May 5, 2009

အတ္ထုပ္ပတ္တိ


















ငှက်မွှေး တစကတောင်
ကျောက်ခဲ တလုံးလို လေးလံပြရင်း
ပိပိရိရိ ဟန်ဆောင်နေနိုင်တဲ့ ည...
အဲသည်ညမှာ
ပေါ့ပါးနေတဲ့ ငှက်မွှေးတစကို
ကျောက်ခဲတွေက ဘာပြောရပါ့...

အစိုးမရတဲ့ တိမ် တအုပ်က
တောင်တန်း တခုလို မျက်လွှာတွေချ
တည်တည်ငြိမ်ငြိမ် အိနြေ္ဒရနေတဲ့ နေ့...
အဲသည်နေ့မှာ
လွင့်ချင်ရာလွင့်နေတဲ့ တိမ် တအုပ်ကို
ကျောက်ချထားတဲ့ တောအုပ် တအုပ်က ဘာပြောရပါ့...

သဲပွင့်တွေကလွဲလို့ ဘာမှ မရှိတဲ့ ကန္တာရ
အမြဲစိမ်းတော တအုပ်လို အေးအေးမြမြ
အလွန်တရာ စိုစွတ်ပြနေတဲ့ ဒေသ...
အဲသည် ဒေသမှာ
ပူလောင် ခြောက်သွေ့နေတဲ့ ကန္တာရကို
မြက်ခင်းစိမ်းနဲ့ တဲငယ်လေးက ဘာပြောရပါ့...

သွေးအေးတဲ့ လူသတ်သမား တယောက်က
မေတ္တာတရားကို ချပ်ဝတ်တန်ဆာလို ၀တ်ဆင်ရပါမယ့်အကြောင်း
အကြိမ်ပေါင်း ထောင်သောင်း ဟောပြောနေတဲ့ နိုင်ငံ...
အဲသည်နိုင်ငံမှာ
သွေးဆာနေတဲ့ လူသတ်သမားကို
အပြစ်မဲ့ အသတ်ခံလိုက်ရသူက ဘာပြောရပါ့...

သစ်ရွက်ခြောက် တရွက်က
လေအတိုက်မှာ အပင်က ကြွေကျခဲ့ရတာကို
အနစ်နာခံလိုက်တာပါလို့ အဓိပ္ပါယ်ဖွင့်နေတဲ့ စာမျက်နှာ...
အဲသည်စာမျက်နှာမှာ
အချိန်တန်လို့ ကြွေကျတဲ့ သစ်ရွက်ခြောက်ကို
ရွက်နုသစ်တွေနဲ့ စိမ်းစိုနေတဲ့သစ်ပင်က ဘာပြောရပါ့...

အလင်းတွေကို ခိုးဝှက်လုယူရင်း
တစမကျန် စားသောက်ပစ်ပြီး အောင်ပွဲခံနေတဲ့ညက
နေ့တနေ့ဟာ သူ့ အလုပ် သူ မလုပ်ဘူးလို့ စွပ်စွဲနေတဲ့ ကာလ...
သည်ကာလမှာ
စဉ်းလဲနေတဲ့ညကို
အချိန်ကာလက ဘာပြောရပါ့...

ကြက်တကောင်က
အမည်သာကွဲတာပါ
ငှက်ချင်းအတူတူပါပဲလို့ လင်းယုန်တကောင်ကို တန်းညှိလိုက်တဲ့ အခါ...
သည်အခါမှာ
တိမ်တွေထဲ မပျံသန်းနိုင်တဲ့ ကြက်ကို
သိန်းစွန်ငှက်တကောင်က ဘာပြောရပါ့...

ဘယ်မှာပဲ အညှာကို စစ မစစ
အရှိန်အဟုန် ကြီးကြီး မကြီးကြီး
ရေတံခွန်လို ဇောက်ထိုး ဆင်းဆင်း မဆင်းဆင်း
သောင်ထွန်းထွန်း မထွန်းထွန်း
ကျွန်း ခံခံ မခံခံ
ချောင်းမှန်ရင် မြစ်ထဲ စီးဆင်းရ...
မြစ်မှန်ရင် ပင်လယ်ထဲစီးဆင်းရ...
သည်ဓမ္မမှာ
ချောင်းဟာ မြစ် မဟုတ်တာ
အသေအချာပေါ့...

ATN

Photo Source:http://abstractart.blogdrive.com/

9 comments:

တောင်ပေါ်သား said...

အကိုရေ ကဗျာကောင်းတယ်ဗျာ သေချာလေးကို ခံစားသွားတယ်


လေးစားလျက်
တောင်ပေါ်သား

pandora said...

တော်တော် တွေးစေတဲ့ ကဗျာပဲ
ချောင်းဟာ မြစ် မဟုတ်တာ
အသေအချာပေါ့...
နာဂစ်နောက်ပိုင်း ရေကြောင်းတွေ ပြောင်းသွားတယ် ဆိုပဲ.. တချို့ချောင်းတွေကျယ်ပြီး မြစ်များ ဖြစ်သွားပြီလား

ကောင်းကင်ကို said...

အစ်ကိုရေ။ ကဗျာလေး ရင်ထဲထိလွန်းလို့ အထပ်ထပ်ဖတ်သွားတယ်ဗျာ

မယ်ကိုး said...

နှစ်သက်မိတဲ့ အတ္ထုပ္ပတ္တိပါ။
စကားလုံး ဆိုလိုရင်းတွေက တည့်တည့်မတ်မတ်ပဲ ထိခိုက်သွားပါတယ်။

ဦးဂင်ကြီး said...

မပန်ပြောသလိုပါပဲ နာဂစ်နောက်ပိုင်း တချို့ချောင်းတွေဟာ မြစ်လိုလို ချောင်းလိုလိုဖြစ်သွားတယ်တဲ့ တွေးစရာတွေအများသားကလား ကဗျာရှင်ရေ့။

မေ့သမီး said...

အကိုရေ ကဗျာကိုသေချာဖတ်သွားပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအကြောင်းကို ရေးထားတာမဟုတ်ဘူးဆိုတာတော့ ခံစားမိပါတယ်။ ကိုယ်ကပဲ အရှည်ကြီးတွေးနေတာပဲလား။ ကဗျာဆရာကပဲ အဲဒီလိုရေးထားတာလားမသိဘူး။ တွေးစရာဖြစ်သွားတာတော့ အသေအချာပဲ။

Mie Nge said...

ကဗျာလေးကကောင်းလို့ ပြောစ၇ာမ၇ှိတော့ပါဘူး .
ကိုယ်တိုင်ေ၇းတွေများလှချည်လားဗျ ကိုအောင်သာငယ်ေ၇...

ခွာညို said...

ကောင်းလိုက်တာ...လို့ပြောရမှာတောင် ကဗျာကိုသိမ်ငယ်သွားစေတဲ့စာလုံးတွေဖြစ်နေမှာစိုးမိပါတယ်။

ချောင်းတွေက မြစ်လိုကျယ်နေတဲ့အချိန်မှာ မြစ်ထဲက သယံဇာတတွေလိုချင်လို့ မိုင်းခွဲကြ သောင်ထိုးကြနဲ့ အတင်းအဓမ္မအပြောင်းခံလိုက်ရတဲ့ မြစ်တွေအတွက် ရင်နာမိနေတယ်လို့ခံစားမိပါတယ်။

သက်ဝေ said...

ကဗျာတပိုဒ်ကို ဖတ်လိုက်.. တွေးလိုက်...
တွေးရင်းနဲ့ ဆက်ဖတ်လိုက်... ဖတ်ရင်းနဲ့ ဆက်တွေးလိုက်...
မဆုံးနိုင်တဲ့ အတွေးများစွာ...
တွေးခွင့်ရ၍ ကျေးဇူးပါ...