့်တွေ၊ သေချင်း တရားကို ရင်မဆိုင်ချင်ပဲ ရင်ဆိုင်ကြရတဲ့ အခြေအနေ၊ သေမှာ ကြောက်ပေမယ့် သည် အကြောက် တရားကို မေ့ထားကြရတဲ့ - သို့မဟုတ် - စဉ်းစားချိန် မရလောက်အောင် မေ့သွားကြရတဲ့ အဖြစ်အပျက်တွေ၊ တယောက်ကို တယောက် ညီအကိုရင်းတွေလို ခံစားနေကြရတာတွေကို တွေးနေမိပါတယ်။ ဒါ့အပြင် သည်ဇာတ်ကားရဲ့ အဆုံးသပ်မှာ ပြောသွားတဲ့ စကားတချို့ကို တော်တော်လေး ခံစားနေမိတယ်။ ကျနော် ကိုယ်တိုင်လည်း စစ်မြေပြင်ကို ကြုံခဲ့ဖူးတာဆိုတော့ သည်ခံစားချက်ကို နားလည်နေမိတယ်။ ဒါနဲ့ သည်ဇာတ်ကား အကြောင်း မျှဝေမိတာပါ။ ကြည့်ဖူးသူများအတွက်တော့ မရည်ရွယ် ပါဘူး။ မကြည့်ဖူးသေး သူများအတွက်သာ ရည်ရွယ်ပါတယ်။



















သည်ရုပ်ရှင်ကတော့ တကယ့် အဖြစ်အပျက်ကို ပြန်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်း အကျဉ်းချုပ်ကတော့ ဆိုမာလီးယား နိုင်ငံက စစ်ဘုရင် Mohammed Farah Aidid ရဲ့ ထိပ်တန်း လက်ထောက် ၂ ယောက် ကို လက်ရ ဖမ်းဆီးဖို့အတွက် အမေရိကန် ရိန်းဂျား တပ်ဖွဲ့က ဗိုလ်ကြီး Mike Steele ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် တရာကျော်ကို ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ မြို့တော် မိုဂါဒစ်ရှူးရဲ့ အတွင်းပိုင်းထဲကို ရဟတ်ယာဉ်တွေနဲ့ ချပေးခဲ့ပါတယ်။ သည်နောက်မှာတော့ ရာနဲ့ ချီတဲ့ ဆိုမာလီ စစ်သားတွေနဲ့ အမေရိကန် တပ်တွေကြား ပြင်းထန်တဲ့ အနီးကပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး Black Hawk ရဟတ်ယာဉ် ၂ စီး အပစ်ချခံခဲ့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ပွားစေခဲ့တဲ့ စစ်ဆင်ရေး အကြောင်းပါပဲ။ အချုပ်ကတော့ သည်စစ်ဆင်ရေးဟာ အလစ်အငိုက်ယူပြီး ဆောင်ရွက်ဖို့ဖြစ်ပေမယ့် ဆိုမာလီ စစ်သားတွေက ကြိုတင်သိရှိသွားတာကြောင့် လက်ဦးမှု မရတော့ပဲ အင်အားချင်း မမျှတဲ့ ရာနဲ့ချီတဲ့ ဆိုမာလီ ပြည်သူ့စစ်တွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင် တိုက်ခိုက်ရတော့တာပါပဲ။

သည်ရုပ်ရှင်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၂ စီးရှိရာကို ရောက်အောင် သွားပြီး ဒဏ်ရာရတဲ့ သူတွေကို ကာကွယ်ပေးခဲ့တဲ့ တပ်ကြပ်ကြီး Eversmann ရဲ့ Chalk Four ရိန်းဂျားတပ်ဖွဲ့၊ ဒုတိယမြောက် ပစ်ချခံရတဲ့ Black Hawk ရဟတ်ယာဉ်မှာ တဦးတည်းသော အသက်ရှင် ကျန်သူဖြစ်ပြီး ဆိုမာလီ စစ်သားတွေ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ အရာခံဗိုလ် Durant နဲ့ သည်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန် စစ်သားတွေရဲ့ အဖြစ်အပျက်ဟာ အတော် စိတ်ပျက်စရာ ကောင်းတာပါပဲ။ သို့သော်လည်း တယောက်နဲ့ တယောက် စစ်မြေပြင်မှာ ညီအကိုရင်းလို ကာကွယ် စောင့်ရှောက် ကယ်တင်ကြပုံတွေက စိတ်ခံစားစရာ ဖြစ်ပါတယ်။

သည်စစ်ဆင်ရေးမှာ Delta Force တပ်ဖွဲဝင်အချို့နဲ့ Army Rasngers တပ်ဖွဲ့ဝင်တွေ အပြင် SOAR ခေါ်တဲ့ အထူး စစ်ဆင်ရေး လေတပ်ဖွဲ့ (Special Operation Aviation Regiment) ပါဝင်တဲ့ ပူးတွဲတပ်တွေကို ဗိုလ်ချုပ် William Garrison က ကွပ်ကဲပါတယ်။ စစ်ဆင်ရေး ကြာမြင့်ချိန်က တနာရီသာ ဖြစ်ရမှာ ဖြစ်ပေမယ့် Delta Force တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပစ်မှတ် (အလိုရှိတဲ့လူ ၂ ယောက်)ကို စစ်ဆင်ရေး နယ်မြေထဲက ထုတ်နှုတ်မှု အောင်မြင်ခဲ့သည့်တိုင် ဆိုမာလီ စစ်သားတွေရဲ့ RPG ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်ခံရတဲ့ အတွက်ကြောင့် ရဟတ်ယာဉ် ၂ စီး ပျက်ကျတဲ့ အခြေအနေအထိ ဖြစ်ခဲ့ရပြီး ပြန်လည် ကယ်ဆယ်ရေး လုပ်ရင်းနဲ့ စစ်ဆင်ရေး ကာလဟာ ၁၅ နာရီအထိ ကြာမြင့်သွားခဲ့ပါတော့တယ်။

အလိုရှိတဲ့ လူ ၂ ယောက်ကို လက်ရဖမ်းဆီးဖို့ စီစဉ်ခဲ့တဲ့ စစ်ဆင်ရေး စတင်တဲ့ အချိန်မှာ ရဟတ်ယာဉ်ကို ဆိုမာလီစစ်သားတွေ ချိန်ရွယ် ပစ်လွှတ်လိုက်တဲ့ ရော့ကက်လောင်ချာက ဒုံးကျည်ကို တိမ်းရှောင်လိုက်လို့ တပ်သား Todd Blackburn ရဟတ်ယာဉ် ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရတာကနေ တလွဲတချော်တွေ စဖြစ်ခဲ့တာ နောက်ဆုံးမှာ ရဟတ်ယာဉ် ၂ စင်း ဖြစ်တဲ့ အရာခံဗိုလ် Cliff ‘Elvis’ Wolcott မောင်းနှင်တဲ့ Super Six – One နဲ့ အရာခံဗိုလ် Mike Durant မောင်းနှင်တဲ့ Super Six – Four တို့ ပစ်ချခံရတဲ့အထိ ဖြစ်လာပါ တော့တယ်။ Super Six – Four ပျက်ကျတဲ့နေရာမှာ ဒဏ်ရာရထားတဲ့ Durant ကို ကာကွယ်ဖို့ အတွက် သူတို့ကို အဲသည်နေရာမှာ ချထားပေးဖို့ Delta Force က လက်ဖြောင့် သေနတ်သမား ၂ ယောက်က တောင်းဆိုပါတယ်။ သည်တပ်ဖွဲ့ဝင် ၂ ယောက်လုံး Durant ကို ကာကွယ်ရင်း ကျဆုံး သွားကြပြီး Durant ကတော့ ဆိုမာလီ စစ်သားတွေ လက်ရဖမ်းဆီးတာ ခံလိုက်ရပါတယ်။

တပ်ကြပ်ကြီး Eversmann ဦးဆောင်တဲ့ Chalk Four ရိန်းဂျားတပ်ဖွဲ့ရဲ့ စက်သေနတ်သမား ၂ ယောက် ဟာလည်း တိုက်ပွဲတွေ ကြားထဲမှာ ပစ်ခတ် တိုက်ခိုက်ရင်း သူတို့ကို ပြန်လည် ထုတ်နှုတ်ဖို့ လာစောင့်နေတဲ့ Humvees ကားတွေနဲ့ လွဲသွားပြီး လမ်းပျောက် သွားပါတော့တယ်။ တိုက်ပွဲတွေကြားထဲမှာ တယောက်က စက်သေနတ် ပစ်ခတ်တဲ့ အသံကြောင့် နားကန်းသွားပါတယ်။ တပ်ကြီးကြီး Eversmann ရှိရာကို ရောက်အောင် ပြန်လာနေတဲ့ သူတို့ ၂ ယောက်ကို ကယ်ဖို့ ကြိုးစားတဲ့ တပ်ကြပ် Jamie Smith ကတော့ သူ့ရဲ့ ခဲယမ်းအိပ်ကို ကျည်ထိမှန် ပေါက်ကွဲတဲ့အပြင် သူကိုယ်တိုင် ကျည်ထိမှန်ပြီး နောက်ဆုံးမှာ သွေးထွက်လွန်ပြီး ကျဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ Little Bird ခေါ်တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ကူပေးရင်း အခြေအနေကို ပြန်ထိန်းသိမ်းနိုင်လာပြီး အမေရိကန် အမှတ် (၁၀) တောင်တက် တပ်မနဲ့ ကုလသမဂ္ဂ တပ်ဖွဲ့က သံချပ်ကာ ကားတွေ ပါဝင်တဲ့ ကွန်ဗွိုင်ယာဉ်တန်းဟာ ကျဆုံး ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ ရောက်လာနိုင် ပါတော့တယ်။ ကွန်ဗွိုင်ယာဉ်တန်းရဲ့ အကာအကွယ်နဲ့ ကျန်ရစ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြေးလွှားပြီး ဆုတ်ခွာရင်း နောက်ဆုံးမှာ ကိုယ့်တပ်စခန်းကို ပြန်ရောက်ကြပါတော့တယ်။ စစ်ဆင်ရေးမှာ ပူးပေါင်းတပ်ဖွဲ့ထဲက တပ်ဖွဲ့ဝင် ၁၉ ဦး ကျဆုံးခဲ့ရပါတယ်။

ဇတ်ကားအဆုံးမှာ တပ်စခန်းကို ပြန်ရောက်လာကြတဲ့ တပ်ဖွဲ့ဝင်တွေထဲက Delta Force ရဲ့ လက်ဖြောင့် တပ်သား ဖြစ်တဲ့ Hoot လို့ ခေါ်တဲ့ Norman ‘Hoot’ Hooten ဟာ ကျည်တွေ ပြန်ဖြည့်ပြီး ကျန်နေရစ်တဲ့ သူတွေကို ကယ်ဆယ်ရေး အတွက် နောက်တခေါက် ပြန်လိုက် သွားဖို့ လုပ်ပါတယ်။ ဒါကို တပ်ကြပ်ကြီး Eversmann က မေးတော့ Hoot က ပြန်ပြောတဲ့ စကားကို တော်တော်လေး ခံစားလိုက်မိကြောင်းပါ။

Sgt. Eversmann:
You’re going back in?

SFC Hoot:
There are still men out there. – Goddamn.
When I go home …
... and people ask me : “Hey, Hoot, why do you do it, man?”
“Why? You some kind of war junkie?”
I won’t say a goddamn word. Why?
They won’t understand.
They won’t understand why we do it.
They won’t understand it’s about the man next to you.

And that’s it.
That’s all it is.

7 comments:

Nge Naing said...

စစ်တိုက်တာ ပါတဲ့ဇာတ်လမ်းတွေကို လုံးဝမကြည့်တတ်ဘူး။ ဒါပေမယ့် ဒီလို Documentory စစ်ကားဆိုရင်တော့ ကြည့်ပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

ရေတမာ said...

သိပ်ကြိုက်တဲ့ဇာတ်ကားတွေပါ.. ခုလိုခံစားလို့ရအောင်ပြောပြပေးတဲ့အတွက်
ကျေးဇူးပါ အကို

Anonymous said...

အရင်တုန်းကတော့ နိုင်ငံခြားကားတွေကြည့်ဖြစ်ပါတယ်...ကောင်းဘွိုင်ကား
စစ်ကား တရုတ်သိုင်းကား ဟောင်ကောင်အက်ရှင်ကား
တွေပေါ့ ...ဒီရောက်လာပြီးနောက်ပိုင်းတော့ ရုပ်ရှင်တွေသိပ်မကြည့်ဖြစ်တော့ဘူး...ခလေးကိုလိုက်ပြချင်တာနဲ့ ခလေးကားလေးတွေကြည့်ဖြစ်တယ်...ဒါပေမယ့် ရုံထဲရောက်ရင်အိပ်ပျော်သွားတတ်တယ်...

ကိုအောင်သာငယ်ရေးမှဘဲ စစ်ကားတွေပြန်ကြည့်ချင်တယ်...အိမ်နားနီးရင်တော့ ကိုအောင်သာငယ်ဆီကနေ အခွေတွေငှားကြည့်ချင်သား....( ခွေငှားခသက်သာအောင်လို့ )

ကလူသစ် said...

ဘလက်ဟော့ဒေါင်းကို မကြည့်ရသေးဘူး။ ၁၀၁ ကြိမ်မြောက်ပြောတာ။ ကြည့်လွန်းလို့ မိန်းမကတောင် အလွတ်ရတာတောင်ကြည့်တုန်းတဲ့ အပြစ်တင်နေလေရဲ့။ စစ်ကားတွေ၊ အက်ရှင်ကားတွေက မက်ဆေ့တွေကို တော်တော်များများက သတိမထားမိကြဘူးထင်ပါတယ်။ နီကိုလပ်ကေ့နဲ့ ရှောင်ကွန်နရီနဲ့ သရုပ်ဆောင်တဲ့ the rock (ထင်တယ်) ကားက လူဆိုးဗိုလ်လုပ်တဲ့သူပြောသွားတာတွေလဲ မှတ်သားစရာပဲ။ ကြည့်ကြည့်ပါလား။

Anonymous said...

အပေါ်က အမည်မသိက ကျမပါ ကိုအောင်သာငယ်...
နာမည်ရိုက်ဖို့မေ့သွားလို့...

အီး မကောင်းလို့ အက်ရှင်ကားတွေဘဲကြည့်တာ....ကိုလူသစ်နဲ့ ကိုအောင်သာငယ်...တကားလုံးဘာသာပြန်ပေးရင် ပိုမကောင်းဘူးလား...
စ, တာပါ...ဘလော့တွေဖတ်နေရရင်ဘဲ ကျေနပ်ပါတယ်...အချိန်မလောက်တော့ဘူးလေ...

mie nge

little brook said...

စစ်ကားကို လှအောင်ရိုက်သွားတာက thin red line လို့ထင်ပါတယ်.. မင်းသားရယ်လို့ မရှိ .. ပြကွက်လေးကလည်း စစ်ပွဲဆီရောက်လိုက် အတိတ်ကိုသွားလိုက်နဲ့ .. သေခြင်းတရားဆိုက်ရောက်လာတာပြတာသိပ်လှ .. အရွက်ကြောလေးတွေသာကျန်နေတဲ့ သစ်ရွက်ပေါ်နေရောင်ကဖောက်ထွင်းကျလာ ..ဒဏ်ရာနဲ့သေလုလု စစ်သားလေးမျက်ဝန်းထဲထိ ... ကျွန်တော့်အကြိုက်ဆုံးစစ်ကားပါ

ATN said...

ဟုတ်တယ် အဲကားကို အကိုလည်း ကြိုက်တယ်...