Jun 17, 2009

ပျောက်ဆုံးသွားသော ဥယာဉ်မှူးသို့

ကိုယ့်ကိုယ်ကိုယ်
ခေါက်သိမ်းထားလိုက်တယ် ...
ဆူးစူးရင်ဆူးနဲ့နွှင် ....
စကားမစပ် ...
အပြာရောင်ဆူးတစ်ချောင်း ဆာလောင်တယ် ...။

Zephyr ၏ မုတ်သုန်ဂီတ-မှ

ကျနော် ဘလော့ရေးနေတာ တနှစ်ခွဲရှိပါပြီ။ ဘလော့ရေးဖြစ်တာကလည်း ကျနော် လေးစား အားကျတဲ့ ကျနော့် ဆရာယော ကြောင့်ပါ ဆိုတာ သည်မှာ တခါ ပြောပြခဲ့ဖူးပါတယ်။ အဓိကကတော့ ကျနော်က ကဗျာတွေ ရေးတာပါ။ ကဗျာတွေ ရေးရင်းနဲ့ တခြား ဘလော့တွေ ဖတ်ရင်း ရင်ထဲမှာ ရေးချင်တာလေးတွေ ပေါ်လာတော့ စာတချို့ ချရေးမိတယ်၊ ဆောင်းပါးလည်း ဖြစ်ချင် ဖြစ်မယ်၊ အက်ဆေးလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျနော်ကတော့ အမည် မပေးတတ်လေတော့ ခံစားမိသလိုရေးပါသည်-ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အဲသည် စာတွေကို ထည့်ပစ်လိုက်တယ်။ ၀တ္ထုတို တချို့လည်း စမ်းရေးခဲ့ဖူးတယ်။ ဘလော့ လာဖတ်သူ အများစုက ကျနော်ရေးတဲ့ ၀တ္ထုတွေကို ကျနော့် ကဗျာတွေလောက် ကြိုက်နှစ်သက်ကြပုံ မရပါဘူး...း)

ပြောချင်တာက တခြား ပြောနေတာက တခြား ဖြစ်သွားပြန်ပြီ။ ပြောချင်တာက သည်လိုပါ။ ကျနော် ဘလော့ ရေးသက်လေး တနှစ် ပြည့်လာတော့ တူရာတူရာ စုတယ်ပဲ ပြောရမှာပေါ့လေ၊ ရင်ဘတ်တူတဲ့ ဘလော်ဂါတွေ ရှိလာပါတယ်။ အားလုံးကလည်း သူငယ်ချင်း ဆိုတာထက် ညီအကို မောင်နှမတွေလိုကို ဖြစ်နေတော့တာပါ။ နေရာဒေသတွေနဲ့ ရေးသားနေကြတဲ့ စာတွေကတော့ မတူကြဘူးပေါ့လေ။ ဒါပေသည့် ဦးတည်ရာ အရပ်ချင်းက တူနေကြ၊ ရင်ခုန်သံချင်းက တူနေကြ၊ နာကျင်ပုံချင်းကလည်း တူနေကြတဲ့အခါ အရေပြားတူတဲ့ ညီအကို မောင်နှမတွေ ဖြစ်လာကြတော့တာပါပဲလေ။ သည်တော့ သည်ညီအကို မောင်နှမတွေထဲက တယောက်ယောက်ကို ဘလော်ဂိုစဖီးယားထဲ မမြင်မတွေ့ရတဲ့အခါ လွမ်းဆွတ်ရပါတယ်။

သည်ကာလတွေထဲမှာ တချို့ ညီအကို မောင်နှမတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့နဲ့ ခေတ္တခဏ ကင်းကွာသွားတာလည်း ရှိကြပါတယ်။ ဥပမာ- ဇင်ယော် ဆိုရင် အခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိရ။ လွန်ခဲ့တဲ့ ၅ လကတည်းက ပျောက် သွားလိုက်တာ ခုထိ ပြန်ပေါ်မလာတော့ဘူး။ သင်္ဘော တစင်းစင်းပေါ်မှာ တထောက် နားနေတယ် ထင်ပါရဲ့။ နောက် တယောက်ကတော့ ကဗျာတွေ ရေးနေတဲ့ ညီမလေး တယောက်ဖြစ်တဲ့ ခေးအော့စ်။ လွန်ခဲ့တဲ့ ၄ လကတည်းက ပျောက်နေတာ ခုထိကို ပြန် မတွေ့ရသေး။ နောက် ညီငယ် တယောက်ကတော့ မျိုးဝင်းဇော်။ ပျောက်မသွားပေမယ့် သူ ရေးတာတွေ မဖတ်ရတာ ၄ လ ကျော်နေပြီ။ အလုပ်များနေလို့ပဲ ဖြစ်မှာပါလေ။ နောက် ညီမငယ် တယောက်ဖြစ်တဲ့ ယောနသံဇင်ယော် ကတော့ ခဏနားမယ်လို့ကို ပြောပြီး ပျောက် သွားတာပါ။ သူ့စာတွေကို ပြန်ဖတ်ရဖို့ စောင့်မျှော်ခွင့် လေးတော့ ရှိနေသေး တာပေါ့လေ။ သည်အထဲမှာ အပြီး ထွက်သွားသူကတော့ ညီမငယ် ဂျစ်တူး ပါပဲ။ ပြတ်သားတဲ့ သူ့ရဲ့ စိတ်ဓါတ်ကို လေးစား အားကျမိပေမယ့် စိတ်ထဲမှာတော့ စာတွေ ပြန်ရေးနေစေချင် သေးတယ်။ နောက် တယောက်ကတော့ ကိုမောင်ရင်၊ ဦးနာအောက်ကို နိဂုံးကမ္ပတ် အဆုံးသပ် သွားပြီးကတည်းက ပြန်ကို ပေါ်မလာတော့ဘူး။

သည်ညီအကိုမောင်နှမတွေထဲမှာ ကဗျာရေးတဲ့ ညီအကို မောင်နှမတွေဆို ကျနော်က ပိုခင်မင်မိတတ်ပါတယ်။ ညီအကိုမောင်နှမတွေ တယောက်ပြီးတယောက် လျော့ပါးနေရတဲ့ ကြားထဲမှာ ကဗျာအရေးကောင်းတဲ့ နောက် ညီငယ်တယောက်က သူ့ဘလော့ကို ပိတ်ချသွားပါလေရော။ ကျနော့်မှာတော့ ဘာကြောင့်လဲ-ဆိုတဲ့ မေးခွန်းတွေနဲ့ မူးနောက်လို့။ သူကတော့ သူ့ခရီးကို သူဆက်သွားနေတာပါ-တဲ့။ ဘာပဲဖြစ်ဖြစ် သွားစရာရှိတာတော့ ဆက်သွားပါ၊ အိမ်တံခါးလေးတော့ ပိတ်မထားခဲ့ပါနဲ့-လို့ ကျနော် ပြောရတာပေါ့လေ။ ဘာလို့ဆို သူ့ဥယာဉ်ကလေးက လှတယ်လေ။ တခါတခါ ပရိဒေ၀တွေ လောင်စားတဲ့အခါ သူ့ဥယာဉ်လေးမှာ ခေတ္တခဏဖြစ်ဖြစ် ထိုင်လိုက်ရရင် လောကကို မေ့သွားတယ်။ သည်လို အေးချမ်းတဲ့ ဥယာဉ်လေးပါ။ တချို့ ညီအကို မောင်နှမတွေကတော့ သည်ဥယာဉ်လေး ရှိနေမှန်း သိချင်မှတော့ သိကြပေလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ပထမတုန်းက သည်ဥယာဉ်လေး ရှိနေမှန်း မသိခဲ့ပါဘူး။ သည်ဥယာဉ်ရဲ့ ဥယာဉ်မှူးက သိုသိုသိပ်သိပ်ကလေး နေနေတာကိုး။ သူ့ပန်းပွင့်ကလေးတွေကိုပဲ သူ ပျိုးနေတာကိုး။

မနေ့ကတော့ ကျနော့်ကို ပြောလာတယ် ဥယာဉ်တံခါးလေးကို ပြန်ဖွင့် ထားခဲ့ပေးပါတယ်-တဲ့။ ကျေးဇူးပါ ညီလေး-လို့ သည်နေရာကနေ အကို ပြောလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သွားစရာရှိတဲ့ ခရီးတွေကို ဆက်သွားလိုက်ဦးပေါ့လေ။ တယောက်နဲ့ တယောက်ကလည်း မမြင်ခဲ့ဖူးကြတော့ ပြုံးပြ နှုတ်ဆက်ဖို့လည်း အခွင့်အရေးက မရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ ဥယာဉ်မှူးတယောက်ကို တစုံတယောက်က သတိတရ ရှိနေရင်းနဲ့ အဖြူရောင် စူးတချောင်း ရင်ဘတ်မှာ စူးနေခဲ့တယ်ဆိုတာ ... ... ... ...

9 comments:

Anonymous said...

ကျမက ကဗျာထက် ၀တ္ထုကိုပိုကြိုက်နှစ်သက်ပါတယ်...
ဘာပဲဖြစ်ဖြစ်ရေးနေဖို့ဘဲ လိုပါတယ်..ဖတ်ချင်လို့ပါ...ဘလော့ဂ်လောကထဲကတော့ ပျောက်မသွားစေချင်ပါရှင်
.......(mie nge )

Anonymous said...

ပြန်ဖွင့်ထားပေးလို့ ဝမ်းသာတယ်။ ကျနော်လည်း စသိကတည်းက အမြဲလိုလို သွားထိုင်ဖြစ်တဲ့ ဥယျာဉ်ကလေးပဲ။
ကျေးဇူး ။

Yaw Han Aung said...

ပုံမှန် ဘလော့ချင်ပါတယ်။ အသက်အရွယ်ကြောင့်ပဲ ပြောရမလား၊ အလုပ်များနေတာကြောင့်လား၊ စသဖြင့် ဆင်ခြေတွေနဲ့ ပုံမှန် မဘလော့ဖြစ်ပါဘူး။ အခုစာလေး ဖတ်ရလို့ ၀မ်းသားပါတယ်။

ဘလော့လောကထဲကတော့ ထွက်သွားဖို့ထိ ပြတ်သား တဲ့စိတ်ကူး မရှိသေးပါဘူး။

MANORHARY said...

အကိုရေ
ဥယျာဉ်မှူးလေးကို ဥယျာဉ်တံခါးပြန်ဖွင့်အောင်
စွမ်းဆောင်နိုင်သူတွေလည်းရှိသေးရဲ့ ..း)း)
(ကိုယ်တိုင်လည်းပါချင်ပါနေမှာ ရှူးတိုးတိုး ကြားသွား ဥိးမယ် ..)

kiki said...

လူတခု ပူမှုရယ်က ဆယ်ကုဋေ ..
ပျောက်သောသူ ရှာရင်တွေ့ မှာ ပါ .. တနေ့ တော့ သူ ပြန်လာမည်လို့  စိတ်မှာမှန်းပြီး.....နေသာ သလို နေကြရအောင်..

Zephyr said...

Thanks for your post bro.

Let me recite some lines of Frost :

The woods are lovely, dark and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.

(Robert Frost)

Anyway, I am the regular reader of your blog for a long time and will be so in the future.

Take good care bro.

Peace B With U.

With Peace,
Z

ရွာသားလေးဝိုင်တီယူ said...

ဇင်ယော်ကြီးကလည်း အားလုံးကိုသတိရပါတယ်တဲ့ဗျာ
ရောက်နေတဲ့ နေရာမှာ မြန်မာဖောင့်နဲ့စာရိုက်ဖို့ အဆင်မပြေလို့ပါတဲ့။ သူစာရိုက်လို့ အဆင်ပြေခဲ့ရင် ကျနော်မောင်ရွာသားက စာတွေကူတင်ပေးမယ် ပြောပေမယ့် ကွန်ပြူတာထဲမှာ မြန်မာဖောင့်မရှိလို့ပါတဲ့ခင်ဗျာ။ နောက်တစ်ခါ ကမ်းကပ်ရင် အစ်ကို့ ရဲ့စာကို ကိုဇင်ယော်ကြီး မျက်ရည်ကျပြီးဖတ်နေရအောင် ဖော်ဝပ်လုပ်ပေးလိုက်ပါမယ်။

P.Ti said...

အမြဲတော့ စာရေးဖို့ စိတ်ကူးပါတယ်။ ကိုယ့်အတွက် မှတ်တမ်းလေးဖြစ်နေတာပေါ့။ ဘာရေးမယ်လို့ ပုံသေမရှိ ရေးချင်ရေးမှာပါ။

စာရေးကောင်းတဲ့လူတွေ (ကအောင်သာငယ် တို့လို့) လူတွေကိုတော့ များများ ဘလော့စေချင်တာပေါ့ :D

tg.nwai said...

ဟုတ်တယ်အကို...ခဏပျောက်တာမဟုတ်ပဲ အပြီးပျောက်သွားတဲ့အပြင် ဘလော့ဂ်ကိုပါ ပိတ်ထားခဲ့ရင် စိတ်မကောင်းဖြစ်ရတယ်...ကိုယ်ကလည်း ကိုယ်ပါလေ.. အကြောင်းကိုယ်စီရှိကြမယ်..တွေ့ဆုံကြုံကွဲဆိုပေမယ့် စိတ်မကောင်းဖြစ်မိတာပါပဲ...ကိုယ်ကြိုက်တဲ့ ဘလော့ဂ်လေးတွေဆို စာအသစ်မရှိတောင်မှ အခေါက်ခေါက်အခါခါ မွှေနှောက်လို့ ဖတ်နေမိတတ်လို့..။