May 20, 2009

လွမ်းလို့ရေးတဲ့စာ

ဟိုးတလောက ဗမာပြည်ပြန်သွားတဲ့ မခင်ဦးမေ က Yangon ဆိုတဲ့ ခေါင်းစဉ်နဲ့ Yangon Series ကို 1 - 10 တင်ထားတာ ဖတ်လိုက်ရပါတယ်။ နံပါတ်ဘယ်လောက်အထိ ရောက်အောင် သူ ရေးနေဦးမလဲတော့ မသိဘူး။ ဒါပေသည့် သူ့ဘလော့မှာ တင်ထားတဲ့ သင်္ကြန်လှုပ်ရှားမှုတွေ၊ အစားအသောက်တွေ၊ နေရာတွေရဲ့ ဓါတ်ပုံတွေကို တွေ့ရတော့ ဗမာပြည်ကို အတော် လွမ်းဆွတ်မိတယ်။ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ပြန်ခွင့်ရလို့ ပြန်နိုင်နေတဲ့ သူငယ်ချင်းတွေ ကိုယ်စား ၀မ်းသာမိသလို သူတို့ ရေးသမျှ ပို့စ်တွေတိုင်းကိုလည်း အမိမြေကို အလွမ်းစိတ်နဲ့ လိုက်လိုက် ဖတ်မိပါတယ်။ အဲသည်လို စာတွေကို ဖတ်ရ၊ ဓါတ်ပုံတွေကို တွေ့ရတဲ့ အခါတိုင်း ထမင်း မရှိတဲ့ အရပ်မှာ အေးစက် မာခဲနေတဲ့ ထမင်းကြမ်းခဲလေး တတုံး စားခွင့်ရသလိုပါပဲ ခံစားမိတယ်။ ပူပူနွေးနွေး ဖွေးဖွေးလွလွ ထမင်း တပန်းကန်ကို မစားရပေမယ့် ထမင်းကြမ်းလေး တခဲကို အဆာပြေ စားခွင့်ရသလို အာသာပြေခဲ့တဲ့ အတွက် အဲသည် သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ်လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ၊ ကိုယ်ရောက်ခဲ့ဖူးတဲ့ နေရာတွေ၊ ကိုယ်စားခဲ့ဖူးတဲ့ အစား အသောက်တွေ၊ ကိုယ်ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေ - အဲလို အရာတွေအားလုံးနဲ့ ဝေးကွာနေတဲ့ အရပ်တခုကို အကြောင်းကြောင်း တွေကြောင့် ရောက်နေခဲ့ရသူတိုင်းမှာ အလွမ်း ဆိုတာ ရှိနေ တတ်တာပါပဲလေ။ အဲသည် လူတွေထဲမှာ ကျနော်လည်း တယောက် အပါအ၀င်ပေါ့။ တချိန်တုန်းက ကျနော် လျှောက်ဖူးခဲ့တဲ့ အဲသည် လမ်းတွေကို ခုအချိန်မှာ ကျနော့် ခြေအစုံက လွမ်းတယ်၊ တချိန်တုန်းက ကျနော် ရောက်ဖူးခဲ့တဲ့ အဲသည်နေရာတွေကို ခုအချိန်မှာ ကျနော့် စိတ်အာရုံက လွမ်းတယ်၊ တချိန်တုန်းက ကျနော် စားခဲ့ဖူးတဲ့ အဲသည် အစားအသောက်တွေကို ခုအချိန်မှာ ကျနော့် လျှာဖျားက လွမ်းတယ်၊ တချိန်တုန်းက ကျနော် ခင်မင်ရင်းနှီးခဲ့ဖူးတဲ့ ကိုယ်ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေကို အခုချိန်မှာ ကျနော့် နှလုံးသားက လွမ်းတယ်။

သူငယ်ချင်း တယောက်ကတော့ ကျနော့်ကို အားမနာ လျှာမကျိုး ပြောဖူးတယ်။ - အားအားရှိ လွမ်းနေတာပဲ... အလွမ်းတွေနဲ့ပဲ ပျော့စိနေတော့တာပဲ... - တဲ့။ တကယ်လည်း ဟုတ်လောက် ပါတယ်။ ဒါပေသည့် ကျနော် ကလည်း ကိုယ် ချစ်မက်ရာ အရာအားလုံးကို ချစ်ခင် မြတ်နိုး စွဲလန်း ပွေ့ဖက်နေတတ်တဲ့ နှလုံးသား တခု ကလည်း ရင်ဘတ်ထဲမှာ ရှိနေခဲ့တာကိုး။ သည်လိုနဲ့ သည်အရာအားလုံးနဲ့ ဝေးကွာနေရချိန်မှာ လွမ်းဆွတ်မှုကို ခံစားနေရတတ်တာဆိုတော့ တစုံတယောက်က အပြစ် ပြောလည်း ခံရရုံပါပဲ။ လွမ်းဆွတ် တတ်တဲ့ နှလုံးသား တစုံနဲ့ မွေးဖွားလာတာ ဆိုတော့လည်း လွမ်းနေတတ်တော့တာပါပဲလေ။














သည်ရက်ထဲ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတယောက်ဖြစ်တဲ့ (မကေ)က ကျနော့်အတွက် အလွမ်းပြေ ဆိုပြီး သူ ရိုက်ယူ လာခဲ့တဲ့ ဓါတ်ပုံတချို့ကို ပို့ပေးလာတဲ့အခါ လွမ်းစရာတွေ ပိုဖြစ်လာပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူ ပို့ပေးတာက ကျနော် ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့တဲ့ ရန်ကုန် တက္ကသိုလ်မှာ အတန်းတွေ တက်ခဲ့ဖူးရာ မန္တလေး ဆောင်ကို သူက ဓါတ်ပုံရိုက်ယူလာတာပါ။ ၁၉၈၅ မှာ ကျနော်က ကျောင်းပြီးခဲ့တာ ဆိုတော့ ခုဆို မန္တလေး ဆောင်ကို ကျနော် မတွေ့ရတော့တာ အနှစ် အစိတ်နီးပါးရှိနေပါပြီ။ ခုတော့ ၂၅ နှစ် နီးပါးကြာမှ ပြန်တွေ့ရတဲ့အခါ ကျနော့်ရဲ့ ရွှေရောင် နေ့ရက်တွေကို ပြန်လွမ်းဆွတ်ပါတယ်။ အပူအပင် မရှိခဲ့သော ပြက္ခဒိန်များကို ပြန်တမ်းတမိပါတယ်။













တကယ်တော့ မန္တလေးဆောင်ကတော့ အတွင်းထဲမှာ သူ့နဂိုရ်အတိုင်းပါပဲ။ ဒါပေသည့် အပြင်မှာတော့ အပြောင်းအလဲတွေ ရှိမှာပေါ့လေ။ ဗမာပြည်ရဲ့ သမိုင်းတခုမှာ မှတ်တမ်းတခု ဖြစ်ခဲ့တဲ့ မန္တလေးဆောင်ဟာ နဂိုရ်တုန်းက စာသင်ဆောင်မဟုတ်ပါဘူး။ အဆောင်နေ ကျောင်းသားတွေအတွက် Hostel ခေါ်တဲ့ အဆောင်ပါ။ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြောရင် မန္တလေးဆောင်ကလည်း တဒေါင့်တနေရာမှာ ပါနေရတာပါပဲ။ မန္တလေးဆောင် ရှေ့တည်တည့်မှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်မှာ မိုင်းခွဲ ဖြိုဖျက်ခံခဲ့ရတဲ့ တကသရဲ့ Union အဆောက်အဦး ရှိခဲ့ဖူးတဲ့ ကွက်လပ်ကြီးရှိတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှိတယ်။
ကျနော် ကျောင်းတက်တုန်းက အဆောင်ရှေ့မှာ ဘေးမှာ ဘာ အပင်မှ မရှိခဲ့ဖူးဘူး။ ခုတော့ ဘေးမှာ အပင်တွေနဲ့။ ပြီးတော့ ကျနော်တို့ ကျောင်းတက်တုန်းက မန္တလေးဆောင်က ဖြူလွ သပ်ရပ်လို့။ ခုလို ဟောင်းနွမ်း ညစ်ပတ် မနေဘူး။ ရှေ့မှာ ကတော့ တကသ အဆောက်ဦး ရှိခဲ့ဖူးရာ ကွင်းပြင်ပါ။ ခုတော့ ဘယ်တက္ကသိုလ်ကျောင်းသားမှ အားကစား လှုပ်ရှားမှု သွားမလုပ်ရတော့တဲ့ Gym ပဲ ရှိတော့တယ်။













နောက်တခုကတော့ ဗိုလ်အောင်ကျော် ကျောက်တိုင်။














အခုကတော့ ကျနော် လွမ်းတယ်။

သည်ဓါတ်ပုံတွေကြည့်ပြီး ကျနော့် နောင်တော်ကြီးတွေကို ကျနော် လွမ်းတယ်။

ှုဗိုလ်အောင်ကျော်ကို ကျနော်လွမ်းတယ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဌေးမြိုင် - ကျနော် လွမ်းတယ်။
ခင်ဗျားတို့သာ ကျနော့်နေရာမှာ ရှိနေရင် ဆွန်ဇူးကိုလွမ်းမယ်၊ ကွန်ဖျူးရှပ်စ်ကို လွမ်းမယ်၊ ဗုဒ္ဓကို လွမ်းမယ်၊ ဂျီးဆပ်စ်ကို လွမ်းမယ်၊ ကားလ်မာ့က်စ်နဲ့ အိန်ဂယ်လ်ကိုလည်း ခင်ဗျားတို့ လွမ်းမှာပဲ။ ကျနော် ကောင်းကောင်း ယုံကြည်တယ်။

24 comments:

Anonymous said...

Q-1 တက်ခဲ့ဖူးတဲ့ တောင်ငူဆောင်ကြီးကို လွမ်းတယ်....။ဆရာဆရာမတွေကိုလည်း လွမ်းတယ်...။ ပြည်ပကိုထွက်လာတာ ကြာလာလေ ပိုပိုပြီးတော့ လွမ်းမိလေပါဘဲ...ကိုယ်တွေ့ ကြုံဖူးမှ ခံစားရမှ ပိုလွမ်းမိတာပါ ။ ကိုအောင်သာငယ်ကို ကိုယ်ချင်းစာမိပါတယ်.....အမြန်ဆုံး အလွမ်းတွေပြေပျောက်နိုင်ပါစေ....။ မီးငယ်

Anonymous said...

ကျမ ကတော့ ကဒါဖီကို လွမ်းတယ်
လီနင်ကို လွမ်းတယ်
စတာလင် ကို လွမ်းတယ်
ချေဂွေ ဗားရား ကို လွမ်းတယ်

mama

Nge Naing said...

ကိုအောင်သာငယ်ရေ
မြန်မာပြည်နဲ့ ပတ်သက်ပြီး လွမ်းစရာတွေကို ပြောရင်တော့ ဘယ်တော့မှ ပြီးမယ်မထင်ဘူး။ ကျွန်မက ရုပ်ရှင်ကြည့်ရင်း မြန်မာပြည်ကို လွမ်းလိုက်တာလို့ ပြောရင် ကျွန်မသားက ညစ်လည်းညစ်ပတ် Criminal လည်း သိပ်များတဲ့ နိုင်ငံဆိုပြီး ပြောလို့ လူမမယ်အရွယ်သားနဲ့ ခဏခဏရန် ပြန်ဖြစ်ရသေးတယ်။ မြန်မာ ရုပ်ရှင်တွေမှာက ထိုးခန်းသတ်ခန်းတွေ သိပ်များတာ၊ ပြီးတော့ TV မှာ မြန်မာ သတင်းလာရင်လည်း ပစ်ခတ်တာတို့ မာကြာခဏတွေ့ရလို့ ပြောတာဖြစ်တယ်။ ရုပ်ရှင်ကြည့်ရင် ထိုးခန်းသတ်ခန်းရောက်လို့ သူ့ကို မကြည့်ဖို့တားရင်လည်း ကလေးမကြည့်ရဘူးဆိုတဲ့ Notice မပါရင် ကြည့်လို့ရတယ်ဆိုပြီး နားမထောင်လို့ အမြဲပဲ တပိုင်းတစနဲ့ ရပ်ပြီး သူမရှိတဲ့အချိန်မှ ပြန်ကြည့်ရတာ များတယ်။

ဒါနဲ့ ကျောင်းသား ခေါင်းဆောင်တွေထဲမှာ ကိုဌေးမြိုင်က ဘယ်အရေးခင်း ဒါမှမဟုတ် ဘယ်ခေတ်တုန်းက ကျောင်းသားလဲ။ ကိုအောင်သာငယ် ရေးထားတဲ့ ကျောင်းသားခေါင်းဆောင် နာမည်တွေအထဲမှာ ဒီတယောက်ကို ကျွန်မမသိလို့။ ပြီးတော့ ဂျီးဆပ်စ်က ဘာလုပ်ခဲ့လဲဆိုတာ မေ့သွားပြီ ကျန်တဲ့သူတွေကိုတော့ သိတယ် အဲဒါလေး နှစ်ခု သိချင်တယ် ပြောပြလို့ ရမလား။ မြန်မာပြည်မှာ ရန်ကုန်လည်း မရောက်ဖူး၊ တက္ကသိုလ်လည်း မရောက်ဖူးပေမယ့် အခုလို ရန်ကုန် တက္ကသိုလ်နဲ့ ပတ်သက်တာတချို့ကို ဒီပို့စ်ထဲမှာ သိခွင့်ရတာ ကျေးဇူးပါပဲ။

Taungoo said...

တစ်နေ့တော့ ပြန်ရမှာပေါ့ အကိုရာ...

JuneOne said...

ပိုပိုပြီးလွမ်းလာပြီ။

ဇရာအို said...

လွမ်းပါတယ်၊ ဒါပေမဲ့ ဒီလိုယုတ်မာမိုက်ရိုင်းတဲ့ စစ်အာဏာရှင်တွေ အုပ်စိုးနေသေးသ၍ ပြန်သွားမကြည့်ချင်ပါဘူး၊ ခါးသီးစွာစိတ်နာပါတယ်။ လောလောဆယ်တော့ သူတို့ကိုအပျောက်ချေမှုန်းဖို့ အခွင့်ရရင်ပြန်သွားချင်ပါတယ်။

Ko Paw said...

ကိုဌေးမြိုင်ဆိုတာ ဆရာဒဂုန်တာရာကို ပြောတာမို့လား။း-)

အောင်သာငယ် said...

မငယ်နိုင် - ကိုဌေးမြိုင်ဆိုတာ အခု ပြီးခဲ့တဲ့ မေလထဲမှာ အသက် ၉၀ ပြည့်ခဲ့တဲ့ ဆရာ ဒဂုန်တာရာပေါ့... ကိုပေါပြောတာ မှန်ပါတယ်...

ဂျီးဆပ်စ်ကတော့ အပြစ်သားတွေ အားလုံး အတွက် ကားစင်မှာ ပေးဆပ်ခဲ့တဲ့ မေတ္တာရှင်ပါ...

ဂျီးဆပ်စ် ဘာလုပ်ခဲ့လဲ ဆိုတာတော့ Roman Catholic သမိုင်းတွေကို Google မှာ ဖြစ်ဖြစ်၊ Wiki မှာ ဖြစ်ဖြစ် ရှာကြည့်ကြည့်ပါ။ Under the name of Jesus

သက်ဝေ said...

အကို ယုံကြည်တဲ့အတိုင်း ကျွန်တော်လဲ အတူတူ လွမ်းသွားပါတယ်...

P.Ti said...

လွမ်းတယ် အကို...
မန္တလေးဆောင်ရှေ့မှာ မနက်မနက်ဆို စုစုပြီး လမ်းလျှောက်ခဲ့တာလေ...

နောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ကို အနားအထိသွားပြီး အလေးပြုဖူးသေးတယ်...

မနက်စာစားနေကျ တောင်ငူကန်တင်းကို လွမ်းတယ်... ဦးချစ်၊ အန်တီမြ၊ အရှည်ကြီး တို့ဆိုင်တွေပေါ့...
နေခဲ့ဖူးတဲ့ ပင်းယဆောင်ကိုလွမ်းတယ်...
ထိုင်ခဲ့ဖူးတဲ့ စာတိုက်ဝန်းထဲက ဆိုင်းတန်းတွေကိုလွမ်းတယ်...
လျှောက်ခဲ့ဖူးတဲ့ အဓိပဓိလမ်းကိုလွမ်းတယ်...
ညတိုင်း အင်းလျား၊ ရတနာ၊ သီရိ မှာ အော်ခဲ့တာတွေကိုလွမ်းတယ်...

နောက်ဆုံးဗျာ... ညညဆို အဆောင်နောက်မှာ ဖွင့်တဲ့ လက်ဖက်သုတ်ဆိုင်ကိုတောင် လွမ်းတယ်...

Kay said...

ပီတိ နဲ့ လွမ်းတာချင်းတူပြီ..
အန်တီမြ ဆိုင်ထိုင်ရင် လာလာ ပိုက်ဆံတောင်းတဲ့ ကုလားလေး ကိုတောင် သတိရလာပြီ။
အင်းလျားရှေ့မှာ လာအော်တဲ့ အသံကွဲကွဲ နဲ့ တယောက်က..ပီတိ ထင်တယ်..း)
နေအုံး..တို့လည်း လွမ်းတဲ့စာ တပုဒ်တော့ ရေးအုံးမယ်။

သားထူး said...

ချစ်ကိုကြီးလွမ်းတဲ့ အထဲမှာ ( .................. ) ပါသေး
တယ်နော် အဲဒါကိုတော့ထည့်မရေးဘူးလားဗျာ့. ဟဲ ဟဲ
အိမ်ရှင်မ သိသွားမှာစိုးလို့လား ဖော်လိုက်ပြီနော်..
ကျန်တာတော့ ဆက်ပြီးတော့ ကြည့်ကျက်ရေးလိုက်ပေါ့

Moe Cho Thinn said...

အလွမ်းအစိုင်အခဲကြီး ဖြစ်နေတာ ကြာပေါ့။

ကိုလူထွေး said...

ူခုနေ ကိုအောင်သာငယ်ကြီး မြန်မာပြည်ပြန်သွားရင် ကျွန်တော်တို့ လဲ လွမ်းကျန်ရစ်ခဲ့ရဦးတော့မှာပဲ...

ပြန်ဖို့ အခွင့်သာတဲ့တစ်ချိန်ကျရင်တော့ ပြန်ရမှာပေါ့ဗျာ...

အဲဒီအခါကျရင်တော့ အားလုံး ပြန်ဆုံကြတာပေါ့...

ဂျူနို said...

မဲဇာတောင်ခြေ ကို သင်ရတော့ ဒီမတ်ကြီးနယ် လွမ်းပဲလွမ်းနိုင်တယ် ထင်ခဲ့တာ။
ခုကြတော့ ကိုယ်က အရမ်းလွမ်းတတ်နေပြီ။
အဖော်ရှိလို့ မလွမ်းပို တစ်ယောက်ထဲ မဟုတ်ဘူး။တော်သေးတယ်။
ဗမာ စကားသံကိုလည်း လွမ်းတယ်။
ထမင်းစားရင်တောင် ဗမာပြည်က ပန်းကန်နဲ့ တူတာလေးနဲ့ မှ။
တစ်ခါတစ်လေ ကြမ်းပေါ်ထိုင်စားသေးတယ်။

sonata-cantata said...

SG ရောက်တာ ဆယ်နှစ်ကျော်ပါပြီ...ပြောင်းခဲ့ရတဲ့ အိမ်တွေကလည်း ဆယ်ဂဏန်းကျော်ပါပြီ...တနေရာမှ မစွဲလန်းသလို အိမ်မက်ထဲလည်း တခုမှရောက်မလာကြပါဘူး...တင်းခံနိုင်လွန်းတဲ့ အလွမ်းတွေနဲ့ နှလုံးသားကြီးကိုတောင် ကြွပ်ဆတ်ဆတ်နဲ့ မာလှချည်လားလို့ ချဉ်တင်တင်ဖြစ်မိပါရဲ့

မသီတာ

တန်ခူး said...

တနှစ်တခေါက်ပြန်ဖြစ်နေတာတောင် ပြန်ရောက်ပြီး နောက်တနေ့ က စလွမ်းတာ နောင်နှစ်မပြန်ခင် တရက်အလိုအထိ… ပျော်တဲ့အရပ်ကို ချန်ထားရစ်ပြီး တော်တဲ့အရပ်ကို လာကြရသူတွေတိုင်း ဒီလိုနေမှာပါ… ပုံမှန်ပြန်ရသူတောင် ဒီလောက်လွမ်းနေမိတော့ မပြန်ရသူတွေကို နက်နက်နဲနဲ ကိုယ်ချင်းစာမိပါတယ်… အလွမ်းတွေ အမြန်ပြေပါစေတော့လေ…

Nge Naing said...

ကိုအောင်သာငယ်ကလည်း မြန်မာစာနဲ့ ရိုက်ရင်လည်း မြန်မာမှု ပြုထားတဲ့အတိုင်း မြန်မာလိုနဲ့ ယေရှုဆိုလည်း ယေရှုလို့ မရေးပဲ အင်္ဂလိပ်လိုကို မြန်မာစာနဲ့ သွားရိုက်တော့ ကျွန်မလည်း ယောင်သွားတာပေါ့။ ကျွန်မသားလေးက ကျွန်မတို့ လင်မယား အိုလံပစ်တုန်းက အားကစားတွေအကြောင်း ပြောနေတဲ့အထဲမှာ Bejing ကို ပီကင်း၊ Turkey ကို တူရဂီ၊ British ကို အင်္ဂလိပ်လို့ ပြောတာကို ကျွန်မသားလေးက မေမေတို့က ဘာဖြစ်လို့ အမှန်တိုင်း မခေါ်ပဲ မှားမှားကြီးတွေ လိုက်ခေါ်နေရတာလဲ ဆိုပြီး ရီနေလို့ မေမေတို့က ဗမာလို ပြောနေတာ အင်္ဂလိပ်လို ပြောနေတာမဟုတ်ဘူး အဲဒါကြောင့် ဗမာခေါ်တဲ့အတိုင်းပဲ ပြောတာလို့ သားကို ပြန်ရှင်းပြရသလို အခုလည်း ကိုအောင်သာငယ်က ဗမာခေါ်တဲ့အတိုင်း ရေးခဲ့ရင် ကျွန်မလည်း ယေရှုကို ပြောမှန်းသိမှာပါ။ ကိုဌေးမြိုင်ဆိုတာ ဒဂုန်တာရာမှန်း သိရတာကိုတော့ ကိုအောင်သာငယ်ကိုရော ကိုပေါကိုပါ ကျေးဇူးတင်ပါတယ်။

အောင်သာငယ် said...

မီးငယ် - တောင်ငူနဲ့ မန္တလေးဆိုတာ မောင်နှမအဆောင်တွေပေါ့... မောင်နျမတွေကို လွမ်းတယ်ဗျာ...

မမ - မော်စီတုန်းနဲ့ ချူအင်လိုင်းကိုရော မလွမ်းဘူးလားဗျ...း)

မငယ်နိုင် - အေးဗျာ... အမှန်ကတော့ မြန်မာမှုပြုပြီးသား အမည်တွေကို ကျနော်က သုံးရမှာပါ... အခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. နောက်ဆို ကျနော် ဂရုစိုက်ပါ့မယ်...

တောင်ငူသား - တနေ့တော့ မြတ်စောညီနောင်ကို ပြန်ဖူးရင်း ပသိချောင်းမှာ ရေစိမ်ချင်သေးတယ်... ခပေါင်းချောင်းဘေးမှာလည်း ဘီယာသွားသောက်ချင်သေးတယ်...း)

JuneOne - လွမ်းအောင် လုပ်မိတဲ့အတွက် ဆောရီး...

ကိုပေါ - ဟုတ်တယ်လေ ဆရာ့ နံမည်ရင်းပဲ...

သက်ဝေ - ပူးပေါင်းလွမ်းဆွတ်သွားတဲ့အတွက် ကျေးဇူးပါ...

ကပီတိ - လွမ်းပါတယ်ဆိုမှ ပိုလွမ်းအောင် လာလုပ်သွားတယ်... ယမ်းဘီလူးနဲက အီကို ကဲန်တီန်းက ဦးကျော် ဆိုင်ကိုတောင် သတိရသွားပြီ... အဆောင်သူ... အဆောင်သူ... အလွမ်းပြေ... ဆိုတဲ့ သီချင်းတပုဒ်ကိုလည်း ပြန်လွမ်းမိသွားပြီ...

မကေ - ကပီတိ အသံကို အဲသည်တုန်းက အဆောင်သူတိုင်းကြားဖူးခဲ့မယ် ထင်တယ်...း) ဒါနဲ့ လွမ်းတဲ့ စာတပုဒ်တော့ ဖတ်ချင်ပါသေးသဗျား...

သားထူး - သိသားနဲ့... တိတ်တိတ်နေ... ဟ... အနောက်မှာ ဓါးကိုင်ပြီး စောင့်နေတဲ့သူ တယောက်ရှိတယ်...း)

ညီမချိုသင်း - ဟုတ်ပါ့...

ကိုလူထွေး - ညီအကို မောင်နှမတွေ အတူမပြန်နိုင်သေးသရွေ့ ကျနာ် မပြန်သေးပါဘူးဗျာ...

မအယ် - မအယ် ဘလော့ ခဏနားထားတုန်းကလည်း လွမ်းမိသဗျ...း) ခုတော့ စာတွေ ဆက်တိုက် ရေးနေတော့ မလွမ်းတော့ဘူး... ဟဲ...

မသီတာ - ကိုဧရာကရော အဲသည် ဖြစ်နေသလား

မတန်ခူး - ဆုမွန်ကောင်းအတွက် ကျေးဇူးပါဗျာ...

khin oo may said...

ဓါတ်ပုံတော်တော်များများရိုက်ခဲ့တာ ကိုအောင်သာငယ်အတွက်.one of the reason ပါ။ မညာပါဘူး။

khin oo may said...

convocation အနောက်ကိုလည်း၇ိုက်ခဲ့သေးတယ်။

မောင်မျိုး (ပြာသို) said...

လွမ်းရယ်မပြေဘူး ကျောင်းသားဘ၀ပေါ့ အန်ကယ်ရေ့ ။

အားအားရှိ လွမ်းနေတာပဲ... အလွမ်းတွေနဲ့ပဲ ပျော့စိနေတော့တာပဲ.. ကျနော်လည်း အဲ့လိုပြောခံထိဖူးတယ် ခဏခဏပဲ ။

Nolan said...

ကိုအောင်သာငယ်က Jesus ကို ဂျီးဆပ်စ်လို့ တိုက်ရိုက် မြန်မာသံထွက်ရေးတော့ ကျမလည်း နည်းနည်း ကြောင်သွားတယ် ကြားနေကျက ဂျေးဇက်စ်ကိုး။ ဒီမှာက စိတ်ပျက်ရင်လည်း ဂျေးဇက်စ်ခရိုက်စ်လို့ အော်လေ့ရှိတယ်မဟုတ်လား။

tg.nwai said...

အစ်ကိုရေ.. ကျောင်းကြီးကတော့ တကယ်တမ်း ပြန်မြင်ရရင် လွမ်းစရာထက် သနားစရာ ပိုကောင်းနေမယ်ထင်ပါတယ်..