May 12, 2009

တိတ္ထိတဦး၏မှတ်တမ်း (၁)

သူ မယုံကြည်သော အရာအတော်များများ ရှိလေသည်။ ဥပမာ - သရဲ တစ္ဆေ ဥစ္စာစောင့် နတ် စသည် တို့ကို သူ မယုံပါ။ သည်လို အရာတွေနှင့် ပတ်သက်ပြီး ဖတ်ခဲ့ဖူးသော စာတွေ ဇာတ်လမ်းတွေလည်း များလှပြီ။ သူရဲကြောက်တတ်သော သူငယ်ချင်းများကိုလည်း သူ ဆဲခဲ့ ဖူးလှပြီ။ ငယ်စဉ်တုန်းက စာအုပ်ဆိုင်မှ ငှားဖတ်ခဲ့သော ဆရာကြီး မြစကြာ၏ သူရဲ တစ္ဆေ သိုက် စုန်း ကဝေနှင့် ဥစ္စာစောင့် ဇာတ်လမ်းများက ဖတ်ကောင်းရုံမျှသာ။ သည်စာအုပ်များကို ဖတ်ပြီး ညဖက် အိမ်သာ မသွားရဲသော သူ့သူငယ်ချင်းများကိုလည်း သူ လှောင်ပြောင် ဟားတိုက်ဖူး လေသည်။ သူကတော့ သရဲ တစ္ဆေကို လုံးဝ အယုံအကြည် မရှိ။ သည်လို သူ့ မယုံကြည်မှုကို ပိုပြီး ခိုင်မာစေသော အကြောင်းများကလည်း ရှိလာသေးသည်။ သူ့ မိသားစု နေထိုင်ရာ ခြံဝင်းအတွင်း သူတို့ ညီအကို နေထိုင်သော အိမ်နှင့် ကပ်လျက် ထန်းပင်တွင် နေ့တိုင်း ထန်းတက်နေကြဖြစ်သော ထန်းတက်သမားကြီး မတော်တဆ ထန်းပင်မှ ပြုတ်ကျကာ သေဆုံး သွားပြီး နောက်ပိုင်း သရဲခြောက်သည်ဟု ရပ်ကွက်ထဲတွင် နံမည်ကြီးလာသော သည်ထန်းပင်ကို ညသန်းခေါင် များတွင်လည်း သူ သွားကြည့်ဖူးသည်။ မည်သည့် သရဲကမျှ သူ့ကို မခြောက်။ သူကလည်း မည်သည့် အခါကမျှ ထိုသရဲကို မတွေ့ခဲ့ဖူးပါ။

တနေ့ လဘက်ရည်ဆိုင်သို့ သူရောက်သွားချိန်တွင် ရောက်နှင့်နေသော သူငယ်ချင်းများက သရဲ တစ္ဆေ အကြောင်းများ ပြောနေကြလေသည်။ သူက စားပွဲတွင် ၀င်ထိုင်ရင်း သူငယ်ချင်းများ ပြောနေကြသည့် အကြောင်းကို ခေတ္တခဏ နားစွင့်လိုက်သည်။ ရန်ကုန် တက္ကသိုလ် မန္တလေး ဆောင်မှ ကျောပေါက်ကြီးတို့၊ တံတားဖြူ အနားတွင် မျက်လုံး လိုက်ရှာနေသော သူတို့၊ တက္ကစီသမား တယောက် ညဖက် အိမ်အပြန်တွင် ကားနောက်ခန်းမှာ မည်သည့် အချိန်က ပါလာမှန်း မသိသော မိန်းမကြီးတဦးတို့ စသည်စသည် ကြားဖူး နေကြဖြစ်သော တစ္ဆေ ပုံပြင် များသာ ဖြစ်နေလေသည်။ - မင်းတို့ကလည်းကွာ အဓိပ္ပါယ် မရှိတာတွေပဲ လျှောက်ပြောနေတာ။ အဲဒါတွေက တကယ်ရော ဟုတ်လို့လား - သူ ၀င်ပြောသည့်အခါ - ဟုတ်လို့ ဒီအကြောင်းတွေ ကြုံခဲ့တဲ့လူတွေက ပြောလာကြလို့ လူတွေ သိလာတာပေါ့ ဟ... - မျိုးကြီးက ပြန်ပြောလေသည်။ - ဟုတ်တယ်လို့ မင်းတို့ ဘယ်လိုနည်းနဲ့ သက်သေ ပြမတုန်း... ။ ဥပမာကွာ - ကျောပေါက်ကြီး ဇာတ်လမ်း ဆိုရင် ငါ့ အဒေါ်တွေ တက္ကသိုလ် တက်ကတည်းက ငါကြားဖူးခဲ့တာ...။ ခုထိလည်း ကြားနေရတုန်း...။ မန္တလေး ဆောင်မှာဆို ငါကိုယ်တိုင်လည်း ညအိပ်ခဲ့ဖူးပါတယ်... ။ မင်းတို့ ပြောသလိုသာဆို ငါလည်း အဲသည် ကျောပေါက်ကြီးကို တွေ့ရမှာပေါ့... ။ လူတွေက ဇာတ်လမ်း လုပ်ပြီး လျှောက်ပြောနေတာပါကွာ... ။ ငါတော့ သရဲဆိုတာကို ယုံကို မယုံဘူး... - သူ ပြောတော့ - မင်းကတော့ သရဲက မင်းကို လည်ပင်းညှစ်တာ ကိုယ်တိုင်ခံရမှ ယုံမယ့် ကောင်စားမျိုးပါကွာ ... - ထွန်းလှက ၀င်ပြော လေတော့သည်။ - ဟီး... ဟီး... ငါ့ လာ လည်ပင်း ညှစ်ရင် သရဲကိုလည်း ငါ ပြန်ညှစ်မှာပေါ့... ဟ... သူညှစ် ကိုယ်ညှစ်ပေါ့... - သူ ပြန်ပြောတော့ ကျန်သည့် သူငယ်ချင်း များက ၀ိုင်းရီကြလေသည်။ - ဟေ့ရောင်... မင်း တကယ် သတ္တိရှိတယ် ဆိုရင် သရဲ ရှိတယ် ဆိုတာ မယုံဘူး ဆိုရင် လောင်းကြေး စားကြေး လုပ်မလား... - ဒေါကန် နေသည့် ထွန်းလှက ပြောလာ လေတော့သည်။ - အာ... အလောင်းအစားတွေ ငါ ၀ါသနာ မပါဘူး... ဒါပေမယ့် သတ္တိ ရှိတာ မရှိတာနဲ့ သရဲရှိတာ မရှိတာနဲ့ ဘာဆိုင်လို့လဲ... - သူ ပြန်မေးသည့်အခါ - အေးလေ... ဆိုင်လို့ ပြောနေတာပေါ့... သရဲဆိုတာ သင်္ချိုင်းတိုင်းမှာ ရှိတယ်... ။ မင်းမယုံဘူးဆိုရင် အခု ည သန်းခေါင်မှာ ကျိုက္ကဆံသင်္ချိုင်းမှာ သရဲတွေ သွားခေါ်ရဲမလား....။ ဒါပေမယ့် မင်း တယောက်တည်း သွားရမှာ... သတ္တိရှိမှ လုပ်...- ထွန်းလှက ပြောလာသည့်အခါ - နေပါဦး အဲတာ သွားလုပ်တာနဲ့ လောင်းကြေးစားကြေးက ဘယ်လို ပတ်သက်နေလို့လဲ... - သူ ပြန် မေးမိလေသည်။ - မဟုတ်ဘူးလေ ... သရဲရှိတယ်ဆိုတာကို မင်းမယုံဘူး မဟုတ်လား...။ ငါတော့ ယုံတယ်...။ အဲတော့ အခု ငါပြောသလို မင်းသွားလုပ်ကြည့်... မင်းကိုယ်တိုင် သရဲကို တွေ့ကို တွေ့ရလိမ့်မယ်...။ အဲသည်အခါကျမှ ထွက်မပြေးနဲ့... ။ အဲဒါကို ငါလောင်းမှာ... - ထွန်းလှက ပြန်ပြောလေသည်။ - အော... အဲလိုလား... ။ ဟုတ်ပြီ...။ ဒါဆို ငါ သရဲ မတွေ့ရင် မင်းရှုံးပြီးပေါ့...။ ဒါနဲ့ ဘာကြေး လောင်းမှာလဲ...။ ဒါပေမယ့် မင်းက စပြီး လောင်းတာနော်... ။ ငါက ဘာမှ ကြေးထပ် စရာ မလိုဘူး...။ မင်းရှုံးရင်သာ ငါ့ကို ဘာ အလျော်ပေးမလဲ... - သူ မေးလိုက် လေသည်။ - မင်းဘာလိုချင်လဲ ပြော... - ထွန်းလှက ခပ်မာမာမေးလေသည်။ - အိုကေ... မင်းရှုံးရင် မင်း အခု စီးနေတဲ့ ပြိုင်စက်ဘီးကို ငါ့ကို ပေးမလား... - သူက ထွန်းလှ၏ အသည်းစွဲ စက်ဘီးကို ဈေးခေါ်လိုက်ပါသည်။ - အေး... ပေးမယ်...။ ဒါပေမယ့် သင်္ချိုင်းထဲမှာ မင်း အကျယ်ကြီး အော်ပြောရမှာနော်... ငါတို့က နားထောင်နေမှာ... - ထွန်းလှက ပြောလေသည်။ - ကောင်းပြီလေ... - သူ ပြောပြီးသည့်အခါ - ဟေ့ရောင်တွေ ဒါက နောက်စရာ လောင်းစရာ မဟုတ်ဘူးနော်... ။ မလုပ်နဲ့ ဟေ့ရောင်... - စိုးလင်းအောင်က သူ့ကို ၀င်တားလေသည်။ - နေပါကွာ... လက်တွေ့ စမ်းသပ်ကြည့်မှ သိမှာပေါ့... မဟုတ်ဘူးလား... - သူ ပြောရင်း - ကဲ ... ငါက သင်္ချိုင်းထဲရောက်ရင် ဘာကို အကျယ်ကြီး အော်ပြောရမှာလဲ... - ထွန်းလှကို မေးလိုက်လေသည်။ - မင်း ပြောရမှာက... ဤအရပ်တွင် မှီတင်းနေထိုင်နေသည့် ရှိရှိသမျှသော အသူရကာယ် ပြိတ္တာ မှင်စာ သရဲ တစ္ဆေနှင့် စုန်း ကဝေများပါမကျန် သင်တို့ရှိနေကြောင်း ငါမယုံပါ... သင်တို့ ရှိနေကြောင်း သက်သေပြသည့် အနေဖြင့် ငါ့အား ကိုယ်ထင်ပြကြပါ... လို့ မင်း... ၃ ခါ အော်ရမယ်... - ဟု သူ့ကို ပြောလေသည်။ - ဟုတ်ပြီ... - သူပြောရင်း လဘက်ရည်ဆိုင် ပိတ်သည်အထိ ထိုင်ရင်း ညသန်းခေါင်ကို စောင့်နေကြလေသည်။ သန်းခေါင် ရောက်သောအခါ သူငယ်ချင်း တစုလုံး ကျိုက္ကဆံသင်္ချိုင်းကုန်းရှိရာသို့ ချီတက်ခဲ့ကြလေသည်။

ထိုည သန်းခေါင်မှာ အပုပ်နံ့တချို့ လွင့်မျောနေသော ကျိုက္ကဆံသင်္ချိုင်းမှာ တစ္ဆေသရဲများကို ခေါ်ခဲ့သော သူ့ အော်သံကို သူငယ်ချင်း အားလုံး ကြားခဲ့ကြပါသည်။ သူ့ကို မည်သည့် တစ္ဆေသရဲကမျှ ကိုယ်ထင် မပြခဲ့ပါ။ သူကလည်း ထွန်းလှ၏ ပြိုင်စက်ဘီးကို လောင်းကြေးအဖြစ် မယူခဲ့ပါ။

-----------------------------------------------------------------------------------

သူ ဘွဲ့ရပြီးသည့်အခါ ရှမ်းပြည်နယ်ရှိ မြို့တမြို့တွင် ကျောင်းဆရာအဖြစ် အလုပ်ရလေသည်။ သည်လိုနှင့် ထိုမြို့ ကလေးသို့ ကျောင်းဆရာ တယောက်အဖြစ် ရောက်လာသည့် သူ့ကို နယ်ခံအားလုံးက ၀မ်းပမ်းတသာ လေးလေးစားစား ကြိုဆိုကြလေသည်။ သူ့ကို အိမ်တအိမ်တွင် တာဝန်ရှိသူများက နေရာချထားပေး လေသည်။ သို့သော်လည်း သူက တကိုယ်ရေ တကာယသမား ဖြစ်သည်နှင့် အညီ တဦးတည်းသာ သီးသန့်နေချင်လေတော့သည်။ သည့် အတွက် သူ တဦးတည်း အေးအေးဆေးဆေး နေနိုင်မည့် နေရာတခုကိုသာ ဖြည့်ဆည်းပေးဖို့ တောင်းခံမိလေသည်။

- ဆရာလေးရဲ့... သည်မှာကတော့ အားလုံးက မိသားစုတွေချည်းပဲဆိုတော့ တယောက်တည်း နေတဲ့သူက လုံးဝကို မရှိဘူးဗျ... - သူ တာဝန်ကျရာ ကျောင်းရှိသည့် အရပ်မှ ရပ်ကွက်လူကြီးက ပြောနေခြင်း ဖြစ်ပါသည်။ - ကျနော် ကတော့ ကျနော့် အတွက် ဘယ်သူမှ တာဝန် မကြီးစေချင် လို့ပါ...။ ကျနော့်ဘာသာ ကျနော် ချက်ပြုတ် စားလို့လည်း ဖြစ်ပါတယ်... ။ အဲလို နေရာ တခုလေးသာ ကျနော့်ကို ရှာပေးပါ... - သူက ထပ် ပြောလိုက် ပါသည်။ - အင်း... ဒါဆို တနေရာတော့ ရှိတယ် ဆရာလေးရဲ့... ဒါပေမယ့် ဆရာလေးကိုလည်း အဲသည်မှာ မနေစေချင်ဘူး... - ဟု ရပ်ကွက်လူကြီးက ဆက်ပြောလေသည်။ - ဟာ... တနေရာ ရှိရင် ရပြီလေ... ကျနော်နေပါ့မယ်... ကိစ္စမရှိဘူး... - သူက အားတက်သရော ပြောမိသည့်အခါ - မဟုတ်ဘူး ဆရာလေးရဲ့ .. အဲသည် နေရာက သရဲခြောက်လို့ပါ... ဒါကြောင့် ဘယ်သူမှ မနေဘူး... - ဟု သည်လူကြီးက ပြောလာလေသည်။ - ကျနော်က သရဲကို အယုံအကြည် မရှိပါဘူး... ရပါတယ် ကျနော် နေပါ့မယ်... - သူပြောသည့်အခါ - အင်း... ဆရာလေးလိုပဲ ဆရာလေးတချို့ အဲသည်မှာ နေခဲ့ဖူးပါတယ်... ၃ -၄ ယောက်ပေါ့...။ နောက်တော့ သူတို့အားလုံး ပြောင်းပြေးသွားကြတာပါပဲ... - ဟု လူကြီးက ပြောလေသည်။ - အား... ကျနော်ကတော့ ပြောင်း မပြေးပါဘူး... တကယ်ပါ... အဲသည်မှာပဲ ကျနော် နေပါ့မယ်... - သူက ဇွတ်အတင်း ပြောလေသည်။

သည်လိုနှင့် တောင်ခြေအစပ်တခုရှိ ခြံဝင်းတခုအတွင်းမှ အုတ်ခံ အိမ်ကလေး တလုံးသို့ သူ ရောက်ရှိ သွားလေ တော့သည်။ ခြံဝင်းအတွင်းမှာ စံပယ်ပင်များသာ ရှိသည်။ အခြား ဘာမျှ မရှိ။ အိမ်ကလေးကလည်း အခန်း ၂ ခန်းသာ ရှိလေသည်။ ဧည့်ခန်းနှင့် အိပ်ခန်း။

- ဒါနဲ့ နေပါဦး ဒီလောက် အေးဆေးတဲ့ နေရာမှာ သရဲက ဘယ်လို ခြောက်တာတုန်း... - သူ မေးမိ သည့်အခါ - သည်လို ဆရာလေးရဲ့ ... သည် အိမ်ရှင်ကလည်း ကျောင်းဆရာ တယောက်ပါ... ရှမ်းအမျိုးသားပေါ့... မန္တလေးမှာ တက္ကသိုလ်တက်ရင်း ဗမာ အမျိုးသမီး တယောက်နဲ့ အကြောင်းပါတယ်...။ နောက်တော့ သည်မှာပဲ သူက ကျောင်းဆရာ လာပြန်လုပ်တာ...။ သူ့အမျိုးသမီးကလည်း ယောင်နောက် ဆံထုံးပါ ပါလာတာ ပေါ့လေ...။ သည်အမျိုးသမီး ကတော့ အခု ဆရာလေး မြင်နေတဲ့ စံပယ်တွေပဲ စိုက်တယ်... ။ စံပယ်တွေကို သူ ရောင်းတာပေါ့လေ...။ တရက်တော့ သည် ကျောင်းဆရာက သူ့ ပညာရေးကိစ္စနဲ့ မြို့ကို သွားရတယ်။ လမ်းမှာ ကားမှောက်ပြီး သေရော...။ အဲသည်နောက်မှာတော့ သည်အမျိုးသမီး ခမျာ စိတ်နောက် သလို ဖြစ်သွားတာပဲ...။ ဘယ်သူ့ကိုမှ စကား မပြောတော့ဘူး...။ လူတွေ တွေ့တာကတော့ တချိန်လုံး အခန်းထဲမှာ လမ်းလျှောက်နေတာပဲ တွေ့တယ်...။ တရက်မတော့ သည် အိပ်ခန်းထဲမှာ ကြိုးဆွဲချပြီး သေနေတာ တွေ့ရတယ် ဆရာလေးရဲ့...။ ဆွေမျိုးသားချင်းတွေကလည်း မရှိ အိမ်ကလည်း သူတို့ ပိုင်တာဆိုတော့ သည်အတိုင်းပဲ ရပ်ကွက်က ထားထားတာပါ...။ နောက်တော့ ကျောင်းဆရာတချို့ ရောက်လာတော့ သည်မှာ ကျနော်တို့ နေရာ ချပေးတယ်...။ သရဲခြောက်တယ်ဆိုပြီး ဆရာလေးတွေလည်း ထွက်ပြေးကြတာပဲ... - ရပ်ကွက်လူကြီးက အသေးစိပ် စိတ်ရှည် လက်ရှည် ရှင်းပြနေလေသည်။

သူ့အတွက် လိုအပ်သော စားနပ်ရိက္ခာများနှင့် မီးဖိုချောင် ပစ္စည်းများကို အစစ စီစဉ်ပေးပြီးသည့်အခါ ရပ်ကွက် လူကြီးနှင့် သူ့လူများ ပြန်သွားကြလေသည်။ သိပ်မများလှသော သူ့ပစ္စည်းများကို နေရာ ချထားပြီးသည့် အခါ စားသောက်ဖို့အတွက် သူ စီစဉ်ရင်း ခြံဝင်းနှင့် အိမ်ကလေးကို လှည့်ပတ်ကြည့်မိ လေသည်။ ခြံဝင်းအတွင်းရှိ စံပယ်ပင် များကတော့ အတော့ကို ကြီးမား ထူထပ်နေလေသည်။ အိမ်ထဲသို့ သူ ပြန်ဝင်လာရင်း သူ့အတွက် သယ်လာပေးသော ခေါက်စားပွဲကို ဧည့်ခန်းတွင် ဖြန့်ခင်းလိုက်သည်။ စာအုပ်တချို့ကို စားပွဲပေါ်သို့ တင်ထားလိုက်သည်။ သည့်နောက် အိပ်ခန်းထဲသို့ ပြန်ဝင်ရင်း ကွပ်ပျစ်ပေါ်ရှိ သူ့ အိပ်ယာကို ပြင်လိုက်လေသည်။ သည်လိုနှင့် ညရောက်လာသည်။ နောက်တနေ့ စာသင်ဖို့ အတွက် လိုအပ်သည်များကို ပြင်ဆင်ရင်း သူ့ဖာသာ ချက်ပြုတ်ပြင်ဆင်ထားသော ညစာကို စားလိုက်သည်။ သည့်နောက် မတော့ ဥတ္တရလေ အေးအေးမှာ စောင်ခြုံရင်း သူ ကွေးလိုက်မိ ပါတော့သည်။

ရာသီဥတု အေးအေးမှာ မှေးကနဲ အိပ်ပျော် သွားသော သူသည် အသံ တသံကြောင့် နိုးလာမိလေသည်။ သူ နိုးလာတော့ ပထမဆုံး မြင်ရသည်က ခေါင်းရင်းရှိ ပြတင်းပေါက်မှ ၀င်လာနေသော လရောင်သာ ဖြစ်ပါသည်။ သူ့မျက်လုံးများက လရောင်ကို ကျက်မိသွားချိန်မှာ သူ့နားများက ခြေသံ တဖြတ်ဖြတ်ကို အသေအချာ ကြားနေရ လေသည်။ သည် ခြေသံက ဧည့်ခန်းထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်လေသည်။ သူ့ဘ၀မှာ ပထမဆုံး အကြိမ် သူ့တကိုယ်လုံး အေးခဲသွားသည်ကို သူခံစားလိုက်ရလေသည်။ - အိမ်ထဲမှာ လူတယောက် ရောက်နေပြီ... - သူ့ဘာသာ စဉ်းစားမိလိုက်သည်။ ကြိမ်းသေတာတခုကတော့ သည်အိမ်မှာ ခိုးဝှက်ယူစရာ အဖိုးတန် ပစ္စည်း ဘာမျှကို မရှိ။ သူကိုယ်တိုင်ကလည်း သည်နေ့မှ သည်အိမ်ကို ရောက်လာသူ။ သည် အိမ်မှာ သူကလွဲလို့ တခြားသူလည်း မည်သူမျှ မနေ...။ ဒါဆို ဘယ်သူလဲ...။ ပထမဆုံး အကြိမ် သူ့ ရင်တွေ တဒုတ်ဒုတ် ခုန်သွားလေသည်။ - ဒါဟာ... သူတို့ ပြောနေတဲ့ သရဲလား... ။ အာ... ဟေ့ကောင်... မင်း ဘာတွေ တွေးနေတာလဲ... - သူ့ကိုယ်သူ ပြောရင်း ခေါင်းရင်းမှ လက်နှိပ် ဓါတ်မီးကို သူ ဆွဲယူလိုက်သည်။ သည့်နောက် မတော့ လက်နှိပ် ဓါတ်မီးကို ထိုးချလိုက်ရင်း ဧည့်ခန်းထဲသို့ သူ ထွက်ကြည့်လိုက်လေသည်။ ထိုအခါ တဖြတ်ဖြတ် ခြေသံက ရုတ်တရက် ပျောက်သွား လေတော့သည်။ ဓါတ်မီးနှင့် ဧည့်ခန်း တခုလုံးကို သူ ထိုးကြည့် သော်လည်း ဘာတခုမျှ မတွေ့ပါ။ သူခင်းထားသည့် ခေါက်စားပွဲနှင့် စားပွဲပေါ်မှ စာအုပ် တချို့ကလွဲ၍ ဘာမျှ မရှိသော ဧည့်ခန်းကို သူ အသေအချာ ကြည့်နေဆဲမှာပင် တဖြတ်ဖြတ် ခြေသံကို သူ ထွက်လာရာ အိပ်ခန်းဆီမှ သူ့နားနှင့် ဆတ်ဆတ် ကြားလိုက်ရလေတော့သည်။ ဓါတ်မီးကို ထိုးရင်း အိပ်ခန်းထဲသို့ သူ အလျင်အမြန် ၀င်လိုက်လေသည်။ အိပ်ခန်းထဲမှာ သူ့အိပ်ယာခင်းထားသော ကွပ်ပျစ်မှ လွဲ၍ ဘာတခုမျှ မရှိပါ။ ထို့အတူ သူကြားခဲ့သော ခြေသံကိုလည်း ထပ်မကြားရတော့ပါ။ ကွပ်ပျစ် နံဘေးတွင် သူ တွေဝေ နေမိစဉ်မှာပင် နောက်ထပ် တဖြတ်ဖြတ် ခြေသံကို ဧည့်ခန်းဆီမှ သူ ပြန်ကြားနေရပါ လေတော့သည်။ ဓါတ်မီးကို ထိုးထားရင်း ဧည့်ခန်းသို့ သူ ပြေးထွက်လာခဲ့သည်။ သူပြေးထွက်လာခဲ့သလိုပင် တဖြတ်ဖြတ် ပြေးသွားသော ခြေသံကို သူ့နားနှင့် ဆတ်ဆတ် ကြားလိုက်ရပါလေသည်။ ခြေသံက အိမ်အပြင် ဖက်သို့ ဦးတည်သွားနေခဲ့သည်။ သူ့လက်မှာ ပတ်ထားသော နာရီကို ကြည့်မိတော့ မနက် ၃ နာရီ ထိုးတော့မည်။ လတ်တလောမှာတော့ သူ အတော် တွေဝေသွားလေသည်။ - ဒါဟာ သရဲလား...။ သရဲဆိုတာ တကယ် ရှိတာမှ မဟုတ်တာ...။ တယောက်ယောက် ငါ့ကို လာ နှောက်ယှက်နေတာလား...။ ဒါဆို ခြေသံတွေက ဘယ်ကနေ လာနေတာလဲ...။ ကြိမ်းသေတာကတော့ ခြေသံတွေက တကယ့် ခြေသံစစ်စစ်ပဲ... ငါ ပြေးထွက်လာတဲ့ ခြေသံလိုပဲ... - သူ့ အတွေးများ ရှုပ်ထွေးသွားနေပါပြီ။ သရဲ မယုံသောသူ သရဲနဲ့ တွေ့နေပြီလား။ သူ့ဘာသာ ပြန်မေးနေမိလေသည်။ သည်လိုနှင့် သူ ပြန်မအိပ်နိုင်တော့ပဲ မိုးလင်းခဲ့ရ လေတော့သည်။

သည်အိမ်မှ သူ့ ပထမဆုံးည အတွေ့အကြုံကို မည်သူ့ကိုမျှ နောက်တနေ့မှာ သူ မပြောပြဖြစ်ပါ။ သူ လုပ်စရာ ရှိသည်များ အားလုံးကို လုပ်ပြီးသည့်အခါ ဒုတိယမြောက် ညအတွက် သူ ပြင်ဆင်ဖို့ စဉ်းပါလေ တော့သည်။ - အခန်း ၂ ခန်းလုံးကို မီးတွေ ဖွင့်ထားမယ်... - သည်လို သူတွေးပြီး ၂ ခန်းလုံးကို မီးဖွင့်ထားကာ သူ အိပ်ယာ ၀င်ခဲ့လေသည်။ ပြီးခဲ့သည့် ညက အိပ်ရေး မ၀ခဲ့သည့် အတွက်လည်း အိပ်ယာ ၀င်လိုက်သည်နှင့် သူ အိပ်မောကျသွားခဲ့လေသည်။

ဖြတ်ဖြတ် ဖြတ်ဖြတ် မြည်နေသည့် အသံတခုက သူ့ကို အိပ်မောကျနေရာမှ လှုပ်နှိုး လိုက်လေသည်။ သူ့ မျက်လုံး ၂ လုံး ပွင့်သွားချိန်မှာ အိပ်ခန်း အလယ်တည့်တည့်မှ မီးလုံးကို သူ အရင်ဆုံး မြင်ရလေသည်။ သည့်နောက် မှာတော့ ဧည့်ခန်းဆီမှ ထွက်ပေါ်လာနေသည့် တဖြတ်ဖြတ် ခြေသံများကို သေသေချာချာ သူ ကြားလိုက်ရလေသည်။ အခန်း ၂ ခုလုံးမှာ မီးဖွင့်ထားသည်မို့ ဓါတ်မီးကို သူမလိုပါ။ အိပ်ခန်းမှ သူ ထွက်လာလာချင်းပင် ဧည့်ခန်းထဲမှ သူကြားနေရသော ခြေသံ တဖြတ်ဖြတ်က ရုတ်တရက် ပျောက်သွား လေတော့သည်။ ဧည့်ခန်းထဲတွင် ဘာမျှ မရှိပါ။ ဧည့်ခန်းထဲတွင် သူ ဟိုသည် ကြည့်နေဆဲမှာပင် တဖြတ်ဖြတ် ခြေသံများက အိပ်ခန်းထဲမှ ပြန်ထွက်ပေါ်လာနေသည်ကို သူ ကြားလိုက်ရလေတော့သည်။ အိပ်ခန်းထဲသို့ သူ ပြေးဝင်ကြည့်လိုက်သည်။ ထိုအခါ ခြေသံကလည်း ပြန် ပျောက်သွားလေတော့သည်။ သည့်နောက်မတော့ ဧည့်ခန်းဆီမှ တဖြတ်ဖြတ် ခြေသံကို သူ ကြားရပြန်ပါတော့သည်။

ကြိမ်းသေပါသည်။ သူ့ကို သရဲခြောက်နေပြီ။ သည်အိမ်မှာ သရဲရှိနေပြီ။ - ဟင်... သရဲ မယုံတဲ့ကောင်... အခုတော့ သရဲနဲ့ တွေ့နေပြီပေါ့.... - သူ့ဘာသာ သူ ပြန်ပြောရင်း - ဒါက တကယ်ရော ဟုတ်လို့လား... စိတ်က လှည့်စားနေတာ မဟုတ်လား... - သူ ဆောက်တည်ရာမရ ဖြစ်နေပါလေပြီ။

အိပ်ခန်းထဲတွင် သူ ငိုင်တွေစဉ်းစားနေရင်း ဧည့်ခန်းထဲမှ ကြားနေရသည့် ခြေသံတဖြတ်ဖြတ်က ပိုပြီး ကျယ်လောင် လာသည်ဟု သူ ခံစားနေရလေသည်။

ရုတ်တရက် သူ့ စိတ်ထဲမှာ ပေါ်လာသည့် ခံစားမှုအတိုင်း သူ့ပါးစပ်မှ စကားလုံးတချို့ ထွက်ကျသွား လေတော့သည် - ဟေ့... ဒ်ီမှာ... ခင်ဗျား ဘာလဲဆိုတာ ကျနော် မသိဘူး...။ ကျနော် ဒီမှာ လာနေတာကတော့ ကလေးတွေကို စာသင်ပေးဖို့ပဲ...။ ခင်ဗျားကို ဒုက္ခပေးဖို့ နှောက်ယှက်ဖို့ မဟုတ်ဘူး...။ တခြားမှာ နေစရာ မရှိလို့ ကျနော် ဒီမှာ လာနေတာပါ...။ ခင်ဗျား မကြိုက်ရင် ကျနော် ဒီမှာ မနေတော့ပါဘူး... ။ ခင်ဗျား အကြောင်းကိုလည်း ကျနော့်ကို ဒီကလူတွေ ပြောပြထားပါတယ်...။ ကျနော် စိတ်မကောင်းပါဘူး...။ တခုပဲ ကျနော့်ကို ဒီမှာ ဆက်မနေစေချင်ရင် ခင်ဗျားခြေသံတွေနဲ့ ကျနော့်ကို ပြောပါ...။ တကယ်လို့ ကျနော့်ကို ဆက်နေစေချင်တယ်ဆိုရင် ခင်ဗျားခြေသံတွေကို ကျနော် ထပ်မကြားပါရစေနဲ့တော့... -

အရူးတယောက်လို သူပြောနေသည့် စကားအဆုံးမှာ မည်သည့် ခြေသံကိုမျှ သူ ထပ်မကြားရတော့ပါ။ ထို အချိန်ကစပြီး ထိုအိမ်တွင် မည်သည့် ခြေသံကိုမျှ သူ ထပ် မကြားရတော့ပါ။

-------------------------------------------------------------------------------------

သို့သော်လည်း တိတ္ထိတဦးက သရဲရှိကြောင်း ယုံကြည်သွားပါသည်ဟု ဆိုလျှင် သင်တို့ ရီမော ကြလေမည်လား။ ဟက်ဟက် ပက်ပက် ရီမောကြပါကုန်...

26 comments:

sin dan lar said...

အဲဒါ တကယ့် အဖြစ်အပျက်လား...ဟင်..။

ဧရာ said...

သမိုင်းတင် မကျန်နိုင်မဲ့ ဖြစ်ရပ်တွေက ပုံပြင်ဒဏ္ဍာရီတွေ ဖြစ်ကျန်တတ်ပါတယ်။ ကျောပေါက်ကြီးပုံပြင်က ဒီအထဲမှာ ပါမယ်လို့ ထင်ပါတယ်။

ငယ်စဉ်က သရဲဆိုတာကို ကြောက်စရာလို့ ပုံပြင်တွေ နားထောင်ခဲ့ရသူတွေက သရဲကြောက်တတ်သွားပါတယ်။ သရဲ အခြောက်ခံရဖူးတယ်ဆိုသူများဟာ တကယ်သရဲအခြောက်ခံရတာလား၊ ကိုယ်ရဲ့ကြောက်စိတ်က ခြောက်လန့်တာလား ဆိုတာတော့ သံသယရှိမိပါတယ်။ သရဲဆိုတာ (ရှိချင်) ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကလေးဘ၀မှာ သရဲကြောက်တတ်အောင် သင်ကြားခံခဲ့ရတာတော့ မကောင်းဘူးလို့ထင်ပါတယ်။ သရဲနဲ့ ပက်ပင်းတွေခဲ့ရင်တောင် ကြောက်လန့်မှုမျိုးထက်၊ ထူးဆန်းအံ့သြမှုမျိုး ခံစားရတာပဲ ကောင်းမယ်လို့ ထင်ပါတယ်။

စိတ်ဝင်စားစွာ ဆက်ဖတ်နေပါတယ်။

မယ်ကိုး said...

ရေးထားတာ အရမ်းစိတ်ဝင်စားဖို့  ကောင်းပါတယ်။
ဆက်ဖတ်ဖို့  စောင့်နေပါတယ်။

P.Ti said...

ရင်ခုန်စွာ ဖတ်သွားပါတယ်...သရဲကတော့ တကယ်ရှိပါတယ်။ အခြောက်ခံရရင်တောင် မကြောက်အောင်နေနိုင်ရင် ဘာမှမဖြစ်ပါဘူး။ တသက်မှာ တခါတော့ အခြောက်ခံရဖူးပါတယ်။

Anonymous said...

P.Ti ရဲ့ အတွေ့အကြုံလေး ဖတ်ခွင့်ရမယ်ဆို၇င် ကောင်းမယ်...နော်။တခါမှ မကြုံဖူးတဲ့အတွက် မယုံနိုင်သေးဘူး...။စာရေးကောင်းတဲ့ ကိုအောင်သာငယ်ရေ...နောက်တပိုင်းကို မျှော်နေမယ်။

Nge Naing said...

ကိုအောင်သာငယ် စာရေးသိပ်ကောင်းတယ်။ စိတ်ဝင်စားအောင်ရေးထားလို့ ဖတ်တာ အဆုံးရောက်မှပဲ ရပ်လို့ ရတော့တယ်။ ကျွန်မက ငယ်ငယ်တုန်းက သရဲဆိုတာကို လုံးဝမယုံဘူး။ ရှေးဘ၀ နောက်ဘ၀ ရှိတယ်ဆိုတာလည်း လုံးဝမယုံဘူး။ ဒါပေမယ့် သူများသရဲ အကြောင်းပြောရင်တော့ တကယ်များရှိနေရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ကြောက်နေလို့ ညဘက်မှာ အိမ်ပြင်ထွက်မရဲတော့ဘူး။ အသက် ၂၀ ပတ်ဝန်းကျင်လောက်ကမှ ဘာသာရေးစာအုပ်တွေ ဖတ်ပြီး ကိုယ်တိုင် အချောက်မခံခဲ့ရဖူးပေမယ့် ငရဲ၊ တိရိစ္ဆာန် ပြိတ္တာ၊ အယူရာကယ်ဆိုတဲ့ အပယ်လေးဘုံ ဆိုတာကို ဘုရားကိုယ်တိုင် ဟောထားခဲ့တယ်ဆိုတော့ သရဲရှိတယ်ဆိုတာ လက်ခံသွားတယ်။ ဘရားဟောထားတဲ့ ကံ၊ ကံ၏ အကျိုးနဲ့ ဘ၀သံသရာကို လက်ခံရင် မိမိလုပ်ထားတဲ့ ကုသိုလ်၊ အကုသိုလ် ကံတွေက တချိန်ချိန်မှာ အကျိုးပေးမှာ ဖြစ်လို့ တမလွန်ဘ၀ ဖြစ်တဲ့ သရဲတို့၊ လူဝင်စားတာတို့ ဖြစ်နိုင်တယ် ရှေးဘ၀နောက်ဘ၀တို့ ရှိတယ်ဆိုတာ ကိုယ်တိုင် မကြုံဖူးပေမယ့်လည်း လက်ခံနိုင်လောက်တဲ့ သဘောတရားတွေဖြစ်တယ်။

နေညိုရင့် said...

ဖတ်ရတာ လန့် တယ်ဗျာ။ သရဲဆိုတာ တကယ် ရှိလား၊ မရှိဘူးလား ဆိုတာ တွေဝေနေတုန်း။ တခါမှတော့ အခြောက်မခံရသေးဘူး။ တခြားလူတွေပြောရင်လဲ မယုံတ၀က်နဲ့  နားထောင်တတ်တယ်။
တခါတလေ ငါ့ရှေ့ မှာ ဆံပင်ဖားလျားနဲ့  မျက်နှာသွေးစုတ်နေတဲ့ မိန်းမများ ပေါ်လာရင် ဘယ်လိုလုပ်မလဲ စဉ်းစားဖူးတယ်။ နောက်တော့ ခပ်ချောချောလေးဆို ကောင်းမှာပဲ၊ ကြောက်တော့ဘူး ဖြစ်သွားတယ်။ အကိုရေ.. ဆက်လက် မျှော်နေပါတယ်ဗျာ။

JuneOne said...

ငယ်ငယ်တုမ်းက အဖေကပစ္စည်းတစ်ခုခုကို အိမ်နောက်ဖက်အခန်းမှာသွားယူခိုင်းရင် မောင်နှမတွေ သရဲကြောက်လို့ သူသွားယူ၊နင်သွားယူ နဲ့ ရန်ဖြစ်ကြတယ်။အဲဒါဆို အဖေက မောင်နှမ အားလုံးကို အိမ်အပြင်အမှောင်ထဲ ခေါ်ပြီးတော့ ကဲမှောင်ထဲမှာသရဲရှိလားကြည့်ကြစမ်း ။တွေ့ရင် ဘယ်လိုအကောင်လဲဆိုတာပြောပြစမ်းလို့ဆိုပြီး ဆူတယ်။အခုထိတော့ ကိုယ်တွေ့မကြုံသေးဘူး။

KoMyo said...

အပယ် ၄ပါး ကတ်၃ပါး ရပ်ပြစ်၈ပါး သရဲ မ ပါ ဘူးလေ
heeeeeeeeeeeeeeeeeeeeee

tharrhtoo said...

သရဲထက်ဆိုးပြီး ဆရာတောင်တင်ရတဲ့လူတွေအများ
ကြီးရွှေပြည်ကြီး ( မြန်မာပြည် ) မှရှိနေတယ်ဆိုတာ
ဒီလူတွေ့လိုက်ရင် မှုးမေ့လဲသွားလောက်တယ်နော့
အကို့..

Nge Naing said...

KoMyo- ဘုရားဟောထားတဲ့ ၃၁ ဘုံထဲက အပယ်လေးဘုံ ဆိုတာ သြကာသ ဘုရားရှိခိုးထဲက အပယ် လေးပါးလို့ ပြောတဲ့ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာနဲ့ အသူရကယ်ကို ပြောတယ်။ ဒီထဲမှာ ပြိတ္တာနဲ့ အသူရကယ်ဆိုတာ သရဲ ဒါမှမဟုတ် တချို့လူတွေက တဆေ (သတ်ပုံမှားနိုင်တယ်) လို့လည်း ခေါ်ကြတယ်။ ဒါကျွန်မ ပြောတာမဟုတ်ဘူး၊ ဘုရားဟောထားတာကို ပြောတာ။

Anonymous said...

ညီမလေးငယ်နိုင်, တစ္ဆေလို့ ထင်တယ်နော်..မှားရင်ပြောပြကြပါ..june one , ငယ်ငယ်တုန်းကလို့ ရေးရမှာပါ...ဆရာလုပ်တာမဟုတ်ပါ။ ငယ်နိုင်ရေ ..ဘာသာရေးလင့်ခ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...ညီမလေး။ ကိုအောင်သာငယ်ရေ..အခုကျမ ရိုက်တဲ့ ဗမာစာတွေက စာရွက်မကြည့်ဘဲရိုက်ထားတာပါ။ တချို့ မသိတာတွေ ရှိပါသေးတယ်။ကျေးဇူး ကမ္ဘာပါ..... ( mienge )

အိန္ဒြာ said...

အကိုရေ....

သရဲမယုံတဲ့ အထဲမှာ ညီမလဲပါတယ်..။
ခုထိတော့ မတွေ့ဖူးသေးဘူး

ဂျူနို said...

သရဲ မယုံပါဘူး။
ဒါပေမဲ့ သရဲထင်တာပဲ အခြောက်ခံဘူးတယ်။
ဆေးရုံမှာပါ။
အံ့လည်းသြတယ်။ တံခါးကြီးက ညကြီးမှာ တစ်အားကြီးကို လှုပ်ခါနေတာ။
သေချာပိတ်ထားပါရဲ့ နဲ့ ။
ပြန်ဖွင့်ဝင် အကုန်စစ်ပြီး သော့သေချာပြန်ခပ် လှည့်လည်းထွက်ရော တစ်ဝုန်းဝုန်းနဲ့ လှုပ်ရမ်းနေပြန်ရော။
ဘာလုပ်ရမှန်းမသိလို့ နောက်ဆုံး ဒိတိုင်းထားခဲ့တယ်။
သူငယ်ချင်းတွေဆို ကြောက်လို့ လေ။
ကျောင်းက အစ်ကိုကြီး ချောက်တာတဲ့။
ဆရာဆရာမတွေကော သူ့ သူငယ်ချင်းတွေကကော စိတ်မကောင်းတွေ ဖြစ်ပြီး ဆွမ်းသွတ်ပေးလိုက်ကြတယ်။
တစ်ကယ်ချောက်ခံရတာ။ ကိုယ်တွေ့ ။ ယုံတော့ မယုံပါဘူး။

Mie said...

ko atn ရဲ့  သရဲက သိမ်မွေ့ ပေမယ့် JUNO ၇ဲ့  သ၇ဲ ကနည်းနည်း ကြမ်းပုံ၇တယ်နော်၊၊ စာတွေ့  ဘဲ မို့လို့ မကြောက်သေးပါ၊ လက်တွေ့ ဆို၇င်တော့......

Yu Wa Yi said...

ကျွန်မလည်း အဲလိုဖြစ်ဖူးလို့ ဒီမှာhttp://privatecrazyworld.blogspot.com/2008/10/that-night.html
ရေးခဲ့သေးတယ် အစ်ကို။ကျွန်မအဖြစ်ကတော့ ငိုအားထက် ရယ်အားသန်ပါပဲ။
မေတ္တာပို့ အမျှဝေပေးရင်ကျွတ်တယ်လို့ ကြားဖူးပါတယ်။

Anonymous said...

Kyauk sa yar te kaung par lar
Translator,
English to Burmese Dictionary ,
Burmese wikipedia ,
Burmese Army,

ပန်းခရမ်းပြာ said...

ခြေသံ တဖြတ်ဖြတ်နဲ့ ကြားနေရတုန်းပဲ။ အပိုင်း(၂) အမြန်တင်ပါတော့ဗျို့။

သက်ဝေ said...

ကြောက်ကြောက်နဲ့ ဖြေးဖြေးလေး ဖတ်သွားပါတယ်...

mgngal said...

တကယ်လားဗျ ။ ကျနော်တော့ တွေ့ ဘူးသေးဘူး ခုထိ ။ ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

Thomas said...

ကောင်းပါ့ပေ့.....
လူစကားနားလည်တဲ့ သူရဲ နဲ့ ကျတော့ အဆင် ပြေနိုင်တယ်..ဒါပေမဲ့...
ကိုယ့် ဘာသာစကားနားမလည်တဲ့ သူရဲ ကျတော့ ဘယ် ဘာသာ စကားကို သုံးသင့်ပါ သလဲ....

အရေးအသားကိုတော့ အရမ်းကြိုက်တယ် အစ်ကိုရေ...တော်တော်ကောင်းတယ်..
ဆက်ရေးပေးပါအုံး...ဖတ်ရတာ ကိုယ်ကိုတိုင် ရောက်သွားပြီး ခံ စားလိုက်ရသလိုဘဲ...

ကျေးဇူးတင်လျက်

တောင်းပံနှစ်စုံ said...

ဘာမှတော့ မပြောတတ်တော့ပါ ဒါပေမယ့် တော်တော် ကောင်းတာတော့သေချာ၏ စာရေးကောင်းတဲ့ ကိုအောင်သာငယ်ရေ နောက်တစ်ခေါက်ထပ်လာမွှေပါ ဦးမည်။

Anonymous said...

ရေးထားတာကောင်းပါတယ်

min myat han said...

ကျွန်တော့် ကိုယ်တွေ့လေးပြောပြချင်လို့ပါ ကျွန်တော် တစ်ရက်ကျောင်းမှာ project လေးတစ်ခုတင်စရာရှိလို့ ဆရာမဆီမှာသွားတင်ပြီး ကျောင်းခန်းထဲပြန်လာခဲ့ပါတယ် အချိန်က ညနေ 6:30 လောက်ရှိပြီဗျ အခန်းထဲမှာ လွယ်အိပ်ဝင်ယူပြီး ပြန်တော့မယ်လုပ်တုန်း အခန်းအလယ်က စာပွဲကြီးတစ်လုံးက ရုတ်တရက်ကြီး သူ့တစ်လုံးထဲလှုပ်ယမ်းလာတယ် စာပွဲပေါ်ကစာအုပ်တွေလဲ အောက်ကိုပြုတ်ကျကုန်တယ် ကျွန်တော်လဲ ကြောင်ပြီးရပ်နေတုန်းရှိသေးတယ် မိန်းမတစ်ယောက် အားးးး ဆိုပြီးအာခေါင်ခြစ်အော်သံကြီး အခန်းထဲကနေထွက်လာတယ် ကျွန်တော်လဲ သရဲခြောက်တာသေချာတယ်ဆိုပြီး လွယ်အိတ်လေးပိုက်၊ ခြေကုန်သုတ်ပြေးခဲ့ရပါရော...

Anonymous said...

သရဲတွေ့ ဘူးပြီးမကြေက်တဲ့သူအများကြီးရှိတယ်နော် ကျွန်တော့်လိုကံမြင့်သူကျတော့သရဲမှန်းမသိလိုက်ရဘူး

Anonymous said...

သရဲဆိုတာတကယ်ရှိပါတယ်