May 17, 2009

ပထမဆုံးကြုံရတဲ့ ကယ်လီဖိုးနီးယားငလျင်

ကျနော် ကယ်လီဖိုးနီးယားကို ရောက်လာတာ ခုဆို ၈ လ ရှိပါပြီ။ ကယ်လီဖိုးနီးယားဟာ ကမ္ဘာကျော် ဆန်အင်ဒရီးစ်ပြတ်ရွေ့ကြီး ရှိနေတဲ့ ပြည်နယ်ပါ။ အဓိပ္ပါယ်ကတော့ ငလျင်တွေ ပေါများတဲ့ ပြည်နယ်ကြီးပေါ့။ သည်မှာ ရောက်နှင့်နေပြီးသား သူငယ်ချင်းတွေကတော့ အဲသည် ငလျင်တွေကို ကြုံဖူးနေကြပါပြီ။ ဥပမာ- မိုးချိုသင်းဆို ရုံးတက်နေတုန်း ငလျင်လှုပ်တာ ကြုံရတဲ့အကြောင်း သူ့ဘလော့မှာတောင် ရေးထားခဲ့သေးတာပဲလေ။

ကျနော် သည်ရောက်တော့ သူငယ်ချင်းတွေကို ငလျင်အကြောင်း မေးဖူးပါတယ်။ အခု ကျနော် နေတဲ့ မြို့မှာတော့ ရှိတဲ့ သူငယ်ချင်းတွေဟာ လူတိုင်းနီးပါး ကြုံဖူးနေကြတာပဲ။ မကြောက်ဖူးလား ကျနော် မေးတော့ - အို... အားလုံးက သိနေတာပဲ။ သေရင်လည်း ကိုယ် တယောက်ထဲမှ မဟုတ်တာ... - လို့ ပြန်ဖြေကြလေရဲ့။ ကျနော်ကတော့ ဟာရီကိန်း မုန်တိုင်း တွေနဲ့ ဝေးရာ ဖလော်ရီဒါကို ကျောခိုင်းပြီး ငလျင်တွေပေါရာ ကယ်လီဖိုးနီးယားကို ပြောင်းလာခဲ့တာပါ။ ဟာရီကိန်းတွေကို စိတ်ညစ်လို့ ငလျင်တွေကို လာပွေ့ဖက်တာပါ...း)

ဒါပေသည့် ကျနော် ရောက်ကတည်းက တခါမှကို မကြုံသေးဘူး။ (အမှန်တော့ တခါမှကို သိသိသာသာ မခံစားရသေးဖူးဘူးလို့ ပြောရမှာပါ။ တကယ်တော့ နေ့တိုင်းလို လှုပ်နေတာပါ။ ကိုယ်က မခံစားရလို့ပါ)

ဟော... သည်နေ့တော့ ကျနော့်ကို ကယ်လီဖိုးနီးယားက ငလျင်တခုနဲ့ နှုတ်ဆက်လိုက် ပါသဗျား...။ ည ၈း၃၉။ ကျနော်တို့ မိသားစု နေထိုင်ရာ အပတ်မန့် အဆောက်အဦး တခုလုံး ပြင်းပြင်းထန်ထန် ယိမ်းထိုး လှုပ်ရှား သွားချိန်မှာ ကျနော့်လက်မှာ ပတ်ထားတဲ့ နာရီကို ကျနော် ကြည့်လိုက်တာပါ။ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေးနေတဲ့ ကျနော့် မဟေသီက - ဟဲ့... ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ... - လို့ အသံကုန် အော်နေ ချိန်မှာ ကျနော်နဲ့ ကျနော့် သားကြီးက Game တခုကို အတူ ဆော့နေကြတာပါ။ - ငလျင်လှုပ်တာ... ဟေ့... - လို့ ကျနော် ပြန်အော်ပြောလိုက်တဲ့ အချိန်မှာ သားကြီးကလည်း - It is just an earthquake, Momo... - လို့ ပြန်အော်လိုက်ပါသေးတယ်။ ကျနော့် စိတ်ထဲမတော့ နည်းနည်း ပူပန်သွားပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်ကြောင့် ကျနော် ခေါင်းတွေ ခဏ မူးသွားလို့ပါ။ သည်အချက်က ငလျင်ဟာ ရစ်ချတာစကေးလ်အရ သိပ်မသေးဘူးဆိုတာ နားလည်လိုက်လို့ပါ။ တမိနစ် လောက်တော့ တအိမ်လုံးဟာ တယောက်ယောက်က ကိုင်ပြီး ဆွဲခါနေသလို တဒုန်းဒုန်း လှုပ်နေတော့တာပါပဲ။ သတိရတာနဲ့ အိပ်ပျော်နေတဲ့ သားအငယ်ဆုံးလေးကို သူ့ ပုခက်ထဲက သွားပွေ့လာပြီး ကျနော့်လက်ထဲမှာ ချီထားလိုက်ပါတယ်။ ငလျင်က နောက်တော့ ခဏ ငြိမ်သွားပါတယ်။ ဒါပေမယ့် ၃ ကြိမ် လှုပ်တာဆိုတော့ ငြိမ်သွားတဲ့ အချိန်မှာတောင် နောက် ငလျင် အသေးစားလေးတွေ ဆက်လှုပ်နေကြောင်းတော့ သိနေပါတယ်။

ဒါနဲ့ Local Earthquake Link တွေကို ကျနော် ဖွင့်ကြည့်လိုက်တော့ သည်လို မြင်ရပါတယ်။
VI5.0GREATER LOS ANGELES AREA, CALIFORNIA33.94°N -118.34°W 13Km Deep2009-05-18 03:39:36 UTC2009-05-17 20:39:36 LOCALCI1041033727637

ရစ်ခ်ျတာစကေးလ်မှာ ၅.၀ ရှိတဲ့ ငလျင်ပါ။ သိပ်တော့ မသေးဘူး။ အောက်မှာ ရစ်ခ်ျတာစကေးကို အားလုံး သိနိုင်အောင် ကျနော် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး နံပတ်တွေကတော့ ပြင်းအားပါ။ နောက် အင်္ဂလိပ်စာကတော့ ငလျင် အမျိုးအစားပါ။ သူ့နောက် ကတော့ ငလျင်ရဲ့ သက်ရောက်မှုဖြစ်ပြီးတော့ နောက်ဆုံးကတော့ ဖြစ်ပွားလေ့ရှိတဲ့ အကြိမ်အရေအတွက်ပါ။

၂.၀ အောက် Micro လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၈,၀၀၀ ခန့်။
၂.၀-၂.၉ ထိ Minor ပုံမှန်အားဖြင့် လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၁,၀၀၀ ခန့်။
၃.၀-၃.၉ ထိ Often လှုပ်မှန်းသိ၊ ပျက်စီးမှု ဖြစ်ခဲ၊ တနှစ် အကြိမ် ၄၉,၀၀၀ ခန့်။
၎.၀-၄.၉ ထိ Light အဆောက်အဦးများလှုပ်၊ ကြီးမားသောပျက်စီးမှုဖြစ်ခဲ၊ တနှစ် အကြိမ် ၆,၂၀၀ ခန့်။
၅.၀-၅.၉ ထိ Moderate ငလျင်ဒဏ်ခံ မဟုတ်သော အဆောက်အဦးများ ပျက်စီး၊ ငလျင်ဒဏ်ခံ အဆောက် အဦးများ အနည်းငယ်ပျက်စီး၊ တနှစ် အကြိမ် ၈၀၀ ခန့်။
၆.၀-၆.၉ ထိ Strong ငလျင်ဗဟိုမှ မိုင်တရာအတွင်း အဓိက ပျက်စီးမှုများဖြစ်၊ တနှစ် အကြိမ် ၁၂၀ ခန့်။
၇.၀-၇.၉ ထိ Major အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊ တနှစ်လျင် ၁၈ ကြိမ် ခန့်။
၈.၀-၈.၉ ထိ Great မိုင်ရာချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သောပျက်စီးမှုများဖြစ်၊ တနှစ်လျင် တကြိမ် ခန့်။
၉.၀-၉.၉ ထိ Devastating မိုင်ထောင်ချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊နှစ် ၂၀ လျင် တကြိမ် ခန့်။
၉.၉ အထက် Epic မှတ်တမ်း မတင်နိုင်သေး၊ အလွန်တရာ ဖြစ်ခဲ။

သည် ရစ်ခ်ျတာစကေးအရဆို အခု လှုပ်တဲ့ ငလျင်က ၅.၀ ရှိတာမို့လို့ ကျနော်တို့ နေနေတဲ့ အပတ်မန့် ကသာ ငလျင်ဒဏ် ခံအောင် မဆောက်ထားခဲ့ရင် ပြိုကျပါပြီ။ ဒါပေသည့် ကယ်လီဖိုးနီးယားမှာတော့ Building Code တွေအတိုင်း အဆောက်အဦးတွေကို ဆောက်ထားတာပါ။ သည်တော့ အနည်းဆုံးတော့ သာမန် ငလျင် လောက်နဲ့တော့ ပြိုကျမှာ မဟုတ်ပါဘူး။ ဒါပေသည့် ဘာပဲဖြစ်ဖြစ် Major Earthquake တွေဆိုရင်တော့ ခံနိုင်မှာ မဟုတ်တာတော့ ကျိန်းသေနေတာပါပဲ။

ခုတော့ ကယ်လီဖိုးနီးယားငလျင် အကြောင်း တွေးရင်းကနေ ကိုယ့် ဗမာပြည်က ငလျင်တွေ အကြောင်းပါ ဆက်တွေးမိပါတယ်။

ဗမာပြည်မှာ မြောက်ကနေတောင်အထိ ဖြတ်ပြီး စစ်ကိုင်းကနေ အင်းတော်ကြီး အထိ ၂၆၀ ကီလိုမီတာ ခန့်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ဗမာပြည်မှာ ငလျင်တွေကို ဖြစ်စေတဲ့ အဓိက လက်သည်ပါ။ သည်ပြတ်ရွေ့ ကြောင့် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့မှာ အင်းဝနဲ့ စစ်ကိုင်းအနီးမှာ ဗဟိုပြု (epicenter) ခဲ့တဲ့ အင်းဝငလျင် ဖြစ်ပွားခဲ့ ပါတယ်။ ရစ်ခ်ျတာစကေး ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့်လည်း ဧရာဝတီ မြစ်ကမ်းမှာ ၅ ပေ မှ ပေ ၂၀ လောက်ထိရှိတဲ့ အက်ကြောင်းတွေ ဖြစ်ပေါ်ပြီး သဲတွေ ရေတွေ ပန်းထွက် ခဲ့တယ်လို့ မျက်မြင် သက်သေတွေရဲ့ ပြောစကားတွေကို မှတ်တမ်း တင်ထားခဲ့တဲ့ စာတွေအရရော၊ အုတ်နဲ့ ဆောက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ ပြိုကြလို့ သေဆုံးရတဲ့ ဘုန်းတော်ကြီးတွေ အပါး ၃၀၀ လောက် ရှိတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရတာကြောင့် အနည်းဆုံးတော့ ၈.၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မှတ်တမ်းတွေအရ ဗမာပြည်မှာ လှုပ်ခဲ့ဘူးတဲ့ ငလျင်ကြီးအချို့ထဲမှာ အောက်ပါ ငလျင်တွေဟာ အပျက်အစီးတွေ အတော်များခဲ့ပါတယ်။
၁။ ၁၈၃၉ ခုနှစ်၊ မတ်လ ၂၃ - အင်းဝငလျင်၊ ဘုန်းတော်ကြီး အပါး ၃၀၀ ခန့် သေကြေ၊ မင်းကွန်း ပုထိုးတော်ကြီး ပျက်စီး။ မင်းကွန်း ပုထိုးတော်ကြီးဟာ အဲသည်အချိန်က တည်ဆောက်နေဆဲပါ။ ငလျင်ကြီး ကြောင့် ပျက်စီးသွားတဲ့အတွက် ဆက်လက် မတည်ဆောက် နိုင်တော့ပဲ အဲသည်အပျက်အတိုင်း သည်နေ့ ထက်ထိ မြင်တွေ့နေကြရတော့တာပါ။
၂။ ၁၉၂၇ ခုနှစ်၊ ဇူလိုင်လ ၅ - ပဲခူးငလျင်၊ ရွှေမော်ဓောစေတီတော် ပျက်စီး။ လူအသေအပျောက် ရှိခဲ့။
၃။ ၁၉၃၀ ပြည့်နှစ်၊ မေလ ၅ - ပဲခူးငလျင်၊ လူ ၅၀၀နှင့် အဆောက်အဦးများ ပျက်စီး။ ရန်ကုန်မြို့၌လည်း အဆောက်အဦးများ ပျက်စီး။
၎။ ၁၉၇၅ ခုနှစ် - ပုဂံငလျင်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးအတော်များများ ပျက်စီး။

သည် ငလျင်တွေထဲမှာတော့ ၁၉၇၅ ပုဂံငလျင်က စစ်ကိုင်းပြတ်ရွေ့ အတိုင်း ဖြစ်တဲ့ အတွက် ရန်ကုန်မှာလည်း လှုပ်ခဲ့ ပါတယ်။ ကျနော့်ဘ၀မှာ ပထမဆုံး ကြုံခဲ့ဖူးတဲ့ ငလျင်ပါပဲ။ ကျနော်တို့ ညီအကို နေနေတဲ့ ၂ ထပ် အဆောက်အဦးနဲ့ အရှေ့က ဆေးဆိုးပန်းရိုက် လုပ်ရာ အဆောက်အဦး အရှည်ကြီးဟာ အဲသည်အချိန်က ထိမ်းထိုး လှုပ်ရမ်းနေခဲ့တာပါ။ ၅ မိနစ်လောက် ကြာမယ်ထင်ပါတယ်။ ကျနော်နဲ့ သူငယ်ချင်းတယောက်က အဲသည် အချိန်က ၂ ထပ်မှာ ရောက်နေတာပါ။ ခေါင်းတွေ မူးကုန်တယ်။ ကိုယ့်ရှေ့က အဆောက်အဦးကြီး တခုလုံး ယိမ်းထိုး လှုပ်ခါနေတာ ဘ၀မှ ပထမဆုံး အကြိမ် မြင်ဖူးခြင်းပါပဲ။

ဘာပဲပြောပြော သဘာဝ ဘေးဒုက္ခ အန္တရာယ်တွေကနေ ကျနော်တို့ လူသားတွေ မလွတ်မြောက်နိုင် သေးပါဘူး။ အန္တရာယ် ရှိနေမှန်း သိသိကြီးနဲ့ အန္တရာယ်ရှိရာ နေရာမှာ ရှင်သန်နေရတာကိုကလည်း လူသားတွေရဲ့ ဘ၀လေလား ကျနော် တွေးနေမိပါသေးတယ်။

11 comments:

Anonymous said...

ကြောက်စရာကြီးနော်။ ခေါင်းမမူးဘူးလား။
mm

Maung Myo said...

အန်ကယ်တို့မိသားစုတွေ ဘေးကင်းလို့တော်သေးတာပေါ့ ။ သားကြီးနဲ့ ဂိမ်းကစားနေတယ်တဲ့ ဂွတ်ထး)

Nge Naing said...

တော်သေးတာပေါ့ ဘာမှ မဖြစ်လို့။ ကျွန်မတော့ ငလျင်တခါမှ မကြုံဖူးသေးဘူး။ အန္တရယ်များတာတွေနဲ့ ကြုံလည်း မကြုံချင်ပါဘူး။ ဒါပေမယ့် ဘ၀ဆိုတာ မတည်မြဲဘူးလို့ ဘုရားဟောထားတာ ရှိတော့
အချိန်မရွေး တခုခု ဖြစ်သွားနိုင်တယ်ဆိုတာတော့ အမြဲနှလုံးသွင်းထားပါတယ်။

မြစ်ကျိုးအင်း said...

ကျွန်တော်နေတဲ့ထိုင်ဝမ်း ကတော့ ငလျင်ရယ် မုန်တိုင်း ရယ်ကို အမွေရထားတယ်..ငလျင်ခဏခဏ လှုပ်သလို
၆ လပိုင်း ၇ လပိုင်း ကို မုန်တိုင်ရာသီလို့သတ်မှတ်ထားရတဲ့အထိပါပဲ...။
ဒီကလူတော်တော်များများက မုန်တိုင်းကို မသိစိတ်နဲ့ မျှော်တယ်ဆိုရင် ပိုပြောတာမဟုတ်ဘူး။။
မုန်တိုင်းလာရင် အလုပ်တွေပိတ်ပေးတယ် ကျောင်းတွေပိတ်ပေးတယ်လေ..။
မိုးသံလေသံနားထောင်ရင်း အိမ်မှာဖဲထိုင်ရိုက်ကြတာပဲ။
ငလျင်လည်းလှုပ်တာပဲ...ရယ်စရာပြောရအုံးမယ်..
တခါက ကျွန်တော်အိမ်သာတက်နေတုန်း ငလျင်လှုပ်တာ အိမ်သာခွက်ကြီးက ခါရမ်းနေတယ်..
လူက ဘာဆက်လုပ်ရမလဲ စဉ်းစားလို့တောင်မရဘူး
ဆင်းပြေးရင် လည်း အခက်...ဆက်ထိုင်ရမှာလဲ မ၀ံ့မရဲ
နဲ့ တော်သေးတယယ်..လှုပ်တာ သိပ်မကြာလို့...။
ဘယ်တတ်နိင်မလဲဗျာ ကံပဲပေါ့...။

Anonymous said...

မိသားစုတွေအကုန်းလုံးအသက်အန္တရယ်ကင်းတယ်ကြားရလို့
ဝမ်းသာမိပါတယ်..
ဘုရာူးသခင်စောင့်ရှောက်ပါစေ..

mama

JuneOne said...

ရင်တုန်လိုတာ။ကြောက်စရာ

တန်ခူး said...

အိမ်တွေကို ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားတာမို့ တော်သေးတယ်နော်… ကျွန်မသာဆို ကြောက်နေမိမှာ… ငလျင်နဲ့ နေသားကျသွားတော့လဲ မကြောက်တော့ဘူးနေမှာ… တခါတခါ ဘ၀ဆိုတာ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပဲလို့  ကျွန်မလဲတွေးမိတယ်…

ဂျူနို said...

ဗမာပြည် တစ်ပြည်လုံးတော့ ငလျင်ကြောလွတ်တဲ့နေရာ မရှိပါဘူး။ ခုလည်း အာလာဝက ထသောင်းကျန်းလို့ မြေကြီးတုန်ခါနေပြန်ပြီ။

mgngal said...

မှတ်တမ်း မှတ်ရလေးတွေနဲ့  ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ။ အန္တရာယ်ကင်းပါစေ ။

Moe Cho Thinn said...

ဘာမှ မဖြစ်တာ တော်သေးတာပေါ့။ အကိုတို့ သိတာနဲ့ အိမ်ပြင်ထွက်သင့်ပါတယ်။ ကြို မသိပေမဲ့ သိသိချင်း ကာကွယ်တာ အကောင်းဆုံး မဟုတ်လား။ ချိုသင်းတော့ သတင်းနားထောင်မှ သိလိုက်တယ်။ ဗဟိုနဲ့ ဝေးတော့ မသိလိုက်ဘူး။

သက်ပိုင်သူ said...

ငလျင်တစ်ခါမှ မကြုံဘူးတော့ မသိဘူး
နာဂစ်တော့ ကြုံပြီးသွားပီ..
သဘာဝက တော်တော် စွမ်းအားကြီးပ