Jul 6, 2009

တက္ကသိုလ်မှာကြွေတဲ့နှင်း
















“နှင်း”ရေ့
မင်းဟာ
ဖောက်ခွဲခံရလို့သာ
ပေါက်ကွဲခဲ့တာပါ...
ဒါပေသည့်
ပူဖေါင်းတလုံးမဟုတ်
ဗုံးတလုံးကွယ့်...

သွေးစက်တွေအကြောင်း
ငါ မပြောဘူး...

အဝေးဆုံး မပျံခင်
ခေါက်သိမ်းခံရတဲ့
မင့်ရဲ့ တောင်ပံတစုံအကြောင်း...

တညတာအတွက်
ရက်ပေါင်း ခွန်နှစ်ရာ
မငိုဖူးတဲ့ မင့်မျက်လုံးတွေအကြောင်း...

အချိန်တိုင်းမှာ
လက်ညှိုးကွေးတတ်သူတွေကို
ပြန်ထိုးရဲခဲ့တဲ့ မင့်လက်ညှိုးတွေအကြောင်း...

ရေတံခွန်ကို
လွန်ဆန်တက်တဲ့ ဆယ်လမွန်ငါးကို
မစားသောက်ခဲ့တဲ့ မင့်အကြောင်း...

ထမင်းတလုပ်အစား
ယုံကြည်ချက်များကို
နံကြားညှပ်ခဲ့တဲ့ မင့် ပြက္ခဒိန်တွေအကြောင်း...

မြူတွေမှုန်တဲ့
မြေလမ်းဖုန်ဖုန်လေးမှာ
တိတ်တဆိတ်ထားခဲ့တဲ့ မင့်ခြေရာတွေအကြောင်း...

မမြင်ရတော့တဲ့
ကျောင်းနံရံတ၀ိုက်က
မင့်ရီမောလိုက်တဲ့ အသံချိုချိုတွေအကြောင်း...

စိန်ပန်းပြာတွေကို
လေးဆယ့်ခွန်နှစ်ကြိမ်မြောက်
တမ်းတတဲ့ညမှာ
မင့်ကိုလည်း လွမ်းလိုက်ရပါရဲ့
“နှင်း”ရေ့...

(အောင်သာငယ်)
၇-၇-၂၀၀၉

(မိုးမခမီဒီယာမှာ ဖော်ပြခဲ့တဲ့ ကဗျာတပုဒ်ပါ)

15 ယောက် ဒီလိုပြောခဲ့တယ်:

Anonymous,  July 6, 2009 7:27 PM  

ခေတ်အဆက်ဆက် ပေးဆပ်ခဲ့တဲ့ သူရဲကောင်းအာဇာနည်များနဲ့ ပေးဆပ်နေဆဲ နောင်တော်သူရဲကောင်းများ... မျိုးဆက်သစ်လူငယ်များအားလုံးကို အစဉ်လေးစား ဦးညွှတ်ဂုဏ်ပြုလျက်ပါ...

ဆဲဗင်းဇူလိုင် အမှတ်တရကဗျာအတွက် ကျေးဇူးပါ ကိုအောင်သာငယ်....

mie nge

Nge Naing July 6, 2009 7:41 PM  

ကဗျာလာ ခံစားသွားပါတယ်။ ကျွန်မက စကားပြေမှ ဖတ်လို့နားလည်ပေမယ့် အဲဒီလို ကဗျာဆိုရင်တော့ စကားပြေမဟုတ်လည်း စကားပြေတခုကို ဖတ်ရတာထက်တောင် ပိုပြီး ရှင်းရှင်းလင်းလင်း နားလည် ခံစားလို့ရပါတယ်။

kiki July 6, 2009 8:11 PM  

အချိန်မတန်မီ ကြွေခဲ့ရတဲ့ နှင်းလေးတွေ ...
ဝမ်းနည်း တသ မိပါတယ် ။
ခုတော့ ဝေစရာ နှင်းတွေတောင်
အစရှာ မရ ။
ဘဝတွေ ဘယ်ထိ ပြိုလဲ နေကြရ ဦးမှာလည်း ။။

mama July 6, 2009 8:33 PM  

7 July အတွက် ရှုထောင့်နောက်တခုက
လှလှ ဖွဲ့သွားတဲ့ ကဗျာလေးကို လာဖတ်ရင်း
ကြွေလွင့်သွားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့
အသက်ဝိဥာဏ် ကို ဂုဏ်ပြု ဦးညွှတ်သွားပါတယ်

ရွာသားလေးဝိုင်တီယူ July 6, 2009 8:36 PM  

နှင်းတွေမကြွေပဲ

ဝေစေချင်လိုက်တာ

ဝေပါနှင်းရယ်

ဝေပါ

mirror July 6, 2009 9:34 PM  

တွင်းထဲကို ငုံ့ကြည့်ပြီး နှင်းရေလို့အော်လိုက်တယ်...

အစ်ကိုရေ..နှင်းဝေတဲ့ဆောင်းတစ်ခုမှာ...ဆယ်လမွန်ငါးတွေ ပြန်ရောက်မယ့်တစ်နေ့...တို့မောင်နှမတွေ လက်ချင်းချိတ်လို့ လမ်းလျှောက်ကြမယ်...
အဓိပတိလမ်းမပေါ်မှာလေ.. :)

Moe Cho Thinn July 6, 2009 9:43 PM  

အကို့ရဲ့ အကောင်းဆုံး ကဗျာတပုဒ်ပါပဲ အကိုရယ်..
ဆို့ဆို့နင့်နင့် ခံစားရလွန်းတယ်။

Kay July 6, 2009 10:23 PM  

လှပတဲ့..နူးညံ့တဲ့..ရဲရင့်တဲ့..ဂုဏ်မြောက်တဲ့.. အကြိုက်ဆုံး ကဗျာတပုဒ်ပါ

Myo Win Zaw July 6, 2009 10:40 PM  

၄၇ နှစ်ကြိမ်မြောက်တဲ့လားအစ်ကိုရယ် အရိပ်ဆိုးတွေအဆုံးသတ်ပါတော့လို့

ဂျူနို July 6, 2009 10:44 PM  

မအယ် ယူသွားပြီ ဒီကဗျာကို။

မဆုမွန် July 7, 2009 3:24 AM  

ဦးလေးဦးအောင်သာငယ်ရေ ကဗျာလေးကို သေသေချာချာ ခံစားပြီး ဖတ်သွားပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ့်ကျော်က သွေးမြေကျခဲ့ရတဲ့ သမိုင်းဝင် အဖြစ်ဆိုးကြီးကို မျိုးဆက်သစ်တွေ သိအောင် ရင်ထဲမှာ စွဲနေအောင် သမိုင်းအချက်တွေကို လက်ဆင့်ကမ်းပေးနေတဲ့ ကျောင်းသားကြီးတွေကို တကယ်ပဲ လေးစားပါတယ်။

ကောင်းကင်ကို July 7, 2009 6:50 AM  

ကဗျာလင့်ခ်လေး ယူသွားတယ် အစ်ကို

ဆောင်းယွန်းလ July 7, 2009 3:06 PM  

ဒီကဗျာကိုနာနာကျင်ကျင်နဲ့ဖတ်သွားခဲ့ပါတယ်အကိုရေ

ကိုလူထွေး July 7, 2009 9:45 PM  

ကြွေခဲ့တဲ့ နှင်းတပွင့်တိုင်း တပွင့်တိုင်းအတွက် ...

နှင်းပွင့်ပေါင်း ၁၀၀... ၁၀၀၀... ၁၀၀၀၀ မက ပြန်လည်ရှင်သန်နိုင်ပါစေ...

Libra July 8, 2009 10:46 PM  

ဖတ်ရင်းနဲ့ ငိုချင်လာမိပါတယ် ဒီလောက်တောင် ကောင်းအောင်ရေးတတ်တဲ့ ကိုအောင်သာငယ်ကို လေးစားမိတယ်
ရင်ထဲမှာ ကေ့ခဲ့တဲ့ နှင်းပွင့်တိုင်း အတွက်ပြောမပြနိုင်အောင် ခံစားရတယ်

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP