May 4, 2009

အသေမွေးခဲ့တဲ့နေ့












အခန်းတွေတိုင်းမှာ ဘာတခုမှမရှိတဲ့ အိမ်တွေက
အရိပ်တွေနဲ့သာ ပြည့်ကျပ်နေတဲ့အခါ...
ဖန်ခွက် ဟောင်းလောင်းတွေနဲ့ပဲ
ပြည့်နှက်နေရှာတဲ့ အခန်းလွတ်တွေကလည်း
တခြားအရာတွေအတွက် နေရာမပေးနိုင်တော့တဲ့အခါ...
နေ့တွေကို မျိုမျိုချပစ်ခဲ့တဲ့ ညတွေဆိုတာကလည်း
ပက်ပက်စက်စက်ကို လင်းလက်နေတဲ့အခါ...
ရင်ဘတ်ထဲမှာ တိုးတိုးတိတ်တိတ် ကျိတ်မှိတ် သိမ်းဆည်းထားခဲ့ရတဲ့ အသံတွေသာ
ဘယ်သူမှ မကြားရအောင် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲရရှာ...

သူ့ပန်းတိုင်ရှိရာ ဒုံးစိုင်းပြေးသွားတဲ့
ငါ့အိမ်ရှေ့က လမ်းကလေးက ဖြောင့်တန်းနေဆဲမှာ...
အမူးသမားတယောက်က ကွေ့ကောက် ယိုင်ထိုးရင်း
မျဉ်းဖြောင့်တကြောင်းကို တွန့်လိမ်သွားအောင် ရေးဆွဲခဲ့တာ...

သည်လိုနဲ့
တစ်နဲ့ တစ် ပေါင်းလို့ နှစ် မရခဲ့တဲ့အကြောင်း
ဂဏန်းပေါင်းစက်တခုက ကောင်းကောင်း သိသွားတဲ့အခါ
သိင်္ဂါရအလင်္ကာတွေ သေသွားပါပြီ...

သည်လိုနဲ့
စာတအုပ်ရဲ့ စာမျက်နှာတွေကို
စိတ်မပါ လက်မပါ တရွက်စီ တရွက်စီ အပျင်းပြေ လှန်သလိုမျိုး
ညတွေကို တညစီ တညစီ ဆွဲယူလို့
သစ်ရွက်တွေလို တညပြီး တည ထပ်ကြည့်လိုက်တဲ့အခါ
ည နှစ်ည အကြား အညှပ်ခံထားခဲ့ရတဲ့ နေ့ရက်တရက်
ထွက်ကျလာပါပြီ...

ငုံ့ကြည့်လိုက်တော့...
အဲသည်နေ့မှာ
နေရောင်ဆိုတာ
ပါကို ပါမလာခဲ့ဘူး...

ATN

3 comments:

မယ်ကိုး said...

နေ့တွေကို မျိုမျိုချပစ်ခဲ့တဲ့ ညတွေဆိုတာကလည်း
ပက်ပက်စက်စက်ကို လင်းလက်နေတဲ့အခါ...
ညတွေကို တညစီ တညစီ ဆွဲယူလို့
သစ်ရွက်တွေလို တညပြီး တည ထပ်ကြည့်လိုက်တဲ့အခါ
ည နှစ်ည အကြား အညှပ်ခံထားခဲ့ရတဲ့ နေ့ရက်တရက်
ထွက်ကျလာပါပြီ...

ကဗျာဆရာ မကြိုက်ဘူးဆိုလည်း ကဗျာဖတ်သူ နှစ်သက်ပါတယ်။

အိန္ဒြာ said...

ည နှစ်ည အကြား အညှပ်ခံထားခဲ့ရတဲ့ နေ့ရက်တရက်
ထွက်ကျလာပါပြီ...
တဲ့..လား...

လှတယ်..အကိုရေ...

Minn said...

ဟာဒီမှာလဲ ရွှေတွေအောတိုက်ပါလား လာလည်ရကြိုးနပ်တယ်ဗျို့...တဝကြီး ကူးခပ်သွားတယ်ဗျို့။