Jul 26, 2009

ဘ၀ဆိုသည်မှာ (၃)

ဆက်ရေးဖို့ ကျန်နေသေးတဲ့ ဘ၀ဆိုသည်မှာ နောက်တပိုင်းကို နိဂုံးအဖြစ် ဆက်ရေး လိုက်ပါတယ်။ ဆက်တိုက် မရေးဖြစ် တာကတော့ အလုပ်ရှုပ်နေတာရော၊ စိတ်ရှုပ်နေတာရော ပါပါတယ်။ (အဲလိုနဲ့ပဲ အကြောင်းတွေပြပြီး အကြွေးတွေလည်း အတော်များနေခဲ့ပြီ... ဘယ်သူကမှ စိတ်မဆိုးကြလို့ တော်ပါသေးရဲ့...း)

ခုတော့လည်း ဘ၀ဆိုတာ ထိုင်ခုံတခုမှန်း ကျနော်သိသွားခဲ့ပြီ။ ဘာလို့လည်းဆိုတော့ ကဗျာ ဆရာ တင်မင်းထက်က သည်လို ဖွင့်ဆိုထားတယ်လေ။ (သည်မှာ ဖတ်ကြည့်ပါ။)

ဘဝဆိုတာကို အဓိပ္ပာယ် မဖွင့်တတ်ပါ။ အဲဒီတော့ ဘဝ အကြောင်း မပြောတော့ဘူး။ ထိုင်ခုံတွေ အကြောင်း ပြောမယ်။ ဘဝဆိုတာလည်း ပါချင်သေးတော့ ကိုယ့်ဘဝအတွက် ဘယ်ထိုင်ခုံကို ရွေးမလဲ ပြောကြရအောင်။
(တင်မင်းထက်)

ကဲ ကျနော့်ရဲ့ မှတ်စုလေးကို နောက်ထပ်တကြိမ် ပြန်ဖွင့်ပြန်ပါပြီ။

ဘ၀မှာ ပိုလွယ်ပါစေလို့ ဆုမတောင်းနဲ့။ ပိုကောင်းပါစေလို့ ဆုတောင်း။
(ဂျင်မ်ရွန်းန်)

အလျင်မလိုနဲ့။ ဘာမှမစိုးရိမ်နဲ့။ သည်ကမ္ဘာမှာ သင်ဟာ ခဏ အလည်လာတဲ့ ဧည့်သည်ပါ။ ရပ်တန့်ပြီး ပန်းရနံ့ တွေကို ရှူရှိုက်ဖို့လည်း မေ့မနေနဲ့ဦး။
(ဝေါ်လ်တာဟေဂင်)

ဘ၀ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ သင်တကယ် ရှင်သန်နေထိုင်ခဲ့တဲ့ အခိုက် အတန့်တွေ ဆိုတာ ချစ်ခြင်း မေတ္တာနဲ့ အရာအားလုံးကို ပြီးပြည့်စုံစေခဲ့တဲ့ အချိန်တွေသာ ဖြစ်တယ်ဆိုတာ မြင်ရလိမ့်မယ်။
(ဟင်နရီဒရူးမွန်းဒ်)

ပျော်ရွှင်လို့ တေးဆိုနေတာ မဟုတ်၊ တေးဆိုလို့သာ ငါတို့ ပျော်ရွှင်နေတာ။
(၀ီလီယမ်ဂျိမ်းစ်)

လမ်းပိတ်ထားတာနဲ့ ကြုံရရင် ကွေ့သွားလိုက်ပါ။
(မေရီကေအက်ရှ်)

အကြီးအကျယ်ရှုံးနိမ့်ရဲသူတွေသာ အကြီးမားဆုံးအောင်မြင်မှုကိုရတာပါ။
(ရောဘတ်အက်ဖ်ကနဒီ)

အသေအချာ ချိန်ရွယ်ရုံတင်မဟုတ်ဘူး၊ လေးကိုလည်း အစွမ်းကုန် တင်ရမယ်။
(ဟင်နရီဒေးဗစ်သော်ရိုး)

အောင်မြင်ခြင်းနဲ့ အနားယူခြင်းက အတူမနေကြဘူး။
(ရုရှစကားပုံ)

စိတ်စွမ်းအားတွေ ကြီးမားတဲ့အခါ အခက်အခဲတွေက မကြီးမားနိုင်တော့ဘူး။
(မာချီယာဗယ်လီ)

အခွင့်အလမ်းဆိုတာ အခက်အခဲတွေရဲ့ အလယ်ကောင်မှာပဲ ရှိတယ်။
(အဲလ်ဘတ်အိုင်စတိုင်း)

သင့်ကို အရံအဖြစ် သတ်မှတ်ထားသူတွေကို သင့်ရဲ့ဦးစားပေးအဖြစ် ဘယ်သော အခါမှ မသတ်မှတ်မိစေနဲ့။
(အမည်မသိ)

ဘ၀ထဲမှာ အချစ်ဆိုတာ အလုပ်ခန်း အပြင်ဘက်မှာ ထုတ်ထားလို့ ရပါတယ်။ ဒါပေမယ့် သင့်နှလုံးရဲ့ အပြင်ဘက်မှာတော့ ဘယ်တော့မှ ထုတ်ထားလို့ မရဘူး။
(အမည်မသိ)

နေမင်းကြီးနှင့်လွဲသဖြင့် သင် ငိုကြွေးနေလျင် ကြယ်ပွင့်လေးများနှင့်လည်း သင်လွဲရပေဦးမည်။
(ရာဘင်ဒြာနာ့သ်တဂိုး)

လှုပ်ရှားမှုနဲ့ ကစဥ့်ကလျားဖြစ်မှုအလည်မှာ ရောက်နေရင် တည်ငြိမ်မှုသာ ရင်ထဲ ရှိပါစေ။
(ဒီပါ့ခ်ချိုပရာ)

အောင်မြင်မှုတွေအတွက် ပွဲခံပြီး ရှုံးနိမ့်မှုတွေအတွက် ရယ်ပွဲဖွဲ့လိုက်စမ်းပါ။
(ဆမ်ဝေါ်လ်တန်)

အနားယူပါ၊ အလျှော့တော့ မပေးလိုက်နဲ့။ နေတောင်မှ ညနေစောင်းရင် ၀င်သွားရသေးတာပဲ။ ဒါပေမယ့် နောက် တနေ့ မနက်ရောက်တော့ ပြန်ထွက်လာတာပဲ မဟုတ်လား။
(အမည်မသိ)

မနေ့အတွက်ကြေကွဲခြင်းအားဖြင့် သင့်မျက်ရည်တွေကို မဖြုန်းတီးပါနဲ့။
(ယူရီပီးဒီးစ်)

အလဲထိုးခံရတာက အကြောင်းမဟုတ်ဘူး။ သင် ပြန်ထလာသလား မလာဘူးလား ဆိုတာသာ အကြောင်း။
(ဗင့်ဆ်လွန်ဘာဒီ)

နာကျင်မှုတွေကို ရင်စည်းခံ၊ တို့ခရီးလမ်းအတွက် လောင်စာအဖြစ် အသုံးပြုရမယ်။
(ကန်ဂျီမီယာဇာဝါ)

သင်အခု ငရဲကို ဖြတ်သွားနေရပြီဆိုရင်လည်း ဆက်သာဖြတ်သွားလိုက်ပါ။
(၀င်စတန်ချာချီ)

ထင်းရူးပင်တွေရဲ့ စွမ်းရည်နဲ့ခံနိုင်ရည်အားကို ပြဖို့ အကောင်းဆုံး အခွင့်အရေးဟာ မုန်တိုင်း တခုပဲ ဖြစ်တယ်။
(ဟိုချီမင်း)

ရှုံးနိမ့်မှု ရောက်လာတဲ့အခါ သင့် အစီအမံတွေဟာ မဟန်ကြောင်း အချက်ပြ တခု အဖြစ် လက်ခံပါ။ အစီအစဉ် တွေကို ပြန်ပြင်ပါ၊ ပြီးတာနဲ့ သင့်ပန်းတိုင်ဆီ နောက်တခါ ရွက်လွှင့်ချသွားပေတော့။
(နပိုလီယန်ဟေးလ်)

လမ်းမှန်ပေါ်ရောက်နေသည့်တိုင် လမ်းပေါ်မှာ သင် ထိုင်နားနေတာ ဆိုရင်တော့ တိုက်ချ သွားတာ ခံရလိမ့်မယ်။
(ဝေးလ်ရော်ဂျာစ်)

လေထဲမှာ သင် တိုက်ဆောက်ခဲ့ရင် ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး။ အမြဲတမ်း အဲသည်မှာပဲ ရှိနေမှာပါ။ အခုချိန်ကတော့ သင်တကယ် အုတ်မြစ်ချရတော့မယ့် အချိန်ပါ။
(ဟင်နရီဒေးဗစ်သော်ရို)

ကဲ... ကျနော့်ရဲ့ မှတ်စုလေးက စာမျက်နှာလေးတွေတော့ ကုန်သွားပါပြီ။ အဲသည် မှတ်စုလေးမှာ ရေးစရာ စာမျက်နှာလည်း မရှိတော့ပါဘူး။

ခုတော့ ကျနော့် အရေပြားပေါ်မှာ ကျနော် ကိုယ်တိုင် ရေးခဲ့တဲ့ ဘ၀ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ဆက်ဖတ် ပေးကြပါဦး...
တချို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက သိပ်ကဗျာဆန်နေတယ် ထင်ရင်လည်း ကျနော့်ကို ခွင့်လွှတ်ကြပါ...း)

၁။
ဘ၀ဆိုသည်မှာ အိပ်မက်ရှည်တခုသာ။
တစုံတယောက် လာမနှိုးမချင်း အလင်းရောင်တွေနဲ့ ပျော်ရွှင်လို့။

၂။
ဘ၀ဆိုသည်မှာ မဲလိပ်များစွာ ထည့်ထားသော ခွက်တခွက်ပါ။
ကိုယ့်ဘ၀အတွက်တော့ မဲလိပ်တခုကို ချစ်သူ့လက်နဲ့သာ နှိုက်လိုက်ပါ။
ကိုယ် ကျေနပ်ပါတယ်။

၃။
ဘ၀ဆိုသည်မှာ ချစ်သူ ရှိမှသာ မက်ဖို့ကောင်းသော အိပ်မက်ပါ။

၎။
ဘ၀ဆိုသည်မှာ ၀ဋ်ကြွေးဟူသမျှကို ပေးဆပ်နေရခြင်းသာ။

၅။
ဘ၀ဆိုသည်မှာ
နေသာသောနေ့၊ မိုးရွာသောနေ့၊ နှင်းကျသောနေ့များကို
နှလုံးသားနှင့် ခွဲခြားနေရခြင်းသာ။

၆။
ဘ၀ဆိုသည်မှာ အုန်းသီးတလုံးသာ။
ခွဲကြည့်ပြီးမှသာ အထဲမှာ မည်သည့်အရာရှိသည်ကို သိလိမ့်။
သင့်ဘ၀ကို သင်ခွဲကြည့်လိုက်ပါ။

ထပ်ပြောစရာတွေတော့ ရှိပါသေးတယ်။ ခုတော့ ဘ၀နဲ့ ပတ်သက်လို့ ကျနော့် ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက် ၆ ခုနဲ့ပဲ ရပ်လိုက်ပါတော့မယ်။ နောက် ကြုံမှပဲ ဆက်ပြောကြတာပေါ့လေ။

ညီအကိုမောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာလာဖတ်သူတွေအားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။



8 comments:

Anonymous said...

ဝီလီယမ်ဂျိမ်းစ် ရဲ့ 
”ပျော်ရွှင်လို့ တေးဆိုနေတာမဟုတ်
တေးဆိုလို့သာ ငါတို့ပျော်ရွှင်နေတာ”
ကို ကြိုက်တယ် ( ကျမက စိတ်ညစ်လို့ သီချင်းဆိုလိုက်ရင် စိတ်ညစ်ပျောက်ပြီး အပျော်တွေ
ရသွားတာဆိုတော့ ကျမဘ၀နဲ့ ထပ်တူကျလို့ ကြိုက်ပါတယ် )

ကိုအောင်သာငယ့် ဖွင့်ဆိုချက်ထဲက ဆိုရင်တော့ ...

”ဘ၀ဆိုသည်မှာ ၀ဋ်ကြွေးဟူသမျှကို ပေးဆပ်နေရခြင်းသာ ”

ကိုကြိုက်ပါတယ်...

အကိုရေ...ကဗျာဆရာ ကဗျာဆန်တာ စိတ်ဆိုးစရာလား...အကိုအောင်သာငယ်လည်း အလုံးစုံ
အဆင်ပြေ ချမ်းမြေ့ပါစေလို့ ဆုပြန်တောင်းပေးလိုက်ပါတယ်...

mie nge

tin min htet said...

အရိုး ကတော့ Thirty Three ဆိုတဲ့ သီချင်းမှာ
"ဘဝဟာ ဘာမှမရှိတဲ့ ဥသျှစ်သီး" .. တဲ့ :P

Anonymous said...

ဘ၀ အကြောင်းေ၇းထားတဲ့ စာတွေ က နှစ်သက်စရာ ကောင်းပါတယ်

တခုက

လမင်းကြီးနှင့်လွဲသဖြင့် သင် ငိုကြွေးနေလျင် ကြယ်ပွင့်လေးများနှင့်လည်း သင်လွဲရပေဦးမည်။
(ရာဘင်ဒြာနာ့သ်တဂိုး)

ကျမ ဖတ်ဖူးတာတော့ နေမင်းကြီး ဆိုလား လို့..
မှတ်မိနေတဲ့ မြန်မာဝထ္တုတိုလေး တပုဒ် ရှိတယ်
နှစ်တွေကတော့ အတော်ကြာခဲ့ပါပြီ

နေမင်းကြီးနဲ့ လွဲခဲ့သည့်တိုင်. .တဲ့
အဲဒီဝထ္တုမှာ စာရေးဆရာက တဂိုး ရဲ့ ဒီကဗျာ ကို ပြန်လည်ဖော်ပြ ညွှန်းဆိုထားခဲ့တယ်
..

(mama)

Nge Naing said...

ဟုတ်တယ် ကိုအောင်သာငယ် အပေါ်က mama ပြောထားတာ မှန်တယ်။ ကျွန်မလည်း ငယ်ငယ်က ဖတ်ဖူးတာ လမင်း မဟုတ်ဘူး နေမင်းပါ။ နေ၀င်သွားရင် ကြယ်နဲ့ လကို ညဘက်မှာ အတူတူ တွေ့ရတယ်ဆိုတော့ ကဗျာပိုပြီး လေးနက်အောင် လနဲ့ မပြောပဲ ပိုပြီးသေးတဲ့ ကြယ်နဲ့ ဥပမာပေးတာ ဖြစ်နိုင်ပါတယ်။ လမင်းနဲ့ လွဲမှတော့ ကြယ်နဲ့လည်း လွဲပြီးသား မဟုတ်လား။ လပဲဖြစ်ဖြစ် နေပဲဖြစ်ဖြစ် ထားလိုက်တော့။ ကိုအောင်သာငယ်ပြောတဲ့ ဘ၀နဲ့ ပတ်သက်တဲ့ ၆ ခုမှာတော့ နံပါတ် ၄ က အတိကျဆုံးပါပဲလို့ ကျွန်မထင်တယ်။

နွေဆူးလင်္ကာ said...

၃။
ဘ၀ဆိုသည်မှာ ချစ်သူ ရှိမှသာ မက်ဖို့ကောင်းသော အိပ်မက်ပါ။
ချစ်သူမရှိလည်း မက်လို့တော့ ရပါတယ်နော်။ ချစ်သူအများကြီး ရှာပြီး အများကြီး မက်လိုက်ရင် ကောင်းမယ်ထင်တယ်။

အိန္ဒြာ said...

အကို...

တစ်ချို့ဟာတွေ ကူးသွားတယ်
ကဗျာထဲထည့်ရေးရင်ကောင်းမလားလို့..းP

ကိုလူထွေး said...

သြ... ဘဝဆိုတာ ဘ နဲ့ ဝနဲ့ ပေါင်းထားလို့ပဲ...

ဘပိန်သာဆို မတွေးရဲဘူး.......


းဝ)

နှင်းနဲ့မာယာ said...

အကိုရေ ဘဝဆိုသည်မှာကို စဖတ်မိကတည်းက ကြိုက်တယ်...
အခု နောက်ဆုံး အပိုင်းလေးလဲ ကောင်းတယ်...
ညီမလဲ ခုမှရေးဖြစ်တယ် အကိုရေ...
ဘဝမှာ လုပ်ချင်တာတွေ လုပ်ဖို့ အချိန်မရလို့
မအားတာက များနေလို့လေ...

လေးစားစွာဖြင့်
နှင်း