Jun 3, 2009

(ဒီ/ချုပ်) ဘာလဲ၊ ဘယ်လဲ

မိုဒမခ မီဒီယာမှာ ဖော်ပြခဲ့ပြီးတဲ့ ဆောင်းပါး တပုဒ်ပါ။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အရပ်သား အစိုးရတရပ်ကို လက်နက် အားကိုးဖြင့် ဖြုတ်ချပြီး စစ်အုပ်စုက အာဏာသိမ်းခဲ့သော ၁၉၆၂ ခုနှစ်မှစတင်ကာ ရေတွက်လျှင် မြန်မာပြည်ရှိ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲစဉ်ကြီး၏ သက်တမ်းမှာ ၄၇ နှစ် ရှိနေခဲ့ပေပြီ။

ယနေ့ထက်ထိ မပြီးဆုံးနိုင်သေးသော ထိုတိုက်ပွဲစဉ်ကြီး တလျှောက်လုံးတွင် တပ်ဦးမှ ရွပ်ရွပ်ချွံချွံ ဦးဆောင် ပါဝင်ခဲ့သူများမှာ ပြည်သူလူထု၏ ရင်သွေးဖြစ်သော ကျောင်းသားလူငယ်များသာ ဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။ ဤအချက်ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးတော်ပုံ၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတို့တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပေသည်။

လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများမှသည် ယနေ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲများအထိ အဆင်ဆင့်သော တိုက်ပွဲများအားလုံးတွင် ပြည်သူ့အကျိုးအတွက် ကိုယ်ကျိုးစွန့်ရင်း ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူကာ တပ်ဦးမှ ချီတက်ခဲ့သော ဗိုလ်အောင်ကျော်မှသည် ယနေ့ခေတ် မိုးသီးဇွန်၊ မင်းကိုနိုင် အထိ ခေတ်အဆက်ဆက်သော ကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ဤနေရာတွင် အကျယ်တ၀င့် ထပ်မံ မပြောလိုပါ။

သို့သော်လည်း ဤကျောင်းသားထုတို့က စတင်ခဲ့သော တိုက်ပွဲများကို အဆုံးသပ်အောင်ပွဲဆီသို့ သယ်ဆောင်ရန် တာဝန်မှာ မြန်မာပြည်သူပြည်သား မှန်သမျှတွင်ရှိကြောင်း ဤနေရာတွင် ဖော်ပြလိုပါသည်။ တနည်းအားဖြင့် ပြောရလျှင် ဤတိုက်ပွဲများအားလုံးကို ကျောင်းသားထု တခုတည်းဖြင့် အဆုံးသတ် အောင်ပွဲဆီသို့ ရောက်သည်အထိ သယ်ဆောင်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်ပေသည်။ လက်တွေ့ သမိုင်း အဖြစ်အပျက်များအရလည်း ကျောင်းသားထု တခုတည်းဖြင့် မသယ်ဆောင်နိုင်ခဲ့ပါ၊ မသယ်ဆောင်နိုင်ပါ၊ သယ်ဆောင်နိုင်လိမ့်မည်လည်း မဟုတ်ပါ။

ဥပမာ -၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက် အရေးတော်ပုံတွင် ကျောင်းသားထုသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မရယူနိုင်ခဲ့ပဲ အချေမှုန်း ခံခဲ့ကြရသည်။ ထိုစဉ်က ကျောင်းသားလူငယ်များအားလုံး ကစဉ့်ကလျား ၀ရမ်းပြေးသူကပြေး၊ တောခိုသူကခို၊ ပုန်းရှောင်သူကပုန်း၊ သေသူသေ၊ အဖမ်းခံရသူက အဖမ်းခံရ။ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားခဲ့ကြရဖူးသည်။ ဤသင်ခန်းစာအရ ကျောင်းသားထု၏ တိုက်ပွဲသည် လူထုတိုက်ပွဲနှင့် ဆက်စပ်နေရမည် ဆိုသည်ကို သင်ကြား နာယူခဲ့ကြရသည်။

ထို့အတူ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နှစ်များအတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများနှင့် အလုပ်သမား လှုပ်ရှားမှု၊ လူထု လှုပ်ရှားမှုများ တစုံတရာ ဆက်စပ်နိုင်ခဲ့ကြသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သော လူထု တိုက်ပွဲကြီး တခုအဖြစ်သို့ မရောက်ရှိလာခဲ့သောကြောင့် အောင်မြင်သော အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပဲ ရန်သူ၏ ရက်ရက်စက်စက် ချေမှုန်းမှုကို ခံခဲ့ကြရလေသည်။

၁၉၈၈ ခုနှစ် မတ်လ ဖုန်းမော် အရေးအခင်းမှ စတင်ခဲ့သော ရှစ်လေးလုံး အထွေထွေအရေးတော်ပုံကြီးမှာမူ စစ်အာဏာရှင်စနစ်အောက်တွင် ၂၆ နှစ်ကြာ သည်အထိ မရှိခဲ့ဖူးသော တနိုင်ငံလုံး အတိုင်းအတာအရ ကြီးမားကျယ်ပြန့်သော လူထုတိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိခဲ့လေသည်။ သို့သော်လည်း ဤလူထုတိုက်ပွဲကြီးအား အဆုံးသပ်တိုက်ပွဲဆီသို့ ဆိုက်ရောက်သည်အထိ သယ်ဆောင်နိုင်ခဲ့သော ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှု မရှိခဲ့ချေ။

၁၉၈၈ ခုနှစ်တွင် လူထုတိုက်ပွဲများ အမြင့်မားဆုံး ရေချိန်သို့ ရောက်နေသည့် အချိန်မှာပင် စစ်အာဏာရှင် စနစ်အား လက်နက်ကိုင်တော်လှန်ရေးနည်းအားဖြင့် အဆုံးသပ်ရန် ကြိုးပမ်းနေခဲ့ကြသော လက်ကိုင် အဖွဲ့အစည်း ပေါင်းစုံကလည်း လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် လက်တွေ့ကျကျ မဆက်စပ်နိုင်ခဲ့ကြပေ။ သည်လိုနှင့် အသက်သွေးချွေးများစွာ ရင်းနှီးခဲ့ရသော ၁၃၅၀ ပြည့် အရေးတော်ပုံကြီးသည် လျှောမွေးဘ၀သို့ ရောက်သွားခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်သော သမိုင်း အချက်အလက်တခုသာ ဖြစ်လေသည်။

သို့သော်လည်း သည်အရေးတော်ပုံကြီး၏ အသီးအပွင့်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ ရရှိခဲ့သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်)ကို ကျွန်ုပ်တို့ ရရှိခဲ့သည်။ လူထု တရပ်လုံး အတွက် မျှော်လင့်ချက်ရောင်ခြည်များ သန်းခဲ့သည်။ သည်လိုနှင့် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် (ဒီ/ချုပ်)က ပြည်လုံးကျွတ် အောင်နိုင်ခဲ့ပါသည်။ ပြည်သူလူထုက အပ်နှင်းလိုက်သော ယုံကြည်မှုကို (ဒီ/ချုပ်)က ရရှိခဲ့ပေသည်။

သို့တိုင်အောင် ခေါင်းမာသလောက် ကောက်ကျစ်လှသော ရန်သူ စစ်အုပ်စုက အာဏာကို မလွှဲပေး။ နည်းမျိုးစုံဖြင့် အရှက်မဲ့စွာ လိမ်လည်လှည့်ဖျားနေသည်မှာ ယနေ့အထိပင်။ ယခုဆိုလျှင် ၁၉ နှစ် ရှိခဲ့ပြီ။

သည်အခါ ကျွန်ုပ်တို့မှာ မေးစရာ မေးခွန်းများ ရှိလာသည်။ (ဒီ/ချုပ်)က ဘာလုပ်မည်လဲ။ (ဒီ/ချုပ်)က ဘာလုပ်နေသည်လဲ။ ပြည်သူလူထုက ယုံကြည်သောအားဖြင့် အပ်နှင်းထားသော အခွင့်အာဏာကို (ဒီ/ချုပ်)က ရရှိပြီး ဖြစ်ပါသည်။

လွန်ခဲ့သော ၁၉ နှစ်လုံးလုံး ပြည်သူလူထု တရပ်လုံးက (ဒီ/ချုပ်)ကို စောင့်ကြည့်နေကြသည်။ ဤ ၁၉ နှစ်လုံးလုံး ကြေငြာချက် ထုတ်ပြန်ခြင်းအားဖြင့်သာ (ဒီ/ချုပ်)က ပြည်သူလူထုအား ဦးဆောင်နေခဲ့သည်။

ယနေ့အခါ ရန်သူ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲအားဖြင့် သူတို့၏ ရာဇပလ္လင်ကို နောက်ဆုံး အုတ်တချပ် တင်တော့မည့် အချိန်ဖြစ်လေသည်။ သည့်အတွက် နောက်ဆုံး အခုအခံဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အပြီး ဖယ်ရှားဖို့ အားထုတ်နေပြီဖြစ်လေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ တရပ်လုံး ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် ထောင်သွင်း အကျဉ်းချခံရခြင်းသည် ပြည်သူတရပ်လုံး ထောင်သွင်း အကျဉ်းချခံရခြင်းသာ ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ပြည်သူတို့ မရှိ။ ပြည်သူတို့ မရှိလျှင် (ဒီ/ချုပ်) ရှိတော့မည် မဟုတ်ချေ။

ယခုအချိန်သည် (ဒီ/ချုပ်)အတွက် နောက်ဆုံး မေးခွန်းတခုသာ ရှိပါတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့သည့် -မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ- ဆိုသည့် လမ်းညွှန်ချက်အား ကိုင်ဆောင်ပြီး နောက်ဆုံးတိုက်ပွဲဆီသို့ ပြည်သူလူထုကြီး တရပ်လုံးအား ရဲရဲဝံ့ဝံ့ ဦးဆောင်မည်လော။ သို့မဟုတ် နအဖ၏ လာလတံ့သော ဒေါ်အောင်ဆန်းစုကြည်အား ရာဇ၀တ်မှုဆိုင်ရာ မည်၍မည်မျှသော ပုဒ်မများနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း- ကဲ့သို့သော ကြေငြာချက်များအား ဆက်လက် ထုတ်နေမည်လော။

ပြည်သူလူထုသည် အဆင်သင့် ရပ်လျက်သား ရှိနေပါပြီ။ (ဒီ/ချုပ်)ကသာ ရှေ့မှ မားမား မတ်မတ် ရပ်ဖို့ လိုနေလေပြီ။ မကြာမြင့်သော အချိန်ကာလအတွင်း (ဒီ/ချုပ်)၏ သမိုင်းကို (ဒီ/ချုပ်)က ရေးရပါလိ့မ်မည်။

(အောင်သာငယ်)

10 comments:

Anonymous said...

ပြည်သူတွေရဲ့အပြည့်အ၀ ထောက်ခံချက်ကိုရခဲ့
ပေမဲ့.. လက်နက်အားကိုးနဲ့ဆိုးမျိုးအဖုံဖုံတွေ
ပြုလုပ်ခဲ့တဲ့ လူတစုကြောင့်..
ပြီးတော့ ၁၉၈၈ ကာလတုန်းဆီက
တပ်မတော်ထဲထိ ထဲထဲဝင်ဝင် မရောက်ခဲ့တဲ့
စည်းရုံးရေးအားနည်းချက်ကြောင့်..
လက်နက်မဲ့ ဒီ-ချုပ်
အနေနဲ့ အခက်တွေ့ခဲ့ရတာပါ....
စစ်တပ်တပ်ထဲကရာခိုင်နှုန်း ၃၀ လောက်ကသာ
အတိအလင်း ထောက်ခံမယ်ဆိုရင်
ပွဲသိမ်းမြန်လောက်ပါတယ်..
အဲဒီအင်အားစုရယ်၊ နယ်စပ်ကအင်အားစုရယ်၊
ပြည်သူတွေရယ် ဆိုရင် ......

mama

ဂျူနို said...

အသက်တွေ သွေးတွေ ဘ၀တွေပေးပြီး သယ်လာပေးခဲ့တဲ့ လွတ်လပ်ရေးမီးရှူးတိုင်ကြီးကို
ယုံယုံကြည်ကြည်နဲ့ nld လက်ထဲ အပ်ထားပါတယ်။

လမ်းတလျှောက်မီး မငြိမ်းအောင် သွေးလောင်းပြီး ထွန်းထားတာ။

ဒီမီးရှူးတိုင်ကို လက်ခံထားပြီးရင်တော့ မငြိမ်းသွားဖို့ လည်း တာဝန်ယူရမှာပဲ။


တချိန်လုံးသည်းခံနေရတဲ့ လူထုကို ထောက်ထားပါ ဆိုရမှာပဲ။

မအယ်

LRDP said...

အင်း ကိုယ်လည်း ဒီချုပ် ထဲ က လူငယ်တစ်ဦး ဖြစ်ခဲ့တော့ ကျမ လည်းတာဝန်မကင်းပေဘူးပေါ့ ။
ဒီချုပ် ကတာဝန်တွေ ထမ်းရင်း လည်း လူရှင်တွေ
ထားတဲ့စစ်အုပ်စုရဲ့အကျဉ်းစခန်း မှာ ဆယ်စုတစ်ခု နီးပါးပါ-- ကျမ ပြောချင် တာကတော့ ဒေါ်စုစကား ပါပဲ ကိုယ်ကောဒီမိုကရေစီရေး
အတွက် ဘယ်လောက်လုပ်ပြီးပြီလဲ - တန်ဖိုးကြီးတဲ့အရာကို လိုချင်ရင် အဲဒီ့တန်ဖိုးကို ခိုင်မြဲစေ့ချင်ရင်တော့ တန်ဖိုးကြီးကြီးပေးဆပ်ကြရလိမ့် မယ် -ပြိုင်တူတွန်းမှရွေ့မှာ ပါ အပြစ်တွေဟာ ဒီချုပ် မှာကြည့် မရှိသလို ရအောင်မတိုက်ယူနိုင်သေးတဲ့ 
ကျမတို့ တတွေမှာလည်း -- နင်တို့ ကံကြမ္မာ ဘယ်လဲ ဘာလဲ မေး ရတော့မှာ ပါပဲ --

ATN said...

မအိ - ကျနော့်ဆောင်းပါးရဲ့ရည်ရွယ်ရင်းက (ဒီ/ချုပ်)ရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ (ဒီ/ချုပ်)ရဲ့ အောက်ခြေထု က တာဝန်ကျေခဲ့၊ တာဝန်ကျေနေဆဲ၊ တာဝန်ကျေ နေဦးမှာကို ကျနော် ယုံကြည်ပြီးသားပါ။

ကိုပေါ said...

ကိုယ်အောင်သာငယ်….

အဖွဲ့အစည်းတရပ် (သို့မဟုတ်) လူပုဂ္ဂိုလ်တဦးရဲ့ စွမ်းဆောင်ချက်၊ အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ခွင့်ရှိပေမယ့်….. အဖွဲ့အစည်းတရပ်ရဲ့ ခေါင်းဆောင်တွေကို တစုံတခုပြုလုပ်ဖို့ ဖိအားပေးချင်လျှင်တော့ ကိုယ့်မှာ သူတို့နဲ့ အားပြိုင်နိုင်တဲ့ အင်အားတရပ်တော့ ရှိရမယ်။

နအဖကို ဖိအားပေးချင်ရင် သူတို့နဲ့ အားပြိုင်နိုင်တဲ့ အင်အားတရပ်ရှိရမယ်။ ဒီချုပ်က စီအီးစီကို ပေါ်လစီပိုင်းဆိုင်ရာ ဖိအားပေးချင်ရင် အဲသည်စီအီးစီနဲ့ အားပြိုင်နိုင်တဲ့ အင်အားတရပ်မရှိဘဲ ဖြစ်လာမှာ မဟုတ်။ သူတို့ကလည်း ဖိအားမရှိရင် နားထောင်မှာမဟုတ်။ ဒါဟာ သဘာဝ။

ATN said...

ကိုပေါ

ဗမာတပြည်လုံး ကြုံတွေ့နေကြရတာက ခေါင်းဆောင်မှုပြသနာပါ...
အကို့ တယောက်ထဲအနေနဲ့ကတော့
သည်လိုပဲ မြင်တယ်...

မှန်ကန်တဲ့ ခေါင်းဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်က ပေးခဲ့တယ်...
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု ခေါင်းဆောင် ဖြစ်လာခဲ့တာပဲ... ဒါကို ဘယ်သူမှ မငြင်းနိုင်ပါ...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီ/ချုပ်ဟာလည်း တခုထဲပါပဲ...
ဒါကြောင့်မို့လည်း ပြည်သူလူထုတရပ်လုံးက သည်ခေါင်းဆောင်မှု အောက်မှာ (ဒီ/ချုပ်)ကို ထောက်ခံပြီး (ဒီ/ချုပ်) နောက်ကနေ ယုံယုံကြည်ကြည် လိုက်ပါခဲ့ကြတာပဲလေ...

သည်ခေါင်းဆောင်မှုကို ဖြိုခွဲမှ သူတို့ အနိုင်ရမယ်ဆိုတာ ရန်သူက သေသေချာချာကို သိပါတယ်... ဒါကြောင့်လည်း ရန်သူက သည် ခေါင်းဆောင်မှုကို မရရအောင် တလျှောက်လုံး ဖြိုခွဲနေတာပဲ... ရန်သူက သူ့ရန်သူဟာ ဘယ်သူလဲဆိုတာသိတယ်... သူ့ရန်သူကို ဘာလုပ်ရမယ်ဆိုတာ သိတယ်... သူ့ကို ဘယ်သူကမှ ဘာလုပ်ပါလို့ ပြောစရာ မလိုဘူး...

ကိုယ့်ဘက်ကို ပြန်ကြည့်လိုက်ရင်တော့... အမြဲလိုလို ရန်သူ့ နောက်မြီးဆွဲ ဖြစ်နေတာချည်းပဲ... ရန်သူက ဟိုတခုလုပ်မှ ကိုယ်က အဲတာကို counter လုပ်နေရတယ်... စစ်သဘောနဲ့ ပြောရရင် ထိုးစစ်ဆိုတာ မရှိဘူး... ခံစစ်ကြီးပဲ... ကိုယ်က တိုက်တယ် မရှိ... ကိုယ့်လာပစ်မှ ကမန်းကတမ်း ပြန်ပစ်နေကြတာ... (ထားပါတော့လေ...)

ခု အကို ပြောချင်တာကတော့ -
ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှုကို ပေးခွင့် မရှိတော့တဲ့အခါ ကျန်တဲ့ တာဝန်ရှိသူ လူတွေက သည်ခေါင်းဆောင်မှုကို ဆက်ပြီး တာဝန်ယူရမှာပဲလေ... ဒေါ်အောင်ဆန်းစုကြည်လို ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ပေးရမှာပဲလေ...

အဲသည်အတွက် သူတို့ကို သည်ခေါင်းဆောင်မှုကို ယူပါလို့ ပြောဖို့ သူတို့နဲ့ တန်းတူတဲ့ အဖွဲ့အစည်း (သို့မဟုတ်) လူတဦးဦး မလိုအပ်ပါဘူး...

ဘာကြောင့်လဲ ဆိုတော့ ၁၉၉၀ မှာ မြန်မာတပြည်လုံးက (ဒီ/ချုပ်)ကို တပြည်လုံးကို ခေါင်းဆောင်ဖို့ တာဝန်ပေးခဲ့ပြီပြီမို့လို့ပါ...

ဒါကြောင့် မြန်မာနိုင်ငံသားတိုင်း (ဒီ/ချုပ်) ဘာလုပ်သင့်တယ် ဆိုတာ ပြောခွင့်ရှိပါတယ်...

သည့်အတွက် အကိုပြောပါတယ်...

အကိုလည်း မြန်မာနိုင်ငံသား တယောက်ပါ... ဒါကြောင့်မို့ ပြောပါတယ်...

နောက်တခုက နအဖကို ဖိအားပေးတာနဲ့ ပတ်သက်လို့ပါ... ကမ္ဘာ့သမိုင်းမှာ နိုင်ငံတကာ ဖိအားနဲ့ ပြုတ်ကျသွားတဲ့ အာဏာရှင် (သို့မဟုတ်) စစ်အစိုးရဆိုတာ မရှိခဲ့ဖူးပါ... နောင်လည်း ရှိလာလိမ့်မယ်လို့ အကို့ တယောက်ထဲအနေနဲ့ ဘယ်တော့မှ ယုံကြည်လိမ့်မယ် မဟုတ်ပါ...

သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ နအဖ ပြုတ်ကျသွားမှာ မဟုတ်ဘူးဆိုတာလဲ ကလေးက အစ သိပါတယ်... ဒါပေမယ့် ဘာကြောင့် သံရုံးတွေ ရှေ့ ဆန္ဒပြနေကြတာလဲ... ရှင်းပါတယ်... ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသနေတာပါ... ပြီးတော့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နေကြတာပါ...

ဒါပေသည့် နအဖကို ဖြုတ်ချနိုင်မယ့် အင်အားဟာ ပြည်တွင်းမှာပဲ ရှိတာပါ... အဲသည် အင်အား ရှိကြောင်းကိုလည်း သမိုင်းအချက်အလက်တွေအရ သက်သေပြခဲ့ပြီးသားပါ... လိုနေတာက ခေါင်းဆောင်မှုပါပဲ... လူတယောက် ဖြစ်မယ် (သို့မဟုတ်) လူတစုဖြစ်မယ်... ဘာပဲဖြစ်ဖြစ် သည်ကနေ့မှာ လိုအပ်နေတာက မှန်ကန်တဲ့ ခေါင်းဆောင်မှုပဲလို့ အကို့ တယောက်ထဲ အနေနဲ့ ယုံကြည်တယ်... သည်အတွက် လူထုက တာဝန်ပေးအပ်ထားတဲ့ (ဒီ/ချုပ်)ကိုပဲ ခေါင်းဆောင်မှု နေရာမှာ မြင်တယ်... ဒါကြောင့် သည်စာကို ရေးပါတယ်... ရေးခွင့် ရှိသည် ဖြစ်စေ ... ရေးခွင့် မရှိသည် ဖြစ်စေ... မြန်မာပြည်သူလူထု တရပ်လုံးကိုယ်စား (အောင်သာငယ်) ရေးပါတယ်...

ဒါလောက်ပါပဲ...

ကိုပေါ said...

ကိုအောင်သာငယ်….

အခုလို ပြန်လည် ရှင်းပြဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အကိုပြန်ပြောတဲ့အရာတော်တော်များများမှာ သဘောတူပါတယ်။ အထူးသဖြင့် ပြည်ပဖိအားကြောင့် မပြောင်းလဲနိုင်ဘူးဆိုတာ၊ ပြည်တွင်းအင်အားနဲ့ပဲ ပြောင်းလဲရမှာ ဆိုတာတွေကိုပေါ့။ ကျနော်တို့လည်း အဲသည်လိုပဲ ခံယူပါတယ်။ ဒီချုပ်အနေနဲ့ ပြည်သူလူထုက Mandate ပေးထားတဲ့ Legitimacy ရှိတဲ့အတွက် ပြည်သူလူထုကို ခေါင်းဆောင်မှု ပေးသင့်တယ်ဆိုတာလည်း အထွေအထူး ကွဲလွဲစရာမရှိပါဘူး။

အကိုမှာလည်း ရေးပိုင်ခွင့် ရှိတာ မှန်ပါတယ်။ ကျနော်ကလည်း အကိုရေးတာကို ပိတ်ပင်တားဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။

အခုအများစု ထင်မြင်ကြသလို ဒီချုပ်စီအီးစီက သိပ်အလုပ်မလုပ်ဘူး။ ကြေငြာချက်တွေပဲ ထုတ်နေတယ်၊ လူထုကို ဦးဆောင်ဖို့ မကြိုးစားဘူး၊ စသဖြင့် ဒါဟာ အများစု ထင်မြင်ကြတဲ့ အမြင်တွေပဲ။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ကျနော်လည်း အဲသည်အတိုင်းပဲ မြင်ခဲ့ဘူးပါတယ်။ အားမလို အားမရလည်း ဖြစ်ခဲ့ဘူးပါတယ်။

ဒီကိစ္စကို ပြောလာတာ ကြာပြီပဲ။ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး၊ လူပေါင်းစုံ နေရာပေါင်းစုံက ပြောလာကြတာ။ ဒီအကြောင်းတွေက ကျနော်တို့တင်ပြောတာ မဟုတ်ဘူးဗျ။ ဒီချုပ်က သြဇာတိက္ကမရှိတဲ့ အဖွဲ့ဝင်တွေကြားမှာလည်း တချိန်လုံးပြောနေကြတဲ့ ပြဿနာတွေ၊ ကိစ္စတွေ။ အားပြိုင်မှုတွေ။ အချေအတင် ပြောနေကြရတဲ့ ကိစ္စတွေ။

ဒါပေမယ့် ဒီချုပ်စီအီးစီက ပြည်သူလူထုကို စည်းရုံးတဲ့အပိုင်းမှာ ဦးဆောင်မှုပေးတဲ့အပိုင်းမှာ သူတို့ လုပ်ပုံကိုင်ပုံကို ထူးထူးခြားခြား ပြောင်းလိုက်တာမျိုးမှ မရှိတာ။ အခုနောက်ပိုင်း ဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ ထွက်လာပြီးနောက်ပိုင်းမှ နိုင်ငံရေးက ပြန်ပြီး လှုပ်လှုပ်ရှားရှား ရွေ့လျားလာဖော်ရသေးတာ။

အဲသည်တော့ ကျနော်ထောက်ပြလိုတာက…. ဒီချုပ်စီအီးစီက ကျနော်တို့ ဘယ်လောက်ပဲအော်နေနေ သူတို့က လှုပ်မှာမဟုတ်ဘူး။ သူ့ကို လှုပ်အောင် ဖိအားပေးနိုင်ဖို့လိုတယ်။ ဥပမာ အောက်ခြေက အဖွဲ့ဝင်တွေ၊ တိုင်းစည်းအဖွဲ့ဝင်တွေကို စည်းရုံးပြီး ဖိအားပေးတာမျိုး။ လိုအပ်ရင် ခေါင်းဆောင်ပိုင်းကို လူငယ်တွေနဲ့ အစားထိုးတာမျိုး လုပ်နိုင်ရင် လုပ်ဖို့။ သူတို့လုပ်တာကို အားမရလျှင် ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျ လူထုကို စည်းရုံးပြီး လူထုကျောထောက်နောက်ခံနဲ့ သူတို့ကို နိုင်ငံရေးအရ ဖိအားပေးနိုင်တဲ့အခါမှပဲ သူတို့က လှုပ်မှာ။

ဒီချုပ်ထဲမှာကို ဗဟိုကို အားမရတဲ့ အပိုင်းတွေလည်း ရှိနေပါတယ်။ မီဒီယာတွေပေါ်မှာတင် ကြားသိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီချုပ်က လူတွေနဲ့ စကားပြောကြည့်တဲ့အခါ အတော်များများက “အဖိုးကြီးတွေလည်း ဒီအသက်အရွယ်ရောက်တဲ့အထိ အိုကြီးအိုမနဲ့ ဒီလောက်လုပ်ပေးနေတာ၊ ကျေးဇူးတင်ရမယ်” ဆိုတဲ့ ကြည်ညိုလေးစားမှုရှိတဲ့ အသံတွေလည်း ထွက်တဲ့ဆီက ထွက်နေဆဲပဲ။ အဲသည်အဖိုးကြီးတွေရဲ့ နိုင်ငံရေးသြဇာနဲ့ အရှိန်အ၀ါကို ဘယ်သူမှ မကျော်လွှားနိုင်သေးဘူး။ အံမတုနိုင်သေးဘူး။ ဒီတော့ သူတို့ ပေါ်လစီကို ပြောင်းလဲအောင် ဖိအားပေးတာမျိုးလည်း သိပ်မှာတတ်နိုင်ကြဦးမလဲဗျာ။

အဲသည်လို လုပ်နိုင်ဖို့ဆိုရင် သူတို့ကို ဖိအားပေးနိုင်လောက်တဲ့ အင်အား (သို့မဟုတ်) နိုင်ငံရေးသြဇာတရပ် ရှိဖို့ လိုကို လိုလိမ့်မယ်။ မဟုတ်ရင် မီဒီယာပေါ်မှာ ဘယ်လောက်ပဲ ရေးပြရေးပြ၊ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံ (သို့မဟုတ်) ပေါ်လစီကို ပြောင်းလဲနိုင်လိမ့်မယ် မဟုတ်ဘူးလို့ပဲ မြင်မိပါတယ်။ အနှစ် ၂၀ လုံးလုံးလည်း ပြောလာခဲ့ကြတာ မဟုတ်ဘူးလားဗျာ။

နောက်တခုက ကျနော်တို့ ပြည်သူတွေအပိုင်းကလည်း ဒီချုပ်ကို မဲထည့်ပြီးပြီ။ ကျန်တာ ဒီချုပ်ဆက်လုပ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို တတ်နိုင်သမျှ ပြင်ရမယ်။ ဒီချုပ်ကို တတ်နိုင်သမျှ ပံ့ပိုးရမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို တတ်နိုင်သမျှ ပံ့ပိုးရမယ်။ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေသူမှန်သမျှကို အတတ်နိုင်ဆုံး ကူညီရမယ်။ အဆုံးစွန်ဆုံးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပူးပေါင်းလှုပ်ရှားရမယ်။ အဲဒါမှ ဒီနိုင်ငံရေးအကြပ်အတည်း ပြဿနာကို ကျော်လွှားနိုင်မယ်လို့ ကျနော်ယူဆပါတယ်။

ATN said...

ကိုပေါ

ခုလို ပြန်ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီ

ကိုယ့်ညီဆွေးနွေးတာတွေကိုလည်း အကို လက်ခံပါတယ်။

ဒါပေသည့် ခေါင်းဆောင်မှုဆိုတာဟာ အလိုအလျောက် ရလာတာ မဟုတ်ဘူးလေ။ တစုံတရာ အချက်အလက် ရှိလို့ကို ခေါင်းဆောင်မှုနေရာကို ရောက်လာရတာပဲ။ ဒါတွေက စိတ်ဆန္ဒနဲ့ မဆိုင်ဘူး။ လက်တွေ့ အဖြစ်အပျက်တွေအရပဲ သတ်မှတ်ရတာ။ ခေါင်းဆောင်ချင်စိတ် ရှိတိုင်း လူတကာကို ခေါင်းဆောင်လို့ ရမလား။ မရပါဘူး။ သည်လိုပဲ ခေါင်းဆောင်ကောင်းဆိုတာလည်း နောက်လိုက်ကောင်းတွေ ရှိလို့သာ ပေါ်ပေါက်လာတာပဲ။ အပြန်အလှန် ဆက်သွယ်မှု ရှိနေတယ်။ သည် အချက်ကို လစ်လျူရှုဖို့ မသင့်ဘူး။

သည်တော့ ခေါင်းဆောင်မှုနေရာကို ရောက်လာသူတိုင်းမှာ တာဝန်တခုရှိတယ်။ အဲဒါကတော့ ကျန်တဲ့သူတွေကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးဖို့ပဲ။ မပေးနိုင်ရင် အဲသည်နေရာကနေ ဆင်းသွားတော့။

ကျိန်းသေတာတခုကတော့ ခေါင်းဆောင်မှုကို လူတိုင်းကပေးနိုင်နေရင် ခေါင်းဆောင်ဆိုတဲ့ စကား ပေါ်ပေါက်လာမှာကို မဟုတ်ဘူး။

ဥပမာကွာ- တပ်စိတ်တစိတ်ဆိုပါစို့။ တပ်စိတ်မှူးတယောက်က ခေါင်းဆောင်မယ်။ ဘယ်သူ ဘယ်နေရာမှာနေ။ ဘယ်နေရာကို ပစ်၊ လောင်ချာက ဘယ်နေရာကို ထု၊ စက်လတ်က ဘယ်နေရာကို ဖြတ်။ အစရှိသည်ဖြင့်ပေါ့ သူက ကွပ်ကဲမယ်လေ။ အဲလို ကွပ်ကဲနိုင်အောင်လည်း သူ့မှာ လိုအပ်တဲ့ အတွေ့အကြုံ စစ်ရေး စွမ်းရည် ရှိရတယ်။ သူလိုကိုယ်လိုသာဆို လူတိုင်း တပ်စိတ်မှူးတွေ ဖြစ်နေတော့မပေါ့။

သည်အချက်က ဘာကို ပြောသလဲဆိုတော့ - ခေါင်းဆောင်ဖြစ်လာတယ်ဆိုတာ ခေါင်းဆောင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေလည်း ရှိနေလို့ဖြစ်တယ် ဆိုတာ ရှင်းပါတယ်။

အခု တို့ ကြုံနေရတဲ့ အခြေအနေက - တိုက်ပွဲဖြစ်နေပြီ... ရန်သူက အပြင်းအထန် ထိုးစစ် ဆင်နေပြီ... လက်နက်ကြီးတွေနဲ့ ထုနေပြီ... သည်အခါမှာ တပ်စိတ်မှူး လုပ်တဲ့လူက - မကြောက်ကြနဲ့... သည်တိုက်ပွဲမှာ ငါတို့ နိုင်မှာ... - အဲလို ထိုင်ပြောနေရုံနဲ့ ပြီးသွားမှာလား။ ဘယ်သူက ဘယ်နေရာမှာနေ...။ ဘယ်ဖက်ကို ပြန်ပစ်... သည်ဖက်မှာတော့ လောင်ချာနဲ့ ထု... ဟိုနေရာကိုတော့ ဖိပစ်ထား... ဒါမှ ရန်သူ တက်မလာမှာ.... စသည်ဖြင့် ခေါင်းဆောင်မှုကို မပေးတော့ဘူးလား။

တခု ရှိတာကတော့ လူတိုင်းဟာ တပ်စိတ်မှူး မဟုတ်ဘူး။ အဲသည့်အတွက် တပ်စိတ်မှူး တာဝန်ကို ယူထားရသူဟာ တပ်စိတ်မှူးတယောက်ရဲ့ အလုပ်ကိုတော့ လုပ်ရပေလိမ့်မယ်။ မလုပ်နိုင်ရင် ရဲဘော် လုပ်။ ဒါပဲ ရှိတယ်။ တပ်စိတ်မှူး လုပ်နေပြီး တပ်စိတ်ကို တိုက်ပွဲထဲမှာ ဦးမဆောင်ရင် ဒါဟာ တာဝန်မဲ့တာပဲ။

အဲသည်လို တာဝန်မဲ့နေတဲ့ တပ်စိတ်မှူးကို အသက်ကြီးသွားလို့ပါဆိုပြီး ခွင့်လွှတ်ရမလား။ ဒါမှ မဟုတ် တပ်စိတ်မှူးထက် အဆင့်မြင့်တဲ့ တပ်စုမှူးရောက်လာတဲ့ အထိ ပစ်ခတ်နေတဲ့ စစ်မြေပြင်မှာ ထိုင်စောင့်နေရမှာလား။

တိုက်ပွဲက ဖြစ်နေတယ်၊ ရန်သူက စောင့်နေတာ မဟုတ် လာနေတာ၊ တိုက်နေတာ။ တို့က တပ်စိတ်မှူးကို ပြောမရလို့ တပ်စုမှူးကို စောင့်နေမယ်ဆို စစ်မြေပြင်မှာ အားလုံးသေကြဖို့ပဲ ရှိတယ်။

အခု အခြေအနေဟာ... အဲလို အခြေအနေပါ... အကိုကတော့ အဲသည်လိုပဲ ရိုးရိုးသားသား မြင်တယ်။

ဒါကြောင့် တပ်စိတ်မှူးကို ခေါင်းဆောင်မှုပေးပါလို့ ပြောတယ်...။

သည်လောက်ဆို အကို ဆိုလိုတာကို သဘောပေါက်မယ် ထင်ပါတယ်။

Anonymous said...

အပေါ်ကကွန်မန့်တွေဖတ်ပြီး
စဉ်းစားမိတာလေးရှိလာလို့
အကယ်လို့များ ခုနေချိန်ခါမှာ
ကိုပေါ ရော ကိုအောင်သာငယ်ပါ
သာမန်ပြည်သူတွေအနေနဲ့
မြန်မာပြည်ထဲရှိရင်ဘာများထလုပ်မိကြမလဲလို့ပါ
(အကယ်လို့ ဒီချုပ်ကဦးဆောင်သူတွေ
အနေနဲ့ဆိုရင်ကော
(ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်
်နေရာမှာဆိုရင်ရော
ဒါမှမဟုတ် ဦးဝင်တင်နေရာမှာဆိုရင်ရော

ကလူသစ် said...

မနေ့တနေ့ကပဲ ဦးဝင်းတင်အင်တာဗျူးနားထောင်လိုက်ရတယ်ဗျ။ ခေါင်းနဲနဲ ကုတ်လိုက်တာ ဆံပင်နဲနဲပါးသွားတယ်။
:)