မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အထိမ်း အမှတ်ပြု ဆုတောင်းသည့် အနေဖြင့် မွေးနေ့ အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း တရားနာခြင်းနှင့် စတင်ခဲ့ ပါသည်။ ဆုတောင်း တရားနာ အပြီးတွင် LA Organizers 4 Burma မိသားစုဝင်များနှင့် အခြား အလှူရှင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။

နေ့လည်စာ စားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ သီချင်းကို တက်ရောက်လာသူများ အားလုံးက အတူတကွ သီဆိုခဲ့ကြ ပါသည်။
ထို့နောက် နိုင်ငံတော် သီချင်းကို အတူတကွ သီဆိုကြပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် တလျောက် လုံးတွင် အသက် စွန့်လှူ သွားခဲ့ကြသော ရဟန်း ရှင်လူ အာဇာနည် ပြည်သူ အပေါင်းအား ဦးညွတ် အလေးပြုသည့် အနေဖြင့် တမိနစ် ငြိမ်သက် ခဲ့ကြပါသည်။
ထို့နောက် မွေးနေ့အခမ်းအနားသို့ ဆန်ဖရန်စစ္စကို Bay Area မှ ရောက်ရှိ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဗဟိုမှ ကိုပန်းသီးအား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်အား၎င်း LA Organizers 4 Burma အဖွဲ့မှ ကိုကျော်ဌေးဦးက အခမ်းအနားသို့ တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော ကိုပန်းသီးက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရသော လေးစားအားကျဖွယ်ရာ၊ အတုယူဖွယ်ရာ အချက်များကို ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ရှင်းလင်း ပြောပြခဲ့ပါသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့ရသူ ကိုတိုးလွင်က ဒီပဲယင်း အနီး ကျီရွာတွင် အသက် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေကို ရှိနေမှန်းသိလျက်နှင့် မိမိ၏ အသက်ကို မငဲ့ပဲ ရှေ့ဆက် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် ပြတ်သားမှုတို့ကို အခမ်းအနားသို့ တက်ရောက်လာသူများကို ရှင်းလင်း ပြောပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကိုပန်းသီးနှင့် ကိုတိုးလွင်တို့၏ ၄င်းတို့ ကြုံတွေ့ သိမြင်ခဲ့ရသော အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုမှု ပြီးသည့်အခါ တက်ရောက် လာသော ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမေးအဖြေ ကဏ္ဍကို စတင်ခဲ့ ပါသည်။ ပရိတ်သတ်များက သိရှိလိုသည့် မေးခွန်းများကို တဦးချင်း မေးမြန်းခဲ့ ကြပြီး ကိုပန်းသီးနှင့် ကိုတိုးလွင်တို့က မေးခွန်းများကို တလှည့်စီ ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
ထို့အတူ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦးက တရား စီရင်ရေးနှင့် ပတ်သက်သည့် ကိုယ်တွေ့များအား၎င်း၊

ဒေါ်စောမြတ်မာက ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်ရန် ကြိုးစားခဲ့သည့် ဒေါ်အေင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် များကို၎င်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။

ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်းအနားကို နေ့လည် ၂ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

Photo Credit: Maung Myo Naing

2 comments:
ဓါတ်ပုံတွေမျှဝေပေးတာ ကျေးဇူးတင်ပါတယ်....ko atn
မတရားအကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ.....
ွှအလှည့်ကျ မနွဲ့ စတမ်းပေါ့ စစ်အာဏာရှင်တို့ရေ....
mie nge
ဒီတခေါက်မွေးနေ့က နဲနဲ ဝါနေတယ်ဗျို့...
ဘာအဓိပ္ပာယ်လဲ ရှင်းပြပေးပါ...
းဝ)
Post a Comment